Saturday, March 22, 2008

လူထုဆန္ဒပြပွဲများကို ချေမှုန်းရန်အတွက် နအဖ၏ စီစဉ်ဆောင်ရွက်နေမှုများ

လက်ရှိအခြေအနေတွင် ဆန္ဒပြမှုများနှင့် အကြမ်းဖက်တိုက်ခိုက်မှုများ အချိန်မရွေး ပြန်လည်ဖြစ်ပွားလာနိုင် သည်ဟု နအဖက သုံးသပ်ပြီး ဖြစ်ပေါ်လာမည့် လူထုဆန္ဒပြပွဲများကို နှိမ်နှင်း ချေမှုန်းရန်အတွက် တပ်၊ ရဲ၊ ကြံ့ဖွံ၊့ စွမ်းအားရှင်နှင့် အကျဉ်းဦးစီးဌာနများအား အသင့်ပြင်ဆင် ထားရှိရန် ညွှန်ကြားချက်များ ထုတ်ပြန်နေပြီး အောက်ပါ အခိုင်အမာ ပြင်ဆင်မှုများကို စီစဉ် ဆောင်ရွက်လျက်ရှိသည်။

၁။ လုံထိန်း ရဲတပ်ရင်းများ အပါအ၀င် ပြည်နယ်၊ တိုင်းအသီးသီးရှိ ရဲတပ်ဖွဲ့အားလုံးကို အသင့်ပြင်ဆင် စုဖွဲ့ထားရှိရန်နှင့် အကြမ်းဖက်နှိမ်နင်းရေး သင်တန်းများကို သက်ဆိုင်ရာ နယ်မြေခံတပ်များနှင့် ပူးတွဲ လေ့ကျင့်ထားကြရန် ကက/ကြည်းက ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့တွင် ညွှန်ကြားခဲ့သည်။

၂။ ၂၀၀၇ ခုနှစ် စက်တင်ဘာ (၆) ရက်နေ့ ညသန်းခေါင်ယံ အချိန်မှစ၍ သတ်မှတ်ထားခဲ့သော အရေးပေါ် ကာလကို ယခုအချိန်အထိ ပြန်လည်ရုပ်သိမ်းခြင်း မရှိဘဲ အရေးပေါ်ကာလအဖြစ် ဆက်လက်မှတ်ယူပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် လုံထိန်းရဲတပ်ရင်းများအားလုံး၊ နိုင်ငံတော် အရံအင်အားစုအားလုံး၊ တိုက်ပွဲဝင် အသင့်အနေအထား စုဖွဲ့ပြင်ဆင်ထားရန် ညွှန်ကြားထားသည်။

၃။ လုံထိန်း ရဲတပ်ရင်း တခုလျှင် စစ်ထွက်အင်အား (၃၀၀)ကျော်ခန့်သာ ရှိနေခဲ့ရာမှ (၅၀၀)အထိ ရှိလာစေရန် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ရဲတပ်ဖွဲ့ရုံးများမှ အင်အားတချို့ကို ထုတ်နှုတ်ပေးပို့၍ တိုးချဲ့ဖွဲ့စည်းမှုများ ပြုလုပ်ခဲ့ သည်။

၎။ လုံထိန်း ရဲတပ်ရင်းများ၏ နောက်တန်း လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များ၏ မှီခိုသူ ရဲမေများ ပါဝင်သော လုံခြုံရေးတပ်စု၊ အရန်လုံခြုံရေးတပ်စုနှင့် အုပ်ချုပ်ထောက်ပံ့မှု အကူတပ်စုများကိုလည်း ဖွဲ့စည်း လေ့ကျင့်လျက်ရှိသည်။
၅။ လုံထိန်းရဲတပ်ရင်းများအား ထုတ်ပေးထားသော ၁၂ ဘို့ ဂရင်နာ အမျိုးအစား အဓိကရုဏ်း နှိမ်နင်းရေး ပြောင်းချော သေနတ်များကို ပြန်လည်ပြုပြင်ခြင်းနှင့် အသစ်ထပ်မံ တပ်ဆင်ပေးခြင်း၊ ထုတ်ပေးထားသော (၄၀)မမ ဗုံးပစ်သေနတ်နှင့် (၃၇/၃၈) မမ ဓာတ်ငွေ့ဗုံးပစ် သေနတ်များ (37 & 38 MM Shell Guns) ကို ပြန်လည်ပြုပြင်ခြင်းနှင့် အသစ်ထပ်မံ တပ်ဆင်ပေးခြင်း၊ ယခင်ထုတ်ပေးထားသည့် မီးခိုးဖြူ လက်ပစ်ဗုံး အလုံး (၅၄၀) အပြင် ယခု ဖေဖော်ဝါရီ (၁၅)ရက်နေ့တွင် တပြည်လုံးရှိ လုံထိန်း ရဲတပ်ရင်း (၁၆)ရင်းနှင့် ပြည်နယ်နှင့် တိုင်း ရဲတပ်ဖွဲ့များသို့ အဆိုပါ လက်ပစ်ဗုံး အမျိုးအစား အလုံးရေ (၁)သိန်းကို ဒုတိယအကြိမ်အဖြစ် ထပ်မံအားဖြည့် ထုတ်ပေးခဲ့သည်။

ဇန်န၀ါရီလ (၂၉)ရက်နေ့တွင် လုံထိန်းရဲတပ်ရင်းများကို ဒုတိယအကြိမ်အဖြစ် ၁၂ ဘို့ ရာဘာကျည်ဆံ တသိန်းခွဲ ကို ထပ်မံ ထုတ်ပေးခဲ့သည်။ လုံထိန်း ရဲတပ်ရင်းများတွင် တပ်ဆင်ပေးထားသော ဒဿမ (၃၀၃) ရိုင်ဖယ် သေနတ်များ၊ M-16/ M-21ESifh နှင့် ဒဿမ ၃၀ ကာဘိုင် သေနတ်များတွင် တပ်ဆင်ရန်အတွက် လှံစွပ်များကိုလည်း ထပ်မံထုတ်ပေးခဲ့သည်။

လုံထိန်း ရဲတပ်ရင်းများနှင့် ပြည်နယ်/တိုင်း တပ်ရင်းတပ်ဖွဲ့များနှင့် ရဲသင်တန်းကျောင်းများသို့ ပေးပို့ထားသော တုတ် (တို-ရှည်)၊ ဒိုင်း၊ လေးခွ၊ လောက်စာလုံး၊ ဂျင်ကလိ (အလုံး၊ အပြား)၊ လည်စည်း၊ ရေဗူး၊ လက်နှိပ် ဓာတ်မီး၊ သံဆူးကြိုးခွေ၊ ဘယ်ရီဂိတ်၊ လိုင်းဘယ်ရီကြိုး၊ လက်ကိုင် ကျင်စက်၊ ထမ်းစင်၊ လက်ကိုင် အသံချဲ့စက်၊ လော်စပီ ကာ၊ ကင်မရာ၊ ကျည်ကာဦးထုပ်၊ ကျည်ကာအင်္ကျီ၊ ဓာတ်ငွေ့ကာ မျက်နှာဖုံး၊ စစ်သုံးမှန်ပြောင်း၊ လမ်းလျှောက် စကားပြောစက်၊ ဆက်သွယ်ရေးစက်၊ မော်တော်ယာဉ်နှင့် လက်နက်ခဲယမ်း ကြီးကြပ်ကန့်သတ် ပစ္စည်းများကိုလည်း လိုအပ်လျှင် ထပ်မံဖြည့်တင်းပေးနိုင်ရန်၊ အဆိုပါ ပစ္စည်းစာရင်းကို ဖေဖေါ်ဝါရီလ (၁)ရက်နေ့ နောက်ဆုံးထား၍ တင်ပြရန်လည်း ညွှန်ကြားထားသည်။

လုံထိန်း ရဲတပ်ရင်းများလုံးကို စစ်ရေးပြ (၉)မျိုး၊ အဓိကရုဏ်း နှိမ်နင်းတားဆီးရေး သင်ခန်းစာနှင့် လက်နက်ငယ်
သင်ခန်းစာများကိုလည်း နေ့စဉ်လေ့ကျင့်နေရန် ညွှန်ကြားထားသည့်အပြင် ရန်ကုန်တိုင်းအတွင်းရှိ ရဲများကို
ဖေဖေါ်ဝါရီလ (၂၂)ရက်နေ့မှစ၍ (Red Hat) ဟု အမည်ပေးထားသော အဓိကရုဏ်း တားဆီးနှိမ်နင်းရေး အထူး
သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိသည်။

၆။ လုံထိန်း ရဲတပ်ရင်းများမှ ရဲမေနှင့် မှီခိုများ၏ စားဝတ်နေရေး ဖူလုံမှုအတွက်လည်း သက်ဆိုင်ရာ ဒေသအာဏာ
ပိုင်များ၏ ကူညီပံ့ပိုးမှုဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်တွင်းဆူပူအုံကြွမှုများနှင့် ပြည်ပကျူးကျော်မှုများကို
ရင်ဆိုင်ရန်အတွက်လည်း လုံထိန်းရဲတပ်ရင်း အသီးသီးတွင် ဆန်အိတ် (၁၀၀၀)စီ အရန်သိုလှောင်ထားရန်လည်း
ညွှန်ကြားထားသည်။

၇။ မိမိတို့ နယ်မြေအတွင်းရှိ အချက်အခြာ မြေနှင့် စစ်ဗျူဟာအရေးကြီး မြေများကို ကြိုတင်ရွေးချယ် သတ်မှတ်ထားရန်၊ တိုင်း၊ ခရိုင်၊ မြို့နယ်ရုံးများတွင် ရဲတပ်ဖွဲ့ဝင် အင်အား (၅၀)ဦးစီနှင့်အတူ စွမ်းအားရှင်များနှင့် NGO အဖွဲ့စည်းများမှ မိတ်ဖက်အင်အားစုများကို အသင့်စုစည်း နေရာယူထားရန် ညွှန်ကြားထားပြီး အချက်အခြာမြေတွင် ချထားရမည့် လူအင်အား၊ လက်နက်အင်အား အပါအ၀င် ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်မည့် အစီအမံ၊ စစ်ဗျူဟာ အရေးကြီးမြေအား စောင့်ကြည့် ထိန်းချုပ်ထားနိုင်မည့် အစီအမံနှင့် ကြိုတင်သတင်းရယူမည့် အစီအမံ၊ အမာခံ စွမ်းအားရှင်များကို အသုံးပြုမည့် အစီအမံတို့ကို တင်ပြရန်လည်း ညွှန်ကြားထားသည်။

၈။ ၂၀၁၀ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို သတ်မှတ်ဖ့စည်းပုံ အင်အားပြည့်မီအောင် ဆောင်ရွက်ထားရန်
ကက/ကြည်းက ညွှန်ကြားခဲ့သဖြင့် ဇန်န၀ါရီလ (၁)ရက်နေ့မှစပြီး “မင်းသားစီမံချက် - အဆင့်(၂)” ဖြင့် လူသစ်စု
ဆောင်းမှုများကို အရှိန်တိုးမြှင့် ဆောင်ရွက်လျက်ရှိသည်။ တလလျှင် ရဲတပ်သားသစ် (၁၀၀၀)အထိ စုဆောင်း
ရရှိနိုင်ရေးအတွက် ရဲမှူးကြီးတဦးစီ ဦးဆောင်သော ရဲတပ်သားသစ် စုဆောင်းရေးအဖွဲ့များ ဖွဲ့စည်းပြီး အစိုးရ
အလယ်တန်းကျောင်းများနှင့် အထက်တန်းကျောင်းများအထိ သွားရောက် ဟောပြောစည်းရုံးကြရန် ညွှန်ကြား
ထားသည်။

၉။ ဆူပူအုံကြွမှုများ ဖြစ်ပေါ်လာပါက နိုင်ငံရေး အကျဉ်းသားများကို ဖမ်းဆီး ထောင်ချထားရန်အတွက် တပြည်လုံးရှိ အကျဉ်းထောင် (၃၉)ခုတွင် စံပြုအဆောင်သစ်များ ဆောက်လုပ်ရန် ပြင်ဆင်လျက်ရှိသည်။ အဆိုပါ စံပြုအဆောင်များတွင် သီးသန့်အဆင့်နှင့် သာမန်သီးသန့်အဆင့် နိုင်ငံရေးအကျဉ်းသားများကို ထားရှိမည်ဖြစ်ပြီး တဦးနှင့်တဦး မမြင်၊ မတွေ့၊ မဆက်သွယ်နိုင်အောင် ပုံစံထုတ်ထားသော အခန်းငယ်များ ပါဝင်မည်ဟု သိရသည်။ အကျဉ်းထောင်များ၏ လုံခြုံရေးအတွက် လုံခြုံရေးဝန်ထမ်းများ တိုးချဲ့ခန့်အပ်ခြင်း၊ အကျဉ်းထောင်များအနီးရှိ လူနေအိမ်များကို ပြောင်းရွှေ့ ဖယ်ရှားပစ်ခြင်းတို့ကိုလည်း ပြုလုပ်လျက်ရှိသည်။

၁၀။ စွမ်းအားရှင်အမည်ခံ ကြေးစား အကြမ်းဖက်သမားများကိုလည်း အကြမ်းဖက် သင်တန်းများ၊ အဖျက်အမှောင့် သင်တန်းများနှင့် အဓိကရုဏ်း နှိမ်နင်းရေးသင်တန်းများ ပို့ချပေးလျက်ရှိသည်။ ကက/ကြည်း၏ ညွှန်ကြားချက်အရ ၂၀၀၇ ခုနှစ် အောက်တိုဘာလမှစ၍ စစ်တိုင်းနယ်မြေအလိုက် နယ်မြေခံတပ်များမှ ထုတ်နှုတ်အင်အား တချို့နှင့် ခရိုင်အသီးသီးမှ စွမ်းအားရှင်ဆိုသူများကို လုံထိန်း ရဲတပ်ရင်းများက အဓိကရုဏ်း နှိမ်နင်းရေး သင်တန်းများ ပို့ချပေးခဲ့သည်။ အဆိုပါသင်တန်းများတွင် အကြမ်းဖက်၍ လူစုခွဲသည့် နည်းလမ်းများအပြင် လက်ရှိပြည်တွင်း ပြည်ပနိုင်ငံရေး အခြေအနေများနှင့် နအဖ၏ ရှေ့ဆက်သွားရမည့် နိုင်ငံရေး လုပ်ငန်းစဉ်များကိုလည်း ရှင်းလင်းပို့ ချပေးခဲ့သည်။ အမာခံ စွမ်းအားရှင်များကို မြို့နယ်အလိုက်၊ ခရိုင်အလိုက်၊ တိုင်းနှင့်ပြည်နယ်အလိုက် စုစည်း လေ့ကျင့်ပေးထားပြီး လိုအပ်သလို အသုံးချရန် အသင့်ပြင်ဆင်ထားသည်။

၁၁။ နအဖသည် အင်အား (၂၄)သန်းအထိ ရှိပြီးဖြစ်သည်ဆိုသော ၄င်းတို့၏ ကြံ့ဖွံ့အဖွဲ့ကို တပြည်လုံးတွင် ဆက်လက် တိုးချဲ့ဖွဲ့စည်းလျက်ရှိသည်။ လက်နက်ကိုင်တပ်ဖွဲ့များ အပါအ၀င် အစိုးရ၀န်ထမ်းအားလုံးနှင့် ၄င်းတို့၏ မိသားစုဝင်များ၊ မှီခိုသူများကိုပါ အဖွဲ့ဝင်အဖြစ် လျှောက်ထားရန် အတင်းအကျပ် ခိုင်းစေလျက်ရှိသည်။ အခြေခံပညာ အလယ်တန်းအဆင့်များမှစ၍ ကျောင်းသားကျောင်းသူများကိုလည်း ကြံ့ဖွံ့အဖွဲ့သို့ဝင်ရန် နည်းမျိုးစုံဖြင့် ဖိအားပေးလျက်ရှိသည်။ မြို့နယ်အသီးသီးတွင် ကြံ့ဖွံ့အခြေခံစည်းရုံးရေး သင်တန်းများကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။

၁၂။ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ကြံ့ဖွံ့ရုံးတွင် ဇန်န၀ါရီလ(၃)ရက်နေ့က ပြုလုပ်ခဲ့သော ကြံ့ဖွံ့
အစည်းအဝေး၌ အနောက်ပိုင်းခရိုင် ခယက ဥက္ကဌ ဦးသန်းအောင်က “၂၀၀၇ စက်တင်ဘာ အရေးအခင်း၌
တပ်မတော်က ရှေ့မှ ဦးဆောင်နှိမ်နင်းခဲ့ရသဖြင့် နာမည်ပျက်ခဲ့ရကြောင်း၊ နောက်တကြိမ် အရေးအခင်းများ
ထပ်မံဖြစ်ပွားလာလျှင် ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက ဦးဆောင်၍ လူထုအသွင်ဖြင့် ဖြေရှင်းရန် စီစဉ်ထားကြောင်း၊
ထိုကိစ္စအတွက် စွမ်းအားရှင်များကို မွေးမြူလေ့ကျင့် ပေးထားပြီးဖြစ်ကြောင်း၊ ကြံ့ဖွံ့နှင့် စွမ်းအားရှင်များ၏ နောက်ကွယ်တွင် ရဲတပ်ဖွဲ့နှင့် တပ်မတော်က အသင့်ရှိနေမည်ဖြစ်ကြောင်း၊ အရေးအခင်း ဖြစ်ပွားလျှင် ရဟန်းသံဃာများကို ကျောင်းအပြင် မထွက်ရန် ကြိုတင်အသိပေးထားမည်ဖြစ်ရာ လမ်းပေါ်၌တွေ့သည့် ရဟန်းသံဃာ မှန်သမျှ အတုအယောင်များသာဖြစ်၍ အားလုံးကို ရှင်းလင်းဖယ်ရှား ပစ်ရမည်ဖြစ်ကြောင်း၊ ကြံ့ဖွံ့နှင့် စွမ်းအားရှင်များ၏ လုံခြုံရေးအတွက် နိုင်ငံတော်က အပြည့်အ၀ တာဝန်ယူပေးမည်ဖြစ်၍ မိမိတို့အား ခြိမ်းခြောက် နှောက်ယှက်သူများရှိပါက သက်ဆိုင်ရာသို့ အမြန်ဆုံး အသိပေး တိုင်ကြားစေလိုကြောင်း၊ ကြံ့ဖွံ့နှင့် စွမ်းအားရှင်များကလည်း နိုင်ငံတော်က ပေးအပ်သည့် တာဝန်ကို ရဲရဲရင့်ရင့် ကျေကျေပွန်ပွန် ထမ်းဆောင်ကြစေလိုကြောင်း” ထည့်သွင်း မှာကြားသွားခဲ့ သည်။

၁၃။ နအဖက လာမည့်မေလတွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများ ကျင်းပပြုလုပ်ပြီး ၂၀၁၀ ခုနှစ်တွင် အထွေထွေ
ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ပေးမည်ဟု ဖေဖော်ဝါရီလ (၉)ရက်နေ့တွင် ကြေငြာခဲ့ပြီးနောက်ပိုင်း ဖေဖော်ဝါရီ လ (၁၂)ရက်နေ့မှစ၍ ကြံ့ဖွံ့အဖွဲ့ဝင်များက တပြည်လုံးတွင် မဲဆန္ဒရှင်စာရင်းများကို လိုက်လံကောက်ခံ ပြုစု လျက်ရှိသည်။ မဲဆန္ဒရှင်စာရင်း ကောက်ခံရင်း ကြံ့ဖွံ့အဖွဲ့သို့ ၀င်ရောက်ကြရန်နှင့် နိုင်ငံတော် လမ်းပြမြေပုံပါ နိုင်ငံရေး လုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် ၀ိုင်းဝန်းကူညီကြရန် စည်းရုံး လှုံ့ဆော်လျက်ရှိသည်။ အတိုက်အခံ နိုင်ငံရေးပါတီဝင်များ၏ အင်အားစာရင်းများကိုလည်း လျှို့ဝှက်၍ တပါတည်း ပြုစုလျက်ရှိကြသည်။ ထိုလှုပ်ရှားမှုကို မတ်လ (၃၁)ရက်နေ့အထိ ပြုလုပ်ရန် စီစဉ်ထားသည်။

၁၄။ ဖေဖေါ်ဝါရီလ (၂၂)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် (၁၅)မြို့နယ်မှ ကြံ့ဖွံ့ အင်အား (၂၀၀၀)ကျော် တက်ရောက်သည့် အစည်းအဝေးသို့ ရန်ကုန်တိုင်း ကြံ့ဖွံ့တာဝန်ခံ မြို့တော်ဝန် ဗိုလ်မှူး ချုပ် အောင်သိန်းလင်းနှင့် ရန်ကုန်တိုင်း ကြံ့ဖွံ့ တွဲဘက်Aတွင်းရေးမှူး ဦးသာဝင်းတို့ ကိုယ်တိုင်တက်ရောက်ကာ နအဖက ရေးဆွဲပြုစုထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်းကို ပြည်သူလူထုက ထောက်ခံလာစေရန်
ကြံ့ဖွံ့အဖွဲ့ဝင်များကိုယ်တိုင် ခေါင်းစဉ်များအလိုက် လူထုကို ချပြစည်းရုံးမှုများ စတင်ပြုလုပ်ရန် ညွှန်ကြားခဲ့သည်။
အခြေခံဥပဒေမူကြမ်းအပေါ် NLDနှင့် အတိုက်အခံများ၏ နှောက်ယှက် ပြောဆိုမှုများကို ပြည်သူလူထုက နားမ၀င်
အောင် စည်းရုံးကြရန်လည်း မှာကြားခဲ့သည်။

၁၅။ နအဖ၏ ၁/၂၀၀၈ နှင့် ၂/၂၀၀၈ ကြေညာချက်များကို ကြိုဆိုထောက်ခံကြောင်း ပြသရန်အတွက် ကြံ့ဖွံ့
ဦးဆောင်သည့် လူထုစုဝေးပွဲကြီးများကို မတ်လအတွင်း တပြည်လုံး၌ ကျင်းပပြုလုပ်ရန်လည်း နအဖက ညွှန်ကြား
ထားသည်။

၁၆။ ကြံ့ဖွံ့အဖွဲ့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံရေး အသွင်ဆောင်သော အသင်းအဖွဲ့အဖြစ် ကူးပြောင်းပြီး
ပါဝင်ယှဉ်ပြိုင်ရန် အစီအစဉ်ရှိကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၏ အထွေထွေအတွင်း
ရေးမှူး ဦးခင်မောင်ကြီးက ဂျာမန် (DPA) သတင်းဌာနကို ပြောဆိုခဲ့သည်။ ကြံ့ဖွံ့အဖွဲ့သည် ရွေးကောက်ပွဲတွင်
ပါဝင်ယဉ်ပြိုင်ရန်အတွက် ပြည်သူလူထုက လေးစားနိုင်သူများနှင့် ချမ်းသာကြွယ်ဝပြီး ဒေသခံလူထုအပေါ် သြဇာ
ရှိသူများကို ကြံ့ဖွံ့အဖွဲ့ဝင် ဖြစ်လာအောင် ချဉ်းကပ် စည်းရုံးလျက်ရှိသည်။

No comments: