Saturday, March 8, 2008

ကုလအတွင်းရေးမှူးချုပ်နဲ့ ကုလလုံခြုံရေးကောင်စီထံ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေ ရေးတဲ့စာ

၂ဝဝ၈ ခုနှစ်၊ မတ် (၄) ရက်

မစ္စတာဘန်ကီမွန်း
အတွင်းရေးမှူးချုပ်
ကုလသမဂ္ဂ

အမြဲတမ်းကိုယ်စားလှယ်များ
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်များ

မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအ တွက် အရေးတကြီး ဆောင်ရွက်ပေးရန် ပန်ကြားခြင်း

ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား …

၂ဝဝ၇ခုနှစ် သြဂုတ်လ (၁)ရက်နှင့် အောက်တိုဘာလ (၃ဝ)ရက်တို့တွင် လူကြီးမင်းတို့ထံ စာရေးပို့ခဲ့သော မြန်မာနိုင်ငံမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် (၉၂)ဦးတို့ ကိုယ်စား ကျွန်ုပ်တို့က ဤစာကို ထပ်မံရေးပြီး၊ အာဏာရ စစ်အစိုးရဖြစ်သော နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (နအဖ)၊ ၁၉၉ဝ ခု ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ)နှင့် တိုင်းရင်းသား ကိုယ်စားလှယ်များအကြား အဓိပ္ပာယ်ရှိ၍ အချိန်ဇယားရှိသော စေ့စပ်ဆွေးနွေးမှုအားဖြင့် ကျွန်ုပ်တို့တိုင်းပြည်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေး အထမြောက်စေနိုင် ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ အချိန်မီ ထိရောက်စွာ ဆောင်ရွက်ပေးဖို့ တောင်းဆိုအပ်ပါသည်။

နအဖ၊ ရွေးကောက်ပွဲအနိုင်ရ အဲန်အယ်လ်ဒီပါတီနှင့် တိုင်းရင်းသား ပါတီကိုယ်စားလှယ်များအကြား အဓိပ္ပာယ်ရှိ၍ အချိန်ဇယား ကန့်သတ်ချက်ပါသော စေ့စပ်ဆွေးနွေးပွဲအားဖြင့် မြန်မာနိုင်ငံ ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုအောက်ရှိ ကျွန်ုပ်တို့က နအဖကို တောင်းဆိုခဲ့ပါသည်။ ကုလသမဂ္ဂနှင့် ကမ္ဘာတလွှားမှ အစိုးရများကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီ ပေါ်ထွန်းရေးအတွက်လည်း ကောင်း၊ ဆယ်စုနှစ်များစွာ ကြာညောင်းခဲ့ပြီဖြစ်သည့် အစိုးရမှ ဖန်တီးသော ဘေးဒုက္ခများဆီမှ တိုင်းပြည်ကို ကယ်တင်နိုင်ရန် လည်းကောင်း ယင်းကဲ့သို့သော နိုင်ငံရေးစေ့စပ်ဆွေးနွေးပွဲမျိုး ကျင်းပပြုလုပ်ရန် နအဖကို ထပ်ခါထပ်ခါ တောင်းဆို ခဲ့ပါသည်။ ၂ဝဝ၇ ခု အောက်တိုဘာ (၁၁)ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီဝင် အားလုံး၏ တညီတညွတ်တည်း သဘောတူညီမှုဖြင့် ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီဥက္ကဋ္ဌ ကြေညာချက်ကလည်း "ကုလသမဂ္ဂ၏ တိုက်ရိုက် ထောက်ခံအားပေးမှုဖြင့်၊ အားလုံးအကျုံးဝင်သည့် အမျိုးသားပြန်လည်သင့်မြတ် ရေး ဖြစ်မြောက်စေရန်အတွက်၊ မြန်မာအစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ သက်ဆိုင်သည့် ပါတီအားလုံး တိုင်းရင်းသားအဖွဲ့အားလုံးနှင့် စစ်မှန်သည့် တွေ့ဆုံဆွေးနွေးမှုဖြစ်ဖို့ လိုအပ်သည့် အခြေအနေများ ဖန်တီးပေးရန် လိုအပ်ကြောင်း" အလေးပေး ထောက်ပြခဲ့သည်။

ယခုအချိန်အထိမူ နအဖသည် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ထပ်တလဲလဲ ပန်ကြားချက်များကို လျစ်လျူရှုနေခဲ့သည်။ နအဖသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ယမန်နှစ် သြဂုတ်- စက်တင်ဘာလအတွင်း ဖမ်းဆီး ထိန်းသိမ်းခဲ့သူ (၇ဝဝ)ခန့် အပါအဝင် နိုင်ငံရေးအကျဉ်းသား (၁၈ဝဝ)ကျော်ကို ဆက်လက် ဖမ်းဆီးထားဆဲ ဖြစ်သည်။ ၂ဝဝ၇ နိုဝင်ဘာလမှ ယနေ့အထိကာလအတွင်း လှုပ်ရှားတက်ကြွသူ နောက်ထပ် (၁ဝဝ)နီးပါးကို ထပ်မံထိန်းသိမ်းခဲ့ သည်။ တိုင်းရင်းသားလူနည်းစု ဒေသများတွင် ထိုးစစ်များကို ဆက်လက်ဆင်နွှဲလျက်ရှိပြီး ပိုမိုအရှိန်မြှင့်ခဲ့သည်။ နအဖ ထိုးစစ်များကြောင့် တိုင်းရင်းသားလူမျိုး (၅ဝဝ,ဝဝဝ)ကျော်မှာ ပြည်တွင်းအိုးအိမ်စွန့် ဒုက္ခသည် IDP များဖြစ်သွားရပြီး မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် ကျေးရွာပေါင်း (၃၂ဝဝ)ကျော် မီးရှို့ခံရ သို့မဟုတ် ဖျက်ဆီးခံရသည်။ ထိုမျှမက (၅)နှစ် အောက် ကလေးသူငယ်များ အပါအဝင် ထောင်နှင့်ချီသော ပြည်သူပြည်သားများ သေဆုံးခဲ့ရပြီး ပြည်သူလူထု နှစ် သန်းကျော် တိုင်းပြည်မှ ထွက်ပြေးရ၍ အိမ်နီးချင်းတိုင်းပြည်များတွင် သူများလက်မခံချင်သည့် ဒုက္ခသည်များအဖြစ် နေနေရသည်။ (၁၈)နှစ်အောက်ကလေး (၇ဝ,ဝဝဝ)ကျော်မှာ နအဖစစ်တပ်အတွင်းသို့ အဓမ္မသွတ်သွင်းခံရပြီး စစ်သားများက တိုင်းရင်းသားအမျိုးသမီးများနှင့် မိန်းကလေးများကို အမှုမဖြစ်ဘဲ မုဒိမ်းကျင့်နေကြသည်။

၂ဝဝ၈ ခု ဖေဖော်ဝါရီ (၉)ရက်တွင် နအဖက၊ ၎င်းစိတ်ကြိုက် ရေးဆွဲထားကာ၊ နိုင်ငံကို စစ်တပ်က ထာဝရ အုပ်စိုးသွားနိုင်ခွင့် တရားဝင်ဖြစ်အောင် စီစဉ်ထားသည့် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အတည်ပြုနိုင်ရန် ၂ဝဝ၈ ခု မေလ၌ ဆန္ဒခံယူပွဲ ကျင်းပမည်၊ အထွေထွေ ရွေးကောက်ပွဲကို ၂ဝ၁ဝ ခုတွင် ကျင်းပမည်ဟု ကြေညာချက် ၁/၂ဝဝ၈ နှင့် ၂/၂ဝဝ၈ကို ထုတ်ပြန်လိုက်သည်။ ဤသို့လုပ်ခြင်းအားဖြင့် နအဖသည် ကုလလုံခြုံရေးကောင်စီဥက္ကဋ္ဌ ကြေညာချက်တွင် ပါရှိသည့် ကုလသမဂ္ဂ၏ အကြံပြု တိုက်တွန်းချက်များကို ပယ်ချလိုက်ကာ နိုင်ငံကို ထာဝရ အုပ်စိုးနိုင်ဖို့ ၎င်း၏ တဖက်သတ် လုပ်ရပ်ကို ဆက်လက် အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်လေသည်။ အဓိပ္ပာယ်ရှိပြီး အချိန်ဇယား ကန့်သတ်ထားသော စေ့စပ်ဆွေးနွေးမှုမှတဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေး ရရှိနိုင်ရန် မျှော်လင့်နေကြပြီး စစ်တပ်အုပ်စိုးမှုအောက်မှ လွတ်မြောက်ရန် တိုက်ပွဲဝင် ရုန်းကန်နေကြသော မြန်မာပြည်သူ လူထုများကိုလည်း နအဖက ပြစ်တင်ကြိမ်းမောင်းခဲ့သည်။

နအဖအနေဖြင့် ကုလသမဂ္ဂ အကြံပြု တိုက်တွန်းချက်များကို လိုက်နာကာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် ဒီမိုကရေစီ အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်ခြင်းအတွက် ကျွန်ုပ်တို့က နအဖကို ရှုတ်ချပါသည်။ အတုအယောင် အခြေခံဥပဒေတခုဖြင့် စစ်တပ်အာဏာကို တရားဝင်စေရန် ဥပဒေနှင့်မညီဘဲ တဖက်သတ် ကျကျဆောင်ရွက်မှုကိုလည်း ကျွန်ုပ်တို့ ရှုတ်ချပါသည်။ နအဖ ကမကထပြုသည့် အခြေခံဥပဒေကို ပယ်ချရန် မြန်မာပြည်သူ အားလုံးကို စည်းရုံးလှုပ်ရှားသွားမည်ဟု ကျွန်ုပ်တို့ ကတိပြုပြီး၊ နအဖမှ စိန်ခေါ်လာမှုကို မြန်မာပြည်သူတို့ အကျိုးအတွက် ရင်ဆိုင်သွားမည် ဖြစ်ပါသည်။ နအဖက ကျွန်ုပ်တို့အား အကြမ်းဖက်မှု၊ ရက်စက်ကြမ်းကြုတ်မှုတို့ဖြင့် တုန့်ပြန်လာသည်ဖြစ်စေ ရင်ဆိုင်သွားမည်သာ ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် သွေးချောင်းစီးမှုကို ထပ်မံရင်ဆိုင်ရန် အသင့်ရှိနေပါသည်။

ဤအနေအထားအောက်တွင် မြန်မာပြည်သူများနှင့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စား ကျွန်ုပ်တို့က အတွင်းရေးမှူးချုပ်နှင့် ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်များအား အောက်ပါအတိုင်း အရေးတကြီး ပန်ကြား အပ်ပါသည်။ …

(၁) ၂ဝဝ၇ ခု အောက်တိုဘာ (၁၁)ရက်တွင် ထုတ်ပြန်သည့် ဥက္ကဋ္ဌကြေညာချက်၌ ဖော်ပြပါရှိသည့်အတိုင်း ကုလလုံခြုံရေးကောင်စီ၏ ထောက်ခံ အကြံပြုချက်များကို ချက်ချင်း အပြည့်အဝ လိုက်နာစေဖို့ နအဖကို တောင်းဆိုရန်။

(၂) အဲန်အယ်လ်ဒီနှင့် တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်မှု မရှိ၊ တိုင်းရင်းသား လူမျိုးစုများ၏ မျှော်မှန်းချက်များကို ဖြည့်ဆီးခြင်း မရှိသည့် နအဖအခြေခံဥပဒေကို ကုလသမဂ္ဂက လက်ခံအသိအမှတ်ပြုမည် မဟုတ်ကြောင်း ကြေညာရန်။

(၃) ကုလလုံခြုံရေးကောင်စီ၏ ထောက်ခံ အကြံပြုချက်များကို အပြည့်အဝ လိုက်နာအောင် နအဖကို ညွှန်ကြားကာ အတွင်းရေးမှူး ချုပ်ဘန်ကီမွန်း၏ လုပ်ပိုင်ခွင့်အာဏာကို တိုးမြှင့်ပြီး တောင်အာဖရိက ဂိုဏ်းချုပ်ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူးနှင့် ကို့စ်တာရီကာသမတ အော်စကာအားရီးယာ့စ် အပါအဝင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် (၁ဝ)ဦး ၂ဝဝ၈ ခု ဖေဖော်ဝါရီ (၁၉)ရက်၌ အကြံပြုထားသလို နအဖအပေါ် တကမ္ဘာလုံးမှ လက်နက်တင်ပို့မှု၊ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်း ပိတ်ဆို့အရေးယူမှုများ ချမှတ်မည့် မလိုက်နာမနေရ ဆုံးဖြတ်ချက်တခု ချမှတ်ရန်။

၁၉၈၈ ခု ပြည်သူ့ဒီမိုကရေစီ အုံကြွမှုကြီးတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူ အနည်းဆုံး တသောင်းခန့်ကို စစ်အစိုးရက ရက်စက်ကြမ်းတမ်းစွာ သတ်ဖြတ်ပစ်ခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးစုံစမ်းရေးသမား ပါမောက္ခ ပေါ်လိုဆာဂျီယိုပင်နဲရိုး၏ သတင်းပို့ချက်အတိုင်း ယမန်နှစ် သြဂုတ်နှင့် စက်တင်ဘာလက ဗုဒ္ဓဘာသာ ရဟန်းတော်များ ဦးဆောင်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများအတွင်း အနည်းဆုံး လူ(၃၁)ယောက် အသတ်ခံရပြီး (၁ဝဝ) နီးပါး ပျောက်ဆုံးနေကာ နဂိုရှိသည့် နိုင်ငံရေးအကျဉ်းသား (၁၁ဝဝ)အပြင် နောက်ထပ်(၇ဝဝ)ခန့် ထပ်တိုးသွားခဲ့ပါသည်။ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့တို့ကမူ သြဂုတ်- စက်တင်ဘာ ဆန္ဒပြပွဲများအတွင်း သေဆုံးသူဦးရေမှာ အဆိုပါပမာဏထက် အများကြီးပိုသည်ဟု ခန့်မှန်းထားသည်။ ကျွန်ုပ်တို့သည် ဒီမိုကရေစီရေးအတွက် (၁၉)နှစ်ကြာ အကြမ်းမဖက်တိုက်ပွဲအတွင်း သောင်းနှင့်ချီသည့် အပြစ်မဲ့အသက်များ စွန့်လွှတ်ခဲ့ရသည်။ စစ်အစိုးရအပေါ် မြန်မာပြည်သူတို့၏ အထွေထွေ မကျေနပ်မှု မြင့်သထက်မြင့်၊ အားကြီးသထက် ကြီးလာနေပြီး ကျွန်ုပ်တို့အနေဖြင့် စစ်အစိုးရမှ အတုအယောင် အခြေခံဥပဒေတခုဖြင့် စစ်တပ်အုပ်စိုးမှု တရားဝင်အောင်လုပ်ဖို့ ကြိုးပမ်းချက်ကို မျက်နှာချင်းဆိုင် တားဆီးတော့မည်ဖြစ်ရာ ငြိမ်းချမ်းပြီး လက်နက်မဲ့သည့် ဆန္ဒပြသမားများနှင့် နအဖ၏ အညှာတာမဲ့ ရက်စက်ကြမ်းကြုတ်သည့် အင်အားစုများကြား နောက်တကျော့ ထိပ်တိုက်ရင်ဆိုင်မှုမှာ ရှောင်လွှဲမရနိုင်ပါ။ လူကြီးမင်းတို့အနေဖြင့် ကျွန်ုပ်တို့၏ ပန်ကြားချက်ကို အလေးအနက် ဆင်ခြင်စဉ်းစားပြီး မြန်မာနိုင်ငံမှ နောက်ထပ် ရက်စက်သော လူသတ်ပွဲများကို ဟန့်တားနိုင်ရန် ချက်ချင်းလက်ငင်း အရေးယူဆောင်ရွက်ဖို့ ကျွန်ုပ်တို့ မျှော်လင့်ပါသည်။

အတွင်းရေးမှူးချုပ်၏ အထူးတမန် မစ္စတာအီဘရာဟင်ဂမ်ဘာရီ မကြာမီ မြန်မာနိုင်ငံသို့ လာရောက်သည့်အခါ ကျွန်ုပ်တို့ တွေ့ဆုံနိုင်ရန်လည်း မျှော်လင့်ပါသည်။

လေးစားစွာဖြင့် …
ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ
ပြည်ထောင်စုမြန်မာနိုင်ငံ

No comments: