Thursday, March 6, 2008

‘မဲသွားမပေးဘူး … ဟေ့’ ဆိုတဲ့ စည်းလုံးခြင်းအင်အားနဲ့ အာဏာရူးနအဖရဲ့ နောက်ဆုံးထွက်သက်ကို အလဲထိုးကြပါစို့ …

ဒီနေ့ ကျမရဲ့ အသိတယောက်နဲ့ သွားတွေ့ပါတယ်။ တွေ့တဲ့အခါ တခြား မာကြောင်းသာကြောင်း အလုပ်အကိုင် အဆင်ပြေမပြေ ထုံးစံအတိုင်း သူ့အကြောင်း ကိုယ့်အကြောင်းတွေ မေးကြမြန်းကြ အပြီးမှာတော့ အခုလာမယ့် မေလမှာ လုပ်မယ်ဆိုတဲ့ ဆန္ဒမဲပေးရမယ့်အကြောင်း ပြောဖြစ်ပါတယ်။ သူကတော့ တော်တော်လေးကို စိတ်ပျက်လက်ပျက် ဖြစ်နေပုံပါပဲ။ သူ့အနေနဲ့ကတော့ ဒီဆန္ဒခံယူပွဲကိုရော နအဖကိုရော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုရော ပြည်သူတွေကိုရော အို …ပြောရမယ်ဆိုရင် သူ့ခမျာ တွေ့သမျှ မြင်သမျှ အားလုံးကို ကြည့်မရ ဖြစ်နေရှာတာကိုး။

ဒီမှာ လူတွေက မစ္စတာဂမ်ဘာရီလာပြီး နအဖကို ဖြုတ်၊ ဒေါ်အောင်ဆန်းစုကြည်ကို တင်၊ ရော့ … ဒီမိုကရေစီလို့ ပေးလိုက်မယ် ထင်နေကြတာတဲ့။ ဒီသံဃာ့အရေးအခင်းမှာ သံဃာတော်တွေနဲ့ လူတချို့ကသာ အရိုက်အနှက်ခံ အဖမ်းဆီးခံ ဖြစ်ခဲ့ကြတာ၊ အပြင်မှာ ကျန်ခဲ့တဲ့ လူတွေကတော့ ဟေးလားဝါးလားနဲ့ ပြီးတော့လည်း ကိုယ့်အိမ်ကိုယ်ပြန်ပြီး ဇိမ်နဲ့ နေနေကြတာတဲ့။ ဒီမိုကရေစီဆိုတာ သူများက ‘ရော့ … အင့် …’ လို့ ပေးမှ ရမယ်ထင်နေတဲ့ သူတွေက ရှိသေးတာတဲ့။ မစ္စတာဂမ်ဘာရီကိုလည်း နအဖက လာဘ်ထိုးတာတွေ လက်ခံပြီး ထိထိရောက်ရောက် ဘာမှမလုပ်ဘဲ အလာပြလိုက် ပြန်သွားလိုက် လုပ်နေတာပဲလို့ ပြောတဲ့သူတွေက ပြောနေပေမယ့် ဒီမစ္စတာဂမ်ဘာရီ ဆိုတာကလည်း နိုင်ငံတကာမှာ သူ့တာဝန်နဲ့ သူ့အဆင့်အတန်းနဲ့သူ ရှိတဲ့သူမို့ သူ့တာဝန်ကျေအောင်ပဲ လုပ်မှာပေါ့တဲ့။ သူ့တိုင်းပြည်သူ့လူမျိုးမှ မဟုတ်ဘဲတဲ့။ ဒီကလူတွေက ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက်ဆိုပြီး ပိုပြီးပြင်းပြတဲ့ စိတ်ဓာတ်နဲ့ လုပ်သင့်တာတဲ့။

ပါကစ္စတန်မှာဆို ကြည့်လေ လူထုက မကြိုက်တော့ သူတို့ကိုယ်သူတို့လည်း အထိခိုက်ခံပြီး လုပ်တယ်။ ဒီမှာက ဒီလိုလုပ်တဲ့သူတွေ မရှိဘူး။ ပြီးတော့ မမစု (ဒေါ်အောင်ဆန်းစုကြည်) ဘက်မှာရော တကယ့်ကိုပဲ အနှစ်သာရအပြည့်နဲ့ တစိုက်မတ်မတ် လုပ်တဲ့သူတွေ ဘယ်လောက်ကျန်သေးလို့လဲ။ တခြားအဖွဲ့အစည်း တွေကလည်း တကယ်ထိရောက်တဲ့ လုပ်ဆောင်ချက်မျိုးတွေ လုပ်ဆောင်တာ မတွေ့ရသလောက်ပါပဲ။ ၈၈ နောက်ပိုင်းကတည်းက န၀တ၊ နအဖ စစ်အာဏာရှင် လက်အောက်မှာ တိုင်းပြည်အတွက် တကယ်အလုပ်လုပ်တဲ့ သူတွေက အခုထိ ထောင်ထဲမှာ ထောင်ကျခံ အဖိနှိပ်ခံ နေကြရတုန်းပါပဲ။ လွှတ်ပေးလိုက်ပြန်လည်း ခဏပဲ၊ သူတို့ယုံကြည်ချက်အတွက် ပြန်လုပ်ပြန်တော့လည်း ပြန်ပြီး အဖမ်းခံကြရတာနဲ့ တကယ်အလုပ်လုပ်တဲ့ သူတိုင်းဟာ သူတို့ရဲ့ ဘ၀တွေကို ထောင်ထဲမှာပဲ နှစ်ရှည်လများ အဖိနှိပ်ခံ နေကြရတာပဲလေ။

အဲ …နိုင်ငံရေး လုပ်စားတတ်သူတွေကတော့ ပြည်ပကိုထွက်သွား နိုင်ငံရေး ခိုလှုံခွင့်တောင်းပြီး ကိုယ်ကျိုးရှာ နိုင်ငံရေးသမား အလုပ်တွေပဲ လုပ်စားနေကြတာ။ ပြင်ပနိုင်ငံတကာက ဖိအားပေးဖို့ နည်းနည်း အသံမြည်လိုက်ရင် အဲဒီလုပ်စားနေတဲ့ နိုင်ငံရေးသမားတွေက ရှေ့ကထွက်ပြီး အော်ပြလိုက် ဒီလိုနဲ့ပဲ မျောက်ပြ ဆန်တောင်း လုပ်နေကြတာပဲတဲ့။ နအဖဘက်ကရော အဲဒီလို လုပ်စား နိုင်ငံရေးသမားတွေ များလေ ကြိုက်လေပေါ့။

အဲဒါတွေကို နင်းပြီး ခပ်တည်တည်နဲ့ လမ်းစဉ် (၇)ရပ်တို့ လမ်းပြမြေပုံတို့ လုပ်ပြပြီး အချိန်ဆွဲခဲ့တာ ဘယ်လောက်တောင် ကြာပြီလဲ။ သူ့အနေနဲ့ကတော့ ဘယ်သူ့ကိုမှ မယုံကြည်ပါဘူးတဲ့။ နိုင်ငံကို ကောင်းအောင် တကယ်လုပ်မယ့်သူဆိုရင် ဘယ်သူပဲဖြစ်ဖြစ် ကြိုက်မှာပဲ။ လူပုဂ္ဂိုလ်ရေး ခင်မင်လေးစားတာမျိုး ရှိပေမယ့် အဲဒီပုဂ္ဂိုလ် လုပ်ပိုင်ခွင့်ရမှဆိုတဲ့ ပုဂ္ဂိုလ်စွဲတော့ မဟုတ်ဘူး။ အဲဒီတော့ အခုလက်ရှိ အခြေအနေမှာ နအဖကပဲ ဥာဏ်နီဥာဏ်နက် များလွန်းတာလား။ ဒီတိုင်းပြည်မှာနေတဲ့ လူတွေကပဲ လူစွမ်းလူစတွေ ညံ့လွန်းပြီး ကိုယ့်တဘို့ထဲ ကြည့်သူတွေ များလွန်းတာလား။ တခုခုတော့ တခုခုပဲ။ ပြောရမယ်ဆိုရင် ဒီလောက် နှစ်တွေကြာအောင် နအဖရဲ့ လက်အောက်မှာ အောင့်အည်းသည်းခံ နေနိုင်တာဟာ ဒီမိုကရေစီဆိုတာ တောင်းစရာ မလိုတော့အောင်ပါပဲတဲ့။ ဒီတော့ ဒီနအဖရဲ့ ဒဏ်ကို ခံနိုင်ရင် ဒီတိုင်းပြည်မှာ ဆက်နေ၊ မခံနိုင်ရင်တော့ နိုင်ငံခြားကို ထွက်သွားကြ၊ ဒါမျိုးပဲ လုပ်စရာရှိတော့တယ်။

အခုလည်း အခြေခံဥပဒေ မူကြမ်းအတွက် ဆန္ဒမဲပေးရေးဆိုပြီး သေကာနီး ကျားသေကို အသက်ဆက်ရှင်အောင် အကြီးအကျယ် မန်းမှုတ်အသက်သွင်းဖို့ ကြံစည်နေကြပြန်ပြီ။ ဒီလိုအခြေအနေမှာ ပြည်သူတွေက ဘယ်လိုပဲ တုန့်ပြန်သည်ဖြစ်စေ နအဖကတော့ သူတို့လုပ်နေကြအတိုင်း အားလုံးကောင်းပါသည်ခင်ဗျား ဆိုပြီး ပြည်သူလူထုကြီး တရပ်လုံးက ဒီဥပဒေမူကြမ်းကို တခဲနက် ထောက်ခံပါကြောင်း သူတို့ပိုင်တဲ့ သတင်းစာ ရေဒီယို ရုပ်မြင်သံကြား စတဲ့ နအဖ မီဒိယာတွေက ထည့်မှာ မြေကြီးလက်ခတ်မလွဲဘဲပေါ့။ အဲဒါကို အစကတည်းက မဲမထည့်ခင် ကန့်ကွက်တာပဲ ဖြစ်ဖြစ် မဲပေးမယ့်ကိစ္စကို ပျက်ပြယ်အောင် အနှောက့်ယှက်ပေးတဲ့ အပြုအမူ အပြောအဆိုတွေ လုပ်ခဲ့ရင်တောင် ဥပဒေအရ အရေးယူ အပြစ်ပေးမယ်ဆိုတာ တခါတည်း ချည်ပြီးတုတ်ပြီး ကြေညာပြီးသားမို့လား။ ကဲ … ဒီတော့ ဘယ်သူက အမှန်တရားအတွက် ပြောရဲတော့မှာလဲ။

နောက်ပြီး ဒီနိုင်ငံမှာ လက်နက်နဲ့ အာဏာရှိနေတဲ့ နအဖအဖွဲ့ရဲ့အတွင်းလှိုက်စား ခြတက်နေတဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့် ရပိုင်ခွင့်တွေ အလွဲသုံးတာမပြောနဲ့ အန်ဂျီအိုလို အစိုးရမဟုတ်တဲ့ လူမှုရေး အကူညီပေးရေး အဖွဲ့အစည်းတွေမှာလည်း ငွေကြေးပြဿနာ၊ အလုပ်နေရာ ပြဿနာတွေဟာ အတွင်းပိုင်းမှာ လှိုက်စားပြီး ရှိနေခဲ့တာ။ နိုင်ငံတကာအဖွဲ့အစည်း အနေအထားရှိတဲ့ ဒီလို အန်ဂျီအိုအဖွဲ့တွေမှာတောင် ဒါမျိုးတွေ မကင်းဘူးဆိုတော့ ဘယ်လိုစဉ်းစားပြုပြင်ကြမလဲ။ ဒီလိုအဖြစ်တွေကလည်း ငွေကြေးနဲ့ ပတ်သက်ရင် အဖွဲ့အစည်း တော်တော်များများမှာ အတိအလင်း မဖြေရှင်းနိုင်တဲ့ ပြဿနာတွေအဖြစ် ရှိနေဆဲပဲလေ။

ကဲ … သူပြောခဲ့တာတွေဟာ ရေပက်မ၀င်နိုင်အောင်ကို ဖြစ်ခဲ့တဲ့အတွက် ကျမ ဘာပြန်ပြောရမလဲဆိုတာ စဉ်းစားရပါတယ်။ သူပြောခဲ့တဲ့ စကားတွေထဲမှာ တော်တော်များများက လက်ရှိဖြစ်နေတဲ့ အချက်တွေနဲ့ ထပ်တူဖြစ်နေတာမို့ အအငြင်းပွားစရာ မရှိဘူးလို့ ထင်ရပေမယ့် ကျမဘက်က ပြောချင်တာလေးတွေ ရှိနေခဲ့ပါတယ်။ မှန်ပါတယ်။ ပုဂ္ဂိုလ်ရေး ခင်မင်မှုကြောင့် ဘယ်သူအာဏာရမှ ဘယ်သူလုပ်ပိုင်ခွင့်ရမှ ကောင်းလိမ့်မယ်ဆိုတဲ့ ပုဂ္ဂိုလ်ရေး စွဲလမ်းမှု မထားသင့်တာရယ်၊ ဘယ်သူမဆို ဘယ်အဖွဲ့အစည်းမဆို တိုင်းပြည်တိုးတက်ကောင်းမွန်အောင် လုပ်ပေးမယ်ဆိုရင် ကျမတို့က လက်ခံတယ်။ တိုင်းပြည်ကောင်းအောင် လုပ်ပေးမယ့်သူမှန်ရင် ပုဂ္ဂိုလ်စွဲ ၀ါဒစွဲ မထားဘဲ လက်ခံမယ်။ ဒါကတော့ ကျမရဲ့ ဆန္ဒပဲ၊ အများပြည်သူတွေလည်း သဘောတူကြမယ် ထင်ပါတယ်။

ဝါဒဆိုတဲ့နေရာမှာ ဘယ်ဝါဒ ဘယ်စနစ်ကမှ တကယ်ကောင်းတာပဲ၊ ဘယ်လိုအခြေအနေ အချိန်အခါပဲဖြစ်ဖြစ် ဒီဝါဒပဲလို့ လှေနံဓားထစ် လုပ်တာမျိုးကို လက်မခံနိုင်ပါဘူး။ တိုင်းပြည်နဲ့ လူမျိုးကောင်းစားမယ် တိုးတက်မယ်ဆိုရင် ဘယ်ဝါဒမဆို လက်ခံကျင့်သုံးမယ်။ လောကမှာ မြတ်စွာဘုရားရဲ့ အဆုံးအမ တရားဓမ္ဓကလွဲရင် ဘယ်အရာမှ အမြဲမှန်ကန်နေတယ် ဆိုတာ မရှိဘူးလေ။ အခုလို ကမ္ဘာဟာ ရွာတရွာဖြစ်နေတယ်ဆိုတဲ့ ခေတ်ကြီးထဲမှာ ကမ္ဘာကြီးဟာ အချိန်နဲ့အမျှ ပြောင်းလဲနေတာပါ။ အဲဒီလိုပဲ အတိုင်းတိုင်း အပြည်ပြည်ရဲ့ အခြေအနေတွေကလည်း လိုက်ပြီးပြောင်းလဲနေတာမို့ မနေ့က ကောင်းတယ်လို့ ဆုံးဖြတ်လက်ခံထားတဲ့ အဖြစ်ပျက်တခုဟာ ဒီနေ့အခြေအနေအရ အဲဒီလိုဖြစ်ချင်မှ ဖြစ်တော့မှာပါ။ ဘယ်အခြေအနေကိုမဆို လှေနံဓားထစ် တရားသေ လက်ကိုင်ထားဖို့ မဖြစ်နိုင်ဘူးလို့ ဆိုချင်ပါတယ်။

အဲဒါနဲ့ ပတ်သက်ပြီး မှတ်သားဖတ်ထားဖူးတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားတခွန်း ရှိပါတယ်။ တိုင်းပြည်နဲ့ လူမျိုးကောင်းစားမယ်ဆိုရင် ဘယ်စနစ်ကိုဖြစ်ဖြစ် လုပ်ရမယ် ဆိုတာပါပဲ။ ဒီတော့ တိုင်းပြည်နဲ့လူမျိုးသာ တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးပါ။ ဘယ်ပုဂ္ဂိုလ်မဆို ဘယ်ဝါဒမဆို ကြိုဆိုလက်ခံကြမှာပါ။ ကိုယ့်တိုင်းပြည်မှာ မတိုးတက်မဖွံ့ဖြိုးတော့ ဘာတွေဖြစ်လာသလဲဆိုရင် ကိုယ့်တိုင်းပြည်က လူ့အရင်းအမြစ်ဖြစ်တဲ့ လူငယ်လူရွယ် လူတော်လေးတွေ ရေကြည်ရာမြက်နုရာ သွားကြတော့တာပေါ့။ (တိုင်းပြည်မှာ တံတားတွေဆောက် လမ်းတွေဖောက်လို့ မြို့နယ်တိုင်းမှာ တက္ကသိုလ်တွေ ဖွင့်ထားလို့ ဖွံ့ဖြိုးတိုးတက်နေတယ်လို့ မပြောနဲ့နော်။ တကယ်တမ်းက သူတို့ရဲ့ ငွေအိတ်တွေ ပြည့်သွားအောင် အဲဒီစီမံကိန်းတွေကို အာဏာနဲ့ လုပ်ပိုင်ခွင့်ရှိသူတွေက သူတို့ရဲ့ အမျိုးတွေအဆွေတွေနဲ့ ရှယ်ရာခွဲပေးမယ့် သူတွေအတွက် လုပ်ကွက်ထွင်ပေးထားတာပါ။ နောက်တနည်းက ရန်ကုန်လို မြို့ကြီးတွေမှာ ကျောင်းသားတွေ တစုတဝေးထဲ မဖြစ်အောင်လည်း တားနိုင်တာမို့ ခဲတလုံးထဲနဲ့ ငှက်နှစ်ကောင်ပစ်တဲ့ နည်းလေ။ ဥာဏ်နီဥာဏ်နက်များကတော့ မကောင်းတဲ့ နေရာမှာ ထိပ်ပဲ)။

အခုတလောဆို ကျမရဲ့ ပတ်ဝန်းကျင်မှာ ကိုယ်သိတဲ့အထဲက ခေတ်ပညာတတ်လို့ ပြောလို့ရတဲ့ ကွန်ပျုတာနည်းပညာ တက္တသိုလ်က ဘွဲ့ရပြီးသား အသက်၂၅- ၃၀ လောက်ပဲရှိတဲ့ လူရွယ်လေး နှစ်ယောက်ဟာ စင်္ကာပူနိုင်ငံကိုသွားပြီး အလုပ်ရှာကြမယ်။ သူတို့အတွက်က ဟိုမှာ အလုပ်တခုမဟုတ် တခုတော့ ရမှာပဲတဲ့။ တပတ်အတွင်းမှာ နှစ်ယောက် ထွက်သွားပါပြီ။ ဒါတောင် ကျမ မသိတဲ့ ဒီလိုလူရွယ်လေးတွေ ဘယ်လောက်များ ထွက်ခွာခဲ့ပြီး နောက်ထပ် ဘယ်လောက်တောင် ထွက်ပြေးကြဦးမလဲဆိုတာ မပြောတတ်တော့ပါဘူး။ တနေ့တနေ့ စင်္ကာပူသံရုံးမှာ ဗီဇာလျှောက်ကြတဲ့ လူတွေဆိုတာ အနည်းဆုံး ၉၀-၁၀၀ ကနေ ဒီ့ထက်ပိုတဲ့ အရေအတွက်တောင် ရှိပါတယ်တဲ့။ မနက် ၆နာရီလောက်ကတည်းက သံရုံးရှေ့မှာ သွားတန်းစီရပါတယ်တဲ့။ နဲနဲများ အချိန်နောက်ကျပြီး ၁၀ နာရီလောက်မှ ရောက်သွားလို့ကတော့ တနေ့စာ သတ်မှတ်ထားတဲ့ အရေအတွက် ပြည့်သွားပြီမို့ နောက်တနေ့မနက် အစောကြီးမှာ သွားပြီးတန်းစီရပါတယ်တဲ့။

အဲဒီလောက်သွားနေတဲ့ လူဦးရေထဲမှာ ဘယ်နှစ်ယောက်က အလည်သွား ဈေးဝယ်ထွက် ပြန်လာပြီး ဘယ်နှစ်ဦးက ဟိုမှာ အလုပ်အကိုင်ရရေးအတွက် သွားတယ်ဆိုတာ သိပ်ကိုသိသာပါတယ်။ ဘာသယံဇာတမှ မထွက်တဲ့ ပင်လယ်ထဲက ကျွန်းကလေး၊ သောက်ရေတောင် သူများနိုင်ငံက ၀ယ်သောက်နေရတဲ့ နေရာ၊ အဲဒီလိုနေရာကို သယံဇာတ ပေါကြွယ်ဝတဲ့၊ သောက်ရေကို လိုသလောက် ငွေမကုန်ဘဲ သောက်နေရတဲ့ မြန်မာနိုင်ငံလိုနေရာက လူတွေ မျှော်လင့်တကြီးနဲ့ သွားနေကြတာဟာ ဘာကြာင့်လဲ။

တချိန်က စင်္ကာပူဝန်ကြီးချုပ် ဂိုချောက်တောင် ပြောခဲ့တဲ့ စကားရှိပါတယ်။ တိုင်းပြည်မှာ ဘာမှမရှိပေမယ့် လူ့စွမ်းအား အရင်းအမြစ်တော့ ရှိရမယ်တဲ့။ လူ့စွမ်းအား အရင်းအမြစ်နဲ့ပဲ ဒီကျွန်းကလေးကို ထူထောင်ကြမယ်။ သူပြောခဲ့တဲ့ စကားလုံး အပြည့်အစုံကို မမှတ်မိတော့ပေမယ့် သူ့ စကားရဲ့ ဆိုလိုရင်းက ဒီအဓိပ္ပါယ်ပါပဲ။ သွားမယ့် ကလေးတွေကို ကျမက ပြောပါတယ်။ နင်တို့လို ပညာတတ်ကလေးတွေ သွားတော့ ငါတို့တိုင်းပြည်မှာ ဘာကျန်တော့မလဲ။ လူညံ့ လူအနဲ့ လူမိုက်တွေပဲ ကျန်တော့မှာပေါ့ … ဆိုတော့ အမရေ ဆက်ပြီး သည်းမခံနိုင်တော့ဘူး၊ ဘာဖြစ်မယ်မှန်းမသိတဲ့ အခြေအနေရယ် ကျနော်တို့အတွက် ရပ်တည်မှုဆိုတာ ဘာလဲမရေရာတဲ့ အနေအထားကြောင့် ရေကြည်ရာမြက်နုရာကိုပဲ သွားပါတော့မယ်။ နောက်ပြီး ကျနော်တို့အင်အားနဲ့ ဘာမှမလုပ်နိုင်တာတဲ့။ သူ့ဆင်ခြေနဲ့သူတော့ ဟုတ်နေတာပဲလေ။ အေးပေါ့ … နောင်တနေ့ကျရင် စင်္ကာပူနိုင်ငံ မြန်မာလူမျိုးများ၊ မြန်မာနိုင်ငံ တရုတ်နဲ့ ကုလားလူမျိုးများ ဆိုပြီးတော့ ကမ္ဘာက သိရတော့မယ်ထင်ရဲ့။

အဲဒီလို အဖြစ်မျိုး ဖြစ်မလာစေရေး ကျမတို့ပဲ ကြိုးစားရမှ မဟုတ်လား။ ထွက်သွားတဲ့သူတွေ သွားပါစေတော့၊ ဘာမှ မတတ်နိုင်ဘူးလေ။ တားလို့မှ မရတာ။ ကျန်တဲ့သူတွေထဲက တိုင်းပြည်အတွက် အလုပ်လုပ်ချင်သူတွေ၊ လုပ်နိုင်သူတွေကပဲ ကိုယ့်တာဝန် ကိုယ်ကျေပြနိုင်မယ်ဆိုရင်တော့ အမျိုးသားရေး ကြိုးပမ်းကြပါ။ “အော် အမျိုးသားရေး ကြိုးပမ်းကြပါ။ အားပေးကြပါ။ (တို့ဗမာ ဟေ့ တို့ဗမာ ) အရှေ့က နေ၀န်းထွက်သည့်ပမာပ တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ။” အဲဒီသီချင်း တပိုင်းတစလိုပဲ စိတ်အားတင်းထားပြီး တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်လာမှာပါ။ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ စကားရှိပါတယ်။ ပဒေသာပင်ဆိုတာ မြေက ပေါက်လာတာ မဟုတ်ဘူး။ အလုပ်လုပ်မှ ရတာပါတဲ့။ ကျမတို့ တိုင်းပြည်မှာလည်း ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆိုသလို ကိုယ်လိုချင်တဲ့ အခြေအနေ ကိုယ်ရောက်ချင်တဲ့ ပန်းတိုင် ကိုယ်ကိုယ်တိုင် အမှန်တကယ် လိုချင်တဲ့ စိတ်ထားရှိပြီး တကယ်လည်း အလုပ်လုပ်ကြမယ်ဆိုရင် ပန်းတိုင်ကို အမြန်ဆုံးရောက်ကြမှာပါ။

ဘယ်ကိစ္စမဆို အခြေအနေနဲ့ အချိန်အခါ ဆိုတာရှိပါတယ်။ အခုအချိန်မှာလည်း စစ်အာဏာရှင်များဘက်က ပြည်သူလူထုကို နည်းအမျိုးမျိုးနဲ့ လှည့်စားဖို့ ကလိန်စေ့ငြမ်းဆင် အကြံထုတ်နေကြပါတယ်။ အခြေခံဥပဒေမူကြမ်းတို့ လူထုဆန္ဒခံယူပွဲတို့ ရွေးကောက်ပွဲ ဆိုတာတွေနဲ့ အရုပ်ရေးပြနေတာပါ။ ဒါတွေဟာ တကယ်တော့ ဇာတ်သိမ်းတော့မယ့် သူတို့ရဲ့အနေအထား သက်ဆိုးမရှည်နိုင်တော့တဲ့ သူတို့ရဲ့ အခြေအနေတွေအတွက် ဂမူးရှူးတိုး ဟန်ဆောင်ပြီး နောက်ဆုံးထွက်ပေါက်အနေနဲ့ ပြည်သူလူထုကို အချိန်ဆွဲ လှည့်စားလိုက်တာပါ။ ဒီလိုအချိန်အခါမှာ ပြည်သူလူထုဟာ တကယ့်အခြေအနေမှန်ကို တိုင်းဆသိမြင်နိုင်ပြီး တစုတစည်းတည်း တချက်ကောင်း ကိုင်လှုပ်နိုင်မယ်ဆိုရင် ယိုင်နဲ့နေပြီဖြစ်တဲ့ နအဖ စစ်အာဏာရူးအဖွဲ့ဟာ အမြစ်က ပြုတ်ထွက်ဖို့ပဲ ရှိပါတော့တယ်။

ဒီတော့ ပြည်သူလူထုတွေအနေနဲ့ မျက်လုံးစုံမှိတ်ပြီး အရမ်းမကြောက်ကြပါနဲ့ ။မိမိတို့ရဲ့ အသိဥာဏ်တွေနဲ့ တိုင်းဆ ဆင်ခြင်ကြပါ။ ကိုယ်မယုံကြည်တာကို ဘာကြောင့် လုပ်ကြမလဲ။ ဒီအချိန်မှာ ပြည်သူတွေ လုပ်သင့်တာ နအဖရဲ့ အကြောင်းအကျိုး ဆီလျော်မှုမရှိတဲ့ အရူးချေးပန်း မစားရ ၀ခမန်း ပြောနေတာတွေကို မယုံသင့်သလို အရမ်းမဲ့ လည်း မကြောက်သင့်ပါဘူး။ ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်နေပါတယ်။ ဒီမိုကရေစီစနစ်ဆီကို ချီတက်နေပါတယ် ဆိုတာတွေကို အယောင်ပြ လိမ်ညာခဲ့တာလည်း အနှစ်နှစ်ဆယ်နီးပါး ရှိခဲ့ပါပြီ။ နှစ်ပေါင်းနှစ်ဆယ်ဆိုတာ လူ့သက်တမ်းနဲ့ တွက်ရင် ကလေးဘ၀ကနေ လူလားမြောက်တဲ့ အသက်အရွယ်ကိုရောက်တဲ့ အချိန်ကာလတခုအထိဆိုတော့ အချိန်တွေကို ဘယ်လောက် ဖြုန်းတီးခဲ့သလဲဆိုတာ တွေးကြည့်ကြပါ။

တကယ်ပဲ နအဖ စစ်အာဏာရူးများက ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်ပေးဖို့ ကြိုးစားခဲ့တယ်ဆိုရင် ဒီမိုကရေစီဆိုတဲ့ လူအများရဲ့ဆန္ဒနဲ့ ကိုက်ညီတာကို လိုက်လျောရပါလိမ့်မယ်။ ဒါမှ ဒီမိုကရေစီကို ဖေါ်ဆောင်တယ်ဆိုတဲ့ အဓိပ္ပါယ်ရှိမှာပါ။ အခုတော့ သူတို့ရဲ့ ကောက်ကျစ် အောက်တန်းကျတဲ့ ဉာဉ်အတိုင်း အတင်းအကျပ်နဲ့ လူထုရဲ့ဆန္ဒကို လစ်လျူရှုပစ်ပယ်ပြီး နအဖရဲ့ အာဏာတည်မြဲရေးအတွက် မျက်နှာပြောင်တိုက်ပြီး လုပ်ဆောင်နေဆဲပဲမို့ ဒီတခါထပ်ပြီး အလှည့်စားခံကြဦးမယ်ဆိုရင် နောက်ထပ် နှစ်ပေါင်းများစွာ မြန်မာနိုင်ငံရဲ့ အနာဂတ် နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် ဒီစစ်အာဏာရှင် စနစ်ဆိုးကြီးကို အသက်သွင်းပေးခဲ့သလို ဖြစ်နေပါလိမ့်မယ်။

ဒီတော့ ကျမတို့က နအဖရဲ့ ဆန္ဒခံယူပွဲကို သပိတ်မှောက်ဖို့ လိုပါမယ်။ မဲရုံတွေကို မသွားကြပါနဲ့ ။မဲမထည့်ကြပါနဲ့။ ကိုယ့်အိမ်ထဲမှာ ကိုယ်နေကြပြီး မဲပေးရမယ့်ကိစ္စကို သပိတ်မှောက်ကြပါ။ ဒါဟာ လမ်းပေါ်ကိုထွက်ပြီး သူတို့နဲ့ ထိပ်တိုက်တွေ့စရာ မလိုပါဘူး။ မိမိမယုံကြည်တာကို မိမိမလုပ်တဲ့ကိစ္စမို့ ဘာမှကြောင့်ကြစိတ် မထားဘဲ ရဲရဲဝံ့ဝံ လုပ်ကြည့်ကြပါ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့ လုပ်ဆောင်ကြည့်ကြပါ။ အောင်မြင်မှုကို တွေ့ကြရမှာပါ။ လူအခွင့်အရေးဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ဟာ သူတပါးကို မထိခိုက်စေတဲ့ မိမိရဲ့ ကိုယ်ပိုင်အခွင့်အရေးဆိုတာ သဘောပေါက်ဖို့ လိုပါတယ်။ ဒီလိုသပိတ်မှောက်တာဟာ တိုင်းပြည်လူထုက အော့နှလုံးနာ အယုံအကြည်မရှိတဲ့ နအဖအာဏာရှင်တွေကို အမြစ်ကနေ ပြိုလဲစေမယ့် အချက်ဖြစ်တာမို့ ပိုပြီးတော့တောင် စွမ်းစွမ်းတမံ ဆောင်ရွက်သင့်ပါတယ်။ ဒီတချက်ကို အသေအချာ အလေးနက်ထားပြီး စဉ်းစားဆင်ခြင်ကြပါ။ အိမ်ထဲကနေပြီး သပိတ်မှောက်ပေးကြပါ။ ကျမပြောချင်တဲ့ အဓိပ္ပါယ်ကတော့ ကိုယ်ကိုယ်တိုင်မယုံကြည်တဲ့ကိစ္စအတွက် ဘာမှလုပ်ဆောင်ပေးဖို့ မလိုဘူးဆိုတာပါပဲ။

ကျမတို့ လက်မခံနိုင်တဲ့ အခြေအနေက ရုန်းထွက်နိုင်ဖို့အတွက် ကျမတို့ တယောက်ချင်းစီက ယုံကြည်ချက် အင်အားတွေကို စုစည်းပြီး တယောက်ကစ တစ်ရာ၊ တယောက်အားနှင့် ယူသော်မရ တစ်သောင်းအားနှင့် ယူသော်ရ၏ ဆိုတဲ့ စည်းလုံးခြင်းအင်အားဖြစ်စေပြီး အာဏာရူး နအဖရဲ့ နောက်ဆုံးထွက်သက်ကို အလဲထိုးကြပါစို့ …။

ရွှေဆည်းဆာ
ရန်ကုန်မြို့
၆-၃-၂၀၀၈

1 comment:

Unknown said...

OK tell us now. Are we going to vote ( for NO) or we are not going to vote?

It is confusing for people because you all are pulling to different directions.

We need to unite. We need one decision. Go or No Go ?