Saturday, March 22, 2008

မိမိကိုယ်ကို မီးရှို့ခြင်းဖြင့် ဆန္ဒပြကုန်ပြီ

သတင်း - မျိုးချစ်မြန်မာ

ရန်ကုန်နဲ့ မြို့ကြီးတော်တော်များများမှာ အခုဆိုရင် မြေအောက်တော်လှန်ရေးတွေကို စနေကြပါပြီ။ ပြည်သူတွေလည်း ဖိနှိပ်မှုတွေကို မခံချင်တဲ့စိတ် ဆင်းရဲလွန်းလို့ ငတ်မွတ်နေရတဲ့ ဘဝတွေက လွတ်မြောက် ချင်တဲ့စိတ် စစ်ဖိနပ်အောက်မှာ အနင်းခံထားရတဲ့ လူ့အခွင့်အရေးတွေကို ငတ်မွတ်တဲ့စိတ် ဒီစိတ်တွေရဲ့ ဖိစီးမှုကြောင့် အားလုံးက သေမထူး နေမထူးဆိုတဲ့ စိတ်တွေ ဖြစ်နေကြပါပြီ။

စစ်အစိုးရဟာ လူတွေရဲ့ ကြောက်ရွံ့မှုကို အသုံးချပြီး မတရား အုပ်ချုပ်နေခဲ့တာ ကြာပါပြီ။ ဒါပေမယ့် သူတို့က လူသားတစ်ဦးရဲ့ သည်းခံနှိုင်မှု အတိုင်းအတာကို ထည့်မတွက်ခဲ့ပါဘူး။ အခုဆိုရင် ပေါက်ကွဲလုနီးနီး ဖြစ်နေတဲ့ ပြည်သူတွေရဲ့ ခံစားမှုတွေဟာ နောက်ဆုံး ငြိမ်သက်ခြင်းဆိုတဲ့ အခြေအနေကို ရောက်နေခဲ့ပါပြီ။ မကြာမီ အကြီးအကျယ် ပေါက်ကွဲပွင့်ထွက်လာပါတော့မယ်။

မနေ့ကပဲ အမျိုးသားတစ်ဦးက ခုလို သက်သေပြခဲ့ပါတယ်။

မတ်လ (၂၁)ရက် သောကြာနေ့ဟာ တပေါင်းလပြည့်နေ့ ဖြစ်တဲ့အတွက် ရွှေတိဂုံဘုရားရင်ပြင်မှာ ညနေခင်း ဘုရားဖူးများနဲ့ ပြည့်နှက် စည်ကားနေခဲ့ပါတယ်။ ဒီလိုနဲ့ အေးချမ်းနေတဲ့ ညလေးရဲ့ ၈ နာရီလောက် မှောင်စပျိုးချိန်မှာတော့ ဒီအေးချမ်းမှုလေးကနေ အားလုံး လန့်နိုးခဲ့ရပါတယ်။ သောင်္ကြာထောင့်မှာ ဘုရားဖူးနေသူတွေထဲက အမျိုးသားတစ်ဦးက ဘာမပြော ညာမပြောနဲ့ အသင့်ယူလာတဲ့ ဓာတ်ဆီပုလင်းကို ထုတ်ပြီး သူ့ကိုယ်သူ စလောင်းပါတော့တယ်။

ဘေးကလူတွေ အံအားသင့်ပြီး ကြောင်နေကြစဉ်မှာပဲ သူက မီးခြစ်ကို စခြစ်ပြီး သူ့ကိုယ်သူ မီးစတင်ရှို့ လိုက်ပါတော့တယ်။ ဒီတော့မှ ဘေးက ဘုရားဖူးတွေလည်း သတိဝင်လာပြီး ဂေါပကအဖွဲ့တွေလည်း တော်တော်ကြာတော့ ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ ဘေးက တာဝန်သိသူတွေရဲ့ ကူညီမှုနဲ့ အဲဒီလူကို အသက်မဆုံးခင် ဝိုင်းပြီး မီးငြိမ်းပေးနိုင်ခဲ့ပါတယ်။

ပြီးတာနဲ့ ဆေးရုံကားတော့ မခေါ်ဘဲ ဂေါပကရုံးကို ထမ်းခေါ်သွားခဲ့ကြပါတယ်။ ဂေါပကရုံးထဲ အရောက်မှာ တကိုယ်လုံး မီးကျွမ်းထားလို့ မဲနက်စုတ်ပြတ်နေတဲ့လူက သတိပြန်ရလာပါတယ်။ ဒီမှာတင် သူဘာကြောင့်ခုလို လုပ်ရတယ်ဆိုတာ အားလုံးသိလိုက်ရပါတော့တယ်။ သူ သတိပြန်လည်လာတာကို ဘယ်သူမှ မသိလိုက်ခင်မှာပဲ ဂေါပကရုံးခန်းထဲကနေ ရုတ်တရက် အပြင်ကို ဒါဏ်ရာတွေနဲ့ ထပြီး ပြေးပါတော့တယ်။ ပြီးတော့…

စစ်အစိုးရ ကျဆုံးပါစေ … စစ်အစိုးရ ကျဆုံးပါစေ … စစ်အစိုးရ ကျဆုံးပါစေ … ဆိုပြီး အသံနက်ကြီးနဲ့ အော်တော့တာပါပဲ။ အင်မတန် ကြေကွဲတုန်လှုပ်စရာကောင်းတဲ့ မြင်ကွင်းပါလို့ မျက်မြင်သက်သေတချို့က မျိုးချစ်မြန်မာရဲ့ မိတ်ဆွေကို ပြောပြခဲ့ပါတယ်။ ဒီမှာတင် ဂေါပကတွေလည်း မျက်လုံးပြူးပြီး သူ့ကို ကမန်းကတန်း ဖမ်းချုပ်ကာ တနေရာကို ထပ်ခေါ်သွားပါတော့တယ်။ သေချာတာကတော့ အဲဒါ ဆေးရုံကို မဟုတ်ဘူး ဆိုတာပါပဲ။

ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့ကိစ္စဟာ ဗုဒ္ဓဘာသာအရ မှားယွင်းပါတယ်။ အဖန်ငါးရာ ငါးကမ္ဘာ ပြန်ငရဲခံရပါတယ်လို့ ဆိုရိုးရှိခဲ့ပါတယ်။ ဒါပေမယ့်ဗျာ အခု လုပ်ခဲ့တဲ့ သူကတော့ သနားစရာပါပဲ။ နည်းနည်းနောနော နာကျည်းမှုနဲ့ သတ္တိမရှိဘဲနဲ့တော့ ဒီလိုလုပ်ဖို့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်ထင်ပါတယ် ပြည်သူတွေ ဒီအတိုင်းသာ ဆက်ပြီး အဖိနှိပ်ခံနေရမယ် ဆိုရင်တော့ သူ့ခြေရာနင်းပြီး အသက်စွန့်ရဲတဲ့ ပုန်ကန်သူတွေ ထပ်ပေါ်လာတော့မှာပါ။ ကျွန်တော် စိုးရိမ်ထားသလို မြန်မာပြည်ရဲ့ ပြည်တွင်းသတင်း စာမျက်နှာတွေဟာ အရှေ့အလယ်ပိုင်း နိုင်ငံတွေလို တစ်ပတ်တစ်ခါ အသေခံ ဗုံးခွဲမှုတွေနဲ့ ပြည့်မလာပါစေနဲ့ လို့ ဆုတောင်းပေးလိုက်ပါတယ်။

No comments: