Monday, March 17, 2008

ဝါရင့်သတင်းစာဆရာကြီး လူထုဦးစိန်ဝင်း၏ တော်လှန်ရေး ရဲဘော်အပေါင်းတို့ ပန်ကြားချက် (၈-၃-၀၈)

ကမ္ဘာ့နေရာ အနှံ့အပြားမှာ ရောက်ရှိနေကြတဲ့ တော်လှန်ရေး ရဲဘော်အပေါင်းတို့ …

ကျနော် လူထုစိန်ဝင်းက နှုတ်ခွန်းဆက် အလေးပြုလိုက်ပါ တယ်။

ရဲဘော်တို့ … လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ အာဏာကို သဘောထားကြီးစွာနဲ့ အလိုအလျောက် စွန့်လွှတ်သွားတဲ့ အာဏာရှင်မျိုး ကမ္ဘာ့သမိုင်းမှာ ဘယ်ခေတ်ဘယ်အခါကမှ မရှိခဲ့ဖူးပါဘူး။ ဟစ်တလာလည်း သူ့ထက်ကြီးမားတဲ့ အင်အားနဲ့ ချေမှုန်းတိုက်ထုတ် ပစ်လိုက်ရတာပဲ။ forced out လုပ်ခဲ့ရတာပဲ ဖြစ်တယ်။ ဖိလစ်ပိုင်က မားကို့စ်လည်း forced out ပဲ။ အင်ဒိုနီး ရှားက ဆူဟာတိုလည်း forced out ပဲ။

နောက်ပြီးတော့ ကုလသမဂ္ဂက ကယ်တင်လို့ လွတ်မြောက်သွားတဲ့ နိုင်ငံရယ်လို့ ကမ္ဘာပေါ်မှာ တနိုင်ငံမှ မရှိခဲ့ဖူးပါဘူး။ အဲဒါကြောင့် ဒိုင်ယာလော့ခ်တို့၊ လုံခြုံရေးကောင်စီတို့ ဆိုတာတွေနဲ့ စိတ်ကူးယဉ်ပြီး အချိန်တွေဖြုန်း မနေကြပါနဲ့။ တိုင်းပြည်က နာလှပါပြီ။ ပြည်သူတွေ ဒုက္ခရောက်လှပါပြီ။ ဒီအာဏာရှင်စနစ်ဆိုးကြီးအောက်မှာ ရာစုနှစ် တ၀က်နီးပါး ရှိခဲ့ပါပြီ။ အမြန်ဆုံး ဒါတွေကို အဆုံးသတ်သင့်ပြီ။ ဒီအာဏာရှင်စနစ်ဆိုးကို forced out လုပ်နိုင်တဲ့ force ကျနော်တို့မှာ လက်ထဲမှာ အသင့်ရှိနေပါတယ်။ အဲဒီ force က ပြည်သူဆိုတဲ့ အင်အားပဲ ဖြစ်တယ်။ People power ဆိုတဲ့ force ထက် ကြီးမားတဲ့ force ဘယ်မှာရှိမှာလဲ။

ပြီးခဲ့တဲ့ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီးက ရဟန်းရှင်လူ ပြည်သူတွေနဲ့ ကျောင်းသားလူငယ်တွေရဲ့ ဘာမထီတဲ့ သူရဲကောင်းစိတ်ဓာတ်ကို ပြခဲ့ပြီ။ ပြည်တွင်းမှာ ဖိနှိပ်မှုတွေ သိပ်ကြီးမားလို့ လူတွေ ကြောက်နေကြပြီ။ မထရဲတော့ဘူး၊ မကြွရဲတော့ဘူး။ ဒိုင်ယာလော့ခ်နဲ့ အပေးအယူလုပ်ပြီး ပေးသမျှကို ယူကြစို့လို့ ကြွေးကြော်နေကြတဲ့၊ အာဏာရှင်ကို မျက်နှာချိုသွေးပြီး ရာထူးအရာခံ တောင်းခံချင်တဲ့ လူတွေရဲ့အသံလည်း လုံးဝ တိတ်ဆိတ် နှုတ်ပိတ်သွားခဲ့ပြီ။

ရဲဘော်တို့ … ဒီအချိန်ဟာ တော်လှန်ရေးတရပ်လုံး အလှည့်အပြောင်း ဖြစ်နိုင်တဲ့ အချိန်ကာလ ဖြစ်တယ်။ ဒီလိုဖြစ်ဖို့ ရွှေဝါရောင် တော်လှန်ရေးက ဖန်တီးပေးလိုက်တာ ဖြစ်တယ်။ ရွှေဝါရောင် တော်လှန်ရေးရဲ့ ကြီးမားတဲ့ အရှိန်အဟုန်ဟာ ကမ္ဘာတခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီ။ ဒီအခွင့်အရေးကို မိမိရရ အသုံးချရမယ်။

- မြန်မာပြည်သူတွေရဲ့ သူရဲကောင်းစိတ်ဓာတ်ကို ယုံကြည်ကြ။
- People power ကို ယုံကြည်ကြ။
- People power နဲ့ အာဏာရှင်စနစ်ကို ချေမှုန်းပစ်ကြ။

၈-၃-၂၀၀၈
လူထုစိန်ဝင်း

No comments: