Saturday, May 3, 2008

"ကန့်ကွက်သူ မ၀င်ရ"နှင့် ဒုတိယအကြိမ် သက်တမ်းတိုးခြင်း


"ကန့်ကွက်သူ မ၀င်ရ"နှင့် ဒုတိယအကြိမ် သက်တမ်းတိုးခြင်း
ဂျေမိုး (ဧပြီ ၂ ရက်၊ ၂၀၀၈)

စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဆန္ဒမဲပေးရမည့်ရက်ကို ဒုတိယအကြိမ် သက်တမ်း တိုးပေးလိုက်ပါသည်။ ယခုအကြိမ် သက်တမ်းတိုးရာတွင် နံနက် (၉)နာရီမှ နေလည် (၁)နာရီအထိ နေ့တစ်ဝက်သာဖြစ်ပြီး ဒုတိယအကြိမ် သက်တမ်းကို "မေလ (၃)ရက်နေ့မှ (၉)ရက်နေ့အထိ" တိုးမြှင့်လိုက်ကြောင်း မြန်မာသံရုံး အ၀င်ပေါက် တံခါးနံရံတွင် ကပ်ထားခဲ့ပါသည်။ သံရုံးနှင့် ပတ်သက်သော ကိစ္စများကိုလည်း ၄င်းရက်များတွင် ရပ်နားထားမည်ဖြစ်ကြောင်း စာကိုလည်း သံတံခါးဝတွင် ပူးတွဲ ကပ်ထားပါသည်။

မြန်မာသံရုံးမှ ဖိတ်ကြားစာ ရရှိထားသူများကို ဧပြီ (၂၅)ရက်မှ (၂၇)ရက်အထိ ကြိုတင်ဆန္ဒမဲပေးခွင့် ပြုထားခဲ့ပါသည်။ ဆန္ဒမဲပေးသည့် ရက်တိုင်းတွင် မြန်မာသံရုံးမှ မလိုအပ်သည့် အထောက်အထားများကို တောင်းခံခြင်း အချိန်ဖြုန်းတီးခြင်းများ ပြုလုပ်ခဲ့ပြီး သံရုံးဝန်ထမ်းများကိုယ်တိုင် ဥပဒေအရ မဲပေးပိုင်ခွင့် ရှိသူများ အပေါ်တွင် တရားဥပဒေမဲ့ ပြုမူဆက်ဆံမှုများ ရှိခဲ့သည်ဟု သတင်းရရှိပါသည်။

ဧပြီ (၂၉)ရက်နေ့တွင် မဲပေးရမည့်ရက်ကို "အထက်ညွှန်ကြားချက်အရ" ဟုဆိုကာ ပထမအကြိမ် သက်တမ်း တိုးခဲ့ပါသည်။ မေလ (၂)ရက်နေ့ထိတိုင် သုံးရက်သက်တမ်း တိုးခဲ့သော်လည်း အမှန်မဲပေးခွင့် ရခဲ့သူများမှာ လူနည်းစုသာ ဖြစ်ခဲ့ပါသည်။ သံရုံးမှ နိုင်ငံသားဖြစ်ကြောင်း စိစစ်ရာတွင် မဲဆန္ဒရှင်များ အခွန်ထမ်းဆောင်ထားခြင်း ရှိမရှိကိုသာ အဓိကတောင်းခံကာ ဆန္ဒမဲပေးရေး လုပ်ငန်းစဉ် တစ်ခုလုံးကို ခက်ခဲအောင် ပြုလုပ်ခဲ့ပါသည်။ စင်္ကာပူနိုင်ငံရှိ မဲဆန္ဒပေးလိုသူများမှ မြန်မာသံရုံးရှေ့သို့ အကြိမ်ကြိမ် သွားရောက် တောင်းဆိုခဲ့ပါသော်လည်း သံရုံးဝန်ထမ်းများ၏ ငြင်းပယ်ခြင်းကိုသာ ခံခဲ့ရပါသည်။

မြန်မာနိုင်ငံသားတစ်ယောက် ဖြစ်ကြောင်းကို နိုင်ငံကူးလက်မှတ် တစ်ခုတည်းဖြင့် အခိုင်အလုံ သက်သေပြနိုင် ပါသော်ငြားလည်း မဲဆန္ဒပေးလိုသူများ စိတ်အနှောက်အယှက်ဖြစ်အောင် အချိန်ကြာ နှောင့်နှေးအောင် ရည်ရွယ်ချက်ဖြင့် စနစ်တကျ ပြုလုပ်ခဲ့ပါသည်။ ကျောင်းသားလူငယ်များနှင့် မျိုးချစ်စိတ်ရှိသူ လူငယ်များမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားခဲ့သော ၁/၂၀၀၈ ဥပဒေနှင့် မြန်မာသံရုံး၏ လုပ်ရပ်မှာ လွဲမှားနေကြောင်း အကြိမ်ကြိမ် ထောက်ပြ ပြောဆိုခဲ့သော်လည်း သံရုံးဝန်ထမ်းများမှ လစ်လျှူရှုခဲ့ပါသည်။

တပ်မတော်အစိုးရမှ ပြဌာန်းထားသာ "ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေ အမှတ် (၁/၂၀၀၈)" အခန်း(၅) မဲစာရင်းများ ပြုစုခြင်း ခေါင်းစဉ် အပိုဒ် ၁၁။ အပိုဒ်ငယ် (က)တွင် ဖေါ်ပြထားသော -
(က) ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပသည့်နေ့တွင် အသက် (၁၈)နှစ်ပြည်ပြီး ဖြစ်သည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူတိုင်းသည် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့် ရှိသည်။ ယင်းဆန္ဒမဲပေးခွင့် ရှိသူတိုင်း မဲစာရင်း တင်သွင်းရမည်။ ဟု ဖေါ်ပြထားခဲ့ပါသည်။

မည်သို့ပင် ၁/၂၀၀၈ ဥပဒေမှ ပြဌာန်းထားသော်လည်း စင်္ကာပူနိုင်ငံ မြန်မာသံရုံးမှ မဲဆန္ဒပေးရန် လာရောက်သူများကို အခွန်ပြေစာနှင့် အခွန်ဆောင်ထားခြင်း ရှိမရှိကိုသာ အဓိက စစ်ဆေးခဲ့ပါသည်။
ဆန္ဒခံယူပွဲဥပဒေ အမှတ် (၁/၂၀၀၈) အခန်း(၄) အပိုဒ် ၆၊ အပိုဒ်ငယ် (ဇ) နိုင်ငံခြားရှိ ဆန္ဒမဲပေးခွင့် ရှိသူများနှင့် စပ်လျဉ်း၍ ဖေါ်ပြထားသော -
(ဇ) နိုင်ငံခြားရှိ ဆန္ဒမဲပေးခွင့်ရှိသူများ ဆန္ဒမဲ ပေးနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲ လက်မှတ်များကို နိုင်ငံခြားရေး ၀န်ကြီးဌာနမှတဆင့် သက်ဆိုင်ရာ သံရုံးအကြီးအမှူး သို့မဟုတ် ကောင်စစ်ဝန်ရုံး အကြီးအမှူးထံသို့ ပေးပို့ခြင်း ဟု ဖေါ်ပြခဲ့သော်လည်း သံရုံးမှ ဖိတ်စာရရှိသူများသာ မဲပေးခွင့် ရရှိခဲ့ပြီး စင်္ကာပူရှိ မြန်မာအများစုမှာ မဲပေးခွင့် မရရှိဟု သတင်းရရှိပါသည်။ ၄င်းမဲပေးခွင့် မရသူများ ကိုင်ဆောင်ထားသော နိုင်ငံကူး လက်မှတ်များမှာ ပြည်ထဲရေးဝန်ကြီးဌာန တစ်ခုတည်းမှ ထုတ်ပေးထားခြင်း ဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။

မြန်မာသံရုံး ဝန်ထမ်းများ၏ လုပ်ရပ်နှင့် ပတ်သက်၍ ဆန္ဒမဲပေးပွဲမှာ လွတ်လပ်ပြီး တရားမျှတမှု မရှိကြောင်းကို စင်္ကာပူရောက် မြန်မာကျောင်းသား လူငယ်တစ်ဦးမှ "သံရုံးက လုပ်ထုံးလုပ်နည်းတွေက တရားဥပဒေနဲ့အညီ နည်းလမ်းတကျ လုပ်တာမဟုတ်ဘူး။ မဲရုံမှူး လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီဘူး။ အဲဒါတွေဟာ ပြည်သူလူထုအပေါ် ဖြောင့်မတ်မှန်ကန်တဲ့စိတ် ထားရှိခြင်း မဟုတ်ဘူး။ ဒါကြောင့် မကျေနပ်ဘူး" ဟု ပြောပြခဲ့ပါသည်။

စင်္ကာပူနိုင်ငံရှိ အင်ဂျင်နီယာ တစ်ဦးမှလည်း "အခုကျင်းပခဲ့တဲ့ ဆန္ဒခံယူပွဲ ဖြစ်စဉ်တစ်ခုလုံးကို ကြည့်ရင် အတုအယောင် သက်သက်သာ ဖြစ်တယ်ဆိုတာ ပေါ်လွင်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ မဲပေးနိုင်တဲ့ သူတွေကို မဲပေးနိုင်အောင် လုပ်ပေးမထားဘူး။ တကယ်မဲလာပေးတဲ့ သူတွေရဲ့ ၂၀% လောက်သာ မဲပေးခွင့် ရခဲ့တယ်။ ဒီသက်သေတွေကို ကျွန်တော်တို့က ထုတ်ပြန်ကြေညာချက်တွေ ထုတ်ထားရမယ်။ နောင်တချိန် မေလ (၁၀) ရက်နောက်ပိုင်းမှာ ဆန္ဒခံယူပွဲကို အတင်းအဓမ္မ အတည်ပြုပြီး အတည်ဖြစ်သွားခဲ့ပြီဆိုရင် ကျွန်တော်တို့က အဲဒီသက်သေ အထောက်အထားတွေကို ထုတ်ပြသင့်တယ်"ဟု ပြောပြခဲ့ပါသည်။

မဲပေးခွင့်ရှိသူ စာရင်းပြုစုခဲ့ပုံ မဲရုံတည်ဆောက်ပုံနဲ့ မဲပေးခဲ့သည့် ဖြစ်စဉ်တစ်ခုလုံးမှာ တရားဥပဒေနှင့် မညီညွတ်သည်များ ရှိခဲ့ကြောင်း သတင်းများ ရရှိခဲ့ပါသည်။ ဆန္ဒမဲ ပေးလာသူများသည် ယခင်ရက်များတွင် NO တံဆိပ်ပါ အင်္ကျီ၊ ဦးထုပ်များ ဝတ်ဆင်ခဲ့ကြပြီး မေလ(၁)ရက်နေ့တွင်မူ ထီးများ၊ ယပ်တောင်များပေါ်တွင် ကြက်ခြေခတ်ပုံစံနှင့် NO တံဆိပ် ရိုက်နှိပ်ထားကာ မိမိတို့ဆန္ဒများကို လူမြင်ကွင်းတွင် ထုတ်ဖေါ်ပြသခဲ့ကြောင်း သတင်းရရှိပါသည်။

စင်္ကာပူနိုင်ငံထုတ် နေ့စဉ်သတင်းစာများတွင် မြန်မာသံရုံး၏ လုပ်ထုံးလုပ်နည်းများ အားနည်းကြောင်း ထောက်ပြရေးသားမှုများ ရှိနေပါသည်။ (၂၅)ရက်မေလမှ စတင်၍ ယနေ့ထိတိုင် မဲပေးခွင့် မရရှိသေးသူ အများအပြား ရှိနေကြောင်း သတင်းရရှိပါသည်။ မြန်မာပြည်ရှိ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ အသေးစိတ် လေ့လာစောင့်ကြည့်နေသော နိုင်ငံတကာ သတင်းမီဒီယာများရှေ့တွင် ၂၀၀၈ ခုနှစ် စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ကျင်းပပေးခဲ့သော အခြေခံဥပဒေ ဆန္ဒခံယူပွဲသည် လွတ်လပ်၍ တရားမျှတမှု ရှိမရှိကို သံရုံးဝန်ထမ်းများ၏ လုပ်နည်းကိုင်နည်းများအား လေ့လာခြင်းအားဖြင့် အကြမ်းဖျင်း သိရှိနိုင်ပါသည်။

ဂျေမိုး

No comments: