ဒေါက်တာလွဏ်းဆွေ
သောတရှင်များခင်ဗျာ …
မကြာသေးမီက ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ခဲ့တဲ့ သတင်းတပုဒ် အကြောင်းကို အရင်ဆုံး ပြောပြချင်ပါ တယ်၊၊ တရုတ်နိုင်ငံ အလယ်ပိုင်း ရှန်ဇီနဲ့ ဟယ်နန် ပြည်နယ်တွေက တရားမ၀င် ကျောက်မီးသွေးတွင်းနဲ့ အုတ်ဖိုတွေမှာ အလုပ်သမားတွေကို ကျေးကျွန်များသဖွယ် ခိုင်းစေနေတဲ့ အကြောင်းပဲ ဖြစ်ပါတယ်၊၊ အဲဒီလို ကျွန်သဖွယ် ခိုင်းစေခံရတဲ့ အလုပ်သမား စုစုပေါင်း ၅၆၈ ဦးမှာ အသက် ၁၈နှစ်အောက် ကလေးအလုပ်သမားက (၅၁)ယောက် ပါဝင်တယ်လို့ ဆိုပါတယ်၊၊ အလုပ်သမားတွေအပေါ် ကျေးကျွန်သဖွယ် ခိုင်းစေနေတဲ့ ကိစ္စနဲ့ ဆက်နွယ်နေတဲ့ လုပ်ရပ်တွေထဲမှာ လူကုန်ကူးမှုတွေနဲ့ လူသတ်မှုတွေလည်း ပါဝင်နေတဲ့အတွက် သက်ဆိုင်ရာ တရုတ်နိုင်ငံသား (၁၆၈)ဦးကို ရဲတွေက ဖမ်းဆီး အရေးယူခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်၊၊
ဒီသတင်းကို ဖတ်မိတဲ့သူတိုင်းဟာ တရုတ်နိုင်ငံက အလုပ်သမားတွေအတွက် စိတ်မကောင်း ဖြစ်ကြမှာပါ၊၊ ဒါ ပေမယ့် ဒီလိုဆိုးဝါးတဲ့ ဖြစ်ရပ်တွေဟာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေထဲမှာလည်း ရှိနေပါတယ်၊၊ ကိုသန်းဇော်ဟာ ဒီလိုအဖြစ်ဆိုးမျိုးကို ကြုံတွေ့ခဲ့ရတဲ့ မြန်မာအလုပ်သမား တယောက်ပါ၊၊
သူဟာ မဲဆောက်ကို ပြောင်းမလာခင်တုန်းက ပုသိမ်မြို့မှာ နေထိုင်ခဲ့တဲ့သူ ဖြစ်ပါတယ်၊၊
“ ကျနော် ဘာလုပ်လဲဆိုတော့ ကျနော်တို့ ဧရာဝတီတိုင်းကျတော့ ရေလုပ်ငန်း ပေါတယ်လေ။ ကျနော်တို့ ပိုက်ချတယ်။ နောက် ဒီလိုပေါ့၊ အခုလို မိုးရာသီ ဆိုလို့ရှိရင် ငါးသလောက်ပိုက် သွားချတယ်။ နောက် အဲ နွေဘက် ရောက်ပြီဆိုလို့ရှိရင် ကုန်စိမ်းတွေ ဘာတွေ ကျနော်တို့ ထမ်းတယ်။ ကုန်စိမ်းတွေ ဘာတွေထမ်း နောက်ဆိုက္ကားတွေ ဘာတွေ ကျနော်တို့ နင်းတာပေါ့။ အဲလို နင်းရတယ်။”
သူက ၂၀၀၁ခုနှစ်မှာ မြန်မာပြည် နယ်စပ်မြို့ဖြစ်တဲ့ မြ၀တီမြို့ကို ရောက်ရှိခဲ့သူပါ။ စရောက်တဲ့ နှစ်မှာတော့ မနက်သွား ညပြန် သဘောမျိုးနဲ့ မဲဆောက်ဘက်ကို ကူးပြီး ကြုံရာအလုပ်ကို သူ ၀င်လုပ်ခဲ့ပါတယ်။ ၂၀၀၂ခုနှစ်ကျမှ မဲဆောက်ဘက်ကို ပြောင်းပြီး အခြေချဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကြားလူတယောက်ရဲ့ အဆက်အသွယ်နဲ့ အသက် ၂၃ နှစ် အရွယ်လောက်မှာ ပုသိမ်ကနေ မဲဆောက်ကို ရောက်ရှိခဲ့တာလို့ သူက ပြောပြပါတယ်။
“ ပထမတုန်းကတော့ ကျနော်တို့ ပုသိမ်မြို့မှာ နည်းနည်း လုပ်ရကိုင်ရတာ အလုပ်အကိုင် နည်းနည်းရှားတယ်။ အဲတော့ အလုပ်အကိုင် ရှားတဲ့အခါကျတော့ သူများတွေကတော့ ပြောတာပေါ့၊ မဲဆောက် မဲဆောက် မဲ ဆောက်နဲ့။ ကျနော်က မဲဆောက်တောင်မှ ဘယ်လိုမှန်းတောင် မသိဘူး။ မဲဆောက်ဆိုတာ ဘာမှန်း မသိရသေးဘူး။ အဲဒါနဲ့ နောက်သူများတွေ ပြောလွန်းမက ပြောတဲ့အခါကျတော့ ကဲ … ကျနော်လည်း တက်ကြည့်ဦးမယ် ဆိုပြီးတော့ အဲလို ပုံစံမျိုးနဲ့ပေါ့နော် တက်ကြည့်တယ်။ ဒီမှာ အလုပ်ကလေး ဘာလေးရလည်း နောက်၊ နောက်ဆုံး သူတို့ပြောတဲ့ ပုံစံက တောင်ယာလုပ်တောင်မှ ၆၀လောက် ရတယ်ဆိုလို့ရှိရင် ဘတ် ၆၀ပေါ့၊ ကိုယ့်အတွက် စုမိတယ်ပေါ့။ မကျန်ဘူးဆို တလကို လေးငါးသောင်း လောက်ကတော့ ကျန်တယ်ဆိုလို့ အဲလိုကြားတော့ တက်ချင်တဲ့ ဆန္ဒနဲ့ ဒီကိုတက်လာတာပေါ့။”
လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတော့ မဲဆောက်မြို့နဲ့ မိုင် ၃၀လောက် ဝေးတဲ့ ဖုတ်ဖရဒေသမှာ တောင်ယာအလုပ်ကို သူ သွားရောက် လုပ်ကိုင်ခဲ့ပါတယ်။
“ အဲတုန်းက ဘယ်လောက် ပေးလဲဆိုတော့ ၅၀၊ ၆၀ အဲလောက်ပဲ ပေးတယ်။ စရိတ်မငြိမ်းဘူး။ ကိုယ့်စရိတ် ကိုယ်စားပဲ။ နေစရာကျတော့ သူတို့ အဲ … တောင်ယာမှာ တဲလေးတွေရှိတယ်။ အဲဒီတဲလေးတွေမှာ နေပေါ့။ တချို့ကျတော့ တဲဆောက်မပေးဘူး။ တဲဆောက်မပေးတဲ့ ဥစ္စာကျတော့ သူတို့သူငယ်ချင်းတွေပေါ့ သူဌေးသူငယ်ချင်းတွေရှိတဲ့ ခြံတွေ ဘာတွေမှာ တဲအလွတ်တွေ ဘာတွေရှိတယ်။ အဲလို နေရာမျိုးတွေမှာ သွားနေရတယ်။”
ဆင်းဆင်းရဲရဲ နေရတဲ့အပြင် လုပ်ခ မှန်မှန်မရတာကြောင့် သူနဲ့ အတူလုပ်တဲ့ သူငယ်ချင်းတွေက တခြားကို ပြောင်းရွှေ့ လုပ်ကိုင်ပါတယ်၊၊ ဒီလို ပြောင်းရွှေ့ရာမှာ သူဌေးက နေ့စားခ မပေးတဲ့အတွက် သူဌေးရဲ့ မြက်ခုတ်ဓားတွေနဲ့ သူဌေးထုတ်ပေးထားတဲ့ ဆန်တအိတ်ထဲက ဆန်တ၀က်ကို သူတို့က ယူသွားပါတယ်။ ဒါပေမယ့် သူတို့ ထွက်သွားတာကို ကိုသန်းဇော်က မသိလိုက်ပါဘူး၊၊ အဲဒီမှာ သူတို့အလုပ်သမားတွေကို ဆရာအဖြစ် အုပ်ချုပ်နေတဲ့ သူက အလုပ်ရှင်ကို သွားတိုင်ပြီး ကျန်ရစ်တဲ့ ကိုသန်းဇော်ကို သတ်ဖြတ်ဖို့အထိ ကြံစည်ခဲ့တယ်လို့ ဆိုပါတယ်၊၊
“ အဲဒီဆရာက မူးမူးရူးရူးနဲ့ သူဌေးကို သွားအကြောင်းကြားတယ်။ သူဌေးကလည်း ညနေပိုင်းဆိုတော့ သူတို့လည်း သောက်စားထားတော့ မူးနေတဲ့အချိန် ရောက်လာပြီးတော့ ကျနော့်ကို မေးတယ်။ ဓားတရမ်းရမ်းနဲ့။ ဘယ်မှာလဲ ဒီကောင်တွေ။ ကျနော် မသိဘူး။ ကျနော်က အခုမှ ပြန်ရောက်တာ ဆိုလည်း မရဘူး။ သူဌေးသူငယ်ချင်းဆိုရင် ကျနော့်ကို တာယာဂွင်း ရွေးခိုင်းတယ်။ အဲမှာ တာယာဂွင်း သုံးဂွင်းရှိတယ်။ မင်းကြိုက်တာရွေး ကားတာယာ။ ကျနော့်ကို သတ်ဖို့။ ဒီကောင်တွေနေရာကို မပြောပြလို့။ ကျနော်ကလည်း တကယ်မသိလို့ မသိဘူးပြောတဲ့ ဥစ္စာကို မရဘူး။ အဲဒါနဲ့ နောက်ပိုင်းကျတော့ သူဌေးက ဘယ်လို စိတ်လည်သွားလဲတော့ မပြောတတ်ဘူး။ သူ့သူငယ်ချင်းကို ကားပေါ် တွန်းတင်ပြီးတော့ ကားမောင်းထွက်သွားရော။ အဲဒါနဲ့ ကျနော်လည်း မနေရဲတာနဲ့ မဲဆောက်ထဲ ပြန်ပြီးတော့ ထွက်ပြေးလာတာ။”
ကိုသန်းဇော် ကြုံတွေ့ခဲ့ရတဲ့ မရဏစက်ကွင်းက တကယ့်ကို ကျောချမ်းစရာပါ။ သူ့အနေနဲ့ ကံသီလို့ သေကံမရောက် အသက်မပျောက်ခဲ့ပေမယ့် သူ့ရှေ့က တောင်ယာလုပ်ခဲ့တဲ့ မြန်မာအလုပ်သမားအချို့ ဘယ်လိုဘယ်ပုံ အသတ်ခံခဲ့ရတယ် ဆိုတာနဲ့ပတ်သက်ပြီး သူကြားသိခဲ့တာတွေကို အခုလို ဆက်ပြောပြပါတယ်။
“ ဒီလူတယောက်ကို သူခိုးမှုနဲ့ပဲ ဖြစ်ဖြစ်၊ သူတို့မကျေနပ်တဲ့ လူပဲဖြစ်ဖြစ် အဲဒီလူတယောက်ကို ပါးစပ်ကို ပထမဦးဆုံးတော့ ဓာတ်ဆီတွေ လောင်းတယ်။ လူကို ဓာတ်ဆီလောင်းတယ်။ ချုပ်ထားလိုက်တာပေါ့။ ကြိုးတွေဘာတွေနဲ့ ကျနော်တို့ ဒီလက်တွေ ခြေထောက်တွေကို ကြိုးတုပ်၊ တုပ်ပြီးတော့ ဓာတ်ဆီလောင်း၊ လောင်းပြီးတော့ တာယာဂွင်းကို လည်ပင်းမှာ စွပ်ထားတယ်။ အဲသလို စွပ်ပြီးမှ အဲပေါ်မှာ ဓာတ်ဆီ ထပ်လောင်းပြီးတော့ မီးရှို့တယ်။ အဲသလို မီးရှို့ ပြီးတော့ ဘယ်လိုပြောမလဲ၊ ဒီကောင် သူခိုးပေါ့။ အော်လို့ရှိရင် သူတို့က သေနတ်နဲ့ ပစ်သတ်တယ်။ အဲဒီလိုမျိုး ပြောကြတယ်။ အဲဒါနဲ့ ကျနော်လည်း ကြောက်ပြီးတော့ မနေရဲဘဲ ထွက်လာတယ်။”
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေဟာ ဒီလိုပဲ ကြောက်ကြောက်ရွံ့ရွံ့နဲ့ နေထိုင်လုပ်ကိုင်ရင်း အသက် မွေးနေကြရတာပါ၊၊ မြန်မာနိုင်ငံအတွင်းမှာ ဘယ်လိုမှ စားသောက်နေထိုင်လို့ မရတော့တဲ့အတွက် အိမ်နီးချင်း ထိုင်းနိုင်ငံအတွင်းကို ခိုးဝင်ပြီး ရရာအလုပ်ကို လုပ်ကိုင်နေကြရတာပါ၊၊ ထိုင်းနိုင်ငံအတွင်း တရားမ၀င် မြန်မာအလုပ်သမား (၂)သန်းလောက် ရှိရာမှာ သုံးပုံနှစ်ပုံက အလုပ်သမားကတ် မရှိပါဘူး၊၊ ဒီလို အလုပ်သမားကတ် မရှိတဲ့ သူတွေအတွက် ဘ၀ရပ်တည်မှုဟာ ခက်ခဲကြမ်းတမ်းလှပါတယ်၊၊
“ ဒီထိုင်းနိုင်ငံမှာ ရှိနေတဲ့ အလုပ်သမားတွေထဲမှာ သုံးပုံနှစ်ပုံလောက်က လက်မှတ်မရှိတဲ့ အလုပ်သမားတွေ ဖြစ်ကြတယ်။ အဲမှာ ပြဿနာက ဒီအလုပ်သမားတွေ လက်မှတ်မရှိတဲ့အပေါ်မှာ တရားဝင် တာဝန်ရှိတဲ့ ရဲမဟုတ်ဘဲနဲ့ ဒေသခံပြည်သူ့စစ်လို ဟာမျိုးတွေကနေ ဖမ်းဆီးတယ်။ ဖမ်းဆီးပြီးတော့ ငွေညှစ်တယ်။ ငွေညှစ်လို့ တချို့ကလည်း ကလန်ကဆန် ပြန်ပြောမိတာမျိုးတွေ၊ ထွက်ပြေးတာမျိုးတွေဆိုရင် ဖမ်းဆီးပြီးတော့ ရိုက်နှက်တာမျိုးတွေ၊ သတ်ဖြတ်တာမျိုးတွေ ရှိတယ်။ ဒီမဲဆောက်မှာဆိုရင် ပိုင်ရှင်မပေါ်တဲ့အမှု၊ ကျူးလွန်တဲ့သူ မပေါ်တဲ့ အမှုတွေ၊ အလောင်းတွေက ခဏခ ဏပဲ ကျနော်တို့ တွေ့နေရတယ်။ ဒါက ဒေသဆိုင်ရာ အာဏာပိုင်တွေကနေပြီးတော့ ကျူးလွန်တဲ့ အမှုမျိုးတွေ။ နောက်တခုက လုပ်ငန်းရှင်တွေက ကျူးလွန်တဲ့ အမှုမျိုးတွေ။ စက်ရုံထဲမှာ ရှိနေတဲ့ လုပ်အားခ အရမ်းနည်းတာမျိုးတွေ၊ လုပ်ငန်းခွင် အခြေအနေ အရမ်းဆိုးတာမျိုးတွေ၊ အဲဒီအခြေအနေမျိုးတွေ တိုးတက်ဖို့ တောင်းတဲ့အတွက် ဦးဆောင်တဲ့ လူတွေကို ဒေသဆိုင်ရာ အာဏာပိုင်တွေကို အသုံးပြုပြီးတော့ လုပ်ငန်းရှင်တွေက ဖမ်းဆီးတာမျိုး၊ ရိုက်နှက်တာမျိုးတွေ၊ နောက်ဆုံးမှာ သတ်ဖြတ်တာမျိုးတွေ ဒီဟာမျိုးတွေလည်း ရှိတယ်။ နောက်တခုက အမျိုးသမီးတွေကို ဒေသအတွင်းမှာ ရှိနေတဲ့ နယ်ခံတွေကနေပြီးတော့ စော်ကားတာမျိုးတွေ၊ မုဒိမ်းကျင့်တာမျိုးတွေ၊ နောက်ဆုံး သတ်ဖြတ်တဲ့ ဟာမျိုးတွေ ဒီလိုဟာမျိုးတွေလည်း ကျနော်တို့ တော်တော်များများ နေရာဒေသ အသီးသီးမှာ ဖြစ်ပွားတာကို ကျနော်တို့ တွေ့ရ တယ်ခင်ဗျ။”
ရောင်ခြည်ဦး အလုပ်သမားအဖွဲ့က အထွေထွေအတွင်းရေးမှူး ဦးမိုးဆွေ ပြောပြခဲ့တာ ဖြစ်ပါတယ်၊၊
သောတရှင်များခင်ဗျာ …
ခုတပတ် တင်ပြခဲ့တာတွေကတော့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ တွေ့ကြုံခံစားနေရတဲ့ ခက်ခဲ ကြမ်းတမ်းမှုတွေထဲက တစိတ်တပိုင်းပဲ ဖြစ်ပါတယ်၊၊ သူတို့ဟာ မြန်မာနိုင်ငံအတွင်းမှာ အလုပ်အကိုင် ရှားပါးလွန်းတဲ့အတွက် အိမ်နီးချင်း ထိုင်းနိုင်ငံထဲကို တရားမ၀င် ဖြတ်ကျော်ဝင်ရောက်ပြီး ကြုံရာအလုပ်ကို လုပ်ကိုင်နေကြရတဲ့ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများပဲ ဖြစ်ပါတယ်ခင်ဗျား။
ဒေါက်တာလွဏ်းဆွေ
(အသံဖိုင်ကို www.dvb.no ၀က်ဘ်ဆိုက် အပတ်စဉ်ဆောင်းပါး စာမျက်နှာတွင် ရှာဖွေ နားဆင်နိုင်ပါသည်)
Monday, April 21, 2008
တွယ်ရာမဲ့ ဘ၀များ (၈)
Subscribe to:
Post Comments (Atom)
1 comment:
ဒီမိုသမားတွေ .. ဘလော့ပိုင်ရှင်က ကျေနပ်ခွင့်ပြုလို့ ဇော်မျိုးနာမည်နဲ့ ပေါက်ကရတွေ ရေးထားတာ ပြဿနာမရှိပါဘူး။ ဒီမိုစိတ်ဓါတ် ထက်သန်အောင် ဒီမိုဘလော့ပိုင်ရှင် အမျိုးသမီးတွေကို နအဖ လူဟန်ဆောင်ပြီးဆဲတာလဲ ပြဿနာမရှိပါဘူး။ ဒါပေမယ့် တခြားသော မြန်မာအမျိုးသမီးလေးတွေလည်း ဒီဘလော့ကို လာပြီးဖတ်တာတွေ ရှိနေပါတယ်။ နိုင်ငံရေးဝါဒအတွက်ပဲ ကြည့်မနေပဲ မြန်မာအမျိုးသမီးများရဲ့ ဂုဏ်သိက္ခာကို ငဲ့ကွက် ပေးစေခြင်ပါတယ်။ စိတ်မဆိုးကြေး
Post a Comment