ဇင်လင်း
‘မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်သော အထွေထွေ သုံးသပ်ချက်များ’ ဆိုတဲ့ စာတမ်းတစောင် ပြည်တွင်းမှာ ထွက်ပေါ်လာပါတယ်။ လူငယ်တွေအပေါ်မှာ အတော်အတန် သြဇာရှိတဲ့ စာရေးဆရာ တယောက်ရဲ့ သုံးသပ်ချက်လို့ ဆိုပါတယ်။ စာရေးဆရာဟာ တခါက စစ်အစိုးရရဲ့ နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ဖူးသူလို့လည်း သိရတယ်။ ဒီနေရာမှာ လူပုဂ္ဂိုလ်နဲ့ ပတ်သက်လို့ ပြောစရာ မရှိပါ။ လက်ရှိ နိုင်ငံရေးအခြေအနေ အပူချိန် မြင့်တက်နေတုန်း ပေါ်လာတဲ့ အယူအဆရေးရာ ကိစ္စဖြစ်လို့၊ ဝေဖန်သင့်တယ် ထင်လို့၊ ရိုးသားစွာ ဝေဖန်လိုက်တာ ဖြစ်ပါတယ်။
စာရေးဆရာက သုံးသပ်ချက်ကို အခုလိုစပြီး နိဒါန်းချီထားပါတယ်။
“လက်ရှိ အခြေအနေကို အတိတ်က မှားခဲ့တဲ့ အမှားတွေရဲ့အကျိုးဆက်လို့ မြင်တယ်။ ဒါကြောင့် အတိတ်က အမှားတွေကို ကျကျနန မစိစစ်နိုင်ရင် လက်ရှိအခြေအနေကို ထိထိမိမိ ဆုပ်ကိုင်နိုင်စရာ ရှိမယ်မထင်ပါ။ ရှစ်လေးလုံးကနေ အခုအထိ ကိုယ့်ဘက်က အမှားတွေ အကြိမ်ကြိမ် ကျူးလွန်ခဲ့တယ်။ အများစုက လက်ဝဲ သွေဖီရေး အမှားတွေ၊ လက်ဝဲသွေဖီရေးက လက်ျာသွေဖီရေးထက် အန္တရာယ်ပိုများပါတယ်။ လက်ျာသွေဖီရေး (အခြေအနေက တောင်းဆိုနေတာထက် နောက်ကျကျန်ရစ်နေတာ)က အရှိန်မြှင့်ပြီး ကျော်လွှားသွားလို့ ရသေးတယ်၊ လက်ဝဲသွေဖီရေး (အခြေအနေက ခွင့်ပြုတာထက် ပိုပြီး တိုက်ပွဲဆင်တာ) က ဟပ်ထိုးကို လဲကျစေတော့တာပါပဲ။ တခါလဲပြီဆိုတာနဲ့ လာဖိမယ့် စစ်ဘိနပ်က အဆင်သင့်မို့ တော်တော်နဲ့ ပြန်ထဖို့ လွယ်မှာ မဟုတ်ဘူး။ ဒီလိုနဲ့ အခြေအနေဟာ ရှေ့တိုးမလာဘဲ နောက်ပြန်ဆုတ်ကုန်တာက များတယ်။ အခု ဒီအတိုင်းဖြစ်ခဲ့ တာ။ ဒီလို လက်ဝဲသွေဖီရေးမျိုး အကြိမ်ကြိမ် ဖြစ်ခဲ့တာမို့ အမှားရဲ့ဒဏ်တွေကို အချိန်တိုအတွင်း ပြင်ဆင်နိုင်ဖို့ လွယ်လိမ့်မယ်တော့ မဟုတ်ပါဘူး။ ဒီအခြေခံ Concept နဲ့ ဒီစာတမ်းကို ရေးပါတယ်။ ”
ယေဘုယျအားဖြင့် ဒီ Concept က အများလက်ခံချင်အောင် ပြောထားတဲ့ သဘောရှိပါတယ်။ ဒါပေမယ့် ယေဘုယျပြုတာ သိပ်များသွားတယ် ထင်တယ်။ ရှစ်လေးလုံးကနေ အခုအထိ ကိုယ့်ဘက်က အမှားတွေ ကြိမ်ကြိမ် ကျူးလွန်ခဲ့တယ်လို့ ဆိုလိုက်တာကတော့ နည်းနည်းများ လွန်းပါတယ်။ သဘောကတော့ ဒီမိုကရေစီဘက်နဲ့ စစ်အာဏာရှင်ဘက် အားပြိုင်ရာမှာ ဒီမိုကရေစီဘက်က အမှားများတယ်၊ စစ်အာဏာရှင်ဘက်က အမှားနည်းတယ်လို့ ပြောလိုက်ရာ ရောက်ပါတယ်။ ဒီမိုကရေစီဘက်ကသာ အမှားများရင် နှစ်ပေါင်း (၂၀)ဆိုတဲ့ ကာလအတွင်းမှာ NLD လည်း မရှိလောက်တော့သလို NLD ကို ဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း မရှိလောက်တော့ဘူး ထင်ပါတယ်။ နှစ်ပေါင်း (၂၀) အတွင်း NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြတ်မချေမှုန်းနိုင်တာဟာ ‘နိုင်ငံရေး ကိုယ်ကျင့်သီလအရ’ ‘အခြေခံမူအရ’ မမှားလို့ပါပဲ။ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေး ကိုယ်ကျင့်သီလအရ လွတ်လပ်ရေး၊ တရားမျှတရေး၊ တန်းတူရေးကို လိုလားတဲ့ ပြည်သူ့ဘက်ကရပ် တည်ခဲ့တယ်။ ‘အခြေခံမူအရ’ အကြမ်းမဖက်ရေး နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာရေးမူပေါ်မှာ အခိုင်အမာ ရပ်နေတယ်။ ဒါကြောင့် ပြည်တွင်းနဲ့ နိုင်ငံတကာရဲ့ ၀န်းရံထောက်ခံမှုကို ရတာဖြစ်တယ်။ အဲဒီထောက်ခံမှု အင်အားတွေကြောင့် စစ်အာဏာရှင်ဘက်က NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြတ်မချေမှုန်းနိုင်တာ ဖြစ်တယ်။
ကိုယ်ကျင့်သိက္ခာနဲ့ အခြေခံမူ လုံးဝမရှိတဲ့ စစ်အာဏာရှင်စနစ်အောက်မှာ NLD အနေနဲ့ ဘယ်လောက် မှန်မှန်ကန်ကန်နဲ့ တိုင်းပြည်ငြိမ်းချမ်း ကောင်းမွန်အောင် ကြိုးစားပေမယ့် အမျိုးမျိုး အပြစ်ရှာပြီး အဖိနှိပ်ခံရတာကိုတော့ ရှောင်လွှဲလို့ မရပါ။ တကယ်အမှားအမျိုးမျိုးကို အကြိမ်ကြိမ် ကျူးလွန်သူတွေက စစ်အာဏာရှင် ဗိုလ်ချုပ်တွေပဲ ဖြစ်တယ်။ ‘အမှားရဲ့ ဒဏ်တွေကို အချိန်တိုအတွင်း ပြင်ဆင်နိုင်ဖို့ လွယ်လိမ့်မယ် မဟုတ်ဘူး ’ ဆိုတဲ့ စကားက ဗိုလ်ချုပ်တွေကို ပြောရမှာဖြစ်တယ်။ ဒါကြောင့် အစချီလာတဲ့ Concept ကိုယ်၌က အကောက်အယူ လွဲနေပါတယ်။
စာရေးဆရာက “ဒေါက်တာမောင်မောင် လက်ထက် ဒုတိယ မိန့်ခွန်းအပြီးမှာ အစိုးရနဲ့ Compromise မလုပ်နိုင်ခဲ့တာ မှားတယ်။ (ပထမ လက်ဝဲသွေဖီရေး)”၊ “တရားဝင် နိုင်ငံရေးပါတီ ဖွဲ့ခွင့်ရတော့ အဲဒီပါတီတွေထဲမှာ UG တွေ ပါလာတာ မှားတယ်။ (ဒုတိယ လက်ဝဲသွေဖီရေး)”၊ “၁၉၆၂ ခုနှစ်၊ ပုံနှိပ်အက်ဥပဒေကို အကန့်အသတ်မရှိ အာဏာဖီဆန်ရာကနေ အထွေထွေ အာဏာဖီဆန်ရေးအထိ ကျွံသွားတာ မှားတယ်။ တတိယ လက်ဝဲသွေဖီရေး)” စသဖြင့် သုံးသပ်ပြန်ပါတယ်။ ပထမဆုံး သတိပြုရမှာက ဒေါက်တာမောင်မောင်ဟာ ဗိုလ်နေ၀င်းရဲ့ ရုပ်သေးရုပ် တရုပ်သာ ဖြစ်တယ်ဆိုတာ မမေ့ဖို့ပါပဲ။ အဲဒီကာလ၊ အဲဒီအခြေအနေ၊ ၁၉၈၈ လူထုရဲ့ စိတ်ဓာတ်တက်ကြွမှု အရှိန်အဟုန်တွေ မြင့်မားနေစဉ်မှာ စာရေးဆရာရဲ့ တွေးမြင်ပုံဟာ လက်ရှိ (၂၀၀၈ ခုနှစ်) သုံးသပ်ပုံနဲ့ တထပ်ထဲ ဖြစ်ခဲ့ပါသလားလို့ မေးခွန်းထုတ်ချင်ပါတယ်။
လူထုလှုပ်ရှားမှုကြီးတခုအတွင်း ဆုံးဖြတ်ချက်တိုင်းဟာ အချိန်ယူပြီး အများသဘောဆန္ဒနဲ့ ညီအောင် အပြန်ပြန် အလှန်လှန် ညှိနှိုင်းခွင့် ရလေ့မရှိပါ။ လက်ငင်း အခြေအနေနဲ့ လက်ငင်း လှုံ့ဆော်အားတွေကို လွယ်လွယ်နဲ့ ဆန့်ကျင်နိုင်ဖို့ ဆိုတာလည်း ခဲယဉ်းပါတယ်။ ဒါကြောင့် ဆုံးဖြတ်ချက်တွေဟာ ကာလ ဒေသ ပယောဂအလျောက် ကျသွားတတ်ပါတယ်။ ဒါကြောင့်လည်း စေတနာ မမှားပေမယ့် လုပ်ဟန်တွေ မှားတတ်ကြတာ ဓမ္မတာ ဖြစ်ပါတယ်။ စာရေးဆရာက လူထုလှုပ်ရှားမှုကြီးကို မေ့ထားပြီး သိပ္ပံခန်းထဲမှာ ပုံသေနည်းနဲ့ ဓာတ်ပစ္စည်းတခု ထုတ်ကြည့်သလို ဖြစ်နေတယ်။ အဖြေမှန် မရတော့မှ အပူချိန်ပေးတာ များလွန်းတယ်လို့ ပြောသလို ဖြစ်နေပါတယ်။ နိုင်ငံရေး ဖြစ်စဉ်ပျက်စဉ်တွေကို ပုံသေနည်း (Formula) နဲ့ ထိန်းချုပ်လို့ မရပါ။
ဒေါက်တာမောင်မောင် လက်ထက် Compromise (အလျော့ပေးစေ့စပ်) လုပ်ရင်ရနိုင်တယ်ဆိုတဲ့ အမြင်ကလည်း နောက်မှရတဲ့ စိတ်ကူးထင်ပါ တယ်။ စစ်အစိုးရမှာ Compromise ကို လက္ခံဖို့ သဘောမျိုး ရှိတယ်ဆိုရင် NLD နဲ့ စကားမပြောနိုင်စရာ မရှိပါ။ စကားပြောကြည့်ပြီးမှ အပေးအယူကိစ္စ ညှိနှိုင်းရမှာ ဖြစ်တယ်။္ဒ NLD စဖွဲ့ပြီးကတည်းက စကားပြောဖို့ ဆွေးနွေးဖို့ တလျှောက်လုံး ကမ်းလှမ်းခဲ့တာ အနှစ်(၂၀) ရှိပါပြီ။ စစ်အုပ်စုက တလျှောက်လုံး ပယ်ချခဲ့တယ်။ ဒါကိုကြည့်ရင် စစ်အုပ်စုမှာ ဘယ်တုန်းကမှ စစ်မှန်တဲ့ စေတနာနဲ့ စေ့စပ်ရေး လုပ်ချင်စိတ် မရှိဆိုတာ ထင်ရှားပါတယ်။ ဒေါက်တာမောင်မောင်လက်ထက် Compromise လုပ်ရင်ရနိုင်တယ် ဆိုတာလည်း တံလျပ်ကို ရေထင်တာပဲ ဖြစ်တယ်။ စစ်အုပ်စုက လက်ခံမယ့် Compromise ဆိုတာ Surrender အညံ့ခံရေးသာ ဖြစ်တာကိုလည်း မမေ့သင့်ပါ။
‘UG တွေပါလာတာ မှားတယ်’ ဆိုတာလည်း ပုဂ္ဂလဓိဋ္ဌာန် ထင်မြင်ချက်တခုမျှသာ ဖြစ်ပါတယ်။ UG ကြောင့် မဟုတ်လည်း လက်ဝဲနွယ် ပါတီတွေကို တမျိုးမဟုတ်တမျိုး အကြောင်းရှာပြီး နှိပ်ကွပ်ဖို့ စစ်တပ်မှာ အစီအစဉ်ရှိပြီး ဖြစ်ပါတယ်။ နင်မဟုတ်ရင်လည်း နင့်အဖေကြောင့် ဆိုတာမျိုး ဖြစ်မှာ အသေအချာပါပဲ။ စာရေးဆရာက “ပါတီတည်ဆောက်ရေး (Institutionalization)ကို ဘယ်ပါတီကမှ မလုပ်နိုင်ခဲ့ဘူး၊ တူညီဝတ်စုံဝတ် ဟန်ရေးပြနေကြတာနဲ့၊ UG/OG တွဲသုံးတဲ့ လုပ်နည်းလုပ်ဟန်ကိုသာ အားပြုလုပ်နေကြတာ တွေ့ရတယ်။ ပြောရရင် တူတူတန်တန် ပါတီမျိုး တခုမှမရှိခဲ့ပါ” လို့ မညှာမတာ ဝေဖန်ထားပါတယ်။ အဲဒီ အချိန်ကာလကို စာရေးဆရာ ကိုယ်တိုင်လည်း ဖြတ်သန်းဖူးပါတယ်။ NLD စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာမှာကို မရှုစိမ့်နိုင်တဲ့ စစ်ဗိုလ်ချုပ်များက စစ်ထောက်လှမ်းရေးကို အသုံးစရိတ်တွေ ဗုံးပေါလအော ချပေးပြီး NLD ပါတီ ကြီးထွားမလာအောင် နည်းမျိုးစုံနဲ့ ဟန့်တားနှောက်ယှက်ခဲ့တာ ကမ္ဘာသိကိစ္စ ဖြစ်ပါတယ်။ အဲဒီလို မတော်မတရား ဖိနှိပ်မှု အခြေအနေဆိုး အမျိုးမျိုးတွေကြားက အခုထိ NLD ဆက်ပြီး ရပ်တည်နေနိုင်တာဟာ ဖြစ်ကတတ်ဆန်း ဖွဲ့ထားတဲ့ ပါတီမဟုတ်လို့ပါပဲ။ တူညီဝတ်စုံ ၀တ်ခဲ့ကြတာ အမှန်ပါပဲ။ ပင်နီဝတ်စုံ ၀တ်ခဲ့ကြတာပါ။ လူငယ်တွေ ပင်နီဆင်တူ ၀တ်ခဲ့ကြတာ အနှစ်သာရက အမျိုးသားညီညွတ်ရေး လက္ခဏာပါ။ အကောင်းမြင်တတ်ရင် ကြိုဆိုရမှာပါ။ ဟန်ရေးပြတာ မဟုတ်ပါ။ စစ်တပ်က ငြိုငြင်မှာ ကြောက်တဲ့လူတွေ ဒီတုန်းက ပင်နီမ၀တ်ရဲတာ မှတ်မိကြမယ် ထင်ပါတယ်။
တူတူတန်တန် ပါတီမျိုးဆိုတဲ့ ကိစ္စ။ ပါတီစုံဒီမိုကရေစီစနစ်ကို ခွင့်ပြုပါမယ်လို့ ပြောပြီး အပြစ်အမျိုးမျိုးရှာ ခေါင်းဆောင်တွေကို ဖမ်းဆီး၊ ပါတီတွေကို ဖျက်သိမ်းလုပ်နေတဲ့ စစ်အာဏာရှင်စနစ်ကြောင့် ပါတီအများစုဟာ တူတူတန်တန် ဖြစ်ခွင့်မရခဲ့ဘူးလို့ ပြောသင့်ပါတယ်။ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီကိုတောင် လှုပ်ရှားမရအောင် ကြိုးအထပ်ထပ် တုပ်နှောင် ညစ်တီးညစ်ပတ် အမှုအမျိုးမျိုးဆင် လုပ်နေတာဟာ န၀တ၊ နအဖ စစ်အာဏာရှင်ပဲ မဟုတ်လား။ ကြံ့ဖွံ့ကိုကျတော့ နအဖ ဘယ်လိုဖွဲ့စည်း ထူထောင်နေပါသလဲ။ ကြံ့ဖွံ့ရတဲ့ လွတ်လပ်စွာ အသင်းအပင်း ထူထောင်ခွင့် အခွင့်အရေးမျိုး တခြားနိုင်ငံရေးပါတီ တခုတလေ ရရှိဖူးပါသလား။ တစည ပါတီတောင် ကြံ့ဖွံ့လို အခွင့်အရေးမရပါ။ စာရေးဆရာအနေနဲ့ ပြန်ပြီး ဆင်ခြင်စဉ်းစားသင့်ပါတယ်။ လူထုထောက်ခံမှု ရရှိနေတဲ့ ပါတီဟာ ဆက်လက် ရှင်သန်နေမှာ ဖြစ်ပြီး၊ လူထု မထောက်ခံတော့ရင် ပျောက်ကွယ်သွားမှာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။
စာရေးဆရာရဲ့ ‘အထွေထွေ အာဏာဖီဆန်ရေးအထိ ကျွံသွားတာ မှားတယ်’ ဆိုတာလည်း ပုဂ္ဂလိက ထင်မြင်ယူဆချက် တခုပါပဲ။ တကယ်တော့ ဒီ Civil Disobedience သဘောအယူအဆက အမေရိကန် စာပေပညာရှင် Henry David Thoreau က ၁၈၄၉ခု နှစ်မှာ စတင်ဖေါ်ပြခဲ့တာပါ။ Non-Violence အကြမ်းမဖက်ရေး လှုပ်ရှားမှုဖြစ်ပြီး၊ အိန္ဒိယမှာ မဟတ္တမဂန္ဒီ ၊ အမေရိကန်မှာ ရိုဇာပတ်နဲ့ မာတင်လူသာကင်း၊ တောင်အာဖရိကမှာ မင်ဒဲလား၊ ဒက်စ်မွန်တူးတူး၊ စတိဗ်ဘီကို အစရှိသူတွေဟာ အဖိနှိပ်ခံဘ၀က လွတ်မြောက်ရေးအတွက် အာဏာဖီဆန်ရေးကို စနစ်တကျ ကျင့်သုံးပြခဲ့သူတွေ ဖြစ်ပါတယ်။ အောင်ပွဲမခံနိုင်သေးရုံမျှနဲ့ Civil Disobedience အာဏာဖီဆန်ရေး လှုပ်ရှားမှုကို မှားတယ်လို့ မသုံးသပ်သင့်ပါ။ ၆၂ခုနှစ် ပုံနှိပ်အက် ဥပဒေကိစ္စ၊ နိုင်ငံရေးပါတီတွေမှာ တရားဝင် ကင်းလွတ်ခွင့် ပါရှိပြီးသားဆိုပေမယ့် နောက်ဆုံးမှာ စာပေစီစစ်ရေးက ခွင့်ပြုချက်ယူရမယ်လို့ (န၀တ)က ဆိုလာပါတယ်။ ဒါကြောင့် NLD က ၁၉၈၈ နိုဝင်ဘာမှာ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း ကောက်နှုတ်ချက်များ ထုတ်ဝေဖို့ စာပေစိစစ်ရေးက ခွင့်ပြုချက် တောင်းပါတယ်။ အကြောင်းမပြန်ပါ။ အကြောင်းမပြန်ပေမယ့် NLD စာရွက်စာတမ်းတွေ ပုံနှိပ်ပေးတဲ့ ပုံနှိပ်စက်တခု ချိတ်ပိတ်ခံရပါတယ်။ ဒီတော့မှ အာဏာဖီဆန်ရေး လှုပ်ရှားမှု ဖြစ်လာတာပါ။
စာရေးဆရာက ဒီအကျိုးဆက်တွေကြောင့် ‘ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အစဉ်အလာနဲ့ အတွေ့အကြုံရှိတဲ့ ခေါင်းဆောင်တွေ အားလုံး ရွေးကောက်ပွဲ မတိုင်ခင် အစောကြီးကတည်းက အဖမ်းခံလိုက်ရပါတော့တယ်။ အစဉ်အလာနဲ့ အတွေ့အကြုံရှိတဲ့ ခေါင်းဆောင်တွေ အပြင်မှာမရှိဘဲ ရွေးကောက်ပွဲကို ရင်ဆိုင်ခဲ့ကြရတယ်။’ လို့ သုံးသပ်ပါတယ်။ အာဏာဖီဆန်ရေး လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ တက်ကြွသူတွေကို ဖမ်းဖို့ အစီအစဉ်က ကြိုပြင်ထားပြီးသားပါ။ ဒါပေမယ့် ရွေးကောက်ပွဲ အောင်နိုင်ခဲ့ပါတယ်။
နောက် စာရေးဆရာက ‘၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရတာကနေ ထွက်ပေါ်လာတဲ့ သွေဖီရေး (စတုတ္တ လက်ဝဲသွေဖီရေး)’ ဆိုတာ ပြောပြန်ပါတယ်။ (၁) Constitution အသစ် ရေးမလား၊ (၂) ၁၉၄၇ Constitution နဲ့ အာဏာကူးပြောင်းရေး ဆွေးနွေးမလား၊ (၃) ၁၉၇၄ Constitution နဲ့ အာဏာကူးပြောင်းရေး ဆွေးနွေးမလား၊ ဆိုတဲ့ လမ်း(၃)သွယ်အနက် ၁၉၇၄ Constitution အခြေခံနဲ့ power sharing လုပ်ဖို့ NLD အနေနဲ့ အစိုးရကို စတင် ကမ်းလှမ်းသင့်တယ်လို့ စာရေးဆရာက မြင်ပါသတဲ့။ ဒါလည်း လက်တွေ့နဲ့ ကင်းကွာတဲ့ စိတ်ကူး စိတ်သန်း တခုမျှပါပဲ။ စစ်အာဏာသိမ်း အစိုးရက power sharing လုပ်ဖို့ စိတ်ကူးကောင်း ကူးခဲ့ပါလိမ့်မယ်။ ဒါပေမယ NLD နဲ့တော့ မဟုတ်တာ သေချာတယ်။ ‘၁၉၉၀ ရွေးကောက်ပွဲ’ကို လုပ်ဖြစ်ခဲ့တာက ‘တစည’ နိုင်မယ်ထင်ပြီး လုပ်ခဲ့တာပဲ။ ဒါ ဗိုလ်နေ၀င်းရဲ့ စိတ်ကူးအိပ်မက်ပဲ။ power sharing လုပ်မယ်ဆိုရင်လည်း ဗိုလ်နေ၀င်း စစ်အုပ်စုကို သစ္စာခံသူတွေနဲ့သာ လုပ်မှာဖြစ်တယ်။ အပေးအယူ လုပ်မယ်ဆိုရင်လည်း အလားတူပါပဲ။
NLD က အန္တရာယ်အကြီးဆုံး ဂန္ဒီလမ်းကြောင်းကို ရွေးခဲ့တယ်လို့ စာရေးဆရာက ဆိုပြန်ပါတယ်။ အမှန်တော့ ဂန္ဒီအစည်းအဝေးက ဘာဆုံးဖြတ်မယ်လို့ ကြိုတင်သတ်မှတ်ချက် မရှိခဲ့။ ဂန္ဒီအစည်းအဝေးမှာ NLD က လွှတ်တော်ဖွဲ့စည်းရေး ပြင်ဆင်မှာ၊ တဖက်သတ် အစိုးရဖွဲ့ရေး ဆွေးနွေးမှာကို စစ်တပ်က စိုးရိမ်နေခဲ့တာ ဖြစ်တယ်။ ဒါကြောင့် ဂန္ဒီအစည်းအဝေး မတိုင်မီ တရက်မှာ လွှတ်တော်ခေါ်ခွင့် အစိုးဖွဲ့ခွင့် မရှိကြောင်း စစ်တပ်က ၁/၉၀ ကြေညာချက် ကြိုထုတ်ခဲ့တာ ဖြစ်တယ်။ ဒါကြောင့်လည်း ဂန္ဒီခန်းမ ကြေညာစာတမ်း အပိုဒ်(၁၃)နိဂုံးမှာ NLD က အခုလို တောင်းဆိုခဲ့တာ ဖြစ်တယ်။ “ပြည်သူလူထုကြီး၏ ဆန္ဒနှင့်အညီ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအခန်း(၂) ပုဒ်မ(၃)အရ လည်းကောင်း၊ ဒီမိုကရေစီစနစ်၏ အနှစ်သာရ များအရ လည်းကောင်း၊ နိုင်ငံတကာ ကျင့်ထုံးကျင့်နည်းများနှင့် လျော်ညီစွာ လည်းကောင်း၊ ၁၉၉၀ပြည့်နှစ် စက်တင်ဘာလအတွင်း ပြည်သူ့လွှတ်တော်ကို ခေါ်ယူဖွဲ့စည်းပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြကုန်သော ကျွန်ုပ်တို့က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အား ဤနေ့ဤရက်မှစ၍ တညီတညွတ်တည်း တောင်းဆိုလိုက်ပြီဖြစ်ကြောင်း ကြေညာအပ်ပေသည်။” ဒီ ဂန္ဒီခန်းမ ကြေညာစာတမ်း တောင်းဆိုချက်ကလည်း စစ်တပ်ရဲ့၁/၉၀ ကြေညာချက်နဲ့ ဆီလျော်အောင် တောင်းဆိုထားတာ ဖြစ်တယ်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ရဲ့ ကြေညာချက်အမှတ် ၁/၉၀ အပိုဒ်(၂၀) မှာ … “ထို့ကြောင့် ယနေ့ အခြေအနေတွင် ပြည်သူများက ရွေးကောက် တင်မြှောက်လိုက်သော ကိုယ်စားလှယ်များသည်၊ အနာဂါတ်ဒီမိုကရေစီနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြခံဥပဒေကို ရေးဆွဲကြရန်တာဝန်ရှိသည့် ပုဂ္ဂိုလ်များ ဖြစ်သည်” လို့ ကြေညာထားတာကို သတိပြုမိမယ်ဆိုရင NLD ကို လက်ဝဲသွေဖီတယ်လို့ မဆိုနိုင်ပါ။ ကိုယ်တိုင်ထုတ်ထားတဲ့ ၁/၉၀ ကြေညာချက်ကို ကိုယ်တိုင်ဖောက်ဖျက်တဲ့ (စစ်အုပ်စု)ကိုသာ ကတိသစ္စာ မတည်သူ၊ သစ္စာတရားကို သွေဖီသူလို့ ဝေဖန်သင့်ပါတယ်။
“ပစ္စုပ္ပန်အခြေအနေ (၁၉၉၀ လွန်နှစ်များ- ၂၀၀၀ လွန်နှစ်များ)” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စာရေးဆရာက အခုလို ဆိုပြန်ပါတယ်။ ‘နောက်ထပ်အမှား (အထူးသဖြင့် လက်ဝဲသွေဖီရေး) တွေလည်း အကြိမ်ကြိမ် ကျူးလွန်ခဲ့ပါတယ်။ အမျိုးသားညီလာခံအတွက် အကြိုညှိနှိုင်းကြတုန်းက rule of the game ကို သူ့ဘက်က တဖက်သတ် ယူတာကို လုံးဝမခုခံဘဲ သဘောတူခဲ့တာ (လက်ျာသွေဖီရေး)၊ နောက် ကိုယ်ဘက်က Alternative အစီအစဉ်မရှိဘဲ ညီလာခံက ထွက်တာ (လက်ဝဲသွေဖီရေး)၊ ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ်လွတ်ပြီး ကျင်းပနေခဲ့တဲ့ အိမ်ရှေ့တရားပွဲတွေ Dialogue အတွက် လက်တွေ့ မကြိုးစားဘဲ အပေါစား အများကြိုက် နိုင်ငံရေး Debate တွေ လုပ်နေတာ (ဒါလည်း လက်ဝဲသွေဖီရေးပါ)၊ ပါတီတည်ဆောက်ရေးကို ကျစ်ကျစ်လျစ်လျစ် ဖြစ်အောင်မလုပ်ဘဲ နယ်လှည့် အင်အားပြနေခဲ့တာ (ဒါလည်း လက်ဝဲသွေဖီရေး) တွေဟာ သွေဖီရေးတွေ ဖြစ်ပါတယ်၊ အသေးစိတ် မပြောလိုတော့ပါ။’
စာရေးဆရာရဲ့ ဝေဖန်ချက်က လက်တွေ့ အခြေအနေနဲ့ ကင်းလွတ်နေပါတယ်။ အာဏာရှင်နဲ့ ဆက်ဆံနေရတာဖြစ်လို့ rule of the game ဆိုတာ မရှိပါ၊ ညှိဖို့ အခွင့်အရေးလည်း မရနိုင်ပါ။ စစ်ဗိုလ်များဟာ အမိန့်ပေးဖို့သာသိတဲ့ လူတွေဖြစ်တယ်၊ တဖက်လူက အကျိုးသင့် အကြောင်းသင့် ပြောပေမယ့်လည်း လက်ခံချင်သူတွေ မဟုတ်။ သူတို့ပြောတာပဲ လက်ခံရမယ်၊ သူတို့ကို ဆရာမလုပ်နဲ့၊ သူတို့မသိတာ ဘာမျှမရှိလို့ သွေးနထင် ရောက်နေသူတွေလည်း ဖြစ်တယ်။ ဒါကြောင့် rule of the game ဆိုတာ ရှိရင်လည်း သူတို့စိတ်ကြိုက် သတ်မှတ်ချက်ပဲ ဖြစ်မယ်။ ဥပမာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ရဲ့ အမိန့်အမှတ် ၁၃/၉၂၊ အပိုဒ်(၄)(က) မှာ …“ခိုင်မာသည့် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရာ၌ အခြေခံရမည့်မူများ ချမှတ်နိုင်ရေးကို ဦးတည်လျက် အမျိုးသားညီလာခံကို ကျင်းပရမည်၊၊” လို့ ဆိုထားတဲ့အတွက် အမျိုးသားညီလာခံက အခြေခံမူများ ရေးဆွဲရန်သာ ဖြစ်ပါတယ်၊၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ညီလာခံ တက်ရောက်နေစဉ်၊ ညီလာခံ လုပ်ထုံးလုပ်နည်းနှင့် ပတ်သက်ပြီး အမျိုးသားညီလာခံ ကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဌကို အကြံပြု တင်ပြမှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် လက်ခံအရေးယူ ဆောင်ရွက်ပေးတာ မရှိပါ၊၊ ဒီ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ညီလာခံ ကိုယ်စားလှယ်များ အနေဖြင့်၊ အခန်းကဏ္ဍများနှင့် ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ တင်ပြဆွေးနွေးခြင်း မပြုရသေးဘဲ အသေးစိတ် အခြေခံရမည့် အခြေခံမူ (၁၀၄)ချက်ကို အတည်ပြုလိုက်ပါတယ်။ အခြေခံဥပဒေ ရေးဆွဲဖို့ တာဝန်ရှိတာက ပြည်သူလူထုက ရွေးကောက်တင်မြှောက်ပေးလိုက်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အားလုံး (၄၈၅)ဦး ဖြစ်ပါတယ်။ အမျိုးသားညီလာခံမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၅.၂၄) ရာခိုင်နှုန်းသာ ပါဝင်ခွင့် ပြုပါတယ်။ အာဏာပိုင်တွေဟာ သူတို့ကိုယ်တိုင် ၁/၉၀ အပိုဒ်(၂၀) မှာ ပေးထားတဲ့ ကတိကို ချိုးဖောက်တဲ့အတွက် နိုင်ငံရေး အကြပ်အတည်း ပြဿနာတွေ ရှင်းမရအောင် ဖြစ်ခဲ့ရတာပါပဲ၊၊
စစ်အာဏာရှင်တွေက ဒီမိုကရေစီနိုင်ငံရေး ရှေ့မတိုးနိုင်အောင် လုပ်နေချိန်မှာ လူထု စိတ်ဓာတ်မကျအောင် နိုင်ငံရေး နိုးကြားနေအောင် လူထုနဲ့ထိတွေ့ပြီး လူထုစည်းရုံးရေးအတွက် ဟောရပြောရမှာက နိုင်ငံရေး ခေါင်းဆောင်ရဲ့ တာဝန်ပဲ။ တနည်းအားဖြင့် လူထုထောက်ခံမှုရေချိန် ကျမသွားအောင် အားထုတ်ခြင်းလို့လည်း ဆိုနိုင်တယ်။ လူထုထောက်ခံမှု အားကောင်းအောင် လုပ်ခြင်းဟာ Dialogue အတွက် လက်တွေ့ပြင်ဆင်မှု တမျိုးပါပဲ။ ဒါကို အပေါစား အများကြိုက် နိုင်ငံရေးလို့ မဆိုသင့်ပါ။ လူထုနဲ့ ကင်းကွာတဲ့ နိုင်ငံရေးခေါင်းဆောင်နဲ့ ပါတီဟာ ရေရှည် မတည်မြဲနိုင်တာ သတိချပ်ပါ။
“လက်ရှိအခြေအနေနဲ့ Road Map” အပိုင်းမှာ ‘စစ်တပ်ရဲ့ အမြင့်ဆုံး ရည်မှန်းချက် - လုံးဝ အာဏာမလွှဲရန်၊ အနိမ့်ဆုံး ရည်မှန်းချက် - စိတ်ကြိုက် Constitution နဲ့ ခရီးဆက်ရန် ။ ဒီမိုကရေစီဘက်က အမြင့်ဆုံး ရည်မှန်းချက်ဟာ စစ်တပ်ရဲ့ အနိမ့်ဆုံး ရည်မှန်းချက်ပဲ ဖြစ်နိုင်ပါတယ်။ ဒီထက် ပိုရနိုင်စရာ မရှိပါ ’လို့ စာရေးဆရာက ဆိုပါတယ်။ စာရေးဆရာက ‘စစ်တပ်က ပေးသလောက်ကိုပဲ ဈေးမဆစ်ဘဲ ကျေနပ်သင့်တယ်’ လို့ ဆိုလိုတဲ့ သဘောများလား။ ‘စက်တင်ဘာ အရေးအခင်း positive outcome ထွက်မလာဘူး၊ ညနါအေငလန negative outcome သာ ထွက်လာတယ်။’ ဆိုတဲ့ သုံးသပ်ချက်ကလည်း ပစ်စလက်ခတ် နိုင်လွန်းပါတယ်။ စက်တင်ဘာ သံဃာတော်များ လှုပ်ရှားမှုကြောင့် နိုင်ငံတကာရဲ့ စာနာထောက်ခံမှု အတိုင်းအတာ ပိုမိုမြင့်မားလာတယ်။ ပြည်တွင်းလူထုအကြား လူမျိုးဘာသာ မခွဲခြားဘဲ စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ ပိုမိုညီညွတ်လာတယ်။ ဒါဟာ လူထု နိုင်ငံရေးနိုးကြားမှု တဆင့်မြင့်လာခြင်းဖြစ်လို့ positive outcome ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ဒီ နိုင်ငံရေးနိုးကြားမှုက ဒီရေတက်သလို တက်နေဆဲ ရှိတယ်။ ဒါကို negative outcome လို့ သုံးသပ်လိုက်တာကတော့ အံ့ဖွယ်တခုပါပဲ။
‘နိုင်ငံရေး အင်အားစုတွေရဲ့ လှုပ်ရှားမှုဆိုရင် စစ်တပ်က အကြီးထွားမခံဘဲ ချေမှုန်းပစ်မယ့် သဘောဖြစ်လို့ သံဃာလှုပ်ရှားမှုမှာ နိုင်ငံရေး အင်အားစုတွေအနေနဲ supporting အခန်းမှာပဲ ရပ်သင့်တယ်။ ဒါဆိုရင် သံဃာနာယက အဖွဲ့ထဲမှာ ဒီမိုကရက်တစ်သံဃာများ ၀င်နိုင်ဖို့ လမ်းပွင့်သွားနိုင်တယ်။ နိုင်ငံရေး တောင်းဆိုချက်တွေ တင်လာတော့ တဘက်က ချေမှုန်းဖို့ ဖြစ်လာခဲ့တာပါ၊ ’လို့ စာရေးဆရာက ဆိုပြန်ပါတယ်။ စစ်အာဏာရှင်ကို ဒီလောက်အထိ လျှော့မတွက်သင့်ပါ။ နိုင်ငံရေးပါသည် ဖြစ်စေ၊ မပါသည် ဖြစ်စေ၊ စစ်အာဏာရှင်က ဘယ်လို ဆန္ဒဖော်ထုတ်မှုကိုမဆို ခွင့်ပြုရိုး ထုံးစံမရှိ ချေမှုန်းမှာ သေချာပါတယ်။ ဆန္ဒဖော်ထုတ်မှုတိုင်းရဲ့ နောက်ကွယ်မှာ နိုင်ငံရေးပါတာ စစ်အုပ်စုက သိပါတယ်။ နိုင်ငံရေး အပြောင်းအလဲတရပ် ဖြစ်အောင် နိုင်ငံရေး အင်အားစု အသီးသီးက စိတ်အားထက်ထက်သန်သန်နဲ့ ဆောင်ရွက်နေကြချိန်မှာ နိုင်ငံရေးအင်အားစုတွေ အနေနဲ့ supporting အခန်းမှာပဲ ရပ်သင့်တယ်လို့ ပြောတာဟာ တကယ့်အခြေအနေနဲ့ လွဲချော်နေပါတယ်။ ဒါဟာ လူထုလှုပ်ရှားမှုတရပ် ဖြစ်တယ်။ လူထုလှုပ်ရှားမှုမှာ လူထုလူတန်းစား အစုအဖွဲ့ အလွှာအသီးသီးနဲ့ သီးခြားလူပုဂ္ဂိုလ်များဟာ ကွန်ယက်သဖွယ် ဆက်နွယ်နေတယ်။ ဒါကြောင့် ဇာတ်ညွှန်းတခု ရေးသလို ဇာတ်ဆရာက ကိုယ်မလှုပ်ရှားစေချင်တဲ့ ဇာတ်ရုပ်ကို ရပ်ထားသလိုမျိုး လွယ်လွယ်လုပ်လို့ မရပါ။ လူထုလှုပ်ရှားမှု ဖြစ်စဉ်များရဲ့ သဘာဝဟာ လူတဦးချင်းရဲ့ ဆန္ဒနဲ့ ကင်းလွတ် ဖြစ်ပျက်တတ်တာကို သတိပြုသင့်ပါတယ်။
‘၁/၂၀၀၈ နဲ့ ၂/၂၀၀၈ ကြေညာချက် နှစ်ခုစလုံးက အစိုးရအနေနဲ့ သူ့ရဲ့ expected value ကနေ better off ကို ရွေ့လာတာ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ကြိုဆိုသင့်တယ်လို့ ထင်ပါတယ်။ - - - - - - - - ပွင့်ပွင့်လင်းလင်း ပြောရလျှင် Road Map အမြန်ပြီးရေးသည်သာ အစိုးရအတွက်ရော အတိုက်အခံအတွက်ပါ better off ဖြစ်ပါလိမ့်မည်။ Constitution ကို မထောက်ခံချင်လျှင်တောင်မှ မပျက်ပျက်အောင် ဖျက်မည်ဟု မဆုံးဖြတ်သင့်ပါ။’ ဆိုပြီး စာရေးဆရာ ဆွဲယူလာတဲ့ နိဂုံးဆင်ခြေက ဒီစာတမ်းရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။
‘အကယ်၍ ၂၀၁၀ ရွေးကောက်ပွဲသာ ဖြစ်ခဲ့လျှင် မည်သည့်ပါတီ အနိုင်ရသည်ဖြစ်စေ ဒီမိုကရက်တစ် အင်အားစုများအတွက် တရားဝင် လမ်းကြောင်းတခု ပွင့်လာနိုင်သည်။ ဤလမ်းကြောင်းကို Transitional period တစ်ခုအဖြစ် သဘောထားပြီး ဆက်လက် လှုပ်ရှားကြရမည် ဖြစ်ပါသည်။’ လို့လည်း စာရေးဆရာက သူ့ရည်မှန်းချက်ကို အားထပ်ဖြည့်ထားပါတယ်။ နောက်ဆုံးမှာ သူ့ဗျူဟာကို စာရေးဆရာက အခုလို ချပြပါတယ်။
၁။ မိမိတို့ဘက်မှ အမြင့်ဆုံး ရည်မှန်းချက်မှာ လစ်ဘရယ်ဒီမိုကရေစီသို့ ဦးတည်ရေး ဖြစ်သည်။ (ဤနေရာတွင် လွှတ်တော်ထဲမှ တပ်ကိုယ်စားလှယ်များ ဖယ်ရှားရေးမှာ ဆုံချက်ဖြစ်သည်။)
၂။ သို့သော် အဆိုပါ အမြင့်ဆုံး ရည်မှန်းချက်ကို အလျင်စလို စတင်၍ မဖြစ်၊ ပြင်ဆင်မှုမရှိဘဲ ဇွတ်ထလုပ်လျှင် နောက်ထပ် သွေဖီရေးတခုသို့ ရောက်သွားနိုင်ပါသည်။
၃။ သို့အတွက် ပထမ ၄နှစ် သက်တမ်းအတွင်း တပ်ကိုယ်စားလှယ် ကိစ္စကို လုံးဝ မကိုင်တွယ်သင့်၊ ဤကာလ လုပ်နိုင်သည်များမှာ …
- တည်ဆဲ Constitution အတွင်း citizen right များ တတ်နိုင်သလောက် ချဲ့ယူရန်
- တပ်ကိုယ်စားလှယ်များနှင့် တူတာ တွဲလုပ်ပြီး နားလည်မှု တည်ဆောက်ရန် (အခြေအနေပေးလျှင် တပ်မ္နှ Moderate အင်အားစုများကို ဆွဲဆောင် သိမ်းသွင်းရန်)
- Public နှင့် Private sectors များတွင် လုပ်ရန် (အရေးကြီးပါသည်။)
- Civil Society များ တရားဝင် ရပ်တည်ခွင့် ရလာအောင် ကြိုးပမ်းရန်
၎။ ဒုတိယ ၄ နှစ်သက်တမ်း လောက်မှစ၍ တပ်ကိုယ်စားလှယ် အဆင့်ဆင့် လျှော့ချရေးကို အဆင့်ဆင့် လုပ်သွားရန်၊ (ကာလ သတ်မှတ်ချက်မှာ အတိအကျ မဟုတ်၊ အခိုင်အမာ အခြေအနေအရ ဆုံးဖြတ်ရန်)
၅။ Transitional Period ကို တည်တည်ငြိမ်ငြိမ်နှင့် မြန်မြန်ဆန်ဆန် ဖြတ်ကျော်နိုင်ရေးမှာ မိမိတို့၏ လုပ်တတ် ကိုင်တတ်မှုအပေါ် မူတည်ပါလိမ့်မည်။ ဤအတွက် အဖွဲ့အစည်းအရရော၊ တစ်ဦးချင်းအရပါ အလေးအနက် ပြင်ဆင်သင့်ပါသည်။
စာရေးဆရာရဲ့ သုံးသပ်ချက်က တကယ်တော့ အသစ်အဆန်း မဟုတ်ပါ။ မဆလခေတ် ကာလအတွင်းမှာ ပေါ်ခဲ့ဖူးတဲ့ ‘ပူးသတ်ရေး’ အယူအဆနဲ့ ခပ်ဆင်ဆင် ဖြစ်ပါတယ်။ မဆလ အဆောက်အအုံရဲ့ ထုထည်ပမာဏဟာ အခိုင်အခန့် ဖြစ်နေလို့ တော်လှန်တိုက်ဖျက်ဖို့ မလွယ်။ ဒါကြောင့် မဆလထဲ ၀င်ရမယ်။ နေရာရအောင် လုပ်ရမယ်။ တဖြေးဖြေးချင်း ကိုယ်အင်အားကို ချဲ့ထွင်ယူရမယ်။ အခြေအနေ ပေးလာတဲ့အခါ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ကိုယ့်လူစုက အမြော်အမြင်ရှိရှိ ပြင်ဆင်မှု လုပ်ထားရမယ်လို့ ပြောပြီး မဆလထဲ ၀င်ခဲ့ကြတာပဲ။ နောက်ဆုံးမှာ ကိုယ်က မဆလကို ပူးမသတ်နိုင်ဘဲ မဆလကပေးတဲ့ အခွင့်အာဏာ အရိုးအရင်း ကလေးတွေ ကိုက်ရင်း တိုင်းပြည်နဲ့ လူထုဆင်းရဲဒုက္ခကို မေ့သွားကြတာပဲ မဟုတ်လား။ အမှန်တော့ ပူးသတ်ရေး မဟုတ်။ မိမိတကိုယ်ရည် ကောင်းစားရေးအတွက် မဆလဆီက ပေးတာယူ ကျွေးတာစားပြီး၊ ခွေးကတက်က အလုပ်အကျွေးပြုခဲ့တာပဲ ဖြစ်ပါတယ်။ စာရေးဆရာစကားနဲ့ ပြောရရင် လက်ယာသွေဖီရေးလို့ပါပဲ။
ဒါကြောင့် နအဖ ညောင်နှစ်ပင်ဖွဲ့စည်းပုံနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို Transitional Period တစ်ခုအဖြစ် သဘောထားပြီး ခရီးဆက်မယ်ဆိုရင် နောက်ထပ်စစ်ကျွန်အဖြစ် (၅၂)နှစ် အနည်းဆုံး ခံကြရမှာပဲ။ စစ်တပ်စိတ်တိုင်းကျ လွှတ်တော်ထဲမှာ တပ်ကိုယ်စားလှယ်များ ဖယ်ရှားရေးကို စိတ်ကူးယဉ်တာဟာ အံ့ဖွယ်သရဲ အကြံပါပဲ။ စစ်လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်း စစ်တပ်က သပိတ်ဝင်အိပ်ဝင် ယူထားပြီးတဲ့အပြင် ကျန်မဲဆန္ဒနယ်တွေမှာလည်း စစ်ပြန်နဲ့ စစ်တပ်အလိုတော်ရိတွေ နေရာရအောင် စစ်တပ်က ရက်ရက်စက်စက် မလွဲမသွေ လုပ်ဦးမယ် ဆိုတာလည်း မမေ့သင့်ပါ။ ပါလီမန်မှာ စစ်တပ်က ၅၀ ရာခိုင်နှုန်းအထက် ယူထားမှာ မလွဲပါ။ ပြီးတော့ စစ်ဗိုလ်သမ္မတ၊ စစ်ဗိုလ်ဝန်ကြီးချုပ်၊ အရေးကြီး ၀န်ကြီးဌာနအားလုံး စစ်ဗိုလ်ဝန်ကြီးတွေ ကြိုးကိုင်တဲ့ အစိုးရအောက်မှာ “မိမိတို့၏ လုပ်တတ်ကိုင်တတ်မှု” ဆိုတာလေးနဲ့ “လစ်ဘရယ် ဒီမိုကရေစီသို့ ဦးတည်ရေး” ဆိုတာ ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားကြည့်စမ်းပါ။ ဒီကိစ္စဟာ စာရေးဆရာ ပြောသလောက် လွယ်ပါ့မလား။ စစ်တပ်က လစ်ဘရယ် ဒီမိုကရေစီချဲ့ထွင်တာကို လက်ပိုက်ကြည့်နေမယ်လို့ ယုံနေပါသလား။
နည်းနည်း လေ့လာကြည့်ပါဦး။ စစ်တပ်ဖွဲ့စည်းပုံအရ ပေါ်လာမယ့် (ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်) ကို ပေါင်းစည်းထားတဲ့ စစ်တပ်ကြိုးကိုင် ပြည်ထောင်စုလွှတ်တော်ဟာ အမြင့်ဆုံး အာဏာပိုင်အဖွဲ့အဖြစ် အချုပ်အခြာအာဏာ (၃)ရပ်ကို ကိုင်တွယ်ကျင့်သုံးရမှာ ဖြစ်တယ်။ ဒါပေမယ့် ကျင့်သုံးခွင့် မရှိပါ။ စစ်တပ် အရေးအရာ ကိစ္စအ၀၀နဲ့ စပ်လျဉ်းတဲ့ ဥပဒေပြုရေး အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေကို စစ်ဦးစီးချုပ်နဲ့ စစ်တပ် ကိုယ်စားလှယ်တွေကသာ စီမံကိုင်တွယ်မှာ ဖြစ်တယ်။ လိုရင်းကို ပြောရရင် စစ်တပ်နဲ့ စစ်ဦးစီးချုပ်က အာဏာသုံးရပ် အထက်မှာ ရှိတယ်။ စစ်ဦးစီးချုပ်ရဲ့ ဆုံးဖြတ်ချက်တွေကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်တို့က အတည်ပြုပေးရမှာ ဖြစ်တယ်။ ဒါကြောင့် Rubber-Stamp Parliament ပဲ ဖြစ်လာမယ်။ နိုင်ငံတော် သမ္မတကိုလည်း စစ်ဦးစီးချုပ်က အဆိုပြု လက်ခံသူကိုသာ ခန့်မှာဖြစ်တယ်။ အစိုးရအဖွဲ့ထဲက အရေးကြီး ၀န်ကြီးရာထူးတွေကိုလည်း စစ်တပ်ကိုယ်စားလှယ်တွေကိုပဲ ပေးရမယ်။ ရှေ့နေချုပ်နဲ့ တရားသူကြီးချုပ် ရာထူးတွေကိုလည်း စစ်တပ် စိတ်တိုင်းကျသူတွေကိုပဲ ခန့်မှာ ဖြစ်တယ်။ သဘောက စစ်ဦးစီးချုပ်က သမ္မတနဲ့ ကက်ဘိနက်အဖွဲ့ရဲ့အထက်မှာ ရှိမှာဖြစ်တယ်။ အဖွဲ့ဝင်(၁၁)ဦး ပါတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဆိုတာကလည်း စစ်ဦးစီးချုပ် အလိုကျ လူတွေနဲ့ ဖွဲ့ထားတာဖြစ်တယ်။ ဒါကြောင့် အချိန်မရွေး စစ်ဦးစီးချုပ်က အရေးပေါ် အခြေအနေ ကြေညာနိုင်တယ်။ အာဏာသိမ်းနိုင်တယ်။ စစ်ဦးစီးချုပ်ဟာ အချုပ်အခြာ အာဏာ(၃)ရပ်၊ သမ္မတနဲ့ အစိုးရအဖွဲ့ ရဲ့ အထက်မှာ ရှိမနေပေဘူးလား။ ဒီဖွဲ့စည်းပုံကို လွှတ်တော်ထဲရောက်မှ ပြင်မယ်လို့လည်း မစဉ်းစားပါနဲ့။ တခုခုပြင်ချင်ရင် လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက ပြင်ဆင်ချက် မူကြမ်းတင်ရမယ်။ စစ်တပ်ရဲ့ ချော့လုံး ခြောက်လုံးတွေကြားမှာ လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းရဖို့ လွယ်မယ်ထင်ပါသလား။ ဒါတင်မက လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်နဲ့ လူထ Referendum က ၅၀ ရာခိုင်နှုန်းကျော် ထောက်ခံမဲရမှ ပြင်ဆင်လို့ရမှာ ဖြစ်တယ်။ ဒါကြောင့် လစ်ဘရယ် ဒီမိုကရေစီ ဆိုတာ အိပ်မက်တောင် မက်ခွင့်မရှိပါ။
နိဂုံးချုပ်အားဖြင့် “Road Map အမြန်ပြီးရေးသည်သာ အစိုးရအတွက်ရော အတိုက်အခံအတွက်ပါ better off ဖြစ်ပါလိမ့်မည်။ Constitution ကို မထောက်ခံချင်လျှင်တောင်မှ မပျက်ပျက်အောင် ဖျက်မည်ဟု မဆုံးဖြတ်သင့်ပါ။” ဆိုပြီး စာရေးဆရာ ဆွဲယူလာတဲ့ နိဂုံးဆင်ခြေကို မထောက်မညှာ ဝေဖန်ရရင် ‘စစ်ကျွန်ဘ၀မှာပဲ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုး နေကြစို့ရဲ့’ လို့ သေဖေါ်ညှိသလို ခံစားရပါတယ်။ မျက်မှောက်သမိုင်းကို သူရသတ္တိရှိရှိရေးဖို့ ကြိုးပမ်းနေကြတဲ့ လူငယ်မျိုးဆက်သစ်များကို စာရေးဆရာနေဖြင့် လမ်းကောင်းလမ်းမှန်ကို မညွှန်နိုင်သည့်တိုင် လမ်းမှားသို့ မညွှန်သင့်ပါ။ အဆိပ်သင့် အယူအဆများ မဝေငှသင့်ပါ။
စာရေးဆရာ ပြောသလို စစ်တပ်သမ္မတ၊ စစ်တပ်လွှတ်တော် အုပ်ချုပ်ရေးကာလကို Transitional Period သဘောထားပြီး ခရီးဆက်မယ်ဆိုရင် အနည်းဆုံး နောက်မျိုးဆက် သုံးလေးဆက်လောက် စစ်ကျွန် ဆက်ခံကြရဦးမယ်။ ဒါကြောင့် စစ်တပ်လွှမ်းမိုးမယ့် လွှတ်တော်ကို သန္ဓေမတည်ခင် ကတည်းက ဖျက်ချတာဟာ အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် သားစဉ်မြေးဆက် စစ်ကျွန် အဖြစ်မခံလိုရင် အခု မေလ္မ Referendum မှာ အတည်ပြုမယ့် နအဖရဲ့ ‘စစ်ကျွန်ပြုရေး ဖွဲ့စည်းပုံ’ ကို တိုင်းရင်းသား ပြည်သူလူထု တရပ်လုံး တညီတညွတ်ထဲ ကန့်ကွက်ပယ်ချ ကြရပါလိမ့်မယ်။ နိုင်ငံရေး သတိရှိရှိ ဒီစစ်အာဏာရှင်စနစ်ဆိုးကို အမြစ်က လှန်ရပါလိမ့်မယ်။ ဒါဟာ ဒီကနေ့ မြန်မာနိုင်ငံသား တိုင်းရင်းသားပေါင်းစုံရဲ့ အန္တိမ ရည်မှန်းချက်လည်း ဖြစ်ပါတယ်။
စာရေးဆရာအနေနဲ့လည်း အချိန်မနှောင်းမီ “လစ်ဘရယ်ဒီမိုကရေစီ အိပ်မက်” က နိုးထပြီး စစ်ကျွန်ဘ၀မှ လွတ်မြောက်ရေးခရီးကို လူထုနဲ့အတူ ချီတက်ဖို့ ဆုံးဖြတ်သင့်ကြောင်း ရိုးသားစွာ နှိုးဆော်လိုက်ကြောင်းပါ။
ဇင်လင်း
Saturday, March 22, 2008
လစ်ဘရယ်ဒီမိုကရေစီသို့ ဦးတည်ရေးလား (သို့) လက်ယာသွေဖီရေးလား
Subscribe to:
Post Comments (Atom)
2 comments:
အရမ်းကောင်းတဲ့ချေပချက်ပဲဗျာ။ အဲဒီ(ကိုကျော်ဝင်း)ရဲ့စာကို ဖတ်ရတော့ မဟုတ်ဘူးဆိုတာ
တော့သိတယ်၊ ဒါပေမယ့် ဘယ်လိုချေပရမယ် မသိဘူး။
ချေပနိုင်သူ ပေါ်လာမယ့်အချိန်ကို မျှော်နေတာ။ ခုတော့ လာပြီ။ လက်ခုပ်တီး အားပေးလိုက်ပါတယ်။
လူထုအတွက်ဆိုတာရယ် ပညာရေးစနစ်ကောင်းကောင်းပေါ်ပေါက်ရေးရယ်
အဲဒါတွေ လုပ်မလား
စစ်ခေါင်းဆောင်များကို နိုင်ငံတကာရာဇတ်ခုံရုံး တင်ရေး
ဆိုတဲ့ ခွေးချောင်ပိတ် ရိုက်မဲ့ဟာမျိုးလုပ်မလား
Post a Comment