Tuesday, April 1, 2008
လမ်းရဲ့ သယ်ဆောင်ရာ
(လွတ်မြောက်နယ်မြေတွင် ထုတ်ဝေဖြန့်ချိသည့် ကဗျာဆရာအောင်ဝေး၏ ခရမ်းပြာမြင်းရိုင်း ကဗျာစာအုပ်အတွက် ရေးသား သည့် အမှာစာကို ပြန်လည်တင်ဆက်ခြင်းဖြစ်ပါသည်)
တည …။ ပုန်းခိုကျင်းထဲမှ ထွက်လာသည့် ကဗျာဆရာ ကိုအောင်ဝေးနှင့် ကျနော် ရင်ဘတ်မီးလှုံရင်း နှစ်ဦးသား စကားလက်ဆုံကျနေခဲ့သည်။ လူချင်းမတွေ့သည်မှာ နှစ်နှစ်ခွဲလောက် ကြာပြီဖြစ်၍ ရင်ဘတ်တွေ နွေးလို့နွေးမှန်း မသိ စကားကောင်းနေကြသည်။ ပြောရင်းဆိုရင်း သူက ကျနော်တို့နှစ်ယောက် မဲဆောက်နှင့် ရေစက်ပါပုံ အတိတ် ကားချပ်တချို့ကို ပြန်လည် ဆက်စပ်ပြနေသည်။ သူဆက်စပ်ပြမှပင် ကျနော်တို့နှစ် ယောက် မဲဆောက်နှင့် ရေစက်ပါနေပုံက အံ့အားသင့်စရာ ဖြစ်နေသည်။
ကျနော် မဲဆောက်ကို ထွက်မလာခင် ၆လခန့် အလိုက ဒီလွတ်မြောက်နယ်မြေကို ခရီးဆန့်ခဲ့သည့် ယုံကြည် ချက်တူ မိတ်ဆွေရင်းချာတဦးနှင့် ဆုံဖြစ်သည်။ သူနှင့်အတူ နေညိုချိန်ကို ဖြတ်သန်းရင်း အခြေအနေကို တီးခေါက်ကြည့်မိသည်။ လက်ရှိ စစ်အုပ်စုအပေါ် ပြည်တွင်းမှနေ၍ စာပေစိစစ်ရေး အတားအဆီးကို ကျော်ပြီး မဂ္ဂဇင်း စာမျက်နှာကတဆင့် အလစ်အငိုက် တိုက်နေရခြင်းကို ကျနော် အားမရတော့။ ယုံကြည်ချက်ကြောင့် ပေတေပြီး မြှုပ်နှံ လုပ်ကိုင်ခဲ့သည်မှာလည်း ဆယ်စုနှစ်တစု ပြည့်လုပြည့်ခင်။ အပြောင်းအလဲက နီးစပ်မလာဘဲ တိုင်းပြည်က ပို၍ပို၍ အခြေအနေဆိုးလာသည်။ မီဒီယာသမား တယောက်အနေနှင့် ကလောင်လက်နက်သာ ရှိသည့်အတွက် ဒီ့ထက်ပိုပြီး ကီးမြှင့်ချင်လျှင် အပြင်ထွက်၍ လွတ်လွတ်လပ်လပ် ရေးသားတိုက်ခိုက်ဖို့သာ ရှိသည်ဟု ကျနော် ဆုံးဖြတ်မိသည်။ ထို့အတွက် ကျနော် စိုင်းပြင်းနေခြင်းဖြစ်သည်။ ရဲဘော်က မဖြစ်မနေ ထွက်ချင်ပြီဆိုရင်တော့ သူကူညီပါမယ်၊ ရသလောက် ဆက်လုပ်ကြည့်ပါဦးဟု တားသဖြင့် ကျနော် ချက်ချင်း ထွက်မလာဖြစ်ခဲ့။
ဒီလိုနှင့် သူနှင့်တွေ့ပြီး သုံးလလောက်အကြာမှာ ၀ဲစုပ်ခံလိုက်ရသလို ကျနော် ကသောကမျော အိမ်ထောင် ကျသွား၏။ ကိုယ့်ကိုယ်ကိုယ်လည်း ထင်မထား။ ဗေဒင်ဟောတတ်သည့် မိတ်ဆွေ စာရေးဆရာတယောက်က ခင်ဗျား ၃၅နှစ်မှာ အိမ်ထောင်ကျကိုကျမယ်ဟု ဟောခဲ့တုန်းကတောင် သူ့ကို ကျနော် ဟားတိုက် ရယ်မောပစ်ခဲ့သေးသည်။ ကျနော်က ဗေဒင်ယတြာတွေကို စိတ်လည်း မ၀င်စား၊ ယုံလည်း မယုံကြည်၍ သူဟောတာကို ရယ်မောပစ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူဟောသည့်အတိုင်းပင် ၃၅နှစ်အကျော်မှာ ကျနော် အိမ်ထောင်ကျသွားသည်။ ကျနော်က အိမ်ထောင်ရေးကို စိတ်မ၀င်စား၍ မဟုတ်၊ ကိုယ်ယုံကြည်တာတွေကို လွတ်လွတ်လပ်လပ် မလုပ်ရမှာစိုး၍ အိမ်ထောင်မပြုဘဲ နေခဲ့ခြင်းဖြစ်သည်။ လွတ်လပ်ရေးနေ့မှာ မွေးတာကြောင့် လွတ်လွတ်လပ်လပ် နေချင်တာဖြစ်မယ်ဟု မိတ်ဆွေ ဆရာဝန် စာရေးဆရာက မှတ်ချက်ချဖူးသည်။
ကံဆိုး၍ပဲ ထင်သည်။ ကျနော်နှင့် အိမ်ထောင်ဘက်က အယူအဆချင်း တွေးပုံခေါ်ပုံချင်း ယုံကြည်တာချင်း ပြဒါးတလမ်း သံတလမ်း။ သူတန်ဖိုးထားတာကို ကျနော်က တန်ဖိုးမထား၊ ကျနော် တန်ဖိုးထားတာကို သူက ဘာမှန်းမသိ။ အိမ်ထောင်ပြုပြီး မကြာမတင်မှာပင် အိမ်ထောင်ရေး ဘတ်စ်ကား မှားစီးမိမှန်း ကျနော် သိလိုက်သည်။ ဤအိမ်ထောင်ရေး ဘတ်စ်ကားကို ဆက်စီးလျှင် ကျနော်ယုံကြည်ရာ မှတ်တိုင်ကို မရောက်နိုင် ဆိုသည်ကို စောစောစီးစီးပင် ကျနော် သိလိုက်သည်။ သို့နှင့် ထိုအိမ်ထောင်ရေး ဘတ်စကားကြီးပေါ်မှ သုံးလအကြာတွင် အလျင်အမြန် ကျနော် ခုန်ဆင်းလိုက်သည်။ ကိုယ်ယုံကြည်ရာကို ဆက်လုပ်ဖို့ လွတ်မြောက်နယ်မြေသို့ ဒူးမပွန်း ခြေမကျိုးဘဲ ချောချောမောမော ဆိုက်ရောက်လာသည်။ ကျနော်က ကိုယ့်စံ၊ ကိုယ့်တန်ဖိုးနှင့် နေထိုင်သူတယောက် ဖြစ်သည့်အတွက် ထိုသို့ ခုန်ဆင်းလိုက်ခြင်းအပေါ် မည်သို့မှလည်း ခံစားမှုမဖြစ်။ ပတ်ဝန်းကျင်က မည်သို့မြင်ကြမည်လဲ ဆိုသည်ကိုလည်း စိတ်မ၀င်စား။ ကိုယ်ယုံကြည်ရာ လမ်းပေါ် လျှောက်လှမ်းနေချိန်မှာ ဘာ့အတွက်ကြောင့်မှ ကျနော့်ကိုယ် ကျနော် အနစ်မွန်း မခံနိုင်။ လူဘ၀ဆိုသည်က နှစ်ခါပြန် ရနိုင်သည်မှ မဟုတ်ဘဲ။ အဲဒီအတွက် နေရစ်တော့ ခေတ်ဟောင်းရေလို့ပဲ သဘောပိုက်ကာ ထွက်ခဲ့တော့သည်။ ခင်ဝမ်းဆိုသည့် သီချင်းလိုပင် ကံကြုံလျှင် ပြန်ဆုံကြဦးမည်ပေါ့လေ …။
သို့သော် မဲဆောက်ကို ထွက်မလာခင် နောက်ဆုံးလုပ်နေသည့် မြားနတ်မောင်အတွက် မဲဆောက်က ပူပူနွေးနွေး ပြန်လာသည့် ကိုအောင်ဝေးက ‘မဲဆောက်’ အမည်ရှိ ကဗျာတပုဒ် လာပေးသည်။ သူက ဒေါ်စမ်းစမ်းအောင်၏ ဘုရားဖူးကားနှင့် မဲဆောက်ကို အလည်လိုက်သွားပြီး ပြန်လာခြင်းဖြစ်သည်။ အဲဒီအချိန်က သူသည် ခရီးသွား ဆောင်းပါးတွေကို အသည်းအသန် ရေးသားနေချိန်ဖြစ်သည်။ သူ့ကဗျာကို ကျနော်ဖတ်ပြီး ကြိုက်၍ နောက်ဆုံး ထုတ်ဝေခြင်းဖြစ်မည့် မြားနတ်မောင်တွင် ထည့်သုံးထားသည်။ သို့သော် ထိုစာအုပ် မဖြန့်ခင်မှာပင် ကျနော် မဲဆောက်ကို ရောက်လာသည်။ အဲဒီညက သူနှင့် ရင်ဘတ်မီးလှုံရင်း သိရသည်မှာ သူလည်း ‘မဲဇာ၊ ရွှေလီ၊ မဲဆောက်’ အမည်ရှိ မဲဆောက်အမည်ပါ ခရီးသွားအက်ဆေးများ (၂) စာအုပ်ကို စာပေစိစစ်ရေးရုံး တင်ထားတုန်းပင် ရှိသေးသည်၊ စစ်အုပ်စုရဲ့ အကြမ်းဖက်မှု အောက်မှ လွတ်မြောက်အောင် ထွက်ပြေးရသည့်အတွက် စာအုပ် မထွက်လိုက်ရခင်မှာဘဲ မဲဆောက်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာရသည်ဟု သူက ဆက်စပ်ပြသည်။ သူပြောပြမှ သူနှင့် ကျနော်တို့၏ မဲဆောက်ရေစက်က အံ့အားသင့်စရာ ဖြစ်ရလေသည်။
ပြောရလျှင် ကိုအောင်ဝေးသည် ၈၈ အရေးတော်ပုံ မတိုင်ခင် ၁၉၈၆-၈၇ လောက်က ကျနော်တို့၏ ကဗျာဟီးရိုးဖြစ်သည်။ ကျနော်တို့ဆိုသည်မှာ အဲဒီတုန်းက တောင်ငူရှိ ကျနော့်မိဘများ၏ စာအုပ်ဆိုင်တွင် မကြာမကြာ ဆုံဖြစ်ခဲ့သည့် ကိုမျိုးတင့် (ယခု လွတ်မြောက်နယ်မြေရောက် ကဗျာဆရာငြိမ်းဝေ)၊ ကဗျာဆရာ မင်းညွန့်လှိုင်နှင့် ကျနော် ဖြစ်သည်။ ကိုမျိုးတင့်ဆိုလျှင် ကိုအောင်ဝေး ကဗျာတွေကို ခရေဇီဖြစ်လွန်း၍ ကလောင်နာမည်ကိုပင် ‘ဝေးအောင်’ဟု ပေးဖူးသည်။ ကဗျာလက်ကမ်း စာစောင်တခုတွင် ‘ဝေးအောင်’ ကလောင်အမည်နှင့် သူရေးသည့် ‘ယုံတော်မူ တမ်းချင်း’ ကဗျာရှည်ထဲမှ စာသားအချို့ကို ယခုအထိ ကျနော် အမှတ်ရနေသည်။ နောက်တော့ ၉၀ အကျော်မှာ ကိုမျိုးတင့် လွတ်မြောက်နယ်မြေကို ရောက်သွားသည်ဟု ကဗျာဆရာ မင်းညွန့်လှိုင်ဆီကတဆင့် ကျနော် ရေးတေးတေး ကြားလိုက်ရသည်။ ယခုမှ လွတ်မြောက်နယ်မြေတွင် ကဗျာဆရာ ငြိမ်းဝေအဖြစ်နှင့် ကိုမျိုးတင့်အား ကျနော် ပြန်ဆုံရလေသည်။ ရေစက်များကား ဆန်းကြယ်လွန်းပေစွ။
ထိုစဉ်က ကိုအောင်ဝေး၏ မိုးရေထဲက ၀တ္ထု၊ စိမ်းပြာညိုမှောင် တမ်းချင်း၊ ကျောင်းကုန်းနောက်ခံ ကျေးလက်သရုပ်မှန် ဘဲလဒ်၊ ပမ္မ၀တီကို ဖြတ်သန်းခြင်း၊ နွံဝါရောင်ကို ဖြတ်သန်းခြင်း၊ ဟိရာကလိတပ်စ်ကို ဖြတ်သန်းခြင်း၊ ခရမ်းပြာမြင်းရိုင်း၊ ချစ်သူမြင်းသည်တော်၊ ယာမာဂူချီ ခင်ဆွေရီ၊ ကျနော်တို့ရှေ့က အနှစ်နှစ်ဆယ် (သို့မဟုတ်) ဒေါင်းနွယ်ဆွေ၊ ဒဂုန်တာရာ တို့ရဲ့ရှေ့က လူများ … စသည်ဖြင့် သူ့၏ မဂ္ဂဇင်းကဗျာ အတိုအရှည် အတော်များများကို ကျနော် အလွတ်နီးပါး ကျက်မိနေသည်။ သူ့ကဗျာတွေကို မဂ္ဂဇင်းတွေထဲမှ ဖြဲပြီး သီးသန့် ပေါင်းချုပ် လုပ်ထားသည်အထိ ကျနော် သူ့ကို ရူးသွပ်ခဲ့ဖူးသည်။ သူနှင့် ဆရာဒေါင်းနွယ်ဆွေ၊ ဆရာအောင်သင်းတို့ အငြင်းပွားခဲ့သည် စာပေတိုက်ပွဲများတွင် ကျနော်တို့က သူ့ဘက်က။ အဲဒီအချိန်အထိ သူနှင့်ကျနော် လူချင်း မဆုံဖူးသေး။ ဆုံရလိမ့်မည်ဟုလည်း ထင်မထား။
၉၁ခုနှစ် ဧပြီလတွင် ကျနော့်ဖခင်က မြားနတ်မောင်ကို စတင်ထုတ်ဝေသည်။ အဲဒီတုန်းက ကျနော်က ဆေး ကျောင်းမှာ တတိယနှစ်ပဲ ရှိသေးသည်။ အဖေက သူ၏သူငယ်ချင်း စာရေးဆရာ ခင်မောင်တိုး(မိုးမိတ်)ကို တာဝန်ခံအယ်ဒီတာအဖြစ် တာဝန်ပေးပြီး ထုတ်ဝေနေသည့် အချိန်။ ကျနော်ကလည်း မဂ္ဂဇင်းအလုပ်ကို စိတ်ဝင်စားသဖြင့် ကျောင်းတဖက်နှင့်ပင် မဂ္ဂဇင်းတိုက်ကို မကြာမကြာ သွားကူဖြစ် သွားလေ့လာဖြစ်သည်။ တခါတခါ စာနယ်ဇင်း ဧည့်ခံပွဲတွေကို လိုက်သွားဖြစ်သည်။ အဲဒီမှာ သူနှင့်ကျနော် လူချင်းဆုံဖို့ ကံကြမ္မာ ဖန်လာလေတော့သည်။
တရက်တွင် သမ္မတဟိုတယ်ပေါ်၌ ပြုလုပ်သည့် စာနယ်ဇင်း ဧည့်ခံပွဲတခု၌ ကျနော်နှင့် ကိုအောင်ဝေး ဘေး ချင်းကပ် ထိုင်ဖြစ်ကြသည်။ ကျနော်က သူ့ကဗျာတွေကို ကြွေသည့်အကြောင်း မိတ်ဆက် ပြောဆိုရင်းနှင့်ပင် သူနှင့်ကျနော် ဒီကနေ့အထိ ရေစက်ပါခဲ့ခြင်းဖြစ်သည်ဟု စိတ်မှာ မှတ်သားမိနေလေသည်။ ကျနော် ကျောင်းမပြီးခင်မှာလည်း ကျနော်နေသည့် မြောက်ဥက္ကလာပ အမျိုးသားဆောင်ကို သူ မကြာမကြာ လာလာအိပ်သည်။ အတူသောက်ကြ ကဗျာတွေ ရွတ်ကြသည်။ ကျောင်းပြီးတော့ အယ်ဒီတာလုပ်ဖို့ တွေးမထားသည့် ကျနော် ကံအားလျော်စွာ အဖေထူ ထောင်ထားသည့် မြားနတ်မောင်မဂ္ဂဇင်းကို တာဝန်ခံအယ်ဒီတာအဖြစ် လွဲပြောင်းတာဝန်ယူရသည်။
တာဝန်ခံအယ်ဒီတာအဖြစ် မြားနတ်မောင်ကို မောင်းနှင်သည့် အချိန်မှစ၍ သူနှင့် ကျနော်၏ တွေ့ဆုံမှုက နေ့ တိုင်းနီးပါးလို ဖြစ်လာသည်။ သူက ကျနော့်မဂ္ဂဇင်းမှာလည်း လစဉ် ပင်တိုင်ဝင်ရေးသည်။ နေ့တိုင်းနီပါး မဂ္ဂဇင်းတိုက်ကို သူလာသည်။ လေထန်ကုန်းမှာ ဆုံဖြစ်သည်။ အဲသလို သွားရင်းလာရင်း ပြောရင်းဆိုရင်း ညီအစ်ကိုရင်းချာပမာ ပိုရင်းနှီးလာသည်။ ပြောမနာ ဆိုမနာအဆင့် ဖြစ်လာသည်။ အရင်က ‘ဆရာအောင်ဝေး’ဟု သူ့ကို ခေါ်ဝေါ်နေရာမှ တဖြေးဖြေး ‘ကိုအောင်ဝေး’ဟု နှုတ်ကျိုးလာသည်။ သူ့ကို မလေးစား၍ မဟုတ်။ နေ့တဓူဝ တတွဲတွဲ သွား၊ တတွဲတွဲ သောက်၊ တတွဲတွဲ အိပ်နေရင်းမှ ဘယ်ကဘယ်လို အခေါ်အဝေါ် ပြောင်းလဲမှန်းမသိ ပြောင်းလဲသွားခြင်းဖြစ်သည်။ သူနှင့်ကျနော် အသက် ၁၅နှစ်ကျော် ကွာသော်လည်း ညီအကိုရင်းချာပမာ ရင်းနှီးလာချိန်မှစပြီး ကနေ့အထိ သူ့ကို ‘ကိုအောင်ဝေး’ဟု နှုတ်ကျိုးသွားခဲ့ခြင်း ဖြစ်မည်ဟု ပြန်တွေးမိသည်။
သူနေသည့် မြောက်ဒဂုံအိမ်ကို တလတခါလောက် ကျနော် ရောက်အောင်သွားပြီး တကူးတက သွားသွား အိပ်ဖြစ်သည်။ သူ့အိမ်နားက ‘ခရေ’ဆိုသည့် သေတင်းကုပ်လေးက ရင်ဘတ်မီးလှုံလို့ တော်တော်ကောင်း သည်။ အခုအချိန်အထိ ခရေကို ကျနော်လွမ်းနေမိသည်။ သူနှင့်ကျနော် ခရေကိုသွားပြီး နှစ်ယောက်သား စာအကြောင်း ပေအကြောင်း စာပေလောကအကြောင်း သောင်းပြောင်းထွေလာ ပြောလို့မကုန် ဆိုလို့မ၀။ သူ့မိသားစုနှင့် ဆိုလျှင်လည်း ကျနော်က သူ့သားတွေ၏ ဦးလေးတယောက်လို၊ မခင်ဆွေရီနှင့်ဆို မောင်တယောက်လို ဖြစ်နေတော့သည်။ သီတင်းကျွတ်ဆိုလျှင် သူ့တပ်ရင်းတခုလုံး မဂ္ဂဇင်းတိုက်ရှိရာ ၂၇လမ်းကို ချီတက်လာပြီး သားတော်မောင်တွေကို ကျနော့်အား ကန်တော့ခိုင်းသည်။
ထို့နောက် ၉၈-ဖေဖော်ဝါရီလတွင် သူ၏ အငယ်ဆုံးသားလေး လမင်းဝေးကို မွေးဖွားလေသည်။ ထိုမှစ၍ အရက်ကြိုက်သည့် ကိုအောင်ဝေးတယောက် အရက်နှင့် ဆေးလိပ်ကို အစိမ်းဖြတ် ဖြတ်ချလိုက်သည်။ အသက်ကြီးမှရသည့် ကလေးဖြစ်၍ ကလေးရှေ့ရေးအတွက် ပူပန်ပြီး သူ အရက်ဖြတ်လိုက်ခြင်း ဖြစ်သည်ဟု ကျနော့်အား ပြောပြသည်။ ကျနော် တော်တော် အံ့သြသွားသည်။ သို့သော် သူ စိတ်နိုင်သည်ဟု ပြောရမည်။ ကျနော် အရင်လို သူ့အိမ်ကို သွားသွားလည်လျှင်လည်း ခရေသေတင်းကုပ်လေးဆီ သူလိုက်ထိုင်ပြီး အမြည်းသာ စားသည်။ သူ အရက်ကို လုံးဝ မတို့မထိတော့။
သူ အရက်မသောက်တော့သည့် နောက်ပိုင်းလည်း သူနှင့်ကျနော် အချိန်အတော်ကြာ တွဲဖြစ်ခဲ့ကြသေးသည်။ ခရီးစဉ်ပေါင်းများစွာ နှစ်ယောက်အတူ သွားဖြစ်ခဲ့ကြသေးသည်။ မန္တလေး - အမေလူထုဒေါ်အမာ မွေးနေ့ပွဲ၊ အောင်ပန်း - ဆရာဒဂုန်တာရာ မွေးနေ့ပွဲ၊ စကု- စာရေးဆရာ အေးမင်းစော၏ အိမ်၊ စလင်း - ဆရာတော် ဦးစန္ဒိမ၏ ညောင်နှစ်ပင်ကျောင်း စာပေဆွေးနွေးပွဲ၊ ပြည် - အဆိုတော် ခင်ဝမ်း ကွယ်လွန်ခြင်း (၂)နှစ်ပြည့် အခမ်းအနား … စ သည်ဖြင့်။
အဲဒီနောက်ပိုင်း ကဗျာထက် ခရီးသွားဆောင်းပါးတွေကို သူဖိရေးလာသည်။ စာရေးခြင်းအပြင် စာအုပ်တိုက် တွေအတွက် စာအုပ်စီစဉ်ပေးခြင်း၊ ပရုဖတ်ပေးခြင်း အလုပ်တွေကိုပါ သူ တွဲလုပ်လာတာ တွေ့ရသည်။ အငယ်ဆုံး သားလေး၏ မောင်းနှင်အားကြောင့်ထင့်၊ ငွေကို အရင်ကထက် သူ ဖိဖိစီးစီး ရှာလာသည်။ ကျနော်နှင့် တဖြေးဖြေး အတွေ့ရ ကျဲသွားသည်။ သူ မသောက်တော့တာလည်း ပါမည်။ ရန်ကုန်မြို့လယ်ခေါင်တွင်လည်း မာကျူရီမီးပွင့်သည်အထိ သူမနေတော့၊ သူ့သားငယ်လေးဇောနှင့် အိမ်ကို စောစောပြန်ပြေးသည်ကို တွေ့ရသည်။ အဲသည့်နောက်ပိုင်း ကျနော်က ဆရာမောင်သာချို (ဂျက်ကွမ်းခြံကုန်း)နှင့်သာ ပိုတွဲဖြစ်တော့သည်။ သူနှင့်က လေထန်ကုန်းတွင် သွားရင်းဟန်လွဲလောက်သာ တွေ့ဖြစ်တော့သည်။
၂၀၀၂ နောက်ပိုင်းလောက် ဖြစ်မည်ထင်သည်။ သူ့တွင် သားအငယ်ဆုံးလေးဇောသာ ကပ်နေသည်ကို ကျနော် တွေ့နေ မြင်နေရတော့သည်။ မိသားစုအပေါ် ခင်တွယ်တာကို တွေ့ရသည့်အတွက် ကျနော် ၀မ်းသာနေမိသည်။ ကျနော် မပါတော့ဘဲ ကျနော် မသိလိုက်တော့ဘဲ သူ ခရီးတွေ တွင်တွင်ထွက်နေသည်။ ခရီးသွားဆောင်းပါးတွေ ဖိဖိစီးစီး ရေးနေသည်။ သူသွားသည့် ခရီးစဉ်တွေကို ကျနော့်အား အရင်လို အဖော်မစပ်တော့။ သူသွားသည့် ခရီးစဉ်တွေကို ကျနော်ကြိုက်လောက်မည် မထင်၍လား၊ ဒါမှမဟုတ် ကျနော် လိုက်နိုင်မည် မထင်၍လား၊ ကျနော်က ဘယ်သွားသွား ဘာလုပ်လုပ် လူရွေး၊ ဘက်ရွေးတတ်သည်ကို သူကောင်းကောင်း သိ၍ပဲ အဖော်မစပ်ခြင်းလား ကျနော်မသိ။ သူသာလျှင် သိလိမ့်မည်ထင်သည်။ အဲဒီနောက်ပိုင်း လွတ်မြောက်နယ်မြေကို ထွက်မလာခင်အထိ သူနှင့်ကျနော် တော်တော့်ကို အတွေ့ရ ကျဲသွားတော့သည်။ သူ နောက်ပိုင်းရေးနေသည့် ခရီးသွားဆောင်းပါးတွေအပေါ်လည်း ကျနော် ခံတွင်းမတွေ့မိတော့။ ကျနော့်စိတ်ထဲ သူ့ခရီးသွား ဆောင်းပါးတွေကို ဖတ်ရသည်မှာ ထမင်းစားရင်း ခဲဝါးမိသလို ခံစားနေရသည်။ သို့သော် သူနှင့်ကျနော် မဆွေးနွေးဖြစ်တော့။
စက်တင်ဘာအရေးတော်ပုံ အရှိန်မြင့်နေစဉ်အတွင်း တရက်တွင် သူနှင့် ကျနော် ဖုန်းပြောဖြစ်သည်။ သူ စက်တင်ဘာ အရေးတော်ပုံတွင် တပ်ဦးမှနေ၍ မကြောက်မရွံ့တက်တက်ကြွကြွ တိုက်ပွဲဝင်နေပုံကို ဖုန်းထဲ၊ လေလှိုင်းထဲတွင် ကျနော် ကြားရသည်။ ဗွီဒီယိုမှတ်တမ်းတွေမှာ သူ ရဲဝင့်ပြောင်မြောက်စွာ တရားဟောနေသည်ကို တွေ့ရ၍ ကျနော့် စိတ်ထဲ နှစ်ထောင်းအားရ ဖြစ်နေမိသည်။ အရှင်းဆုံးပြောရလျှင် ကျနော့်စိတ်ထဲ ဒီဘက်ထွက်မလာခင် သူ့အပေါ် ခံစားခဲ့ရသည့် ခိုးလိုးခုလု ဖြစ်နေမှုများ လုံးဝ ပျောက်ကွယ်သွားသလိုပင် ခံစားလိုက်ရသည်။
သို့နှင့် စစ်အုပ်စု၏ အကြမ်းဖက်မှုအောက် သူ ပုန်းရှောင် ထွက်ပြေးရတော့၏။ ဒီဘက်ကို ထွက်လာဖို့ ကျနော့်ကို အရင်ဆုံး ပြေးသတိရသည်ဆို၍ ၀မ်းသာရ၏။ ထိုညက နှစ်နှစ်ခွဲလောက် မတွေ့ဖြစ်သည့် အလွမ်းတွေဖြေရင်း နှစ်ဦးသား အကျေအလည် ဆွေးနွေးဖြစ်ကြ၏။ ကျနော် သူ့အပေါ် မြင်ခဲ့သည့် အမြင်တွေကို ပွင့်ပွင့်လင်းလင်း ချပြ ဆွေးနွေးဖြစ်၏။ သူကလည်း အကျေအလည် ခုခံဆွေးနွေးလေ၏။ နောက်ဆုံးတွင် သူက ဆရာဒဂုန်တာရာ၏ ‘နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာ’ ဟူသည့် အဘိဓမ္မာကို ဆွဲကိုင်၍ ခုခံ၏။ ကျနော်က နအဖစစ်အုပ်စုလို ဖက်ဆစ်တွေရဲ့ အနွယ်ဝင်တွေကို မိတ်ဆွေအဖြစ် သဘောထား မဆက်ဆံသင့်ကြောင်း ဖိပြောနေမိ၏။ သိုနှင့် ညလည်းနက်ရော သူကလည်း မလျှော့၊ ကိုယ်ကလည်း လက်မခံနှင့်ပင် ပွဲကို သိမ်းလိုက်ကြတော့၏။
ပြီးခဲ့သည့် ဒီဇင်ဘာ(၂)ရက်နေ့တွင် အာရ်အက်ဖ်အေ သတင်းထောက် ကိုမိုးကျော်၏ ချိတ်ဆက်ပေးမှုနှင့် ကေအန်ယူ အထွေထွေအတွင်းရေးမှူး ဆရာဖဒိုမန်းရှာက ကိုအောင်ဝေးကို ထမင်းစားဖိတ်သည်။ ဖုန်းထဲတွင် ဆရာမန်းရှာက ‘ဆရာလည်း လိုက်ခဲ့ပါ စကားပြောရတာပေါ့’ ဆို၍ လိုက်သွားဖြစ်သည်။ ရောက်ရောက်ချင်း ဆရာနှင့်အတူ ထမင်းလက်ဆုံ အရင်စားဖြစ်သည်။ ကိုအောင်ဝေးက စက်တင်ဘာ စွန့်စားခန်းအကြောင်း ဆရာမန်းရှာနှင့် စားစား ပြောပြော၊ ဆရာကလည်း သူပြောတာကို နားထောင်လိုက် စားလိုက်၊ ကျနော်က တချက်တချက် ၀င်ပြောလိုက် ဓာတ်ပုံ မှတ်တမ်းတင်လိုက်နှင့် ထမင်းဝိုင်းကလေးက သုံးပွင့်ဆိုင်။
စားအပြီး ဆရာက ကျနော်တို့ နှစ်ယောက်ကို အပေါ်ထပ် ဧည့်ခန်းသို့ ခေါ်သွားသည်။ စကားတွေ အကြာကြီး ဆက်ပြောကြသည်။ ကျနော်က ဆရာမန်းရှာနှင့် ကိုအောင်ဝေးတို့ ပြောဆိုနေကြသည်များထဲမှ ကိုယ်မသိ မမီ လိုက်သည်များကို တချက်တချက် ၀င်မေးရင်း သေသေချာချာ နားထောင်နေမိသည်။ စက်တင်ဘာ အရေးတော်ပုံအကြောင်း ဆရာအောင်ဝေးက ရှည်ရှည်လျားလျား ရှင်းပြအပြီးတွင် ဆရာမန်းရှာက စကားတခွန်း ပြောလိုက်သည်။ ဆရာက စက်တင်ဘာ အရေးတော်ပုံကတော့ ဘယ်သူက အချောင်သမား၊ ဘယ်သူက တကယ်လုပ်တယ်ဆိုတာကို ကွဲကွဲပြားပြား သိလိုက်ရတာ အမြတ်ပဲဆိုသည့်သဘော ပြောဆိုလိုက်သည့်အခါ ကျနော့်စိတ်ထဲ ပူရှိန်းရှိန်း ထူပိန်းပိန်းနှင့် မလုံမလဲ ခံစားလိုက်ရသည်။ သို့သော် မျက်စိထဲတွင်တော့ ဆူးလေဘုရားရှေ့မှောက်၌ ရဲရဲတောက် တရားဟောနေသည့် ကိုအောင်ဝေး၏ ရုပ်ပုံလွှာများကို မြင်ယောင်လာပြီး သူ့ကိုယ်စား ကြည်နူးပီတိ ဖြစ်နေမိလေသည်။
သမိုင်းဆိုသည်ကလည်း အရေးကြုံလျှင် ထိုသို့ ရှေ့ဆုံးက ထွက်တိုက်ရဲသူများကိုသာ သူရဲကောင်းအဖြစ် မှတ်တမ်းတင်သည် မဟုတ်ပါလား …။
စစ်အာဏာရှင် အဆက်ဆက်အောက် အသက်သွေးချွေး ပေးဆပ်ခဲ့ကြသော
သံဃာ့အာဇာနည်များ၊ တော်လှန်ရေးရဲဘော်များ အားလုံးသို့ ဦးညွတ်လျက် …
ဒေါက်တာလွဏ်းဆွေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment