Sunday, May 11, 2008
မွန်မြတ်ကြပါစို့
အရာအားလုံး ပျောက်ဆုံးသွားသူတွေအတွက်
မျှော်လင့်ချက်ကလွဲလို့
နားခိုစရာ လောကငရဲပဲ ရှိတော့တာလား …။
မုန်တိုင်းဟာ
ကမူးရှူးတိုး ဆိုးသွမ်းဖျက်စီးတတ်တဲ့ သဘာဝနဲ့
ဘာမှမကျန်အောင် ၀ါးမြိုသွားလိုက်တာ
ရင်ဘတ်ဟောင်းလောင်း အလောင်းတွေ တန်းစီနေတဲ့
ဒို့ပြည်ပဲ ကျန်ခဲ့တယ် …။
စားစရာ မရှိတော့ဘူး လူလေးရေ …
အမေက ငိုနေပေမယ့် စားမယ့် ပါးစပ်ပေါက်လေးတွေ
ပျောက်ဆုံးခဲ့ …။
နေစရာမရှိတော့ဘူး လုံမရေ …
ပုံကျခွေလဲနေတဲ့ ရေထဲက အလောင်းလေးပဲ ကျန်ခဲ့ …။
ဆေးမရှိတော့ဘူး အဘရေ …
ငြိမ်သက်နေတဲ့ အဘ ရေတွေစိုပွလို့ ဘ၀ခြားတဲ့ အလောင်းပဲ
ရေစီးကြောင်းထဲ မျောခဲ့ …။
ဒီလိုဘ၀တွေနဲ့
ကူသူမဲ့ …
ကယ်သူမဲ့ …
ဆူဝေတဲ့ သောကပင်လယ်ဟာ
ရှင်သူများကို ၀ါးမြိုစပြုနေပြီလေ …။
နတ် သိကြား ဒေ၀တာ
များစွာသော တန်ခိုးရှင်များ ခင်ဗျား
မွဲတေတဲ့ ဘ၀များ ဘာမှားခဲ့ပါသလဲ …
မိသားစု ပျောက်ဆုံးသွားသူတွေအတွက်
မျက်ရည်နဲ့ သောက၊ ငတ်မွတ်မှုနဲ့ ရောဂါဆိုး
သင်တို့ဘယ်တန်ခိုးနဲ့ ဖန်ဆင်းခဲ့ကြပါသလဲ …။
ကဲ …
ဒို့ ပြည်သူ ဒို့ ကူကြစို့
ဘာပဲဖြစ်ဖြစ် ကျန်ရစ်သူတွေအတွက်
မျှော်လင့်ချက် အနန္တနဲ့ ဘ၀ဆက်ခွင့်အတွက် …။ ။
ငြိမ်းဇေဦး
(မုန်တိုင်းဒဏ်ခံရသော ပြည်သူများ ကယ်ဆယ်ရေးရန်ပုံငွေအတွက် ရေးသားပါသည်။)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment