သတင်းစာဆရာကြီး ဦးဝင်းတင်
တင်မိုး
ဆရာဦးဝင်းတင် အကြောင်းကို ပြောချင်ပါတယ်။ ဆရာဦးဝင်း တင်ဟာ ဟံသာဝတီ အယ်ဒီတာချုပ် အဟောင်းပေါ့။ ဟံသာဝတီသတင်းစာ ဆိုတာက ဟို ... အစဉ်အလာက အင်္ဂလိပ် လက်ထက်က မစ္စတာရစ်ပလေ တည်ထောင်ခဲ့တဲ့ သတင်းစာကြီးပေါ့။တင်မိုး
အဲဒီ သတင်းစာကြီးကို နောင်အခါမှာ ဟံသာဝတီသတင်းစာ တိုက်တို့ ဟံသာဝတီစာအုပ်တိုက်တို့ ဖြစ်ရာကနေပြီးတော့ နောက်ဆုံးတော့ ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီပိုင်ရှင် ဦးညွန့်က ၀ယ်လိုက်တယ်။ ၀ယ်ပြီးတော့ ဟံသာဝတီ သတင်း စာတိုက်၊ ဟံသာဝတီ စာအုပ်တိုက်ကို ဆက်လက်ပြီး တည်ထောင်ပါတယ်။ အဲဒီဟာကို ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာ သိမ်းပြီးတဲ့နောက် ပြည်သူပိုင် အသိမ်းခံရတယ်။ ပြည်သူပိုင် သိမ်းပြီးတဲ့နောက် ရန်ကုန်က ထုတ်သေးတယ်။ နောက်တော့မှ ဒါကို မန္တလေးကို ပြောင်းပြီးတော့မှ မန္တလေးဟံသာဝတီ သတင်းစာတိုက် ဆိုပြီးတော့ ဖွင့်လိုက်တယ် ပေါ့လေ။ အဲဒီမှာ ဦးဝင်းတင်က အယ်ဒီတာချုပ်ဖြစ်လာတယ်။
ဦးဝင်းတင် ဒါမတိုင်ခင်က ကြေးမုံသတင်းစာ အယ်ဒီတာပါ။ ဦးဝင်တင်ဟာ အင်မတန် ကလောင်ထက်တဲ့ သတင်းစာဆရာ ဖြစ်တယ်။ ဒီနေ့ခေတ်မှာအထက်မြက်ဆုံး သတင်းစာဆရာလို့ ပြောနိုင်ပါတယ်။ အလွန်လေးစားခံရတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်တယ်။ စာပေလောက၊ သတင်းစာဆရာလောက,က ဦးဝင်းတင်ရဲ့ ဂုဏ်ကို အလွန်ရိုသေကြတယ်။ အဲဒီတော့ ဦးဝင်းတင်ဟာ တကိုယ်တော် လူပျိုကြီးဘ၀နဲ့ သတင်းစာကိုပဲ ဖက်တွယ်ပြီးတော့ကို သံယောဇဉ်ကြီးကြီးနဲ့ နေထိုင်ခဲ့တဲ့ သတင်းစာ ဆရာကြီးပါ။ စာတွေရေးတယ်။ ဝေဖန်ချက်တွေရေးတယ်။ ဘာသာပြန်တယ်။ သတင်းတွေ စီကာပတ်ကုံး ရေးတယ်။ သူက စောစောပိုင်းက နယ်သာလန်မှာ သတင်းစာပညာ သင်ခဲ့တယ်လို့ သိရတယ်။ နောက်တော့ စာပေဗိမာန်မှာ အမှုထမ်းတယ်။ စာပေဗိမာန်မှာ အမှုထမ်းတဲ့ အခါကျတော့ စာပေဗိမာန်က စွယ်စုံကျမ်းတို့ လူထုသိပ္ပံတို့ နှစ်ငါးဆယ် ကမ္ဘာရေးရာ နှစ်ငါးဆယ် ယဉ်ကျေးမှုရေးရာ စတဲ့ စာစောင်တွေ ပုံနှိပ်တဲ့နေရာမှာ ဦးဝင်တင်က ဦးဆောင်ပြီး လုပ်ခဲ့တယ်လို့လဲ သိရပါတယ်။
ဆရာဦးဝင်းတင်ဟာ အရေးအခင်းကျတော့ ကျွန်တော်တို့ စာရေးဆရာသမဂ္ဂကို ဦးဆောင်တယ်။ ၁၉၈၈၊ (၈) လေးလုံး အရေးအခင်းမှာ ဦးဝင်းတင် တို့ မောင်သော်ကတို့ မောင်ဝံသတို့ မောင်မိုးသူတို့ ဦးဝင်းခက်တို့ စသည်ဖြင့် အဲဒီပုဂ္ဂိုလ်တွေ ခေါင်းဆောင်ပြီးတော့ စာရေးဆရာသမဂ္ဂ လုပ်တယ်။ ဆရာဟာ တက်တက်ကြွကြွ ဦးဆောင်လှုပ်ရှားခဲ့ပါတယ်။
နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပေါ်လာတဲ့အခါကျတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲပြီးတော့ ပါဝင်ခဲ့ပါတယ်။ ဦးဝင်းတင်က သတ္တိရှိတယ်၊ ကလောင် ထက်တယ်၊ အနုပညာမှန်သမျှကို ချစ်မြတ်နိုး တယ်။ မိတ်ဆွေအပေါင်းအသင်းတွေကို အလွန်ခင်မင်လေ့ ရှိတယ်။ သူနဲ့လုပ်ဖော်ကိုင်ဖက် သတင်းစာဆရာ၊ စာရေးဆရာတွေကို အမြဲလိုလို သူ့အိမ်မှာ ၀ိုင်းဖွဲ့ပြီးတော့ ချက်ပြုတ် ကျွေးမွေးလေ့ရှိတယ်။ ဒါနဲ့ ဦးဝင်းတင်အိမ်မှာ ၀ိုင်းမဖွဲ့ဘူးတဲ့ သတင်းစာဆရာ၊ စာရေးဆရာ အင်မတန်ရှားလိမ့်မယ်လို့ ထင်တယ်။ အဲတော့ သိပ်ချစ်စရာ ခင်စရာ ကောင်းတဲ့ ပုဂ္ဂိုလ်ကြီး ပါပဲ။ အလွန်တည်ကြည်တယ်။ ၁၉၈၉ ခုနှစ် မှာ ဦးဝင်းတင်ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပထမဦးဆုံး အဖမ်းခံရတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ စစ်အစိုးရက လုပ်ကြံပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မောင်စိုးသိန်းဆိုတဲ့ လူငယ်လေးနဲ့ မသူဇာဆိုတဲ့ မိန်းကလေးအမှုပေါ့လေ။ အဲဒီအမှုမှာ ပါဝင်တယ်လို့ အမှုဆင် လုပ်ကြံပြီး ဦးဝင်းတင်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်။ အခုအထိ လွှတ်မပေးသေးဘူး။ လွတ်နိုးလွတ်နိုး လွှတ်မလိုလို လွှတ်မလိုလို နဲ့ နှစ်ပေါင်းကြာခဲ့ပြီ။ ၈၉ ခုနှစ်က ဒီနေ့အထိ (၂၀၀၆ ခုနှစ်အထိ) နှစ်ပေါင်းကြာခဲ့ပြီ။ အခုအထိ လွှတ်မပေးသေးဘူး။
ဦးဝင်းတင်ကို စစ်အစိုးရ က အလွန်ကြောက်တယ်။ ဟို ... ဦးနေ၀င်း လက်ထက်တုန်းကလည်း ဦးဝင်းတင်ရဲ့ ကလောင် ထက်မြက်တာကို ကြောက်ပြီးတော့ ဦးနေ၀င်းက ဦးဝင်းတင်ကို ဦးစာပေးသလိုလိုနဲ့ မွေးဖိြု့ ကံစည်ခဲ့တယ်။ သို့ပေမယ့်လဲ ဦးဝင်းတင်က အဲဒီလို အမွေးခံတဲ့ပုဂ္ဂိုလ် မဟုတ်ဘူး။ သူက မှန်မှန်ကန်ကန် ရပ်တည်တဲ့၊ သတင်းစာဆရာ အလွန်ပီသတဲ့ ပုဂ္ဂိုလ်ဆိုတော့ (ဂျာနယ်ကျော် ဦးချစ်မောင်တို့လို ပုဂ္ဂိုလ်မျိုးပေါ့ဗျာ) ဦးနေ၀င်းမွေးတာ ခံပုံမရဘူး။ ဒါနဲ့ ဟံသာဝတီ သတင်းစာ တိုက်ကြီးကို အကြောင်းမရှိ အကြောင်းရှာပြီး ပိတ်ပစ်ခဲ့တယ်။ တနည်းအားဖြင့်ဆိုရင် ဦးဝင်းတင်ရဲ့ ကလောင်ကို ရိုက်ချိုးလိုက်ခြင်းလို့ ဆိုနိုင်ပါတယ်။ သတင်းစာ လွတ်လပ်ခွင့်ကို ရိုက်ချိုးလိုက်တာပါပဲ။
ဦးဝင်းတင်ကို မလွှတ်ဘဲနဲ့ ထောင်ထဲမှာ အကျဉ်းချထားတာ ၈၉ ခုနှစ်ကတည်းက အခုအထိပေါ့လေ။ ဒီလို အကျဉ်းချထားတာကို ထောက်ရခြင်းဖြင့် ဦးဝင်းတင်ဟာ ဘယ်လောက်ထိအောင်ကို သတ္တိ ပြောင်မြောက်တယ် ဘယ်လောက်ထိအောင်ကို လေးစားဖွယ် ကောင်းတယ်ဆိုတာကို သိနိုင်ပါတယ်။ သူ့ရပ်တည်ချက်က ဘယ်လောက်ထိ ပြတ်ပြတ်သားသားရှိလဲ ဆိုတာကို သိနိုင်ပါတယ်။ အာဏာပိုင် အစိုးရနဲ့ အပေးအယူ မလုပ်ဘူး။ မျက်နှာချို မသွေးဘူး၊ ဒူးမထောက်ဘူး။ မပျော့ဘူး။ ခေါင်းအင်မတန် မာတယ်။ သို့သော်လည်း တိုင်းပြည်အပေါ်မှာ၊ ပြည်သူလူထု အပေါ်မှာ အလွန်ကရုဏာ ရှေ့ထားပြီးတော့ ပြည်သူကို ချစ်ခင်မြတ်နိုးတဲ့ ပုဂ္ဂိုလ်တယောက်ပါပဲ။ စံနမူနာထားအပ်တဲ့ ပုဂ္ဂိုလ်ပါပဲ။ အကျင့်စာရိတ္တ အလွန်ဖြူစင်တယ်။
ကျွန်တော်သိရသလောက်ဆိုရင် ကြေမုံသတင်းစာတိုက်မှာ လုပ်နေတုန်းက ဖြစ်စေ၊ ဟံသာဝတီ သတင်းစာတိုက်မှာ လုပ်နေတုန်းက ဖြစ်စေ သူဟာ အလုပ်သမားတွေအပေါ်မှာ အလွန်ညှာတာလေ့ ရှိတယ်။ အလုပ်သမားတွေနဲ့ ဒိုးတူဘောင်ဘက် စားသောက်နေထိုင်တယ်။ အလုပ်သမားတွေရဲ့ နေရေးထိုင်ရေး ဘ၀အခြေအနေတွေကို အမြဲတမ်း အကဲခတ်ပြီးတော့ကို ကူညီစောင့်ရှောက်လေ့ ရှိတယ်။ တိုက်သားတွေအားလုံးက သူတို့အယ်ဒီတာချုပ်ကို အလွန်ချစ်ကြပါတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးဟာ နိုင်ငံရဲ့သားကောင်းပေါ့၊ သူရဲကောင်းပေါ့။ သံမဏိစိတ်ဓာတ်ရှိတဲ့ တကယ့်အားကိုးရတဲ့ ပုဂ္ဂိုလ်တဦးပေါ့။ ကျွန်တော် တို့အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဦးဝင်းတင်ရယ် ဒီနှစ်ယောက် တိုင်းပြည်မှာ ဦးဆောင်နေတာကို သိပ်ဝမ်းသာမိပါတယ်။ နိုင်ငံရဲ့အခြေအနေအရ အခွင့်အခါကောင်းလို့ သူတို့နှစ်ဦးသာ ဦးဆောင်ခွင့်ရခဲ့မယ်ဆိုရင် တိုင်းပြည်မှာ အလွန်ကို ဖွံဖြိုးတိုးတက်သွားလိမ့်မယ်။ တိုင်းပြည်မှာ ဒီမိုကရေစီရပြီးတော့ကို အလွန် လွတ်လပ်လာလိမ့်မယ်။ လူ့အခွင့်အရေးတွေ အပြည့်အ၀ ခံစားရလိမ့်မယ်လို့ ယူဆပါတယ်။
ဦးဝင်းတင်ဟာ အလှရှာတော်ပုံ၊ ကမ္ဘာနီတွင်တဒင်္ဂ၊ ဗီယက်နမ်အောင်ပွဲ ၊ ခြေမှာစကား လက်ဖျားကဗျာ၊ ကွိ (ဘာသာပြန်)၊ ဥတ္တရအလင်း(ဘာသာပြန်)၊ ပြည်သူတို့ရဲ့စကားပြန် စတဲ့ စာအုပ်တွေ ရေးခဲ့ပါတယ်။
ဦးဝင်းတင်လို ပုဂ္ဂိုလ်မျိုးကို ကျွန်တော်တို့က စံနမူနာခေါင်းဆောင် ထားပြီးတော့ နောက်လူငယ်တွေဟာ သတင်းစာဆရာ ကောင်းတဦး၊ မျိုးချစ်ပုဂ္ဂိုလ်ကောင်းတဦးဖြစ်အောင် ကြိုးစားခဲ့မယ်ဆိုရင် လူငယ် မျိုးဆက်သစ်တွေမှာ အလွန်အကျိုးရှိလိမ့်မယ်လို့ ယူဆပါတယ်။ ။
တင်မိုး
(ဧရာဝတီ ၀က်ဘ်ဆိုက်မှ ကူးယူဖော်ပြသည်)
No comments:
Post a Comment