(မိုးမခ ၀က်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်)
လတ်တလော ကျနော်တို့ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေကြားမှာ ဆွေးနွေးငြင်းခုံ နေကြတာတွေကို မြင်ရကြားရတော့ မျက်စိထဲမှာ စွဲနေတဲ့ မြင်ကွင်းလေးကို သွားသတိရမိတယ်။ ဘယ်လိုမြင်ကွင်းလဲဆိုတော့ မူကြိုကျောင်းကလေး တကျောင်းမှာ တွေ့ခဲ့ရတဲ့ မြင်ကွင်းလေးပါ။ မူကြိုအရွယ် ကလေးတွေဆိုတာက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ပြီး တောက်တောက် တောက်တောက်နဲ့ ပြေးလွှားဆော့ကစားတတ်ကြတဲ့ အရွယ်တွေ မဟုတ်လား။ အဲဒီတော့ အားလပ်ချိန်တွေမှာ ကျောင်းမှာရှိတဲ့ အုပ်ထိန်းသူ ဆရာ၊ ဆရာမတွေက ကစားနည်းအမျိုးမျိုးနဲ့ ဆော့ကစားခိုင်းတာကို တွေ့ရလေ့ရှိတယ်။ ကလေးတွေကလည်း ဆော့ကစားနေရရင် ပျော်နေတာပဲကိုး။တခါသားမှာ ကျနော့်မိတ်ဆွေကြီးတယောက် ဖွင့်လှစ်ထားတဲ့ မူကြိုကျောင်းကို သွားလည်ဖြစ်တယ်။ ကျနော်သွားတဲ့အခါ တိုက်တိုက်ဆိုင်ဆိုင် ကလေးတွေကို အားလပ်ချိန်ပေးထားတာနဲ့ သွားပြီးကြုံကြိုက်တယ်။ ကျောင်းဝင်းထဲကို ၀င်လိုက်တာနဲ့ မြက်ခင်းစိမ်းစိမ်းပေါ်မှာ လေမှုတ်ထားတဲ့ ရောင်စုံဘောလုံးလေးတလုံးနဲ့ ပြေးလွှားဆော့ကစားနေတဲ့ ကလေးတွေကို တွေ့ရတယ်။ ကလေးတွေက ရောင်စုံဘောလုံးလေးကို ၀ိုင်းလုလိုက်၊ ရတဲ့ကလေးက ကြုံသလို ကန်ထုတ်လိုက်၊ ဘောလုံး ရှေ့ကိုထွက်သွားရင် နောက်က၀ိုင်းလိုက် ကြနဲ့ လုယက် ဆော့ကစားနေကြတာကို တွေ့ရတယ်။
အဲဒီအချိန်မှာ သူတို့ကို အုပ်ထိန်းတဲ့ ဆရာမလေးက နောက်ထပ် ဘောလုံးတလုံးကို လေမှုတ်ပြီး မြက်ခင်း စိမ်းပေါ် ပစ်သွင်းလိုက်တယ်။ အဲဒီအခါမှာ ကလေးတွေက အရင်ဘောလုံးနောက်ကို မလိုက်တော့ဘဲ ထပ်ပြီး ပစ်သွင်းလိုက်တဲ့ ဘောလုံးနောက်ကို ၀ိုင်းလိုက်ကြတာကို တွေ့ရတယ်။ နောက်ထပ် ဘောလုံးတလုံး လေမှုတ်ပြီး ပစ်သွင်းလိုက်တိုင်း အသစ်ဝင်လာတဲ့ ဘောလုံးနောက်ကိုသာ လိုက်လု လိုက်ကစားနေကြတာကို တွေ့နေရပါတယ်။ လေးငါးလုံးလောက် ပစ်သွင်းပြီးတဲ့ အချိန်မှာတော့ ကလေးတွေ လိုက်မလုတော့တဲ့ ဘောလုံးတွေကိုပဲ ဆရာမလေးက ပြန်ကောက်ပြီး မြက်ခင်းပေါ် ပြန်ပစ်သွင်းပေးနေတာကို တွေ့ရတယ်။ ကလေးတွေကလည်း ဘောလုံးအသစ်လား အဟောင်းလား မသိဘဲ ထပ်ပြီး ပစ်သွင်းတဲ့ ဘောလုံးနောက်ကိုပဲ လိုက်လု လိုက်ဆော့နေကြတာကို တွေ့ရတယ်။
အခုလည်း ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေကြားမှာ လတ်တလော အဲလိုဒီပုံစံမျိုး ဖြစ်ပျက်နေတာကို တွေ့နေရပါတယ်။ ဘယ်အချိန်ကစပြီး ဖြစ်တာလဲဆိုရင်တော့ ရွှေဝါရောင်တော်လှန်ရေး ပြီးတဲ့အချိန်ကတည်းက စတယ်လို့ ပြောရမှာပါပဲ။ ရွှေဝါရောင်တော်လှန်ရေး မတိုင်မီက အနေအထားကို ပြောရမယ်ဆိုရင် ကျနော်တို့ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေဘက်က ၉၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ပေးဖို့ တစိုက်မတ်မတ် တောင်းဆိုနေတဲ့ အနေအထားဖြစ်ပြီး နအဖအနေနဲ့ကတော့ ၉၀ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော် မပေးရရေးအတွက် သူတို့စိတ်ကြိုက် ရွေးချယ်ထားတဲ့ လက်ညှိုးထောင် ခေါင်းညိတ်တွေနဲ့ အမျိုးသားညီလာခံကို ဇွတ်ကျင်းပနေတဲ့ အနေအထားလို့ ပြောရပါမယ်။
ဘောလုံးစကားနဲ့ ဥပမာပေးရရင် ဘောလုံးကွင်းထဲမှာ ၉၀ ရွေးကောက်ပွဲရလဒ်ဆိုတဲ့ ဘောလုံးတလုံးတည်း ကိုသာ နအဖက ဖျက်ထုတ်ဖို့ ကြိုးစားလိုက် အတိုက်အခံက ဖျက်ထုတ်ခွင့်မပေးဘဲ ဂိုးသွင်းဖို့ ကြိုးစားလိုက် ဖြစ်နေတယ်လို့ ပြောရပါမယ်။ ဒါပေမယ့် နအဖက လက်ရှိအာဏာဆုပ်ကိုင်ထားတဲ့ သူတွေမို့ သူတို့ကွင်းမှာ ကန်နေရတဲ့ အနေအထားလို့ ပြောရပါမယ်။ အဲသလို ကန်နေကြရင်း နအဖက တချိန်လုံး အမျိုးမျိုး ညစ်ပတ် လူချကစားနေခဲ့ပါတယ်။ ဒါပေမယ့် နအဖစစ်အုပ်စုကလည်း ၉၀ရွေးကောက်ပွဲရလဒ်ဆိုတဲ့ ဘောလုံးကို ပျက်အောင် ဖျက်မထုတ်နိုင် ပြိုင်ဘက် အတိုက်အခံအင်အားစုဘက်ကလည်း အဲဒီ ၉၀ရွေးကောက်ပွဲရလဒ်ဆိုတဲ့ ဘောလုံးကို ဂိုးဝင်အောင် မသွင်းနိုင်ဘဲ ခြေကုန်လက်ပန်းကျတဲ့ အနေအထားမှာ ရောက်နေခဲ့ပါတယ်။
အဲဒီလိုအချိန်မှာပဲ ရွှေဝါရောင်တော်လှန်ရေး လက်သီးချက်က နအဖအသင်းနည်းပြကြီး ဗိုလ်သန်းရွှေရဲ့အ ရှိုက်ကို ထိသွားတဲ့အတွက် ဗိုလ်သန်းရွှေ ယိုင်ထွက်သွားတယ်။ အဲဒီမှာ ဒီယီးဒယိုင်ဖြစ်သွားတဲ့ ဗိုလ်သန်းရွှေက ဘောလုံးကွင်းထဲကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပါ့မယ့်ဆိုတဲ့ ဘောလုံးတလုံး စတင် ပစ်ထည့်လိုက်ပါတယ်။ အဲဒီမှာတင် ကျနော်တို့ အတိုက်အခံ အသင်းသားတွေလည်း နဂိုကန်နေတဲ့ ၉၀ရွေးကောက်ပွဲရလဒ်ဆိုတဲ့ ဘောလုံးကြီးကို ပစ်ထားခဲ့ပြီး နအဖက ပစ်သွင်းလိုက်တဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ ဘောလုံးနောက်ကို ကောက်ကောက်ပါအောင် လိုက်သွားကြတာ တွေ့ရတယ်။ ဂမ်ဘာရီကို မျှော်လိုက် မီဒီယာပေါင်းစုံကနေ တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုလိုက် အကြံပြုဆွေးနွေးလိုက်နဲ့ ဗိုလ်သန်းရွှေ ပစ်ထည့်လိုက်တဲ့ ဘောလုံးအသစ်နောက်ကို အချိန်အတော်ကြာ လိုက်ကစားနေတာကို တွေ့ရပါတယ်။
အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က “အကောင်းဆုံးကို မျှော်လင့်သလို အဆိုးဆုံးကိုလည်း ပြင်ဆင်ကြပါ” လို့ သတိပေး ပြောကြားလိုက်တော့ နအဖနည်းပြကြီး ဗိုလ်သန်းရွှေတယောက် လန့်ဖြန့်ပြီး ဆိုင်းမဆင့် ဗုံမဆင့် နောက်ထပ် ဘောလုံးတလုံးကို ကွင်းထဲ ပစ်သွင်းလိုက်ပြန်ပါတယ်။ အဲဒါကတော့ ၁/၂၀၀၈ အရ အတုအယောင် ဖွဲ့စည်းပုံမူကြမ်းကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ အတည်ပြုပြီး ၂/၂၀၀၈ အရ ၂၀၁၀ပြည့်နှစ်မှာ ပါတီစုံဒီမိုကရေစီ အထွေရွေးကောက်ပွဲကြီးကို ကျင်းပပေးမယ်ဆိုတဲ့ ဘောလုံးပဲ ဖြစ်ပါတယ်။ အဲဒီဘောလုံးလည်း ကွင်းထဲဝင်လာရော ကျနော်တို့ အတိုက်အခံတွေ တွေ့ဆုံဆွေးနွေးရေးဘောလုံးကို ပစ်ထားခဲ့ပြန်ပြီး ၀င်လာတဲ့ ဘောလုံးအသစ်နောက်ကို တဟုန်ထိုး ပြေးလိုက်ကြပြန်ပါရော။
အဲဒီဗိုလ်သန်းရွှေ ပစ်ထည့်လိုက်တဲ့ ဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲဘောလုံးကို ၀ိုင်းလုကြရင်း No Vote, Vote No နဲ့ ၀ိဝါဒကွဲကြ၊ လူထုလိုက်ပါနိုင်မယ့် နည်းလမ်းကို စဉ်းစားရမယ်တို့၊ လူထုက လိုက်လုပ်ရဲပါ့မလားတို့ဆိုတဲ့ ဝေဖန်လေကန်သံတွေနဲ့ လူထုကိုပဲ သူငယ်နှပ်စားတွေလို ပြောဆိုဆွေးနွေးငြင်းခုန်ရင်း အချိန်ကုန်နေကြတာကို တွေ့ရပြန်ပါတယ် (တကယ်ဆို လူထုဟာ ၁၉၆၀ ရွေးကောက်ပွဲမှာရော ၁၉၉၀ ရွေးကောက်ပွဲမှာပါ စစ်တပ်ကို ဘယ်လို ပြတ်ပြတ်သားသား ဆန့်ကျင်တယ်ဆိုတာ ပြသခဲ့ပြီးပါပြီ။ ဒါဟာ ဘယ်သူမှ သင်မပေးရဘဲ လူထုက သူ့အလုပ် သူလုပ်ခဲ့တာပါ။ အဲဒီကြောင့်မို့ လူထုကို လုံးဝမစိုးရိမ်ပါနဲ့၊ လူထုက သူ့အလုပ်သူ သိပြီးသားပါ။ လူထုကို ခေါင်းဆောင်မယ်ဆိုတဲ့ သူတွေပဲ ကိုယ့်ကိုယ်ကိုယ် ပြန်စိုးရိမ်ကြပါလို့ ပြောချင်ပါတယ်)။
ကျနော်တို့ဘက်က အဲဒီလို ငြင်းခုန်နေကြချိန်မှာပဲ ဗိုလ်သန်းရွှေက သူ့ရဲ့ လက်ထောက်နည်းပြလေး ဗိုလ်ဥာဏ်ဝင်းကို နောက်ထပ် ဘောလုံးတလုံး ကွင်းထဲ ထပ်ပစ်ထည့်ခိုင်းလိုက်ပြန်ပါရော။ ဘယ်လို ဘောလုံးလေးလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀မှာ ရွေးကောက်ပွဲဝင်ခွင့်ပေးမှာ မဟုတ်ဘူးဆိုတဲ့ ဘောလုံးပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဝင်ခွင့် ပေးမပေးဆိုတာ ဗိုလ်ဥာဏ်ဝင်းမှာ ပြောပိုင်ခွင့်မရှိမှန်း၊ ပြည်သူကသာ ဆုံးဖြတ်ရမယ်မှန်း သိနေကြရက်နဲ့ အဲဒီဘောလုံးလေးလည်း ကွင်းထဲထပ်ဝင်လာရော နင်းကန်ပြေးလိုက်ကြပြန်ပြီး ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ လေလှိုင်းတွေမှာ အာပေါင်အာရင်းသန်သန် ပြောဆိုနေကြပြန်ပါရော။
ကျနော့်အမြင်အရတော့ အဲသလို မြင်မြင်ကရာ ဘောလုံးတွေနောက်ကို ပြေးပြေးလိုက်နေကြတဲ့ ကျနော်တို့ အတိုက်အခံ အသင်းသားတွေကို ကြည့်ပြီး ပြိုင်ဘက်လူညစ်နည်းပြကြီး ဗိုလ်သန်းရွှေနဲ့ အုပ်စုကတော့ ဟားတိုက် ရယ်မောနေကြမယ်လို့ ထင်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ မကန်စေ့ချင်တဲ့ ကနဦး ၉၀ရွေးကောက်ပွဲရလဒ်ဆိုတဲ့ ဘောလုံးနောက်ကို ဘယ်သူမှ လိုက်လုကြတာ မတွေ့ရတော့ဘဲ သူတို့ နောက်ထပ်ပစ်ထည့်လိုက်တဲ့ ဘောလုံးသုံးလုံးနောက်ကိုသာ သဲကြီးမဲကြီး လိုက်ပါဆော့ကစားနေကြတာကို တွေ့နေရလို့ပါပဲ။
မူကြိုကျောင်းကလေးမှာ တွေ့ရတုန်းကတော့ အုပ်ထိန်းသူ ဆရာမလေးက ကလေးတွေ မတို့မထိတော့တဲ့ ကနဦးဘောလုံးကို ကွင်းထဲ ပြန်ပစ်သွင်းပေးပေမယ့် လူညစ်နည်းပြကြီး ဗိုလ်သန်းရွှေနဲ့ အဖွဲ့ကတော့ အတိုက်အခံတွေ မေ့လျော့ပစ်ချထားခဲ့တဲ့ သူတို့ မကန်စေ့ချင်တဲ့ ကနဦး ၉၀ရွေးကောက်ပွဲရလဒ်ဆိုတဲ့ ဘောလုံးကြီးကို အလစ်မှာ မလိမ့်တပတ်ဝင်လာပြီး ကောက်သိမ်းသွားမှဖြင့် ကျနော်တို့ အသင်းသားတွေ မျက်ရည်စက်လက် ဖြစ်ကျန်ခဲ့မှာကို မြင်ယောင်မိလို့ အခုလို အမုန်းတော်ခံပြီး သတိပေးရေးသား လိုက်ရခြင်း ဖြစ်ပါတယ်။
ဒေါက်တာလွဏ်းဆွေ
2 comments:
This article is an objective criticism of Burmese democratic activists so called prominent Leaders. SPDC is the most stupidest junta that we have ever known of. Why all of our leaders still can’t defeat SPDC????
The author should be rewarded for his analytical skill. This is awesome.
ဟုတ်တယ်ဆရာရေ၊ ကျွန်တော့်တို့နိုင်ငံအခြေနေဆိုးနေ တာ၊ စစ်အာဏာရှင်တွေသက်ဆိုးရှည်နေတာ နိုင်ငံရေး သမားအမည်ခံတဲ့ စိတ်ဓါတ်မပြည့်ဝသူတွေ၊ အတွေးအခေါ်ချို့ တဲ့သူတွေရဲ့ ကြောင်တောင်တောင် လုပ်ရပ်တွေ က တစ်စိတ်တပိုင်းပါဝင်နေပါတယ်။ အခုအချိန်ထိ စည်းလုံးညီညွတ်မှုမရသေးကြပါဘူး။ ရင်လေးတယ်ဆရာရေ့ 
Post a Comment