Thursday, May 29, 2008

အရှုပ်ထုပ် (လေနုအေး)

အရှုပ်ထုပ်
လေနုအေး
ဘန်ကီမွန်းရေ …
ခင်ဗျားကတော့ ပြုံးပြုံး ပြုံးပြုံး၊
ကျုပ်တို့ ပြည်သူတွေမှာတော့
နာဂစ်မိတာ အတုံးအရုံး။

ခင်ဗျားက
လူလိမ်သန်းရွှေကို ယုံ၊
ကျုပ်တို့ ပြည်သူတွေမှာတော့
ကမ်းစပ် လယ်ကွင်းတွေထဲ
အလောင်းတွေ တောင်ပုံယာပုံ။

ခင်ဗျားက
ဒုက္ခသည်စခန်းကို ရှပ်ပျံကြည့်၊
ကျုပ်တို့ ပြည်သူတွေမှာတော့
ကုလားအုပ်တွေလို လမ်းပေါ်အပြည့်။

ခင်ဗျားက
တဆိတ်ရှိ ၀မ်းနည်းမိကြောင်း
တဆိတ်ရှိ စိတ်မကောင်းဖြစ်၊
ကျုပ်တို့ ပြည်သူတွေမှာတော့
ဒုက္ခတွေက မျက်ရည်မြစ်။

ခင်ဗျားက
ကယ်ဆယ်ရေး သင်္ဘောကြောက်တဲ့
စစ်ခွေးတွေကို အကာအကွယ်ပေး၊
ကျုပ်တို့ ပြည်သူတွေမှာတော့
နေ့ဖို့ညစာ ရတက်မအေး
အနာဂတ်ဆိုတာ ဝေလာဝေး။

ကျုပ်တို့ပြည်သူတွေ တောင်းဆိုတာက
“ယူအဲန်ဆေ့ဗ်ဘားမား”
“ယူအဲန်ဆေ့ဗ်ဘားမား”၊
ခင်ဗျားက
“သန်းရွှေဟာ ယုံကြည်စရာ လူတယောက်ပါခင်ဗျား
ရုဒ်မက် ခုနှစ်ချက်အတိုင်း သူဆက်သွား”။

ခင်ဗျားက
အလှူရှင်ညီလာခံမှာ ဖောဖောဖိန့်ဖိန့်လုပ်
မလုံ့တလုံ ဒုက္ခသည်တွေမှာတော့
မိုးလင်းမိုးချုပ် တငုတ်တုတ်တုတ်
ပြောလိုက်တော့မယ် တကယ်အဟုတ်
(ကုလသမဂ္ဂဟာ …)
ကျုပ်တို့ပြည်သူတွေအတွက်
တကယ့်ကို အရှုပ်ထုပ်
တကယ့်ကို အရှုပ်ထုပ်
တကယ့်ကို အရှုပ်ထုပ် …။ ။

လေနုအေး
(၂၉-၅-၀၈)
(အနှစ်နှစ်ဆယ်လုံးလုံး ဘန်းကီမွန်းအပါအ၀င် ကုလသမဂ္ဂ ကိုယ်စားလှယ်များ၏ ကြားဝင်၊ စေ့စပ်၊ ဖျန်ဖြေ ဆောင်ရွက်မှုများ ကြောင့် နအဖစစ်အုပ်စု၏ ဖိနှိပ်ရက်စက်မှုကို ပိုပိုခံရပြီး ဒုက္ခဆင်းရဲတွင်း နက်သထက် နက်ခဲ့ရသည့် မြန်မာပြည်သူများကိုယ်စား ဤကဗျာကို ရေးဖွဲ့ပါသည်။)

1 comment:

sphmdy said...

i like this poem as it expresses the true nature of UN. Does Ban Ki Mon have the ability to ran UN ?