အဟိ
လူပျိုလူလွတ်လေးဖြစ်တဲ့ အဟိတယောက် တခါတခါ ယောင်ချာချာ လူပျိုဘ၀ကို ငြီးငွေ့ပြီး အိမ်ထောင်လေး ဘာလေးပြုရင်များ ကောင်းမလားဆိုတဲ့ စိတ်ကလေး အညှောက်ထွက်မိရဲ့။ ဒါပေမယ့် တခါတခါကျပြန်တော့ လည်း အဟိနဲ့ ရင်းနှီးတဲ့ အိမ်ထောင်သည် ပုရိသတချို့ကို ကြည့်ကြည့်ပြီး အာသဝေါ ကုန်ခန်းချင်သလိုဖြစ်ကာ အာဝါဟ၀ိဝါဟ အလုပ်ကို ရွက်ဆောင်ချင်စိတ်တွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ပြန်ရော။ အဲသလိုနဲ့ အဟိတယောက် အဆိုတော်ကြီး ခင်မောင်တိုး ဆိုခဲ့တဲ့ ‘ဒွိဟစိတ်နဲ့ သုညမှာ’ သီချင်းကို ညည်းရင်း ညပေါင်းများစွာ ဖက်ခေါင်းအုံးကိုပဲ ဖက်ဖက်ပြီး အိပ်နေရတာ ကြာတော့ ပေါင်ပွန်းပြီး ဖက်ခေါင်းအုံးအနာတောင် ဖြစ်လုဖြစ်ခင် အခြေအနေကို ဆိုက်ရောဆိုပါတော့။
ဒါပေမယ့် ရွေးချယ်စရာ အခြားနည်းလမ်းကလည်း အဟိထံမှာ မရှိသေးလေတော့ အနားမှာရှိတဲ့ ဖက်ခေါင်းအုံးကိုပဲ ဆက်ပြီးအဖော်ပြုရင်း ညစဉ်ညတိုင်း အတွေးနယ်ချဲ့နေမိလေရဲ့။ တွေးဖြစ်တဲ့ အဓိက အကြောင်းအရာကတော့ မိန်းမကြောက်ရတဲ့ ကိုကိုပုရိသတွေ အကြောင်းပဲပေါ့။ အားကြီးတဲ့ ယောင်္ကျားသားတွေဖြစ်ပြီး အဘယ်ကလို အကြောင်းတရားတွေကြောင့် အားနွဲ့တဲ့ မိန်းမသားတွေကို ကြောက်ရတာလဲ၊ အားနွဲ့တဲ့ မိန်းမသားတွေက အဘယ်ကလို နိုင်ကွက်တွေကို အပိုင်ကိုင်ထားလို့ အားကြီးတဲ့ ကိုကိုပုရိသတွေက ငုံ့ခံရတာလဲဆိုတဲ့ ကွက်ရှင်တွေကို အပြန်ပြန်အလှန်လှန် စဉ်းစားရင်း စဉ်းစားရင်း ‘အကြောင်းရှာတော့ ခေါင်းမှာချာချာလည်’ ဖြစ်ကာ ညစဉ် ယမကာ မမှီဝဲရဘဲ အော်တိုမစ်တစ် အိပ်ပျော်သွားတတ်လေရဲ့။ အဲသလို အတွေးနယ်ချဲ့ရင်း ကိုယ့်အလှည့်ကျရင်လည်း သူတို့လိုပဲ မိန်းမကြောက်ရရင် ဒုက္ခဆိုပြီး ချွေးစေးတွေထွက်ကာ မိုးစင်စင်လင်းခဲ့ရတဲ့ ညတွေလည်း ရှိတတ်ပြန်ရဲ့။
အဲသလို ချွေးတရွှဲရွှဲနဲ့ အိပ်မပျော်ခဲ့တဲ့ တညသားမှာ အဟိခင်မင်ရတဲ့ ကိုမိုက်ကယ်ဆိုတဲ့ မိတ်ဆွေတဦးအကြောင်း တွေးမိပြီး တယောက်တည်း ရယ်မောဖြစ်ခဲ့တာကို အမှတ်ရမိသေးရဲ့။ အဲဒီ ကိုမိုက်ကယ်က လစာကောင်းတဲ့ ၀န်ထမ်းတဦးဆိုပါတော့။ သူက ပျော်ပျော်နေတတ်တယ်။ လက်ဖက်ရည်ဝိုင်းတွေမှာဆို အာပေါင်အာရင်း သန်သန်လည်း ပြောဆိုဆွေးနွေးတတ်တယ်။ သူမိန်းမကြောက်ရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး သူ့ကို စနောက်ရင်လည်း စိတ်မဆိုးတတ်ဘဲ ‘ခင်ဗျားတို့ကို ကျနော်ပြောမယ်၊ မိန်းမရိုသေ အသက်ရှည်၊ မိန်းမရှိခိုး သွားမကျိုးဆိုတဲ့ ဆိုရိုးစကားတွေက အလကားနေရင်း ပေါ်လာတာ မဟုတ်ဘူးဗျ။ တကယ်အသုံးတည့်လို့ ပြောစမှတ်တွင်ခဲ့တာ သိရဲ့လား’ ဆိုပြီး စာသံပေသံနဲ့ ပြုံးပြုံးကြီး ချေပတတ်လေရဲ့။
တရက်မှာတော့ အဟိတို့နေတဲ့ မြို့ကလေးရဲ့ အထွေထွေ အကျိုးဆောင် စိုင်းစိုးစံက စာမူခတွေ လိုက်ပေးရမယ့် စာရင်းကိုကြည့်ရင်း ‘အုံ့ပုန်း’ ဆိုတဲ့ ကလောင်ရှင်ကို မသိလို့ ဂျာနယ်တိုက်ကို လှမ်းမေးသတဲ့။ ဂျာနယ်တိုက်က မူရင်းနာမည်ကို ပြောလိုက်မှ သူစာမူခပေးရမယ့် ကလောင်ရှင်ဟာ ကိုမိုက်ကယ်ဆိုတာကို သိသွားသတဲ့။ စိုင်းစိုးစံက မြို့ကို တ၀ီဝီပတ်နေပြီး ကိုမိုက်ကယ်နဲ့ နေ့စဉ်လက်ဖက်ရည် အတူတူသောက်နေပေမယ့် ကိုမိုက်ကယ် စာရေးမှန်း သူမသိဘူးတဲ့။ ဂျာနယ်တိုက်က ပြောလိုက်မှ ‘အုံ့ပုန်း’ဆိုတာ ကိုမိုက်ကယ်မှန်းသိပြီး စာမူခပေးဖို့ ကိုမိုက်ကယ်အိမ်ကို အားရ၀မ်းသာ ချီတက်သွားလေသတဲ့။
ကိုမိုက်ကယ်အိမ်ရှေ့လည်း ရောက်ရော စိုင်းစိုးစံက ‘စာရေးဆရာ အုံ့ပုန်း၊ စာရေးဆရာ အုံ့ပုန်း စာမူခထုတ်မယ်’ ဆိုပြီး အသံပြဲကြီးနဲ့ အကျယ်ကြီး အော်နေလေသတဲ့။ အဲဒီအော်သံကိုလည်းကြားရော ကိုမိုက်ကယ်တယောက် အိမ်ရှေ့ကို အမြန်ပေါက်ချလာပြီး ခါးထောက်ရပ်ကာ ‘ဟေ့ စိုင်းစိုးစံ၊ မောင်ရင် ကိုယ့်အိမ်ရှေ့လာပြီး အာပြဲကြီးနဲ့ ဘယ်သူ့ကို အော်ခေါ်နေတာလဲ၊ ဘယ်က အုံ့ပုန်းလဲ၊ ဒီနားမှာ အဲဒီနာမည်မျိုး ကိုယ်မကြားမိပါဘူး’ ဆိုပြီး မျက်စိတဖက် မှိတ်ပြကာ အသံမာမာနဲ့ ပြောလိုက်သတဲ့။ စိုင်းစိုးစံကလည်း ကိုမိုက်ကယ် မျက်စိမှိတ်ပြတာကို မြင်တော့ ချက်ဆို နားခွက်က မီးတောက်ပြီး ‘ဟာ ဆောရီးပဲ ကိုမိုက်ကယ်၊ လက်ဖက်ရည် မသောက်ရသေးလို့ ပါးစပ်ထဲ တွေ့ရာလျှောက် အော်နေတာ’ လို့ ပြန်ပြောလိုက်သတဲ့။ အဲဒီမှာ ကိုမိုက်ကယ်က ‘ဒါများကွာ ငါတိုက်မှာပေါ့၊ ခဏစောင့်’ လို့ အသံမြှင့် ပြောပြီး အိမ်ထဲပြန်ဝင်သွားသတဲ့။ ခဏကြာမှ ပြန်ထွက်လာပြီး ‘ရိုစီရေ … စိုင်းစိုးစံနဲ့ ကိုယ်လက်ဖက်ရည်ဆိုင် ခဏ သွားထိုင်လိုက်ဦးမယ်’ လို့ အိမ်ထဲက မိန်းမကို ခွင့်ပန်ကာ လက်ဖက်ရည်ဆိုင်ကို နှစ်ဦးသား ချီတက်ခဲ့သတဲ့။
လက်ဖက်ဆိုင်ရောက်တာနဲ့ စိုင်းစိုးစံက ‘ကျွမ်းလှချည်လား ဆရာရယ်။ ကျနော်က အုံ့ပုန်းဆိုတာ ကိုမိုက်ကယ်မှန်း ခုနကမှ သိတာ။ အဲဒါနဲ့ သိသိချင်း ပြေးလာပြီး စာမူခ လာချီးမြှင့်တာ ကိုမိုက်ကယ်ရဲ့’ လို့ ၀မ်းသာအားရ ဆီးပြောသတဲ့။ ဒါပေမယ့် ကိုမိုက်ကယ်က ၀မ်းသာတဲ့ပုံ မပြဘဲ ‘မောင်ရင်လုပ်ကာမှ ကိုယ့်ရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားကုန်တော့မှာပဲ။ ဘာဖြစ်လို့ အိမ်ရှေ့မှာလာပြီး အသံပြဲကြီးနဲ့ ကုန်းအော်နေရတာလဲ။ ကိုယ်စာရေးတယ်ဆိုတာ အိမ်ကမိန်းမကို ပြောထားတာ မဟုတ်ဘူး။ စာမူခရတာကို သူ မသိစေချင်လို့ဟ။ ကိုယ်မျက်စိမှိတ်ပြတာကို မောင်ရင် အလျင်အမြန် ဓာတ်ပေါက်လို့ တော်ပါသေးရဲ့’ ဆိုပြီး အတည်ပေါက် ပြောသတဲ့။ သူပြောပြီးပြီးချင်း စိုင်းစိုးစံက ‘စိုင်းစိုးစံပဲလေ၊ ဘာရမလဲ၊ ချက်အရက်ဆို သောက်ပြီးသား အဲလေ … ချက်ဆို နားခွက်က မီးတောက်ပြီးသားပေါ့။ ဒါနဲ့နေပါဦး ကိုမိုက်ကယ်က ဒီလောက် ၀င်ငွေကောင်းနေတဲ့ဥစ္စာ၊ ဘာဖြစ်လို့ ဒီစာမူခလေးကျမှ လျှို့ဝှက်နေရတာလဲ၊ လင်းစမ်းပါဦး’ လို့ ပြောသတဲ့။ အဲဒီမှာ ကိုမိုက်ကယ် ရှင်းပြတာကို နားထောင်ပြီး နှစ်ယောက်သား တ၀ါးဝါး ပွဲကျခဲ့လေသတဲ့။ ကိုမိုက်ကယ် ရှင်းပြပုံကတော့ ‘မောင်ရင်လည်း ကိုယ့်အကြောင်း သိသားနဲ့၊ လစာရတဲ့ ဘတ်ငွေတွေက မိန်းမကို အကုန်အပ်ရတော့ ကိုယ်ပိုင်ဘတ်ငွေရယ်လို့ ဘယ်ရှိတော့မလဲ၊ ဒီစာမူခကမှ အိမ်ကမိန်းမ မသိအောင် စာတွေ ဒိုင်လျှိုလေးရေးပြီး ဘတ်ထားတဲ့ ကိုယ်ပိုင်ဘတ်ငွေ စစ်စစ်ဟ၊ မိန်းမကို သွားမပြောနဲ့ဦး၊ မောင်ရင် လက်ဖက်ငတ်နေဦးမယ် ဟား … ဟား … ဟား’ တဲ့။ သြော် … ကိုမိုက်ကယ်တို့ မိန်းမကြောက်ရပုံကို တွေးပြီး ချွေးစို့နေတဲ့ကြားက အဟိတယောက်တည်း တခွိခွိ ရယ်မောနေမိတော့ရဲ့။
အဟိ
Monday, April 21, 2008
ဘတ်ငွေစစ်စစ် (ဟာသ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment