ဤရက်များအတွင်း မိမိတို့ကျင်လည်ရာ ပတ်ဝန်းကျင် အသိုင်းအ၀န်း၌ တွေ့သည့်သူတိုင်းက ကြေကွဲစွာ နှုတ်ဆက်၍ နှုတ်ဆက်သည့် သူတိုင်းကလည်း “ခင်ဗျားတို့ အစိုးရဟာ အဲဒီ့လောက်တောင်ပဲလားဗျာ၊ ကမ္ဘာပေါ်မှာ အဲဒီလို အစိုးရမျိုး ရှိနေတယ် ဆိုတာရော အဟုတ်ပဲလားဗျာ” ဆိုပြီး ပြောဆိုခြင်းကို နိုင်ငံပြင်ပထွက်၍ အလုပ်လုပ်ကိုင် နေကြသူတိုင်း (သို့) နိုင်ငံပြင်ပသို့ ရောက်ရှိနေကြရသူတိုင်း တကြိမ်ထက်မက ကြုံတွေ့ကြရလိမ့်မည် ထင်သည်။
နိုင်ငံအစိုးရ၏ လူသားချင်း မစာနာသော လုပ်ရပ်ကြောင့် အရှက်ရနေကြရသည့် ကျနော်တို့တွင်လည်း စစ်အစိုးရ၏ လုပ်ပုံကိုင်ပုံနှင့် ပတ်သက်၍ မကျေနပ်မှုများ၊ ကြိတ်မနိုင်ခဲမရ ဖြစ်မှုများ၊ ဒေါသသင့်ရမှုများ၊ ဖြစ်နိုင်လျှင် အမှုန့်ကြိတ်ပစ် လိုက်ချင်စိတ်များ စသဖြင့် အသီးသီး အသက ရှိကြပေမည်။ (မိမိအစိုးရကြောင့် အရှက်ရကြရသည့် ကျနော်တို့ နိုင်ငံသားများ၏ အဖြစ်နှင့် ပတ်သက်၍ ကျနော့်တွင် ဥပမာပေးရန် စကားလုံးပင် ယခုအထိ ရှာမတွေ့မိသေးပါ)
နာဂစ်လွန်ကာလ၌ ရေတိုလုပ်ငန်းနှင့် ရေရှည်လုပ်ငန်းဟူ၍ လုပ်ငန်းအမျိုးအစား(၂)ခုကို မုချပြုလုပ်ရန် လိုမည်ဟု ထင်ပါ သည်။ ရေတိုလုပ်ငန်းဆိုသည်မှာ အစားအစာ၊ အ၀တ်အထည်၊ သောက်သုံးရေ၊ ဆေးဝါးနှင့် ယာယီ နေရာချထားမှုများ ပါဝင်သည့် ကယ်ဆယ်ရေး လုပ်ငန်းများပင် ဖြစ်ပါသည်။ ဤလုပ်ငန်းကြောင့် မသေမပျောက် ကျန်ရစ်ခဲ့သူများ အနေဖြင့် အစာရေစာ ရရှိ၍ ထိခိုက်ဒဏ်ရာ ရမှုများမှ သက်သာရာ ရရှိနိုင်သကဲ့သို့ ကူးစက်ရောဂါကြီးများ၏ ဘေးအန္တရာယ်မှလည်း လွတ်ကင်းနိုင်မည် ဖြစ်ပါသည်။
ရေတိုလုပ်ငန်းဖြစ်သည့် ကယ်ဆယ်ရေး လုပ်ငန်းများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အကူအညီများ အလုံအလောက်ရရှိရန် အထူးအရေးကြီးသကဲ့သို့ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေး အဖွဲ့အစည်းများ၏ ကူညီစောင့်ရှောက်မှုများ အလျင်အမြန် ရရှိရန်လည်း အထူးပင် အရေးကြီးပါသည်။ (သို့သော် အံ့သြဘွယ်ရာ ကောင်းသည်မှာ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများနှင့် အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေး အဖွဲ့အစည်းများအား အကူအညီပေးခွင့်နှင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခွင့်ကို စစ်အစိုးရက ပိတ်ပင်ထားသည့်အချက် ဖြစ်ပါသည်။)
ရေရှည်လုပ်ငန်းဆိုသည်မှာ နာဂစ်ဖြစ်စဉ်တခုလုံးအား မှတ်တမ်းတင်ရန်နှင့် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများအား တိုင်းတာတွက်ချက်ရန် ကိစ္စရပ်များ ပါဝင်သည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများပင် ဖြစ်ပါသည်။ ဤလုပ်ငန်းကြောင့် မြစ်ဝကျွန်းပေါ်ဒေသကြီးသည် အကြီးဆုံး စပါးကျီကြီးတခု ပြန်ဖြစ်လာနိုင်၍ လူသားမျိုးနွယ်များအတွက်လည်း သဘာဝ ဘေးအန္တရာယ် ကြီးငယ်များမှ ကာကွယ်ပေးနိုင်မည့် နည်းလမ်းများကိုပါ ဖော်ထုတ်ပေးနိုင်လိမ့်မည် ဖြစ်ပါသည်။
ရေရှည်လုပ်ငန်းဖြစ်သည့် မှတ်တမ်းတင်ရေးနှင့် တိုင်းတာတွက်ချက်ရေး ကိစ္စရပ်များပါဝင်သည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အပြည်ပြည်ဆိုင်ရာ အစိုးရများနှင့် အပြည်ပြည်ဆိုင်ရာ ပညာရှင်များ၏ အကူအညီကို ရရှိရန် လုံးဝ လိုအပ်ပါသည်။ (သို့သော် အံ့သြဘွယ်ရာ ကောင်းသည်မှာ နာဂစ်သည် မြန်မာ့ပင်လယ်ပြင်နှင့် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသကို ဗဟိုပြု၍ ဖြတ်တိုက်သွားခြင်းဖြစ်သဖြင့် စစ်အစိုးရက နာဂစ်ကို နိုင်ငံပိုင်လုပ်နေသည့် အချက်ဖြစ်ပါသည်။)
နာဂစ်သည် မြန်မာ့အရေး သက်သက်သာမဟုတ်၊ နာဂစ်သည် ကမ္ဘာ့အရေး ဖြစ်ပါသည်။ နာဂစ်သည် မြန်မာမိုးလေ၀သ ပညာရှင်များ၏ အရေးသက်သက်သာမဟုတ်၊ နာဂစ်သည် သဘာဝကြီးအား နားလည်နိုင်သမျှ နားလည်နိုင်ရေးနှင့် ယဉ်ပါးအောင် ပြုလုပ်နိုင်ရေးတို့အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်နေကြသည့် အပြည်ပြည်ဆိုင်ရာ သုတေသီ များနှင့် ပညာရှင်များ၏ အရေးဖြစ်ပါသည်။
ရေရှည်လုပ်ငန်းစဉ်၌ အဓိက အကျဆုံးဖြစ်သည့် ကိစ္စမှာ “နာဂစ်သည် မည်မျှနက်ရှိုင်းမှုရှိ၍ မည်ရွေ့သက်ရောက်မှု ရှိနိုင်သည်” ဟူသည့်အချက်ကို စနစ်တကျ တိုင်းတာသတ်မှတ်နိုင်ရေး ဖြစ်သည်။ ဤသို့ ပြုလုပ်နိုင်ရေးအတွက် နားလည် တတ်ကျွမ်းသည့် ပညာရှင်များနှင့် အဆင့်မြင့် နည်းပညာရပ်များ၏ အကူအညီကို ရရှိမှသာ ဖြစ်နိုင်ပေလိမ့်မည်။
ကျနော့်အနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များ၊ National Geographic မှ မှတ်တမ်းတင်သူများ၊ ဂျွန်ဟောပ့်ကင်း တက္ကသိုလ်မှ သုတသနအဖွဲ့များ၊ နာဆာမှ သုတေသနပညာရှင်များ …. စသဖြင့် ကမ္ဘာအရပ်ရပ်မှ ပညာရှင်များ၊ သုတေသီများအားလုံး ကပ်ဘေးသင့်ရာ နေရာများသို့ သွားရောက်၍ ကွင်းဆင်းလေ့လာကြစေလိုသည်။ သက်ဆိုင်ရာ အစိုးရများ အနေဖြင့်လည်း ကမ္ဘာမြေနှင့် ကမ္ဘာသူကမ္ဘာသားများ၏ “အနာဂတ်လုံခြုံမှု” ကို ရှေးရှု၍ ပညာရှင်များ၊ နိုင်ငံတကာ အစိုးရများနှင့် လိုလိုလားလား ပူးပေါင်းဆောင်ရွက်သင့်ပါသည်။
ကျနော်တို့ အနေဖြင်လည်း မိမိတို့ တတ်နိုင်သည့်ဘက်မှ ၀ိုင်းဝန်းလုပ်ဆောင်ကြရန် လိုပါသည်။ ဆိုကြပါစို့။ ကျနော်တို့၏ လုပ်အား (အနည်းဆုံး တနာရီ (သို့) တရက်မျှ)ကို ကပ်ဘေးသင့်ကြရရှာသူများအတွက် ထည့်ဝင်လှူဒါန်းနိုင်ပါသည်။ ကျနော်တို့ ရောက်ရှိရာ နိုင်ငံများရှိ ကျနော်တို့ အလုပ်လုပ်ကြရာ အလုပ်ရုံ စက်ရုံများမှ အလုပ်ရှင်များကို အကျိုးအကြောင်း ရှင်းပြ၍ အချိန်ပို တနာရီ (သို့) တရက် လုပ်ခွင့်ပြုရန် တောင်းဆိုလျှင် ဖြစ်နိုင်မည် ထင်ပါသည်။ ဤအချိန်ပို တနာရီ (သို့) တရက်သည် ကပ်ဘေးသင့်ကြရရှာသူများအတွက် ရေကြည်တပေါက်မျှလျှင်လည်းဖြစ်စေ၊ ဆန်ပြုတ်ဇွန်း၊ ထမင်းတလုတ်မျှ လျှင်လည်းဖြစ်စေ အသက်ဆက်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ဒါနပြုရန်ဖြစ်သည် ဆိုသည်ကို သက်ဆိုင်ရာ အလုပ်ရှင်/ ကုမ္ပဏီပိုင်ရှင်များ နားလည်အောင် ရှင်းပြမည်ဆိုလျှင် ရနိုင်ကောင်း၏ဟု ထင်မိသည်။
နောက်တခုမှာ “ကယ်ဆယ်ရေးအဖွဲ့များ ကပ်ဘေးသင့်ရာ နေရာများသို့ ရောက်ရှိစေရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ပညာရှင်များ ကွင်းဆင်း လေ့လာနိုင်ရေးတို့အတွက် လုံခြုံရေးကောင်စီမှ ကြားဝင်ဆောင်ရွက်ပေးရန်” အရေးဆိုသည့် လှုပ်ရှားမှုတခု ပြုလုပ်သင့်သည်ဟု ထင်ပါသည်။ ဤလှုပ်ရှားမှုအတွက် လူတိုင်းလူတိုင်း (စနေ- တနင်္ဂနွေနေ့များ၌ လုပ်လျှင် ရနိုင်ပါသော်လည်း) မိမိတို့အလုပ်မှ ခွင့်တရက်စီ တောင်းခံ၍ ကြားရက် တရက်ရက်တွင် သတ်သတ်မှတ်မှတ် သီးသန့်ပြုလုပ်ကြလျှင် ပို၍များ ထိရောက်လေမည်လားဟု စဉ်းစားမိပါသည်။ ဤသို့ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ကျနော်တို့ တောင်းခံသည့် ခွင့်တရက်သည့် ကျနော်တို့အတွက် မဟုတ်၊ ကျနော်တို့ ကိုယ်ရေးကိုယ်တာအတွက် မဟုတ်။ “ပြန်လည် ထူထောင်ရေးအတွက် ဖြစ်သည်” ဟူသည့် အချက်ကို ပေါ်လွင်စေလိုခြင်းကြောင့် ဖြစ်ပါသည်။ (အကြောင်းကြောင်းကြောင့် ထိုသို့ပြုလုပ်ရန် မဖြစ်နိုင်သည့် နေရာများလည်း ရှိကောင်းရှိနိုင်ပါသည်။ သို့သော် ဤနေရာများ၌ လက်တွေ့နှင့် ကိုက်ညီသည့် နည်းလမ်းတခုခုကို မိမိတို့ဘာသာ လုပ်ဆောင်နိုင်ကြလိမ့်မည်ဟု ထင်ပါသည်။)
အကယ်၍ နာဂစ်ကို ဒေသတွင်းအရေးဟု ယူဆလျှင် အာဆီယံအနေဖြင့် မုချကြားဝင် ဆောင်ရွက်ရပေမည်။ အကယ်၍ အပြည်ပြည်ဆိုင်ရာ အရေးကိစ္စဟု ယူဆလျှင် ကုလသမဂ္ဂအနေဖြင့် မုချကြားဝင် ဆောင်ရွက်ရပေမည်။ အကယ်၍ ပြည်တွင်းရေး သက်သက်သာလျှင် ဖြစ်သည်ဟု ယူဆလျှင် “We are very Concern” “We are watching” ဟူသည့် သံတမန် ဝေါဟာရများသုံး၍ လက်ပိုက်ကြည့်နေကြရုံပင်။ သို့သော် နာဂစ်ကြောင့် ဖြစ်ရသည့် ကပ်သင့်မှုကို နိုင်ငံရေး ပဋိပက္ခများနှင့် တမျိုးတစားတည်း သတ်မှတ်၍ မြန်မာပြည်၏ ပြည်တွင်းရေးကိစ္စ သက်သက်သာလျှင် ဖြစ်ပေသည် ဟူသည့် ကောက်ချက်မျိုး ချသင့်ပါ၏လော။ စစ်အစိုးရလက် ၀ကွက်အပ်၍ လက်ပိုက်ကြည့်နေ ကြသင့်ပါ၏လော။
ချွတ်ခြုံကျ မွဲတေ၍ သေငယ်ဇော ကပ်နေသည့် တိုင်းသူပြည်သားများနှင့် ဒဏ်ရာဒဏ်ချက် ကြီးစွာဖြင့် ဒရွတ်ဆွဲ သွားနေသည့် တိုင်းပြည်ကြီးတပြည် နာလန်ပြန်ထလာဖို့အတွက် ကျနော်တို့တွင် လုပ်ဆောင်စရာ ကိစ္စများစွာ ကျန်ရှိနေပါသေးသည်။ အရေးကြီးသည်မှာ လူများများ ပါဝင်နိုင်၍ နေရာများများ၌ ခိုင်ကျည်စွဲမြဲစွာ လုပ်ဆောင်နိုင်မည့် နည်းလမ်းများကို မှန်ကန်စွာ ရွေးချယ်၍ ဖော်ထုတ်ဆောင်ရွက် သွားကြရန်ပင်ဖြစ်ပါသည်။ ဆိုကြပါစို့။ အိမ်မှ စပါးကျီ မီးလောင်ခြင်းသည် လယ်သမားတဦး၏ အရှိုက်ကို ထိသွားခြင်း မည်သကဲ့သို့၊ နိုင်ငံ၏ စပါးကျီ ပျက်သုဉ်းသွားခြင်းသည် နိုင်ငံသူနိုင်ငံသားများ၏ အရှိုက်ကို ထိသွားခြင်း မည်ပေသည်ဟု ဆိုရမည် ထင်ပါသည်။
ဧရာဝတီတွင် တိုက်သည့် နာဂစ်နှင့် စီချွမ်းတွင် လှုပ်သည့် ငလျင်သည် သူ့ဘာသာသူ တသီးတခြား ဖြစ်သည့် ပြဿနာတရပ် မဟုတ်နိုင်။ ကိုယ်ဖြစ် ကိုယ်ခံ၊ ကိုယ့်ပြဿနာ ကိုယ်ရှင်းဟု သဘောထား၍ရသည့် ပွဲပြီးမီးသေ အဖြစ်အပျက်မျိုး မဟုတ်နိုင်။ ဧရာဝတီနာဂစ်နှင့် စီချွမ်းငလျင်သည် မြေချင်းဆက် အမွှာပြဿနာ ဖြစ်သည်။ တိတိကျကျ ပြောရလျှင် မြေကမ္ဘာ ပြဿနာ၊ လူသားမျိုးနွယ် ပြဿနာ။
နာဂစ်ကို နိုင်ငံပိုင်လုပ်၍ မရ။ နာဂစ်ကို ပြည်တွင်းရေး သက်သက်မျှဟု ပြော၍မရ။ နာဂစ်ကို “လေကြီးမိုးကြီး ကျခဲ့တုန်းက ပေါ့…” ဟူသည့် ဒဏ္ဍာရီတရပ်သဖွယ် မှေးမှိန်အောင် လုပ်၍မရ။ နာဂစ်သည် အနာဂတ်ကို လှမ်းခြောက်သည့် အတိတ်၏ တစ္ဆေ။ နာဂစ်သည် သဘာဝအန္တရာယ်နှင့် အနာဂတ်လုံခြုံမှု ပြဿနာ။ နာဂစ်သည် အနာဂတ်အတွက် ထိုးသည့် ခေါင်းလောင်း။ နာဂစ်သည် လူတိုင်းအတွက် ထိုးသည့် ခေါင်းလောင်း။
ငါတို့ရဲ့
အချိန်ပို တရက်ဟာ လူသားချင်းစာနာမှုအတွက်
ငါတို့ရဲ့
ခွင့်ရက် တရက်ဟာ ပြန်လည်ထူထောင်ရေးအတွက်။
အောင်မော်ဦး
မေ၊ ၁၇၊ ၂၀၀၈
စာကြွင်း ။ ။ အံ့သြဘွယ်ကောင်းသည်မှာ စစ်အစိုးရသည် ဆန္ဒခံယူပွဲဟူသည်ကြီးကို အလေးထား လုပ်ဆောင်နေ၍ တရုတ်အစိုးရသည်လည်း (စီချွမ်းငလျင်လှုပ်ပြီး နောက်တွင်တော့ မပြောတတ်) ဘေဂျင်းအိုလံပစ်ပွဲတော် ဟူသည်ကြီးကို အလေးထား လုပ်ဆောင်နေခြင်းပင် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ စစ်အစိုးရ၏ ထင်ရာစိုင်းနေမှုကို ခွင့်မပြုနိုင်။ ထို့ကြောင့် စစ်အစိုးရ၏ ဆန္ဒခံယူပွဲနှင့် ပတ်သက်သည့် အမြင်တချို့ကို ရှေ့အပတ်၌ ဆွေးနွေးရန် ရည်ရွယ်ထားပါသည်။
Monday, May 19, 2008
ကျနော်/ကျမတို့ တခုထက်မက လုပ်ဆောင်နိုင်ပါသေးသည် (အောင်မော်ဦး)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment