Sunday, May 11, 2008

ကျိန်စာသင့်နေသော အခြေခံဥပဒေ

ကိုမွှေး

သင်တို့ရဲ့ အခြေခံဥပဒေ ဆန္ဒခံယူပွဲဟာ သိန်းပေါင်းများစွာသော သေဆုံးသွားသူတွေရဲ့ နာကျည်းချက် ကျိန်စာ သင့်နေတဲ့ မဲဆန္ဒခံယူပွဲ ဖြစ်တယ်။ သင်တို့ နအဖနဲ့ အပေါင်းပါများ အားလုံးဟာ အပြစ်မဲ့ ပြည်သူလူထုနဲ့ ရဟန်း သံဃာတော်များကိုသာမက သင်တို့ရဲ့ ရဲဘော်ရဲဘက်များဖြစ်တဲ့ ရေတပ်မတော်နဲ့ မုန်တိုင်းမိဒေသက တပ်ရင်း တပ်ဖွဲ့တွေကိုပါ ရက်စက်ယုတ်မာစွာ ရဲဘော်ရဲဘက်စိတ် ကင်းမဲ့စွာ သွေးအေးအေးနဲ့ ပစ်ထားရက်သူတွေ ဖြစ်တယ်။

လူသားသမိုင်းမှာ အရက်စက်ဆုံးဖြစ်ခဲ့တဲ့ ဟစ်တလာလို ဖက်ဆစ်စစ်အာဏာရှင် တယောက်တောင် သူ့သွေးသား သူ့လူမျိုးတွေအပေါ်မှာ သင်တို့လို မရက်စက်ခဲ့ဘူး။

သင်တို့ဟာ ကမ္ဘောဒီးယားနိုင်ငံ ခမာနီခေါင်းဆောင် ပိုပေါ့လို လူစိတ်ကင်းမဲ့ပြီး ယုတ်မာရက်စက်တဲ့ သူတွေ ဖြစ်တယ်။ သင်တို့ရဲ့ ယုတ်မာ ရက်စက်မှုတွေဟာ လူသားသမိုင်းမှာ အရိုင်းဆုံး အယုတ်ဆုံး အပက်စက်ဆုံး လုပ်ရပ်တစ်ခု ဖြစ်တယ်။

ကမ္ဘာ့အလည်မှာ မြန်မာလူမျိုးဆိုတာ လူသားထက် အဆင့်နိမ့်တဲ့ ခိုင်းရင်လုပ်၊ ရိုက်ရင်ခံ၊ သတ်ရင်သေ ရမယ်ဆိုတဲ့ ဘ၀တွေနဲ့ ရှင်သန်နေရတဲ့ သတ္တ၀ါတွေ ဖြစ်သွားအောင် ဘယ်လိုအာဏာရှင်၊ ဘယ်လိုဓားပြ၊ ဘယ်လိုမုဒိမ်းကောင်ကမှ မယှဉ်သာအောင် ယုတ်မာမှုနဲ့ မြန်မာလူမျိုးတွေကို ဘ၀ဖျက်သူတွေ ဖြစ်တယ်။

မြန်မာတိုင်းရင်းသားတွေဟာ ဘယ်ဘာသာဝင်တွေ ဖြစ်ဖြစ် ရိုသေကျိုးနွံ ရိုးသားအားနာ တတ်တဲ့ လူမျိုးတွေ ကျေးဇူးသိတတ်တဲ့ လူမျိုးတွေ ဖြစ်တယ်။ အဲဒီအပြစ်မဲ့တဲ့ လူမျိုးစုတွေ အားလုံးအပေါ် သင်တို့ရဲ့ ယုတ်မာရက်စက်မှုဟာ ဘယ်လို ဘုရားမျိုးကမှ ခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုတစ်ခု ဖြစ်တယ်။

သင်တို့ ဆက်လက် သက်ဆိုးရှည် အုပ်ချုပ် အနိုင်ကျင့် မင်းဧကရာဇ် လုပ်ဖို့အတွက် အာမခံချက် ပေးမယ်လို့ ယူဆယုံကြည်တဲ့ ဆန္ဒခံယူပွဲက ထွက်လာတဲ့ ဘယ်လိုရလဒ်မဆို ရလဒ်တိုင်းဟာ သင်တို့အတွက် ကမ္ဘာ့အထက်မြက်ဆုံး ကျိန်စာဆိုးကြီး အရှိန်အဟုန် အပြင်းဆုံး အမြန်နှုန်းနဲ့ အစွမ်းပြ ဒဏ်ခတ်မှုတွေရဲ့ စတင်ခြင်းဖြစ်တယ်။

ဒီနေရာက ကျွန်ုပ်ဆန္ဒပြုအပ်ပါတယ်။ သင်တို့ရဲ့ ဆိုင်ရာ ဆိုင်ရာ မိသားစုလုံးကျွတ် မျိုးဆက်အားလုံး ယခုသေသွားသော ပြည်သူများလို အဆုံးစွန်ဆုံး ကြောက်လန့်မှုတွေနဲ့  ကမ္ဘာ့မြေပေါ်က လုံးဝဥဿုံ ပျောက်ဆုံးပျက်သုန်း ပျောက်ကွယ်မသွားခင် ကာလလေးမှာ သင်တို့ နောင်တရ ပြုပြင်နိုင်ကြပါစေ။

ကိုမွှေး

No comments: