Monday, May 19, 2008

ဖတ်နေရတဲ့ စာမျက်နှာ (ကဗျာ)

ဖတ်နေရတဲ့ စာမျက်နှာ
စိုးနေလင်း

တာဝန်ကျေခေါ်မလား စေတနာတရားမရှိ
လုံးဝ လုံးဝမရှိ …။

စတိ ထုတ်ပြန်လိုက်သော မိုးလေ၀သ ခန့်မှန်းခြေသတင်းက
အသက်ဘ၀များစွာကို ခြေမွ ကြဲလွင့်
နီရိုးဘုရင်လက်သစ်ရဲ့တယောသံမှာ
တစ္ဆေ မှင်စာတို့ ကခုန်နေကြ၏။

ဘယ်လောက်အထိ မိုက်ရိုင်း ယုတ်မာ ရက်စက်ကြမလဲ
ဘယ်လောက်အထိ မိုက်ရိုင်း ယုတ်မာ ရက်စက်ခွင့်ပြုကြမလဲ
နူရာဝဲစွဲ လဲရာသူခိုးထောင်းခံကြရသော ငိုရှိုက်သံများ ဘ၀ဂ်ညံ
အသံလုံ အပူခန်းတခုထဲ ပဲ့တင်ရိုက်ခတ်ရုံမျှသာ။

ဝင်ရောက်မစွက်ဖက်ရေး
အပြုသဘော ချဉ်းကပ်ဆောင်ရွက်မှု
သူ့ကိုယ်ကျိုးစီးပွား ပုလင်းတူဘူးဆို့များ
အာရှတလွှားမှာ နေထားတကျ ရှိနေခဲ့ကြ၏။

ခေါက်သောတခါး အဖွင့်ကို စောင့်သောသူများ
ပွန်းစားကြွေလွင့် မျိုးတုံး
စုန်းစုန်းနစ်မြုပ်နေကြရသော ကာလ
လရောင်ကြယ်စပျပျကို တောင့်တ
ဟော့ဒီက မြေနိမ့်ရာမှာသာ
လှံသွားတို့ အခါခါ စူးစိုက်နေကြ။

အို … လောကပါလတရား
ခါးသည်းနာကျည်းဖွယ် ကောင်းလေစွ။

မြန်မာမှ ကမ္ဘာ
မြန်မာမှ ကမ္ဘာ
အသံဘယ်လောက် ကြားသလဲ
အသံဘယ်လောက် ကြားသလဲ
လေသံရှဲရှဲသာ ကြားနေရ၏။ ။

စိုးနေလင်း
(နာဂစ်လေပြင်းမုန်တိုင်းနှင့် နအဖစစ်အစိုးရအား ဤကဗျာဖြင့် ကြိမ်ဆဲပါသည်။)

No comments: