Saturday, May 3, 2008

နအဖဆန္ဒခံယူပွဲ ဘယ်လိုနေမလဲ၊ ဆန္ဒခံယူပွဲ၏ နောက်ဝယ် ...

ဒေါက်တာလွဏ်းဆွေ

နအဖက ဒရောသောပါး အတည်ပြုချင်နေသည့် ညောင်နှစ်ပင် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ဆန္ဒခံယူမည့် မေလ (၁၀)ရက်နေ့ကတော့ တဖြေးဖြေး နီးကပ်လာပြီ။ နအဖ စစ်အုပ်စုကလည်း Vote Yes (ထောက် ခံမဲရရှိရေး) အတွက် သူတို့ပိုင် သတင်းစာ၊ စာနယ်ဇင်း၊ ရေဒီယို၊ ရုပ်မြင်သံကြားတို့ကနေ အသည်းအသန် ၀ါဒဖြန့် စည်းရုံးနေသည်။ ကြံ့ဖွံ့၊ စွမ်းအားရှင်၊ အမျိုးသမီးရေးရာ ကဲ့သို့သော နအဖလက်ကိုင်တုတ် အဖွဲ့အစည်း ၀င်များက လူထုကို မက်လုံးပေးလိုက် ခြိမ်းခြောက်လိုက်လုပ်ကာ ခြောက်တခါ ချော့တလှည့်ဖြင့် အတင်းစည်းရုံး နေသည်။ အနုပညာရှင်များကိုလည်း ရုပ်သံဇာတ်လမ်းများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခိုင်းကာ မရပ်မနား ၀ါဒဖြန့်နေသည်။ သေနတ်အာဏာဖြင့်သာ အမိန့်ပေး ခိုင်းစေတတ်သည့် စစ်ခေါင်းဆောင်များ၊ နအဖ ၀န်ကြီးများ ကိုယ်တိုင်လည်း နယ်တွေအထိ အရောက်သွားပြီး လူထုထဲ စည်းရုံးရေး ဆင်းနေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် ပြည်တွင်းပြည်ပ အတိုက်အခံအင်အားစု (အများစု)ကလည်း Vote No (ကန့်ကွက်မဲ ပေးရေး) အတွက် အားသွန်ခွန်စိုက် စည်းရုံးလှုံ့ဆော်နေသည်။ No Vote ဆိုပြီး နအဖ၏ အတုအယောင် ဆန္ဒခံယူပွဲ မဖြစ်မြောက်ရေးအတွက် နည်းမျိုးစုံဖြင့် ဆန့်ကျင်တိုက်ဖျက်ဖို့ စည်းရုံး လှုံ့ဆော်နေသည့် အတိုက်အခံ အင်အားစုလည်း အနည်းငယ် ရှိသည်။ သို့သော် အတိုက်အခံ အများစုကတော့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရပါတီ (ဦးဆောင်ပါတီ) အဲန်အယ်လ်ဒီက Vote No ရွေးချယ်သဖြင့် Vote No ဖို့ပဲ ရှိတော့သည်ဟုဆိုကာ ‘No’ Campaign များ အားတက်သရော ဆောင်ရွက်နေကြသည်။

အတိုက်အခံ အင်အားစုများ အနေနှင့် ပြည်ပအသံလွှင့် မီဒီယာများ၊ အင်တာနက် ၀က်ဘ်ဆိုက်များ၊ ဘလော့ဂ် စာမျက်နှာများမှ ဆွေးနွေး ပညာပေးခြင်း၊ တိုက်တွန်း နှိုးဆော်ခြင်းများ ပြုလုပ်၍လည်းကောင်း၊ ပြည်တွင်း၌ No တီရှပ်များ ၀တ်ဆင်ခြင်း၊ အများပြည်သူ မြင်သာသည့် နေရာများတွင No စာလုံးများကို မှုတ်ဆေးများဖြင့် ရေးခြယ်ခြင်း၊ Vote No နှင့် ပတ်သက်၍ အသိအမြင် ဗဟုသုတ ရရှိစေမည့် စာရွက်စာတမ်းများ ဖြန့်ဝေခြင်း၊ မြန်မာပြည်သူတွေ အသည်းစွဲ သီးလေးသီး ဆေးရောင်စုံအငြိမ့် ဗွီစီဒီအခွေများ၊ ရွှေဝါရောင်တော်လှန်ရေး ဗွီဒီယို မှတ်တမ်းခွေများတွင် Vote No (ကန့်ကွက်မဲပေးရေး) စာတန်းများထိုး၍ ဖြန့်ဝေခြင်းများ ပြုလုပ်၍လည်းကောင်း စည်းရုံး လှုံ့ဆော်နေကြသည်ကို တွေ့ရသည်။

ထိုသို့ နအဖ စစ်အုပ်စုနှင့် အတိုက်အခံ အင်အားစုတို့က ထောက်ခံမဲ ရရှိရေးနှင့် ကန့်ကွက်မဲ သွားပေးရေးအတွက် အပြိုင်အဆိုင် စည်းရုံး လှုံဆော်နေလင့်ကစား ဆန္ဒမဲပေးကြရမည့် ပြည်သူအများစုက ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ မည်သို့မည်ပုံ စဉ်းစားရှုမြင် နေကြသည်ကိုလည်း သုံးသပ်ကြည့်ဖို့ လိုမည်ဖြစ်ပေသည်။ တနည်းအားဖြင့် နအဖ စစ်အုပ်စုနှင့် အတိုက်အခံ အင်အားစုတို့က စည်းရုံး လှုံဆော်နေကြသည့် Vote Yes/ Vote No/ No Vote တို့အပေါ် မည်သို့မည်ပုံ နားလည် သဘောထားနေသည်လဲ ဆိုသည်ကို ခွဲခြမ်း စိတ်ဖြာကြည့်ဖို့ လိုပေသည်။

အမှန်စင်စစ် လက်ရှိအခြေအနေတွင် ကျနော်တို့ မြန်မာပြည်သူ အများစုသည် စားဝတ်နေရေးနွံထဲ မနစ်မြုပ်ရေး အတွက်သာ ရုန်းကန်လှုပ်ရှား နေကြရသည့် အခြေအနေတွင် ရှိနေသည်။ နေ့တဓူဝ ထမင်းနပ်မှန်ရေး အပေါ်တွင်သာ အာရုံစိုက် သွားလာ လှုပ်ရှားနေရသူက အများစုဖြစ်နေသည်။ ယခုအချိန်အထိ ဆန္ဒခံယူပွဲဆို သည်ကို ၁၉၉၀ ပြည့်နှစ်တုန်းကလို ရွေးကောက်ပွဲမျိုးပဲဟု ထင်နေကြသည့် ပြည်သူတွေကလည်း အများကြီး ရှိနေသည်။ ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲကို ကွဲကွဲပြားပြား မသိမြင်နိုင်ကြသေး။ ထို့အပြင် ပြည်သူအများစုအနေ နှင့် လက်ရှိ နအဖက ကျင်းပပြုလုပ်မည့် ဆန္ဒခံယူပွဲနှင့် ပတ်သက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို လေ့လာဖို့ အခွင့်အလမ်းလည်း မရကြ၊ လေ့လာဖို့ အချိန်လည်း မရှိကြ ဆိုသည့် အနေအထားတွင် ရှိနေသည်။

သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ အင်တာနက် စသည့် မီဒီယာများကို လက်လှမ်းမီသူ မြို့နေပြည်သူများနှင့် ပြည်ပရောက် မျက်စိကြီး နားကြီး မြန်မာပြည်သားများသာ ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ ကွဲကွဲပြားပြား သိမြင်နိုင်သည့် အနေအထားတွင် ရှိနေသည်။ ထိုသို့ နားလည်သူများထဲတွင်သာ Vote Yes/ Vote No/ No Vote တို့ကို ဆွေးနွေးငြင်းခုန် နေကြခြင်းဖြစ်သည်။ မြန်မာပြည်တွင် ကျေးလက်နေ လူဦးရေက မြို့နေလူဦး ရေထက် လေးဆလောက် ပိုများနေသည့်အတွက် ခြုံငုံသုံးသပ်ရလျှင် ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ နားလည် သဘောပေါက်ပြီး စိတ်ဝင်တစား လေ့လာနေသူတွေက အနည်းစုဟု ပြောရမည်ဖြစ်သည်။ အများစုက ဆန္ဒခံယူပွဲ ဆိုသည်ကို ဘာမှန်း စိတ်ဝင်မစားကြ၊ ဘာမှန်း မသိကြနှင့် ဘာမှန်း သိခွင့်မရကြသူများသာ ဖြစ်နေပြီး အကြောက်တရား ကြီးစိုးမှုအောက်တွင် နေထိုင်နေကြရသည်။

ထိုသို့သော အခြေအနေတွင် နအဖစစ်အုပ်စုနှင့် အတိုက်အခံ အင်အားစုများ၏ စည်းရုံးလှုံ့ဆော်မှုများက မည်ကဲ့သို့ အနေအထား ရှိမည်ကို သုံးသပ်ကြည့်ရပေမည်။ နအဖစစ်အုပ်စု၏ အနေအထားကို ကြည့်လျှင် မြန်မာပြည်သူ အများစုက သူတို့အား စိတ်ပျက် မုန်းတီးပြီး လုံးဝလက်မခံသည့် အနေအထားတွင် ရှိသည်။ စား ၀တ်နေရေး မပြေလည်မှု၊ အထွေထွေ အကျပ်အတည်းနှင့် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးတွင် ရဟန်းသံဃာများ၊ ကျောင်းသား ပြည်သူများကို လူမဆန်စွာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ထားမှုတို့ကြောင့် ပြည်သူလူထု၏ ဆန့်ကျင်မှုနှင့် အကြီးအကျယ် ရင်ဆိုင်နေရသည်။

သို့သော် ယခုကျင်းပမည့် ဆန္ဒခံယူပွဲသည် နအဖ စစ်အုပ်စုအနေနှင့် သူတို့စိတ်ကြိုက် ရေးဆွဲထားသည့် အခြေခံဥပေဒ မူကြမ်းကို သူတို့စိတ်ကြိုက် ခင်းကျင်းထားသည့် အခြေအနေတွင် ကျင်းပရန် ပြင်ဆင်ထားသည့် ဆန္ဒခံယူပွဲ ဖြစ်သည်။ မဲရုံအနေအထား၊ မဲရုံစောင့်များနှင့် မဲရေတွက်မှုများကို သူတို့စိတ်ကြိုက် ဆောင်ရွက်နိုင်မည့် အနေအထားဖြစ်အောင် အသာစီးက ခင်းကျင်းထားသည်။ သန့်ရှင်းပြီး တရားမျှတဖို့အတွက် အတိုက်ခံတွေဘက်က မည်ကဲ့သို့ တောင်းဆို တောင်းဆို နအဖစစ်အုပ်စုက သူတို့ခင်းကျင်းထားသည့် အနေအထားတိုင်းပင် ဆက်သွားဖို့ ခေါင်းမာမာနှင့် လုပ်ဆောင်နေသည်။

ထောက်ခံမဲရရှိရေးအတွက် အကြောက်တရား ဖိစီးနေသည့် လူထုကို အမိန့်အာဏာနှင့် ခြိမ်းခြောက်၍ တဖုံ၊ ငွေကြေး ပုံအောကာ မက်လုံးပေးခြင်းဖြင့် တနည်း စည်းရုံး လုပ်ဆောင်နေသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေကို အုပ်စုဖွဲ့ ချောင်မြောင်း ရိုက်နှက်ပြခြင်းဖြင့် လူထုကို ကြောက်သည်ထက် ကြောက်အောင် ခြောက်လှန့်နေသည်။ ထို့အပြင် ဆန္ဒခံယူပွဲကို ပျက်ပြားအောင် လုပ်ဆောင်မည့်သူများကို နှိမ်နင်းရန်အတွက်လည်း ကြံ့ဖွံ့၊ စွမ်းအားရှင်၊ မီးသတ်၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များကို အဓိကရုဏ်းနှိမ်နင်းရေး သင်တန်းများ ပေးနေသည်။ ဤသည်ကို တွက်ဆလျှင် နအဖ စစ်အုပ်စုသည် ပြည်သူလူထုကို ဒီမိုကရေစီ ပေးချင်သည်မဟုတ်ဘဲ သူတို့စိတ်ကြိုက် ရေးဆွဲထားသည့် စစ်ကျွန်ပြုရေး အခြေခံဥပဒေကို အတင်းအဓမ္မ အတည်ပြုဖို့သာ ကြိုးပမ်း လုပ်ဆောင်မည်မှန်း ထင်ထင်ရှားရှား တွေ့မြင်နိုင်ပေသည်။

အတိုက်အခံဘက်က စည်းရုံးလှုံ့ဆော်သည့် အနေအထားတွင် ပြည်ပအသံလွှင့် မီဒီယာများ၊ အင်တာနက် စာမျက်နှာများ၏ ထုတ်လွှင့်မှု ရေးသားမှုများကြောင့် လူထုအကြား အတန်အသင့် ထိုးဖောက် စည်းရုံးနိုင်သော်လည်း လက်တွေ့ကွင်းဆင်း စည်းရုံးရေးတွင်မူ နအဖ လက်ကိုင်တုတ်များ၏ ဖမ်းဆီး အရေးယူ နှိပ်ကွပ် နှောက်ယှက်များနှင့် အကြီးအကျယ် ရင်ဆိုင်နေရသည့်အတွက် လုပ်သလောက် ခရီးမပေါက်သည့် အနေအထားတွင် ရှိနေသည်။ လူထုက နအဖစစ်အုပ်စုကို အကြီးအကျယ် မုန်းတီးနေသည့်အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာတွင် အတိုက်အခံ အင်အားစုတွေဘက်က လူထုထောက်ခံမှု အသာစီးရနေသော်လည်း လက်တွေ့အခင်းအကျင်း အားလုံးနီးပါးကို နအဖက အသာစီး ရယူထားသည့်အတွက် ဆန္ဒခံယူပွဲနေ့ကျလျှင် မည်သို့သော ရလဒ်ထွက်ပေါ်လာမည်ကို စောင့်ကြည့်ဖို့သာ ရှိတော့သည်။ ယခုလက်ရှိ ပြည်ပသံရုံးများတွင် ကြိုတင် ဆန္ဒမဲပေးကြသည့် အနေအထားကိုကြည့်လျှင် နအဖက သူတို့စိတ်ကြိုက် လုပ်ချင်သလို လုပ်နေသည့်အပေါ် မဲသွားပေးရသည့် အနေအထာ များကိုသာ တွေ့မြင်နေရပေသည်။ သန့်ရှင်းမျှတသည့် အခင်းအကျင်းမျိုးကို မတွေ့ရသလောက် ဖြစ်နေသည်။

ထိုသို့သော အခြေအနေမျိုးနှင့်ဆိုလျှင် ဆန္ဒခံယူပွဲ နီးလာသည်နှင့်အမျှ လူထုအကြား မကျေနပ်မှုများ ကြီးထွားလာကာ သပိတ်မှောက် တိုက်ဖျက်မှုများ ဖြစ်ပေါ်လာပြီး ဆန္ဒခံယူပွဲ ပျက်ပြားသွားနိုင်သကဲ့သို့ မကျေမနပ်နှင့်ပင် ဆန္ဒခံယူပွဲ အထမြောက်သွားပြီး နအဖပြုသမျှ နုရမည့် အနေအထားသို့လည်း ရောက်ရှိသွား နိုင်ပေသည်။ ပြည်သူလူထုအကြား အမှန်တကယ် ဖြစ်တည်နေသည့် စိတ်ဆန္ဒက နအဖ အခြေခံဥပဒေကို အလိုမရှိ တိုက်ဖျက်လိုသည့် Vote No/ No Vote ဖြစ်နေသည့်အတွက် နအဖက သူတို့၏ Vote Yes ဖြင့် အခြေခံဥပဒေကို အတင်းအဓမ္မ လိမ်လည် အတည်ပြုသွားခဲ့လျှင် ဆန့်ကျင်ကန့်ကွက်ပွဲများ၊ ဆန္ဒပြပွဲများ ပေါ်ပေါက်လာဖို့ ရာခိုင်နှုန်းများ နေသည်ကို တွေ့ရပေသည်။ ထိုသို့ ဆန္ဒပြပွဲများ ပေါ်ပေါက်ပြီး လူထုအုံကြွမှု ဖြစ်ပေါ်လာလျှင် နအဖစစ်အုပ်စု အနေနှင့်ကတော့ နှိမ်နင်းသတ်ဖြတ်ဖို့ အဆင်သင့် ဖြစ်နေမည် ဖြစ်သည်။ ထို့အတွက် ကျနော်တို့ အတိုက်အခံ အင်အားစုတွေ အနေနှင့်သာ Vote Yes ဖြစ်ပြီးနောက် မည်သို့မည်ပုံ ဆက်လက် တိုက်ပွဲဝင်မည် ဆိုသည်နှင့် နအဖညစ်သည့်ကြားမှ Vote No အနိုင်ရခဲ့လျှင်လည်း မည်သို့ ဆက်လက် တိုက်ပွဲဝင်ကြမည်ကို မဲမပေးမီကတည်းက ကြိုတင် စဉ်းစားထားကြရမည်ဟု အကြံပြု ပြောကြားလိုပါသည်။

ဒေါက်တာလွဏ်းဆွေ

(ယခု ၂၀၀၈ ခုနှစ်၊ မေလထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြထားသည့် ဆောင်းပါး ဖြစ်ပါသည်)

No comments: