Wednesday, March 12, 2008

အထိန်းသိမ်းခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး(၁) ဦးဝင်းတင်၏ (၇၈)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး

အခြေခံမူ (၁၀၄) ချက်နဲ့ ငြိမ်းချမ်းရေး (၁၃) ဖွဲ့ - စောဘဦးကြီးနဲ့ ဦးဝင်းတင်
ခွန်မဟာ

န၀တဟာ အမျိုးသားညီလာခံ ဆိုတာကို ၁၉၉၃ခု ဇန်န၀ါရီ လမှာ စလုပ်ခဲ့ပြီး `ဦးတည်ချက်(၆)ရပ်´ အပေါ်ကနေ အခြေခံဥပဒေဆွဲဖို့ အခြေခံမူတွေချမယ်လို့ ဆိုခဲ့ပါတယ်။ ၁၉၉၆ မတ်လမှာ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းအရ လုပ်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အဓိက တိုင်းရင်းသား နိုင်ငံရေးပါတီတွေ ပြတ်ပြတ်သားသား တောင်းဆိုလာတဲ့အခါ န၀တရဲ့ အမျိုးသားညီလာခံဆိုတာ ကြီးဟာ ရုပ်ပျက်ဆင်းပျက် သွက်ချာပါဒ လိုက်သွားပါတော့တယ်။

ဒီလိုနဲ့ ဥပဒေမဲ့ ဆက်အုပ်ချုပ်ရင်း ဒီပဲယင်းမင်းမဲ့ဝါဒအဆင့် ရောက်လာတဲ့နောက် စစ်အုပ်စုဟာ ပြည်တွင်းပြည်ပဖိအားတွေ လျော့ပါးအောင် အာရုံလွှဲတဲ့အနေနဲ့ လမ်းပျက်မြေပုံ (၇)ဆင့်ကို ၂၀၀၃ ခု သြဂုတ်လမှာ ကြော်ငြာထုတ်ပြီး ၂၀၀၄ မေလမှာ အမျိုးသားညီလာခံ ဆိုတာကို ဖုတ်ပြန် သွင်းခဲ့ပါတယ်။ ဒီညီလာခံဟာ နအဖစိတ်တိုင်းကျဆွဲထားတဲ့ အခြေခံမူ (၁၀၄) ချက်ကိုပဲ ကြက်မွေးသပ် ဖုံသုတ်ပေးဖို့ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၀၄ ဇွန်လမှာတော့ နအဖနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၃) ဖွဲ့ဟာ သမိုင်းတွင်တဲ့ `ဆွေးနွေးအကြံပြုချက်စာတမ်း´ ကို ညီလာခံမှာ တင်ခဲ့ပါတယ်။ ဒါဟာ ၁၉၄၇ မှာတခါ၊ ၁၉၆၁-၁၉၆၂ မှာတခါ၊ မြန်မာပြည်တိုင်းရင်းသားတွေ တန်းတူအခွင့်အရေး တောင်းဆိုလှုပ်ရှားခဲ့ ကြတဲ့ သမိုင်းမှတ်တိုင်တွေနောက်ပိုင်း တတိယမြောက် မှတ်တိုင်ကြီးဖြစ်ပါတယ်။ ဒီ (၁၃) ဖွဲ့အပြင် အင်အားအကြီးဆုံး အပစ်ရပ်အဖွဲ့ဖြစ်တဲ့ ၀ အဖွဲ့အပါအ၀င် (၃) ဖွဲ့ ကလည်း (၁၃) ဖွဲ့နဲ့သိပ်မကွာတဲ့ အကြံပြုချက်စာတမ်းကို အမျိုးသားညီလာခံသို့ တင်ခဲ့ပါသေးတယ်။

မြေအောက် (သို့) ပြည်ပရောက်အတိုက်အခံလောကမှာလည်း ၁၉၉၂ ဇူလိုင်လ မာနယ်ပလော စာချုပ်၊ ၁၉၉၇ ဇန်န၀ါရီ မယ်သရောထကြေညာချက်၊ ၁၉၉၈ ဒီဇင်ဘာ သူမွဲကလိုးသဘောတူညီ ချက်ဆိုတဲ့ သမိုင်းဝင်သဘောတူညီချက်တွေ ရှိပေမယ့် စောစောကပြောတဲ့ မြေပေါ်ဥပဒေ အတွင်းက အတိအလင်း ချမှတ်တောင်းဆိုတာတွေနဲ့တော့ အရေးပါမှုချင်း ယှဉ်လို့မရပါဘူး။ ဒီထဲမှာ မဲသရောထ ကြေညာချက် ကတော့ တရားဝင်ဥပဒေအတွင်းက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကပါ ဗြောင် ထောက်ခံလိုက်လို့ ပင်လုံနီးနီးအဆင့် ရသွားခဲ့ပါတယ်။

(၁၃) ဖွဲ့စာတမ်းနဲ့ (၃) ဖွဲ့စာတမ်းတွေဟာ တိုင်းရင်းသားအခွင့်အရေးအတွက် ပြတ်ပြတ်သားသား လက်နက်ကိုင်တော်လှန်ရေးနည်းနဲ့ နှစ်ပေါင်း သုံး-လေးဆယ် တိုက်ပွဲဝင်ခဲ့ရာက ပျော့ပျောင်းမှု၊ ခေါင်းမမာမှုပြတဲ့အနေနဲ့ လက်နက်ကိုင်မတိုက်တော့ဘဲ တိုင်းရင်းသားအခွင့်အရေးတွေကို မဟာ ပညာကျော်တွေပြောနေသလို ငြိမ်းချမ်းတဲ့နည်းနဲ့ အပေးအယူလုပ် စေ့စပ်ညှိနှိုင်းယူဖို့ လမ်းဖောက် ခဲ့ကြတဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ `အလွန့်အလွန်ပျော့ပျောင်းတဲ့´ တင်ပြချက်တွေ ဖြစ်ပါတယ်။

အလွန့်အလွန်ပျော့ပျောင်းတယ်လို့ ဆိုရတဲ့အကြောင်းကတော့ န၀တ-နအဖညီလာခံ ဦးတည်ချက် (၆) ရပ်၊ တနည်းအားဖြင့် တပ်မတော်ဆိုတဲ့ဟာရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကိုလည်း ငြင်းချက် မထုတ်၊ အစိမ်းဝတ် အစိတ်သားပါလီမန်ကိုလည်းလက်ခံ၊ စစ်သမ္မတ-စစ်ဝန်ကြီးသက်မှတ်ချက်၊ စစ်တပ်က အချိန်မရွေး မာရှယ်လောထုတ်ခွင့်ကိုပါ အားလုံးလက်ခံထားပြီး တိုင်းရင်းသားဒေသ အခွင့်အရေး သန့်သန့်ကိုသာ တင်ပြထားတာဖြစ်ပါတယ်။ ဒီကနေ့ ပညာကျော်တွေ၊ တချို့သော တိုင်းရင်းသားပညာရှိကြီးတွေ၊ တတိယအင်အားစုဆိုတာတွေ ဟောပြောညွှန်ကြားနေတာတွေနဲ့ ယှဉ်ကြည့်ရင် တထပ်တည်းလို့တောင် ပြောလို့ရပါတယ်။ အေးလွင်တို့၊ ဒေါက်တာစိုးလင်းတို့၊ (မင်္ဂလာဒုံ) ကြည်ဝင်းတို့၊ ငှားမင်းဆွေတို့ ပြောနေတဲ့အတိုင်း၊ ဒီ့အရင် ဒေါက်တာဇာနည်တို့၊ အပြင်ဘက်က တခြား ဟား(စရာ)ဘတ်(ကီး) ကျောင်းတော်ကြီးဆင်း ပညာရှင်တွေ ပို့ချတဲ့အတိုင်း ချော့မြှူခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေး (၁၃) ဖွဲ့စာတမ်းမှာ (၈) ပြည်နယ်ကိုလည်း မတောင်းဆို၊ ဗမာပြည်နယ် ဖွဲ့စည်းရေးလည်းမပါ၊ ဖက်ဒရယ်လည်း တခွန်းမှမပြောပါ။ `ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ´ မစစ်တဲ့ `ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု´ နာမည်ကိုပဲ လက်ခံထားပါတယ်။ ၁၉၄၇၊ ၁၉၆၁-၆၂ တို့မှာ တိုင်းရင်းသားတွေ တင်ခဲ့တာနဲ့ယှဉ်ကြည့်ရင် ဘယ်လိုမှမမီဘဲ ရေအများကြီးရောထားတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ နအဖဥပဒေဘောင်ထဲက အပစ်ရပ်လက်နက်ကိုင်တိုင်းရင်းသားတွေ စုပေါင်းပြီး လက်ရှိအစိုးရရဲ့ `တရားဝင်´ အခြေခံဥပဒေဆိုင်ရာညီလာခံကို တရားဝင်တင်တာ ဖြစ်တယ်လို့ သမိုင်းမှတ်တိုင် ဖြစ်သွားခဲ့ပါတယ်။

၂၀၀၆ ခု ဖေဖော်ဝါရီ (၁၂) ရက်တုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကမ်းလှမ်းခဲ့တဲ့ လွှတ်တော် ခေါ်ပေးရင် ဒီဂျူရီအစိုးရအဖြစ် ကာလတခု အသိအမှတ်ပြုပေးမယ်ဆိုတဲ့အဆင့်တောင်မဟုတ်ဘဲ (၁၃) ဖွဲ့ဟာ ၉၀ ခု ရွေးကောက်ပွဲရလဒ်တွေကို လုံးဝစွန့်ပယ်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အခန်းကဏ္ဍကိုလည်း လုံးဝလျစ်လျူပြု၊ ဒီမိုကရေစီစစ်မစစ်လည်း နှာစီးထားပေးတယ်။ လမ်းပြ မြေပုံကိုလည်း (၇) ဆင့်စလုံး ဘာမှ အငြင်းပွားမထားပါဘူး။

နအဖစစ်အုပ်စုကို ထိပ်တိုက်ရင်မဆိုင်တော့ဘဲ အသိအမှတ်ပြုဆက်ဆံပြီး တောင်းခံခဲ့တဲ့ (၁၃) ဖွဲ့ရဲ့ အခြေခံဥပဒေမူတွေကို အတိုချုပ်ကြည့်ရင် ...

(က) ထပ်တူဥပဒေပြုခွင့်
(ခ) ကြွင်းကျန်အာဏာကို ဥပဒေပြုခွင့်
(ဂ) ကာကွယ်ရေးနှင့်လုံခြုံရေး ဥပဒေပြုခွင့်
(ဃ) `တိုင်းရင်းသားရေးရာကဏ္ဍ´ ကို သီးခြားကဏ္ဍအဖြစ် ထပ်မံထည့်သွင်းပေးရေး
(င) တိုင်းရင်းသားစာပေကို ပြည်နယ်အလိုက် ဥပဒေပြဋ္ဌာန်းဆောင်ရွက်ခွင့်
(စ) တိုင်းရင်းသားဓလေ့ထုံးစံများကို ဥပဒေပြဋ္ဌာန်းဆောင်ရွက်ခွင့်
(ဆ) ပြည်နယ်-တိုင်းအလိုက် သီးခြားအခြေခံဥပဒေ ရေးဆွဲဆောင်ရွက်ခွင့်
တို့ဖြစ်ပြီး တောင်းသမျှ တခုမှ မရခဲ့ပါဘူး။

ကာကွယ်ရေးနဲ့ လုံခြုံရေး၊ နိုင်ငံခြားရေးတို့ကတော့ စစ်ဝါဒီအာဏာရှင်တွေ နည်းနည်းမှ အထိမခံ နိုင်တဲ့ နယ်ပယ်တွေဖြစ်လို့ တိုင်းရင်းသားပြည်နယ်တွေကို ထပ်တူဥပဒေပြုခွင့်သော်လည်းကောင်း၊ သီးသန့်ဥပဒေပြုခွင့်သော်လည်းကောင်း မပေးတာ နားလည်ယူလို့ ရနိုင်ပါတယ်။ ဒါပေမယ့် တိုင်းရင်းသားတွေ နေရာကကြည့်ရင် ကိုယ့်ပြည်နယ်တွင်းမှာ ရဲအလုပ်၊ ပြည်သူ့စစ်အလုပ်တောင် လုပ်ခွင့်မရတဲ့အခြေအနေ၊ နယ်ခြားဖြတ်ခွင့်၊ နယ်ခြားဆက်ဆံခွင့်၊ ကူးသန်းရောင်းဝယ်ခွင့်တောင် မရတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါမျိုးက အရင်တုန်းက နယ်ချဲ့နိုင်ငံကြီးတွေက ကိုလိုနီနယ်တွေအပေါ် ကန့်သတ်ခဲ့တဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။

အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသားအဖွဲ့တွေနဲ့ပတ်သက်လို့ အဆင်ပြေအောင် ကြည့်စီစဉ်ပေးပါ့ မယ်လို့ ဗိုလ်ခင်ညွန့်ကရော၊ ဗိုလ်မောင်အေးကပါ ငြိမ်းအဖွဲ့အချို့ကို ချွေးသိပ်ခဲ့ပေမယ့် တရားဝင် ဥပဒေနဲ့ ပြဋ္ဌာန်းခွင့်ပေးမှာမဟုတ်ဘဲ အလွန်ဆုံး ကာလပိုင်းပေါ်လစီ၊ ပုဂ္ဂိုလ်ရေးပေါ်လစီအရ၊ သို့မဟုတ် အထက်ဌာန (ဗဟို) ခွင့်ပြုပေးသနားချက်အရသာ လုပ်ရမယ့်သဘောဖြစ်ပါတယ်။ တရားဝင် ဥပဒေ ပြဋ္ဌာန်းတာကိုတောင် အတိအလင်းဆွဲဆုတ်ပစ်တဲ့ စစ်အုပ်စုလက်အောက်မှာ ဥပဒေနဲ့ အာမ မခံတဲ့စကား သို့မဟုတ် ပေါ်လစီကို ဘယ်လောက်ယုံရမှာလဲ။

ဒါဖြင့်ရင် တခြား ဘဏ္ဍာရေးနဲ့စီမံကိန်း၊ စီးပွားရေး၊ စိုက်ပျိုးမွေးမြူရေး၊ စွမ်းအင်-လျှပ်စစ်-သစ်တော၊ စက်မှုလက်မှု၊ ပို့-ဆက်၊ လူမှုရေး၊ စီမံ၊ တရားရေးကဏ္ဍတွေမှာ ထပ်တူဥပဒေပြု ခွင့်တောင်းတာကို လုံးဝမပေးတာ ဘယ်လိုနားလည်ရမလဲ။

(၁၃) ဖွဲ့ ထပ်တူဥပဒေပြုခွင့်တောင်းတာက ပြည်နယ်တွေ ဘဏ်လုပ်ငန်းလုပ်ခွင့်၊ ကုန်သွယ်လုပ်ငန်းခွန်- အကောက်ခွန် ကောက်ခွင့်၊ အောင်ဘာလေထီဖွင့်ခွင့်၊ ကျွန်းမှအပ သစ်မာအခွန်ကောက်ခွင့်၊ စစ်တမ်းကောက်ခွင့်၊ စာရင်းစစ်ခွင့်၊ ဟိုတယ်နဲ့ ခရီးသွားလာလုပ်ခွင့်၊ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးထုတ်လုပ်ခွင့်၊ ပင်လယ်ငါးလုပ်ငန်းလုပ်ခွင့်၊ မြေယာစီမံခန့်ခွဲခွင့်၊ မြေလွတ်- မြေလပ်- မြေရိုင်းဖော်ထုတ်ခွင့်၊ စက်မှုလယ်ယာနဲ့ စိုက်ပျိုးရေး သုတေသနလုပ်ခွင့်၊ သင်္ဘောဆောက်လုပ်- ပြင်ဆင်ခွင့်၊ ရေအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ခွင့် စတဲ့ စီးပွားရေးဆိုင်ရာ ဥပဒေပြုခွင့်တွေ ဖြစ်ပါတယ်။ ဒါတွေကို နအဖက လုံးဝမပေးပါဘူး။

လူမှုရေးဆိုင်ရာ ထပ်တူဥပဒေပြုခွင့်တောင်းတာက စာတိုက်၊ ကြေးနန်း၊ တယ်လီဖုန်း၊ ဖက်(စ်)၊ အီးမေးလ်၊ အင်တာနက်၊ အင်ထရာနက်လုပ်ခွင့်၊ သတင်းစာ၊ ရုပ်မြင်သံကြား၊ ဂြိုဟ်တုဆက်သွယ် ရေး၊ အသံလွှင့် အသံဖမ်းလုပ်ခွင့်၊ မီးသတ်အဖွဲ့ မီးဘေး သဘာဝဘေး ကြိုတင်ကာကွယ်ရေးလုပ်ခွင့်၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ခွင့်၊ ကလေး-လူငယ်- အမျိုးသမီး- မသန်မစွမ်း- သက်ကြီးရွယ်အို- အခြေအနေမဲ့၊ ခိုးကိုးရာမဲ့များ စောင့်ရှောက်ခွင့်၊ အင်ဂျီအိုလုပ်ငန်း လုပ်ခွင့်တွေကို တောင်းပါတယ်။ ဒါတွေလည်း နအဖက တချက်မှ မပေးပါဘူး။

အုပ်ချုပ်ရေးနဲ့ပတ်သက်လို့ ထပ်တူဥပဒေပြုခွင့်တောင်းတာက အထွေထွေအုပ်ချုပ်ရေးလုပ်ခွင့်၊ အသင်းအဖွဲ့လုပ်ငန်းများ လုပ်ခွင့်၊ သန်းခေါင်စာရင်းများကောက်ခွင့်၊ ယုံမှတ်အပ်နှံကိစ္စ- အမွေကိစ္စ- အုပ်ထိန်းကိစ္စ- ပစ္စည်းလွှဲပြောင်းကိစ္စ လုပ်ခွင့်၊ တရားစီရင်ရေးမှာ သီးခြားသက်သာခွင့်ပေးခွင့်၊ ကြွင်းကျန်အာဏာ ထပ်တူဥပဒေပြုခွင့်တွေ တောင်းပါတယ်။ ဒါ့အပြင် ပြည်နယ် ဘတ်ဂျက်ကို ပြည်နယ်လွှတ်တော် သဘောတူညီချက်ရယူပြီးမှ (ပြည်ထောင်စု) ဘဏ္ဍာရေးကော်မရှင်သို့ တင်ပြခွင့်လည်း တောင်းပါတယ်။ တခုမှ မရပါဘူး။

ပြည်နယ်တွေကပဲ လုံးဝရာနှုန်းပြည့် ဥပဒေပြုခွင့်ပေးဖို့ တောင်းတာက နယ်စပ်ကုန်သွယ်ရေး လုပ်ခွင့်၊ အလတ်စား ရေအားလျှပ်စစ်လုပ်ခွင့်၊ သတ္တုတွင်း ကျောက်တွင်းလုပ်ခွင့်၊ ရတနာပြပွဲ လုပ်ခွင့်၊ သစ်တောစိုက်ခင်းလုပ်ခွင့်၊ ပရဆေးပင် စိုက်ပျိုးခွင့်၊ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းခွင့်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခွင့်၊ သဘာဝဓာတ်ငွေ့လုပ်ခွင့်၊ အလတ်စားနှင့် အသေးစားစက်မှု လုပ်ငန်းလုပ်ခွင့်၊ စက်မှုဇုန်တည်ခွင့်၊ ပြည်တွင်းရေကြောင်းပို့ဆောင်ခွင့်၊ ရေလမ်းထိန်းသိမ်း ပြုပြင်ခွင့်၊ ပြည်တွင်းယာဉ်လိုင်း ကိုင်တွယ်ခွင့်၊ ကိုယ်ပိုင်ကျောင်း လုပ်ခွင့်၊ ပုဂ္ဂလိကနဲ့ ကုသိုလ်ဖြစ် ဆေးရုံ-ဆေးခန်း လုပ်ခွင့်၊ တိုင်းရင်းသား ဘာသာစကား-စာပေ-အနုပညာ ထိန်းသိမ်းခွင့်၊ ရွာမြေ-မြို့မြေ စီမံခန့်ခွဲခွင့်၊ အိမ်ငှားမြေငှားကိစ္စကိုင်တွယ်ခွင့်၊ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ခွင့်၊ ပြည်နယ်အတွင်း ၀န်ထမ်းရာထူးခန့်ထားခွင့်၊ တိုင်းရင်းသားလူမျိုးစုရေးရာများ ဥပဒေပြုခွင့်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မဆန့်ကျင်တဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ရေးဆွဲ ပြဋ္ဌာန်းခွင့်တွေ တောင်းတော့လည်း ဘာမှမရပါဘူး။ ဒါကိုမှ မဟာလူမျိုးကြီးဝါဒ၊ အကြွင်းမဲ့ အာဏာရှင်ဝါဒမခေါ်ရင် ဘာကိုခေါ်ရတော့မှာလဲ။

ဝ၊ ကိုးကန့်၊ အထူး-၄ (၃) ဖွဲ့ကလည်း ပြည်နယ်တွေမှာ ပြည်ထောင်စုဥပဒေနဲ့ မဆန့်ကျင်သရွေ့ တိုင်းရင်းသား ဓလေ့ထုံးတမ်း ဥပဒေများနဲ့အညီ စီရင်ဆုံးဖြတ်ကျင့်သုံးခွင့်၊ `ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ´ ဒေသတွေမှာ အထက်က (၁၃) ဖွဲ့ တောင်းတဲ့ အခွင့်အရေးတွေကို တောင်းခဲ့ပါတယ်။ (၁၃) ဖွဲ့ရဲ့ ပို့ဆောင်-ဆက်သွယ်ရေးကဏ္ဍ တောင်းဆိုချက်တွေအားလုံးကို ထောက်ခံခဲ့တယ်။ ဒါ့အပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေကို ပြည်နယ်-တိုင်း လက်အောက်မှာမထားဘဲ ဗဟိုက တိုက်ရိုက်အုပ်ချုပ်တဲ့ ပြည်ထောင်စုနယ်မြေတွေအဖြစ် သတ်မှတ်ဖို့လည်း တင်ပြခဲ့ပါတယ်။

ဒီနေရာမှာ ပြောချင်တာက (၁၃) ဖွဲ့နဲ့ (၃) ဖွဲ့တောင်းတဲ့ ထပ်တူဥပဒေပြုခွင့်တွေ၊ သီးသန့်ဥပဒေ ပြုခွင့်တွေဟာ ပြည်နယ်တွေကိုသာပေးဖို့ တောင်းတာမဟုတ်ဘဲ ဗမာလူမျိုးတွေအဓိကနေတဲ့ တိုင်းတွေကိုပါပေးဖို့လည်း ပါပါတယ်။ သဘောကတော့ ပြည်နယ်ရှိတဲ့ တိုင်းရင်းသားလူမျိုး တမျိုးအတွက် အခွင့်အရေးတခုရတိုင်း တိုင်း (၇) ခုရှိတဲ့ ဗမာလူမျိုးတွေအတွက် အခွင့်အရေး (၇) ခု အလိုလိုရဖို့ ဖြစ်ပါတယ်။ ဒီလောက်အထိ တိုင်းရင်းသားတွေက လိုက်လျောထားတာပါ။

နအဖကတော့ တိုင်းရင်းသားပြည်နယ်တွေကို ဒါတွေ တခုမှမပေးပါဘူး။ နအဖပြောတာက (၁၃) ဖွဲ့တို့၊ (၃) ဖွဲ့တို့ တောင်းနေတဲ့ အချက်တချို့ (စီးပွားရေးကိစ္စများ) ဟာ လက်ရှိပေးထားလို့ ငြိမ်း အဖွဲ့တွေ ဆောင်ရွက်ခွင့်ရနေတာတွေဖြစ်ပါသတဲ့။ ဒါကို ဒီအတိုင်း ဆက်လုပ်ခွင့်ပေးသွားမှာပါတဲ့။ ဒါပေမယ့် ပြည်နယ်တွေကို ဒီကိစ္စတွေ ဥပဒေပြဋ္ဌာန်းခွင့်မပေးရင် ဘာအာမခံချက် ရှိမှာလဲ။ ပြည်နယ်ရဲ့ ရပိုင်ခွင့်မဟုတ်ဘဲ အထက်ကပေးသနားတာကို (အထက်) ဗဟိုအစိုးရက ကြိုက်တဲ့ အချိန် ကြိုက်တဲ့ နည်းနဲ့ ဖျက်သိမ်းပစ်လို့ရတယ်ဆိုတာ မဆလ-န၀တ-နအဖ သက်တမ်းတလျှောက် ရာဇ၀င် အထင်အရှား ရှိထားပါတယ်။ တခြား နအဖအကြောင်းပြချက်တွေကတော့ လူမျိုးကြီးဝါဒသမားတွေ ပေးလေ့ရှိတဲ့ ထူးမခြားနား ဆင်ခြေဆင်လက်တွေသာ ဖြစ်ပါတယ်။

နအဖပေးတာကတော့ ပြည်နယ်လွှတ်တော်က အာဏာမပိုင်တဲ့ ပြည်နယ်ဘတ်ဂျက်ဆွဲခွင့်၊ မြေခွန်၊ ရေခွန်၊ မြူနီစပါယ်ခွန်၊ ယစ်မျိုးခွန်၊ ကျွန်းနဲ့ သစ်မာမပါတဲ့ သစ်ခွန်၊ အပေါင်ဆိုင်လုပ်ငန်း၊ ဗဟိုက ခွင့်ပြုတဲ့ ပြည်နယ်စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေး၊ သမ၀ါယမ၊ ဆည်မြောင်း၊ တာတမံ၊ ရေအားလျှပ်စစ်၊ စက်မှုလုပ်ငန်း၊ ဆိပ်ကမ်း၊ လမ်းတံတား၊ တိုင်းရင်းဆေး၊ ယဉ်ကျေးမှုပြတိုက်၊ ပြည်နယ်တွင်းယာဉ်လိုင်း၊ အိမ်တွင်းစက်မှု၊ ကုန်တင်ကုန်ချ၊ ဆားလုပ်ငန်း၊ သဘာဝမြေသြဇာ ထုတ်လုပ်ရေး၊ ရေချိုငါးလုပ်ငန်း၊ ကျောက်သွေး-ကျောက်ဖြတ်၊ ထင်းစိုက်ခင်း၊ တိရစ္ဆာန်ရုံ၊ ရုပ်ရှင်-ဗွီဒီယိုရုံ၊ ပန်းချီပြပွဲတို့ပဲ ဖြစ်ပါတယ်။ (တချိန်က ဗကပလက်နက်ချ ဗိုလ်သက်ထွန်းကို တိရစ္ဆာန်ရုံ ညွှန်ကြားရေးမှူးခန့်ခဲ့တာ သတိရစရာပါပဲ)

တပြည်ထောင်စနစ် ထိုင်းနိုင်ငံမှာတောင် ပြည်နယ်တိုင်း၊ ခရိုင်တိုင်း၊ မြို့တိုင်း ကိုယ်ပိုင်မီဒီယာ လုပ်ငန်းတွေ လုပ်ခွင့်ရှိပေမယ့် နအဖရဲ့ ပြည်ထောင်စုမှာတော့ ပြည်နယ်တွေ တိုင်းတွေ လုပ်ခွင့် မရှိပါဘူး။ ဥပဒေအရမဟုတ်ဘဲ အထက်ပုဂ္ဂိုလ်ကြီးများ သဘောနဲ့သာ စီးတီးအက်ဖ်အမ်တို့၊ မန်းမြို့တော်အက်ဖ်အမ်တို့ လုပ်ခွင့်ရတာဖြစ်ပါတယ်။

ဒီတော့ စောဘဦးကြီးမူ (၄) ချက်ကို ပြင်-ဖျက်လိုက်ရင် ဘာဖြစ်မလဲဆိုတာ မိမိတို့အဖွဲ့တွေ ကိုယ်စီ ကိုယ်စီရဲ့ မူ (၄) ချက်တွေ စွန့်ပြီး ညောင်နှစ်ပင်တက်တဲ့ တိုင်းရင်းသားအဖွဲ့တွေ တင်တာနဲ့ ရတာကိုသာ ကြည့်ပါတော့။ ရှည်ရှည်ဝေးဝေး ပြောစရာမလိုပါ။ ပြည်နယ်ပြီးပြည့်စုံရေး၊ မိမိကြမ္မာ မိမိဖန်တီးရေးဟာ ခေတ်နဲ့မကိုက်ညီတော့ဘဲ စစ်အာဏာရှင်စနစ် ပြီးပြည့်စုံရေး၊ မိမိကြမ္မာ စစ်အာဏာရှင်က ဖန်တီးရေးက ခေတ်နဲ့ကိုက်ညီနေသလား။ ဦးနုရဲ့ ပါလီမန်ဒီမိုကရေစီခေတ် မှာတောင် ကိုက်ညီခဲ့တဲ့ မူ (၄) ချက်ဟာ အခုစစ်အာဏာရှင်ခေတ်မှာ မကိုက်ညီဘူးဆိုတာ ဘယ်လိုမှ နားမလည်နိုင်စရာပါဘဲ။

နအဖက စောဌေးမောင် (ခေါ်) ထိန်မောင် (ခေါ်) ထင်မောင်ကို လက်နက်မချခိုင်းပါဘူးလို့ ဆိုပါသတဲ့။ ဒါကြောင့် စောဘဦးကြီးရဲ့ နံပါတ် (၁) နဲ့ နံပါတ် (၂) မူတွေကို တောင်းနေစရာမလိုတော့ ဘူးလို့လည်း ပြောသံကြားရပါတယ်။ ဒါပေမယ့် (၁၃) ဖွဲ့နဲ့ (၃) ဖွဲ့က ဒေသလုံခြုံရေးတပ် သို့မဟုတ် ပြည်သူ့စစ် သို့မဟုတ် ပြည်နယ်ပုလိပ် ဥပဒေပြုခွင့်တောင်းတာတောင် နအဖက မပေးဘူး။ ဒီမူ (၄) ချက်ဟာ ဒီခေတ်နဲ့မကိုက်ညီတော့လို့ ဖျက်သိမ်းလိုက်မယ်၊ ပြင်ဆင်လိုက်မယ်ဆိုရင်တော့ အစား ထိုးစရာ (၁၀၄) ချက်ပဲရှိတယ်ဆိုတာကို (၁၃) ဖွဲ့က ပြလိုက်ပါပြီ။ အဲဒီတော့ ဒီ (၁၀၄) ချက် သို့မဟုတ် မဟာလူမျိုးကြီးဝါဒနဲ့ အကြွင်းမဲ့အာဏာရှင်ဝါဒက တိုင်းရင်းသားတွေအတွက် ခေတ်နဲ့ ညီသလား၊ ပုံမှန်ဦးနှောက်ရှိသူတိုင်း လွယ်လွယ်လေး စဉ်းစားလို့ရပါတယ်။

ဒီလို ညောင်နှစ်ပင်ရောက် (၁၃) ဖွဲ့နမူနာ၊ (၃) ဖွဲ့နမူနာတွေအရ စောဘဦးကြီးမူ (၄) ရပ်ဟာ ကရင် တွေအတွက်တင်မကဘဲ ဒီမိုကရေစီနဲ့ လွတ်လပ်မှုလိုလားတဲ့ ဗမာအပါအ၀င် ကျန်တိုင်းရင်းသား အားလုံးအတွက်ပါ ထာဝရမှန်ကန်နေမယ့်မူတွေဖြစ်ပြီး စောဘဦးကြီးရဲ့မူ (၄) ရပ်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အတွင်းရေးမှူး-၁ ဦးဝင်းတင်ရဲ့ ရပ်တည်ချက် တွေဖြစ်တဲ့ နိုး (၃) နိုးနဲ့ အခိုင်အခန့်အားဖြည့်ရေးဟာ ဒီကနေ့ခေတ်နဲ့ကိုက်ညီတဲ့ တမျိုးသားလုံးရဲ့ အခြေခံမူ ဖြစ်ပါတော့တယ်။

စောဘဦးကြီး မူ (၄) ချက် (၁၉၄၉)
(၁) လက်နက်ချစကား အလျင်းမပြောရ
(၂) ကရင့်လက်နက် ကရင့်လက်ထဲရှိရမည်
(၃) ကရင်ပြည် အသိအမှတ်ပြုခြင်း
ပြီးပြည့်စုံစေရမည်
(၄) ကရင့်ကြမ္မာ ကရင်ဖန်တီးရမည်

ဦးဝင်းတင် နိုး (၃) နိုး (၂၀၀၇)
(၁) No နိုး အစိတ်သားပါလီမန် လုံးဝလက်မခံ
(၂) No နိုး ချော့မြှူရေးဝါဒ လုံးဝလက်မခံ
(၃) No နိုး လုံးဝခေါင်းမညွတ် ဒူးမထောက်

ခွန်မဟာ
(ခေတ်ပြိုင် အင်တာနက်စာမျက်နှာမှ ကူးယူဖော်ပြသည်)

No comments: