Tuesday, March 18, 2008

လူထုအားလုံး စုစည်းကူညီ၊ တိုင်းရင်းသားများသည် ၀ိုင်းဝန်းကြရမည်

ရွှေဆည်းဆာ

ကျွန်မကြိုက်တဲ့ သီချင်းတပုဒ်နဲ့ အခုလက်ရှိ မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ အဖြစ်အပျက်တွေကို ဆက်စပ်ပြီး တွေးမိပါတယ်။ ဒီသီချင်းကို ဘယ်သူရေးပြီး ဘယ်သူဆိုခဲ့တယ်ဆိုတာ မသိပါဘူး။ တချိန်က (ငယ်ငယ်တုန်းက) ရေဒီယိုမှာ လွှင့်တာကို နားထောင်ရဖူးတာကို မှတ်မိနေပြီး စာအုပ်တအုပ်ထဲမှာ ဒီသီချင်းရဲ့ စာသားကို ရလိုက်တာနဲ့ အမှတ်တရ ယူထားလိုက်ပါတယ်။

“လူထုအားကို အများကြီးလိုသည်။ ကိုယ့်တိုင်းပြည် ကောင်းစားဖို့ရာ ကိုယ့်အားနဲ့ ကိုယ့်တာဝန်မှန်သည်။ စစ်ဘေးစစ်ဒဏ်သင့်လို့ ပြာဖြစ်ခဲ့တဲ့ တို့ပြည်ကိုသာအတည်၊ ထူထောင်မှုဟာ တိုင်းရင်းသားအစစ် တို့တာဝန်ဖြစ်သည်။ ကြိုတင်ကာ တောင်းပန်ပါရစေ၊ ခိုးသား ဓမြဘေး ကင်းဝေးအောင်လေ၊ တိုးတက်ကာ ကုန်စည်ကူးသန်းရောင်းဝယ် ချောင်လည်မည်။ (လူထုအားကို အများကို လိုသည်၊ ဗိုလ်ချုပ်အစိုးရ အချိုးကျ ကူညီ၊ တိုင်းရင်းသားများသည် ၀ိုင်းဝန်းကြရမည်) ငွေဝင်ကောင်းအောင် အကြောင်းရင်းရှာမည်။ ငွေထွက်နည်းအောင် အမြဲပဲကြံဆောင် နည်းပေးလမ်းပြမည်၊ နည်းပေးလမ်းပြမည်၊ နည်းနည်းတော့ အပျော်အပါး လျှော့စေချင်သည်။ ဗမာပြည်ထောင်စုကို ပြန်လည်ထူထောင်မှုနဲ့ ပြုပြင်မည်။”

ဒီသီချင်းအကြောင်း ကျွန်မဖေဖေကို မေးကြည်တော့ စစ်ပြီးခေတ် ဗိုလ်ချုပ်အောင်ဆန်းတို့ အစိုးရအဖွဲ့ထဲ ၀င်ရောက် အကျိုးဆောင်စဉ်ကာလ ၁၉၄၆- ၁၉၄၇ ခုနှစ်လောက်က ဖြစ်မယ်ထင်တယ်လို့ ပြောပါတယ်။ သီချင်းရဲ့ တေးသွားက ဆိုလို့ကောင်းပြီး စာသားရဲ့ အဓိပ္ပါယ်ကလည်း ကောင်းပါရဲ့နဲ့ ဒီသီချင်းမျိုး မကြားရတာ ကြာခဲ့ပါပြီ။ ဒီသီချင်းလိုပဲ တိုင်းပြည်အကျိုးကို စပ်ဆိုခဲ့တဲ့၊ တိုင်းပြည်ရဲ့ သမိုင်းဝင် အဖြစ်အပျက်တွေ အကြောင်းကို ရေးသားစပ်ဆိုခဲ့တဲ့ သီချင်းတွေ ဆိုတာမျိုး မကြားခဲ့ရတာ ကြာပါပြီ။ ဒီသီချင်းထဲက စာသားအရ လူထုရဲ့အင်အားကို သတိပြု အရေးထားပြီး တိုင်းပြည်အတွက် တကယ်လိုအပ်တဲ့ အချက်တွေကို ထောက်ပြပြီး ဂီတနဲ့ တိုင်းပြည်ရဲ့သမိုင်းကို မှတ်တမ်းတင်တယ်လို့ပဲ ဆိုရတော့မယ်ထင်ရဲ့။
ကျွန်မကတော့ လူထုအားကို အများကြီးလိုသည်ဆိုတာကို တော်တော် သဘောကျမိပါတယ်။ တိုင်းပြည်မှာ နေထိုင်တဲ့ ပြည်သူလူထုကို အားကိုးတယ် ပြီးတော့ တိုင်းပြည်နိုင်ငံရဲ့ အရေးကိစ္စ မှန်သမျှဆိုတာ အစိုးရအာဏာပိုင်များရဲ့ လုပ်ဆောင်တဲ့ တာဝန်တွေချည်းပဲ မဟုတ်ဘဲ တိုင်းပြည်နေ ပြည်သူလူထုရဲ့ တာဝန်လည်း ရှိတယ်ဆိုတာကို ထောက်ပြလိုက်တာလို့ တွေးမိပါတယ်။

ကျွန်မတို့ တိုင်းပြည်မှာက များသောအားဖြင့် အားလုံးလိုလိုပါပဲလေ။ တိုင်းပြည်ရဲ့ အရေးကိစ္စ၊ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ အဖြစ်အပျက်တွေဟာ တို့လို ပြည်သူတွေနဲ့ မဆိုင်ဘူး၊ အာဏာပိုင်အစိုးရနဲ့ နိုင်ငံရေးသမားတွေနဲ့သာ ဆိုင်တယ်။ သူတို့ရဲ့ တာဝန်ပဲ။ သူတို့လုပ်သမျှ ကြည့်နေရုံပဲ။ သူတို့ ဘာတွေဖြစ်နေဖြစ်နေ တို့က တို့ထမင်း တို့ရှာစားနေရတာ၊ သူတို့ဘာသာ ဘယ်သူပဲ တက်ပြီး အုပ်ချုပ် အုပ်ချုပ် တို့တာဝန်မဟုတ်၊ တို့ရှာရဖွေရ အဆင်ပြေဖို့က အရေးကြီးတယ်လို့ သဘောထားတဲ့ သူတွေက ၉၀ ရာခိုင်နှုန်း၊ စိတ်ဝင်စားတဲ့ သူတွေက ၅ ရာခိုင်နှုန်းနဲ့ တကယ်စိတ်ပါဝင်စားပြီးတာဝန်သိသိစိတ်ရောကိုယ်ပါလုပ်နိုင်တဲ့သူက ၅ ရာခိုင်နှုန်းလို့ ကျွန်မထင်ပါတယ်။ တာဝန်သိစိတ်နဲ့ တကယ်အလုပ်လုပ်တဲ့ ၅ ရာခိုင်နှုန်းတွေကတော့ လှုပ်လေ မြုတ်လေနဲ့ အင်းစိန်ထောင်နဲ့ မြန်မာပြည် အရပ်ရပ်ရှိ အမြို့မြို့အနယ်နယ်က ထောင်တွေကကို မလွတ်မြောက်နိုင်သေးပါဘူး။

ပြီးတော့ ကာယကံရှင်တွေရဲ့ နေထိုင်ရာမြို့ မဟုတ်ဘဲ အသွားအလာ ခက်ခဲအောင် ဝေးလံလှတဲ့ ထောင်တွေကို အပြောင်းအလဲလုပ် ချုပ်နှောင်ထောင်ချ လုပ်ခဲ့ကြတာကလည်း နိုင်ငံရေးလုပ်တဲ့ သူတွေနဲ့ မိသားစုတွေကို အခက်အခဲ မျိုးစုံတွေ့အောင် လူမှုဒုက္ခတွေ ခံစားရအောင် ဖန်တီးထားတာပါ။ တခါတရံ ကျွန်မ စဉ်းစားမိပါတယ်။ တိုင်းပြည်ရဲ့ အရေးကိစ္စဟာ တို့နဲ့မဆိုင်လို့ တွေးနေတဲ့ သူတွေကို၊ ဒီလူတွေ ကိုယ်နေတဲ့ ကိုယ့်တိုင်းပြည်ရေးတောင် စိတ်မ၀င်စားကြဘူး။ ကိုယ့်တာဝန်ရှိပါလားဆိုတဲ့ တာဝန်သိစိတ်ကလေးတောင် မမွေးကြဘူး။ ပညာကို ဆုံးခန်းတိုင်အောင် မသင်ခဲ့ရတဲ့ သူကိုထားဦး။ တချို့ဆို ဘွဲ့ရခေတ်ပညာတတ် အသက်အရွယ် အားဖြင့်လည်း ၄၀ ကျော် ၅၀ တွေ ဘာကြောင့်များ ကိုယ့်တိုင်းပြည်အရေး စိတ်မ၀င်စား၊ ကိုယ့်တာဝန်ကိုယ် မသိရတာလဲဆိုပြီး ကျွန်မဉာဏ်မီသ၍ အကဲခတ် လေ့လာမိပါတယ်။ ကျွန်မ သတိထားမိတာက အဲဒီလိုလူတွေဟာ သမိုင်းကို စိတ်မ၀င်စားကြတာ အမှန်ပဲ။ အတိတ်မှာ ကိုယ့်တိုင်းပြည်မှာ ဘာတွေ ဖြစ်ခဲ့သလဲ။ ဘယ်လိုတွေ ကြုံတွေ့ခဲ့ရသလဲ။ လူတွေ ဘယ်လိုတွေ့ကြုံ ခံစားခဲ့ကြရသလဲ ဆိုတာတွေ သူတို့ စိတ်မ၀င်စားဘူး။ သိလည်း မသိချင်ဘူး။

ခု ပစ္စုပ္ပန်မှာ နေမယ်။ လခစား ၀န်ထမ်း၊ ကုမ္ပဏီဝန်ထမ်း အစရှိတဲ့ ၀န်ထမ်းတွေက ယောင်္ကျားလေး လူရွယ်လူငယ်ဆို ဘီယာဆိုင် (သို့) စားသောက်ဆိုင် ထိုင်မယ်။ မိန်းကလေး မိန်းမရွယ်လေးတွေကျတော့ ဘယ်လိုဖက်ရှင် ခေတ်စားသလဲ၊ ဆံပင်ပုံစံ ဘယ်လိုပြင်ရမလဲ၊ ကိုယ်ရတဲ့ လခထဲကနေ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုအလှပြင်ရရင် ကောင်းမလဲ၊ လခကောင်းကောင်းရတဲ့ အလုပ်ကို ရှာဖွေလို့ပဲဖြစ်ဖြစ် အလှအပနဲ့ အသစ်အဆန်းတွေအတွက် အာရုံစိုက် ဘ၀ပျက်နေတဲ့ ဘ၀ပျက်သွားတဲ့ ဒီလိုလူငယ်ပေါင်းများစွာ ဒီကနေ့ မြန်မာနိုင်ငံတွင်းမှာ များစွာရှိနေကြပါတယ်။

နောက်တမျိုးက ငွေရှာနိုင်တဲ့ လူငယ်လုပ်ငန်းရှင် (သို့) လုပ်ငန်းရှင်များကြတော့ ငွေရအောင် ရှာမယ်။ ကောင်း ကောင်းစား၊ ကောင်းကောင်း ၀တ်မယ်။ နိုင်ငံတကာမှာ ဘာတွေ ခေတ်စားသလဲ။ ဖက်ရှင် ခေတ်မီအသုံးအဆောင် ပေါ်ပြူလာဖြစ်တာ မှန်သမျှ စိတ်ဝင်စားမယ်။ကိုယ့်ကိုယ်ကျိုးအတွက် ဘယ်လို နည်းပညာမျိုး ဘယ်လို အကြောင်းအရာမျိုးတွေ သိထားတတ်ထားရင် အဆင်ပြေမလဲ။ သားသမီးတွေကို တတ်နိုင်ရင် တတ်နိုင်သလောက် နာမည်ကြီးတဲ့ ကျောင်းတွေမှာ ထားမယ်။ ခေတ်ရှေ့ပြေးနေတဲ့ အသိုင်းအ၀ိုင်းတွေနဲ့ မျက်ခြေပြတ်မခံဘဲ ၀င်ဆန့်အောင် ထားမယ်။ အဲဒီအတွေးတွေရဲ့ ဂယက်က ဘယ်ထိအောင် ရိုက်ခတ်သလဲဆိုရင် အခုရန်ကုန်မြို့မှာ ငွေကြေးတတ်နိုင်တဲ့ သူတွေရဲ့ကလေးတွေကို ထားတဲ့ မူကြိုမှာတောင် မြန်မာလိုသင်တာ အားနည်းနေပြီး အင်္ဂလိပ်လို စပြီးသင်တော့ ကလေးတွေက မြန်မာလို သင်ရတာ ခက်တယ်ဆိုတဲ့ သဘောတောင် ခံစားနေကြရပါတယ်။

ဒီလိုမူကြိုတွေမှာ ကလေးတိုင်း မနေနိုင်ပေမယ်လို့ ဒီလိုဖြစ်နေတယ်ဆိုရင်ပဲ ကလေးတွေ အနေနဲ့တော့ မြန်မာစာပေ အရေးအသားနဲ့ မြန်မာစာပေကို ခင်တွယ်တဲ့ စိတ်နည်းသွားမှာပါ။ မြန်မာ့သမိုင်းဆိုရင် သာလို့တောင် ဆိုးတော့မှာပေါ့။ မယုံမရှိနဲ့ မနှစ်က ဆယ်တန်းဖြေပြီး အောင်ခဲ့တဲ့ ကျွန်မရဲ့ တူလေးဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ဘယ်နှစ်ယောက်ရှိတယ်ဆိုတာ မှန်အောင် သူမသိဘူး။ အဲဒီလောက်ကို အစိုးရရဲ့ ကျောင်းပညာရေးမှာ ကျောင်းသားတွေကိုဘယ်လောက်တောင် သမိုင်းကို အမှောင်ချ ထားခဲ့သလဲဆိုတာ စဉ်းစားသာ ကြည်ကြပါတော့။ တချို့ကလေးတွေဆို ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ပုံပြင်ထဲက လူတယောက်လောက်ပဲ ထင်မှတ်နေကြတော့တာ။

မြန်မာနိုင်ငံရဲ့ သမိုင်းကို မြန်မာနိုင်ငံမှာရှိနေတဲ့ ကလေးတွေက အမှန်အတိုင်း သိခွင့်မရကြဘူး။ ဒီနေရာမှာ သမိုင်းဆရာကြီး တယောက်ရဲ့ စကားကို ပြန်သတိရမိပါတယ်။ သမိုင်းသင်ခိုင်းတာ မ အ အောင်လို့တဲ့။ အဲဒီစကားလုံးလေးကို သူများတွေ ဘယ်လိုခံစားမိတယ်ဆိုတာ မသိပေမယ့် ကျွန်မကတော့ တော်တော်ကို နှစ်ခြိုက်လက်ခံမိပါတယ်။ မြန်မာနိုင်ငံရဲ့ ကျောင်းတွေမှာ မြန်မာ့သမိုင်းကို မည်ကာမတ္တလောက်ပဲ သင်ပေးပြီး တကယ်ဖြစ်ပျက်ခဲ့တဲ့ သမိုင်းကို အမှောင်ချထားတဲ့အတွက် ကနေ့ခေတ် လူငယ်အများစုဟာ သမိုင်းရဲ့ အဖြစ်ပျက်မှန်တွေကို မသိသလို စိတ်လည်း မ၀င်စားဘူး။ သမိုင်းမှာ ဖြစ်ခဲ့တဲ့ အမှားအမှန်တွေကို သိခွင့်မရတဲ့အတွက် တိုင်းပြည်အတွက်လည်း စဉ်းစားပေးစရာ မလိုဘူး။ လူစွမ်းလူစ တွေလည်း ညံ့ဖျင်းလာတယ်လို့ပြောရင် ကျွန်မလွန်ရာကြဦးမယ်ထင်ရဲ့။

ကျွန်မတို့ ဖြတ်သန်းကြီးပြင်းလာခဲ့ရတဲ့ မြန်မာပြည်ရဲ့ ခေတ်ကာလ အနေအထားက မြန်မာ့ဆိုရှယ်လစ်ဆိုတဲ့ မဆလ စနစ်နဲ့ နေလာခဲ့ရတာပါ။ ရှေ့ကပြောသမျှ နောက်က ခေါင်းညိတ်ရမယ် ဆိုတာမျိုးနဲ့ နေလာခဲ့ရတာပါ။ အထက်က လူကြီးတွေ ပြောတဲ့အတိုင်း ခိုင်းတဲ့အတိုင်း လုပ်၊ ကိုယ့်အမြင်တွေ အကျိုးအကြောင်းတွေ ဘာမှ ပြန်ပြောမနေနဲ့၊ ပြောတဲ့အတိုင်း လုပ်ဆိုတဲ့ အထက်က အမိန့်ကြီးနဲ့ နေလာခဲ့ကြတာ။ ဒါဟာ မဖြစ်သင့်ပါဘူး။ အမှန်တရားအတွက် မိမိကိုယ်တိုင် တွေးဆဆင်ခြင်ပြီး ဆုံးဖြတ်ရမယ်ဆိုတဲ့ အတွေးမျိုး၊ အခြေအနေမျိုး ဖြစ်မလာအောင် ပုံစံသွင်းတာ ခံခဲ့ကြရတော့ ဘာမှပြန်ပြော ပြန်မေးမနေနဲ့ ပြောတဲ့အတိုင်းသာ လုပ်ပေးလိုက် ကိုယ်က ပြန်ပြော ပြန်မေးနေရင် ကိုယ့်ကို ပြဿနာရှာတော့မယ်ဆိုပြီး အမှန်တရားအတွက် ဘာတုန့်ပြန်မှုမှ မလုပ်တော့ဘူး။ ဖြစ်ပေါ်နေတဲ့ အခြေအနေမှာပဲ ရေစုန်လိုက် အချောင်ခိုနေတဲ့ စိတ်တွေဟာ တစထက်တစ ပွားများလာပြီး တာဝန်သိစိတ်တွေလည်း မရှိကြတော့ ကြာလာတဲ့အခါ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေဟာ ငါနဲ့ဘာမှမဆိုင် အုပ်ချုပ်သူ အာဏာရှင်နဲ့ နိုင်ငံရေးလုပ်သူတွေနဲ့သာ ဆိုင်တယ်ဆိုတဲ့ တာဝန်မဲ့ စိတ်တွေဟာ လူတိုင်းနီးပါးမှာ ဖြစ်ပေါ်လာခဲ့ပါတယ်။

ဒီလိုဖြစ်လာတဲ့ အခြေအနေတွေရဲ့အဓိက အကြောင်းအချက်ဟာ ပြည်သူလူထုမှာ စည်းလုံးခြင်း အင်အားခိုင်မာမှု မရှိခြင်း၊ ကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်း အဆိုးအကောင်းတွေကို အကြားအမြင် နည်းပါးခြင်း၊ အမျိုးသားပညာရေး နိမ့်ကျခြင်း၊ အမျိုးသားနိုင်ငံရေး အသိအမြင် ချို့တဲ့ယိုယွင်းခြင်းနဲ့ ကိုယ်ကျိုးရှာ ငါ့ဖို့ဆိုတဲ့ အတ္တကြီးမား လာခြင်းတွေကြောင့် ဖြစ်တယ်လို့ မြင်ပါတယ်။ တခါကလည်း ကျွန်မရဲ့ အသိတယောက်နဲ့ အမြင်မတူတာတွေကို ဆွေးနွေးဖြစ်ပါတယ်။ အမတို့ ဒီလို ဒီမိုကရေစီဆိုတာကို တောင်းနေ မျှော်လင့်နေကြတာ။ တကယ်က ဒီမိုကရေစီစနစ်ဆိုရင် ဘယ်သူမှ အချောင်ထိုင်နေလို့ မရတော့ အချောင်သမားတွေနဲ့ ခေတ်ပျက်သူဌေးတွေက ဘယ်လိုချင်ပါ့မလဲ။ ပြီးတော့ မြန်မာပြည်မှာ ဒီလောက် ရုပ်ပျက်ဆင်းပျက်နဲ့ ကိုယ်ကိုးကွယ် ယုံကြည်ပါတယ်ဆိုတဲ့ ဗုဒ္ဓဘာသာရဲ့ သာသနာ့ဝန်ထမ်း ရဟန်းသံဃာတွေကို အကြမ်းဖက်နှိမ်နင်း ဖမ်းဆီးတာတွေကြောင့် မြန်မာကို နာမည်ဆိုးနဲ့ ကမ္ဘာကသိကုန်ပြီတဲ့။

သူ့အမြင်တော့ ရဖို့ အချိန်မတန်သေးလို့တဲ့။ ဒါကို ကျွန်မက လက်မခံနိုင်ပါ။ ဒီတော့ ကျွန်မအမြင်နဲ့ ဖြစ်တတ်တဲ့ သဘာဝကို ပြောပြမယ်။ ဘယ်အရာမှ အလကားမရပါဘူး။ ဘယ်ကိစ္စမဆို သူ့အထိုက်အလျောက် ကြိုးစားမှ၊ ရင်းနှီးလုပ်ဆောင်မှ၊ ကိုယ်လိုချင်တဲ့ ပန်းတိုင် ကိုယ်လိုချင်တဲ့ အခြေအနေ၊ ကိုယ်လိုချင်တဲ့ အမြတ်အစွန်းကို ထိုက်ထိုက်တန်တန် ရမှာပါ။ ရယူပိုင်ဆိုင်ဖို့အတွက်ဆိုရင် ပေးဆပ်မှုလည်း ရှိရပါမယ်။ အဲဒီအတွက်တော့ ကိုယ့်ဘက်က လက်သင့်ရမှာပဲလေ။

ပြီးတော့ လူတိုင်းလူတိုင်းသာ အခြေခံ လူ့ယဉ်ကျေးမှုထဲက ကိုယ်ချင်းစာတရား ဆိုတာလေးနဲ့ ရိုးရိုးလေးတွေးပြီး သူတပါးကို ကိုယ်ချင်းစာ ကြည့်ပေးပါ။ လောကမှာ မတရားမှုဆိုတာတွေ ရှားပါးကုန်ပါလိမ့်မယ်။ ဗုဒ္ဓဘာသာရဲ့ နေ့စဉ်စည်းကမ်းချက် ၅ ပါးလို့ ပြောလို့ရတဲ့ ၅ ပါးသီလ အခြေခံ လူ့ကျင့်ဝတ်တွေကို သေသေချာချာ လိုက်နာကျင့်သုံးကြည့်ပါဦး။ လောကကြီးမှာ ဘယ်လောက် သာယာလာမလဲဆိုတာ။ လူတစ်ဦးချင်းစီ ပြုပြင်သွားကြပါ။ ကိုယ်ချင်းစာတရား ထားကြပါ။ မျှတတဲ့ စိတ်ထားနဲ့ သမာသမတ်ရှိကြပါ။ ကိုယ့်သိက္ခာကိုယ် လေးစားကြပါ။ ကိုယ်လုပ်ရမယ့် တာဝန် ကိုယ်လုပ်သင့်တဲ့ ကိစ္စမှန်သမျှ ကျေပွန်အောင် ဆောင်ရွက်ကြပါ။ အဲလိုသာ လုပ်ခဲ့ကြမယ်ဆိုရင် ကျွန်မတို့အတွက် ပန်းတိုင်ကို ရောက်ဖို့ မဝေးတော့ပါဘူးလို့ ကျွန်မယုံကြည်ပါတယ်။

တကယ်တမ်းပြောရရင် ကျွန်မတို့ပြည်တွင်းမှာ ရှိနေတဲ့ ပြည်သူလူထုရဲ့ အင်အားသည်သာ အဓိက အခိုင်အမာလို့ ပြောချင်ပါတယ်။ အဲဒီ ပြည်သူ့အင်အားရဲ့ အကျိုးသက်ရောက်မှု ကြီးမားတာကို ပြည်သူတွေကိုယ်တိုင်က မမြင်ပေမယ့် န အ ဖ ကမြင်တဲ့အတွက် သူ့ အကျိုးစီးပွားဖြစ်စေဖို့ ပြည်သူ့အင်အားကို သူ့အတွက် ကျားကန်ပေးတဲ့ ဒေါက်တိုင်အဖြစ် အသုံးချထားပါတယ်။ အများသိကြတဲ့အတိုင်း ဌာနဆိုင်ရာ လခစား ၀န်ထမ်းမှန်သမျှ ကြံ့ဖွံ့အသင်းဝင် လုပ်ထားပြီး အင်အား ဘယ်ရွေ့ဘယ်မျှရှိပြီး န အ ဖ ၏ လမ်းစဉ်မူဝါဒများအား ထောက်ခံမှုပြုစေခြင်း၊ န အ ဖ ၀ါဒဖြန့် မီဒီယာအမျိုးမျိုးမှ အမာခံ ရုပ်ပြ အင်အားပြ အသုံးချနေခြင်း၊ ဗဟုသုတ စဉ်းစားဆင်ခြင်ဥာဏ် နည်းပါးသော ဆင်းရဲနွမ်းပါးသူများ၊ ပညာမဲ့ လူမိုက်လူရမ်းကားများအား အခကြေးငွေပေး၍ အသုံးချခြင်း စတဲ့အလုပ်တွေကို ထုနဲ့ထည်နဲ့ အင်နဲ့အားနဲ့ လူထုရဲ့အင်အားဆိုပြီး အသုံးချနေတာပါ။

ဒါကို ကာယကံရှင်ဖြစ်တဲ့ အသုံးချခံများက မမြင်နိုင်ကြပါဘူး။ ဒီတော့ မြန်မာနိုင်ငံတွင်းနေ ပြည်သူများက အမြင်မှန် အသိမှန် ရကြပါတော့။ ကိုယ့်တ၀မ်းတခါးအတွက်နဲ့ အမှန်တရားကို မျက်ကွယ်မပြုသင့်ပါ။ ကိုယ့်တိုင်းပြည် ကောင်းမွန်တိုးတက်ပါမှ၊ ကောင်းတဲ့ မူဝါဒ၊ ကောင်းတဲ့ လူတော်တွေနဲ့ တိုင်းပြည်ကို တိုးတက်အောင် ပြုပြင်နိုင်ပါမှ တိုင်းပြည်ချမ်းသာတဲ့အခါ ပြည်သူလူထုတွေ လူတန်းစေ့ နေနိုင်ကြဖို့ရာ ဖြစ်လာပါလိမ့်မယ်။ အဲဒီလိုဖြစ်ဖို့ရာ ကျွန်မတို့မှာ တာဝန်ရှိသလို မြန်မာပြည်တွင်း နေထိုင်ကြကုန်သော ပြည်သူလူထုရဲ့ အင်အားကို လိုအပ်ပါတယ်။ ပြည်သူလူထုများအနေနဲ့ အမှန်တရားဘက်မှ ရပ်တည်အင်အားအဖြစ် နေပေးကြပါ။ ဒီကိစ္စဟာ ဘယ်လောက်မှ အပင်ပန်းခံလုပ်ရတဲ့ အလုပ်မျိုး မဟုတ်ပါ။ ကိုယ်မယုံကြည်တာကို မထောက်ခံဖို့ရာနဲ့ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ လတ်တလော လုပ်ဆောင်ရမယ့် ကိစ္စတွေကို ကိုယ့်ရဲ့အမြင် ကိုယ့်ရဲ့အသိအတိုင်း အမှန်တရားအတွက် မှန်ကန်တဲ့ သတ္တိရှိကြပါ။

(န အ ဖ ရဲ့ နှိပ်ကွပ်ရက်စက်မှုအောက်မှာ အောက်တန်းကျခဲ့ရတဲ့ တို့တိုင်းပြည်ကို ကာကွယ်မည်။ ထူထောင်မှုဟာ တိုင်းရင်းသားအစစ် တို့တာဝန်ဖြစ်သည်။ လူထုအားကို အများကြီးလိုသည်။ လူထုအားလုံး စုစည်းကူညီ တိုင်းရင်းသားများသည် ၀ိုင်းဝန်းကြရမည်။ မြန်မာပြည်ထောင်စုကို ပြန်လည်ထူထောင်ဖို့ရာ တို့တာဝန်ဖြစ်သည်။)

ရွှေဆည်းဆာ
၉-၃-၂၀၀၈

No comments: