ဒေါက်တာလွဏ်းဆွေ
(ခေတ်ပြိုင်ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်)
တကယ်တော့ နာဂစ်မုန်တိုင်းက ဧရာဝတီ မြစ်ဝကျွန်းပေါ်နှင့် ရန်ကုန်ဒေသတ၀ိုက်တင် မဟုတ်၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ထောင့်ပေါင်းစုံကို မွှေနှောက် တိုက်ခတ်သွားခြင်း ဖြစ်သည်။ နဂိုကတည်းက စစ်အုပ်စု၏ ဖိနှိပ်ရက်စက်မှု၊ မှားယွင်းစွာ စီမံခန့်ခွဲမှုတို့ကြောင့် နူပြီးဝဲစွဲနေသည့် နိုင်ငံကို နာဂစ်သူခိုးက အမှတ်မထင် ၀င်ထောင်းသွားခြင်းဖြစ်သည်။
မုန်တိုင်းဖြတ်သန်းရာ မြို့နယ် ကျေရွာများမှ ပြည်သူများ သိန်းနှင့်ချီ သေဆုံးပြီး သန်းနှင့်ချီ အိုးမဲအိမ်မဲ့ဖြစ်ကာ ဒုက္ခရောက်ကုန်သည်။ ကုန်ဈေးနှုန်းနှင့် ဓာတ်ဆီဈေးတွေ ထိုးတက်ကုန်သည်။ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ကုန်သည်။ လယ်ယာမြေဧကနှင့် ကျွဲနွားတိရိစ္ဆာန် ပေါင်းများစွာ သေကြေပျက်စီး ဆုံးရှုံးကုန်သည်။ မုန်တိုင်းဒဏ်သင့် ဒုက္ခသည်တွေ အစာတလုတ် ရေတမှုတ်အတွက် လမ်းပေါ်ထွက် လက်ဖြန့်တောင်းရမ်း ကြရကုန်သည်။ ကယ်ပါယူပါ တစာစာ ဟစ်အော်ကြရကုန်သည်။ မုန်တိုင်းနှင့် လွတ်ကင်းသည့်ဒေသမှ ပြည်သူများလည်း ကိုယ့်ပြည်သူချင်း ကယ်ဆယ်ကူညီရေး အလုပ်များနှင့် ရှုပ်ရှက်ခတ်ကုန်သည်။ မုန်တိုင်းနောက်ဆက်တွဲ ကူးစက်ရောဂါတွေ ဖြစ်ပွားလာသည်။
နာဂစ်ကြောင့် ထိုသို့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အခြေအနေ အရပ်ရပ် ပွက်လောရိုက် ဗြောင်းဆန်သွားချိန်တွင် တိုင်းပြည်၏ အဓိက မဏ္ဍိုင်ကြီးဖြစ်သည့် နိုင်ငံရေးနယ်ပယ်မှာရော မည်သို့မည်ပုံ ဖြစ်ပျက်ပြောင်းလဲကုန်သည်ကို ဆန်းစစ်ကြည့်မိသည်။
နာဂစ်မတိုင်မီတွင် နအဖစစ်အုပ်စုက လူထုကို ကိုယ်စားမပြုသည့် ညောင်နှစ်ပင် ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို နည်းမျိုးစုံ အသုံးပြုကာ အတင်းအဓမ္မ အတည်ပြုဖို့ ကြိုးစားနေသည်။ အတိုက်အခံ ဒီမိုကရေစီအင်အားစု အများစုကလည်း ကန့်ကွက်မဲ တခဲနက်ပေးကြဖို့ အကြီးအကျယ် စည်းရုံးလှုံ့ဆော်ကာ အခြေခံဥပဒေကို ပယ်ဖျက်ဖို့ ကြိုးစားနေသည်။ နအဖနှင့် အတိုက်အခံတို့ အပြိုင်အဆိုင် လုံးပန်းနေကြချိန်တွင် ပြည်သူအများစုကတော့ စာဝတ်နေရေး အကျပ်အတည်း သံသရာတွင် လုံးချာလည်လိုက်ကာ ဆန္ဒခံယူပွဲကို ခေါင်းထောင်မကြည့်နိုင်သည့် အနေအထားတွင် ရှိနေခဲ့သည်။ တိုင်းပြည်လူဦးရေနှင့် နှိုင်းယှဉ်လျှင် စိတ်ဝင်စားသူဦးရေမှာ အနည်းစုဟုသာ ပြောနိုင်သည်။ ထိုသို့သော အခြေအနေမှာ နာဂစ်က အပြင်းအထန် တိုက်ခတ်ဖျက်ဆီးသွားခြင်း ဖြစ်သည်။
နာဂစ်အလွန် နအဖ
နာဂစ်မုန်တိုင်းကြောင့် နအဖ၏ စစ်တပ်အာဏာတည်မြဲရေး လုပ်ဆောင်ကြိုးပမ်းမှု ဘီလူးရုပ် ပိုမိုပေါ်လွင်လာသည်။ မုန်တိုင်းကြောင့် သေကြေ ဒုက္ခရောက်ကြရသူများကို ကယ်ဆယ်ရေးထက် သူတို့စိတ်ကြိုက် ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုရေးအတွက်သာ အရှက်မရှိ ဆက် လက်လုပ်ဆောင်နေသည်ကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။ တကယ်ဆို နိုင်ငံတော်အာဏာကို သိမ်းပိုက်ထားသည့် စစ်အုပ်စုအနေနှင့် သိန်းနှင့်ချီ သေဆုံးခဲ့ရသည့် ပြည်သူတွေအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်ကို ချက်ချင်း ကြေညာသင့်သည်။ ထိပ်ဆုံးက တာဝန်ရှိ ပုဂ္ဂိုလ်ကိုယ်တိုင် သန်းနှင့်ချီ ဒုက္ခရောက်နေသည့် မုန်တိုင်းဒဏ်သင့် ပြည်သူတွေကို သွားရောက်အားပေး ကြည့်ရှုသင့်သည်။ ဆန္ဒခံယူပွဲကို ကယ်ဆယ်ကူညီရေးလုပ်ငန်း ပြီးဆုံးသည်အထိ အကန့်အသတ်မရှိ ရွှေ့ဆိုင်းသင့်သည်။ နိုင်ငံတကာ အကူအညီများ ချက်ချင်း ၀င်ရောက်နိုင်ရေးကို ဦးစားပေး လုပ်ဆောင်သင့်သည်။ အမျိုးသားအင်အားစုအားလုံး ကယ်ဆယ်ရေးလုပ်ငန်းမှာ တတပ်တအား ပါဝင်လုပ်ဆောင်ကြဖို့ သဘောထားကြီးစွာ ဖိတ်ခေါ်သင့်သည်။
လက်တွေ့တွင် ထိုသို့မဟုတ်။ ကယ်ဆယ်ရေးလုပ်ငန်းကို အဓိကထား လုပ်ဆောင်ခြင်းမရှိဘဲ ပြည်သူတွေ မျက်ဖြူဆိုက်နေချိန် ဆန္ဒခံယူပွဲကို တက်သုတ်ရိုက် လုပ်ဆောင်ဖို့သာ အားထုတ်နေသည်။ နိုင်ငံတကာ ကယ်ဆယ်ရေး လုပ်သားများ ၀င်ရောက်ရေးကို ဟန့်တားနှောက်ယှက်ကာ အချိန်ဆွဲနေသည်။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်စစ်သင်္ဘောများ မြန်မာရေပိုင်နက်အနီး ကပ်လာပြီး အင်အားသုံး ၀င်ရောက်မည့် အရိပ်အယောင် မြင်မှ ကုလအတွင်းရေးမှူးချုပ်အား ဒုက္ခသည်များကို လာကြည့်ဖို့ ကပျာကယာ ဖိတ်ခေါ်သည်။ မုန်တိုင်းတိုက်ပြီး နှစ်ပတ်ကျော်မှ နိုင်ငံတော်အကြီးအကဲဆိုသူကိုယ်တိုင် ဟန်ပြသွားရောက်ပြီး ဒုက္ခသည်တွေကို ပါးပွတ်နားကိုင် လုပ်ပြသည်။ နောက်မှဖြစ်သည့် တရုတ်ငလျင်အတွက် တရုတ်အစိုးရက ၀မ်းနည်းကြောင်း အထိမ်းအမှတ် ကြေညာပြီးမှ (မုန်တိုင်းတိုက်ပြီး သုံးပတ်ခန့်ကြာမှ) စစ်အုပ်စုက မုန်တိုင်းကြောင့် သေဆုံးသူတွေအတွက် ၀မ်းနည်းကြောင်း အထိမ်းအမှတ် ကြေညာသည်။
နိုင်ငံတကာ ကယ်ဆယ်ရေး စစ်သင်္ဘောများ အင်အားသုံး ၀င်ရောက်မည်ကို စိုးရိမ်ထိတ်လန့်သည့် အဆုံးတွင်မှ နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားများ အားလုံးကို ၀င်ရောက်ခွင့်ပြုပါမည်ဟု ကုလအတွင်းရေးမှူးချုပ်အား ဗိုလ်သန်းရွှေ ကတိပေးလေသည်။ ထိုကြားထဲမှာပင် လိမ်လည်မှုများစွာဖြင့် တက်သုတ်ရိုက် လုပ်ဆောင်ခဲ့သည် ဆန္ဒခံယူပွဲရလဒ်ကို ထုတ်ပြန်သည်။ ၉၂ရာခိုင်နှုန်း ကျော်ဖြင့် စစ်ကျွန်ဇာတ် သွတ်သွင်းမည့် ဖွဲ့စည်းပုံ အခြေဥပဒေကို အတည်ပြုကြောင်း ကြေညာသည်။ သို့သော် အတိုက်အခံအင်အားစုများက ဆန္ဒခံယူပွဲရလဒ်ကို အသိအမှတ်မပြု။
နာဂစ်အလွန် အဲန်အယ်လ်ဒီ
အဓိက ဦးဆောင်ပါတီဟု အများက သတ်မှတ်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ နာဂစ်အလွန်ကာလတွင် ကန့်ကွက်မဲပေးရေးအတွက် ထိထိရောက်ရောက် မစည်းရုံးနိုင် (စည်းရုံးခွင့်မရ)သလို နာဂစ်ဒုက္ခသည်များ ကယ်ဆယ်ရေးအတွက် နိုင်ငံတကာ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ ၀င်ရောက်နိုင်ရေးကိုလည်း အားကြိုးမာန်တက် လှုံ့ဆော်သံ မကြားရဘဲ ကြေညာချက်လောက်သာ ထုတ်ရင်း နအဖပြုသမျှ နုနေရသည့် အနေအထားတွင်သာ ရှိနေသည်ကို တွေ့ရသည်။
အဲန်အယ်လ်ဒီ စီးအီးစီအနေနှင့် (နိုင်ငံရေးအမြတ်ထုတ်သည်ဟုပဲ ပြောပြော) နာဂစ်အကွက် နအဖအခက် ဖြစ်စေရန် နအဖ ကြောက်ရွံ့တုန်လှုပ်နေသည့် နိုင်ငံတကာကယ်ဆယ်ရေးတပ် ၀င်ရောက်ရေး ဖိအားပေးဖို့ အဓိကထား လုပ်ဆောင်သင့်သည်ဟု ထင်မြင်နေချိန်တွင် ဆန္ဒခံယူပွဲကို စောင့်ကြပ်မှာလိုလို နာဂစ်ဒုက္ခသည်တွေကိုပဲ အကူအညီပေးမှာလိုလိုနှင့် တခုမှ ထိထိရောက်ရောက် မလုပ်ဆောင်နိုင်ဘဲ အချိန်ကုန်နေသည်ကို တွေ့ရသည်။
ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့က ဗွီအိုအေအသံလွှင့်ဌာနနှင့် အင်တာဗျူးတွင် အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း ပြောဆိုသည့် အဲန်အယ်လ်ဒီ ဗဟိုကော်မတီအနေနှင့် အစိုးရဖွဲ့နိုင်သည့် အခြေအနေမရှိပါဟူသော ဖြေကြားချက်ကို ထောက်ရှုလျှင် အဲန်အယ်လ်ဒီ စီအီးစီအပေါ် အားကိုးအားထားပြုမှုအား အဆုံးသတ်ရတော့မည့် အနေအထား ဖြစ်နေသည်ကို တွေ့ရသည်။
နအဖက မုန်တိုင်းဒုက္ခသည်များ၏ မျက်နှာကိုပင် မထောက်ထားဘဲ ၂၀၁၀ ရွေးကောက်ပွဲအတွက် ဦးတည်စိတ်ကူးယဉ်နေချိန်တွင် အဲန်အယ်ဒီ စီအီးစီများက အစိုးရအဖွဲ့ကြေညာပြီး ထိပ်တိုက်ရင်ဆိုင်ဖို့ အခြေအနေမရှိဟု ပြောကြားခြင်းသည် အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် ပြည်သူလူထုအနေနှင့် ကိုယ့်အားကိုယ်ကိုးပြီး တိုက်ပွဲဝင်ကြရုံမှတပါး အခြားမရှိတော့သည်ကို ပြဆိုခြင်း သို့တည်းမဟုတ် ၉၀ရွေးကောက်ပွဲတွင် တခဲနက် မဲပေးထားကြသည့် ပြည်သူလူထုအနေနှင့် သူရဲဘောကြောင်ပြီး ဦးဆောင်နိုင်စွမ်းမရှိသော ဦးအောင်ရွှေ၊ ဦးလွင် ဦးဆောင်သည့် အဲန်အယ်ဒီ စီအီးစီ (ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်မပါ) အားလုံးနှုတ်ထွက်ပြီး ဗဟိုကော်မတီအသစ် ပြန်လည်ဖွဲ့စည်းဖို့သာ ပြတ်ပြတ်သားသား တောင်းဆိုရတော့မည်ကို ပြဆိုခြင်းဟု မှတ်ယူရတော့မည်ဖြစ်သည်။
နာဂစ်အလွန် အတိုက်အခံ
အတိုက်အခံတချို့က နာဂစ်မုန်တိုင်းဒုက္ခသည်များ ကူညီရေး၊ နိုင်ငံတကာ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ ၀င်ရောက်ရေးအတွက် အားသွန်ခွန်စိုက် လုပ်ဆောင်နေချိန်တွင် အတိုက်အခံ အများစုက နာဂစ်နှင့်ပတ်သက်ပြီး အသံတိတ်ကာ နအဖနှင့်အပြိုင် ဆန္ဒခံယူပွဲ ဖြစ်မြောက်ရေးကိုသာ ဆက်လက်ဦးတည်ပြီး ဗုတ်နိုးကမ်ပိန်းများကိုသာ တွင်တွင်ဆက်လုပ်နေသည်။ ပရိုပိုဇယ် ယူထားသည့်အတွက် ထိုသို့ ဆက်လုပ်နေရခြင်း ဖြစ်သည်ဟု ကြားရသည့်အတွက်လည်း ငိုအားထက် ရယ်အားသန် ဖြစ်ရသည်။ နာဂစ်အရေးသည် လူမှုရေးကိစ္စဖြစ်သဖြင့် မိမိတို့နှင့် မသက်ဆိုင်ဟူသော လေသံမျိုး နိုင်ငံရေးသမားဆိုသူတချို့ ပြောဆိုသံကို တဆင့်ကြားရ၍လည်း အံ့သြမှင်သက်မိသည်။
ဒုက္ခအကြီးအကျယ် ရောက်နေသည့် ပြည်သူတွေကို ဦးစားပေး ကယ်တင်ရေးသည် နိုင်ငံရေးအလုပ် မဟုတ်ဟုဆိုလျှင် ထိုသူများ အဘယ့်အတွက် နိုင်ငံရေးလုပ်နေသနည်းဟုသာ မေးခွန်းထုတ်ရမည့်ပုံ ဖြစ်နေတော့သည်။ အဆုံးတွင် နအဖက အခြေခံဥပဒေကို အတည်ပြုလိုက်ပြီဟု ဆိုသည့်အတွက် ဗုတ်နိုးအတိုက်အခံများအနေနှင့် အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် မည်သို့ ဆက်လက်တိုက်ပွဲဝင်မည်ဆိုသည်မှာ ခေါင်းကုတ်စရာ အချက်တခု ဖြစ်လာခဲ့တော့သည်။
နာဂစ်အလွန် ပြည်သူ
ပြည်သူများကတော့ နာဂစ်အလွန်တွင် ပိုပိုပြီး ကျပ်တည်းကာ ပိုပိုပြီး ဒုက္ခရောက်ရမည့် အခြေအနေတွင် ဆိုက်ရောက်နေသည်။ အထူးသဖြင့် မုန်တိုင်းဒဏ်ခံ ဒေသများမှ ဒုက္ခသည် ပြည်သူများအနေနှင့် နိုင်ငံတကာ အကူအညီကို ထိထိရောက်ရောက် မရရှိခဲ့လျှင် ငတ်မွတ်သေကြေမည့်ဘေး၊ ကူးစက်ရောဂါများကြောင့် သေကြေပျက်စီးရမည့် ဘေးနှင့် အကြီးအကျယ် ရင်ဆိုင်ရတော့မည်ဖြစ်သည်။ ထို့အပြင် အာဏာလက်မလွှတ်ရရေး အရှက်မရှိ လုပ်ဆောင်လာမည့် စစ်အုပ်စု၏ ဖိနှိပ်မှုအမျိုးမျိုးကိုလည်း တိုး၍ ခံစားကြရဖွယ်ရှိသည်။
နာဂစ်အလွန် လွတ်မြောက်ရေး
နာဂစ်အလွန် နိုင်ငံရေးတွင် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် မျှော်လင့်စရာသည် အဲန်အယ်လ်ဒီ၏ ဦးဆောင်မှုတွင် မရှိ၊ အတိုက်အခံတို့၏ လှုပ်ဆောင်မှုများတွင်လည်း ထင်သာမြင်သာ မတွေ့ရဘဲ အကျပ်အတည်းကြားမှ ရရာလက်နက်စွဲကိုင်ပြီး နိုးထပေါက်ကွဲလာမည့် ပြည်သူလူထုအပေါ်တွင်သာ မျှော်လင့်နိုင်စရာ အနေအထားရှိသည်ကို တွေ့ရသည်။ အဆိုပါ လူထုအုံကြွမှုအတွင်းမှ ပေါ်ထွက်လာမည့် ခေါင်းဆောင်သစ်များ၏ ဦးဆောင်မှုနှင့် အထိန်းသိမ်းခံ ခေါင်းဆောင်များကို ဆွဲထုတ်ကာ လွတ်မြောက်ရေးဆီသို့ ဦးတည်နိုင်မည်ဟု မျှော်လင့်ရပေသည်။
ဒေါက်တာလွဏ်းဆွေ
Friday, May 30, 2008
နာဂစ်အလွန် နိုင်ငံရေး
Subscribe to:
Post Comments (Atom)
1 comment:
What about expatriates? (living in so call free area) Looking at the burning own house and criticizing the family member who trapped in burning house for not fighting the fire.
Si saw
Post a Comment