Wednesday, May 28, 2008

ရင်ကျိုးအင်းတစ္ဆေ (မောင်လွမ်းဏီ)

ရောင်းစားစရာလည်း မရှိ
ပေါင်းစားစရာလည်း မရှိတော့
တောင်းစားရတာပဲကို။

မြို့နဲ့ကွာလှမ်း၊ ရွာလမ်းနံဘေး
ငေးရီလည်ဆန့်၊ လက်ဖြန့်တွန်းထိုး
ဝမ်းအူပိုးကိုက်၊ ပြေးလိုက်ထိုင်လိုက်
တွေးလိုက် မှိုင်လိုက်၊ မှေးလိုက်ယိုင်လိုက်
အေးလိုက်တာလည်း လက်ကုန်အေ။

ဟွန်းသံပေးရင်၊ သွေးပျက်ချင်တယ်
လွန်းပျံပြေးရင်း၊ ဟင်းမပါလည်း
ထမင်းလေးပဲ၊ လွေးလိုက်ချင်ပ
ပေါက်စ အဖွားကို မျှပါကွယ်။

တယောက်မျက်နှာ တယောက်ငေး
တယောက်ရွာ တယောက်မေး
ဟိုကမ်းဘေးက၊ ငါ့မောင်အလောင်း
ဒီလမ်းဘေးက၊ ညည်းမောင်အလောင်းလား
ထားပါလေ …
ကားသံ မကြားဘူးလားဟင်။

ဖျာစုတ်တချပ်
အုတ်ခဲတလုံး၊ လူဖြစ်ရှုံးသလား
ဘ၀သစ်ကို
အနှစ်နှစ် အလလ
ကုတ်ခြစ်ရုန်းကန်ရတော့မှာ။

ရင်ကျိုးအင်းနဲ့၊ မြစ်ဝကျွန်းငဲ့ …။

“စိမ်းလဲ့လဲ့ နှစ်စဉ်
လယ်ကွင်းတွေက
တမျှော်တခေါ် စိုပြေလွင်
ရိတ်သိမ်းချိန် ဆိုပြန်ရင်
ဝင်းမှည့်ရွှေစင်အိလို့ပင်
စပါးအနှံတွေနဲ့
အသီးတွေ သန်မာအောင်မြင်”…။

အဖေ ကျင်လည်ခဲ့တဲ့ လယ်ကွင်းနဲ့
ခုတော့ မမြင်ဝံ့တဲ့ မြင်ကွင်း
ဆွေမျိုးရင်းချာတွေကို
မြှုပ်နှံဖို့ တွင်းမရှိ
သင်္ဂြိုဟ်ဖို့ ထင်းမရှိ
မောင်ပဉ္ဖင်းမှာက
သင်းပိုင်မရှိ၊ ပုတီးမရှိ
အစိမ်းသရဲတွေလည်း ဆင်းမကြည့်
မမြင်ဝံ့ မကြည့်ဝံ့ မကြားဝံ့ပုံများ
ယုံတမ်းစကား ပုံပြင်များ
မဟုတ်ခဲ့ပါ သားရယ်။

အဖေငယ်ငယ်က
တန်းစီတိုးစားရသတဲ့
ငါ့ကျမှပဲ
တန်းစီတောင်းစားရတယ်ကွာ။ ။

မောင်လွမ်းဏီ
၇-၅-၂၀၀၈

1 comment:

ကြာပီ said...

အင်မတန် အနှစ်ရသာ ပြည့်ဝသော ကဗျာလေးပါ ဆရာလွမ်းဏီ။ မုန်တိုင်းဒုက္ခသည်တွေရဲ့ ဘ၀ကို ထင်းထင်းလင်းလင်း မြင်ယောင်စေပါတယ်။ ခံစားမိပါတယ်ဗျာ။