ဆရာခင်ဗျား ..
No vote နဲ့ Vote No ကိစ္စကို နောက်မှ ဆက်ဆွေးနွေးပါမယ်။ လောလောဆယ်တော့ ဆရာဦးကျော်ဝင်းရဲ့ စာတမ်းလေးနဲ့ ပတ်သက်လို့ ကျနော့် မှတ်ချက်လေးတွေ အနီရောင်နဲ့ ရေးပေးထားပါတယ်ခင်ဗျား။
ခင်မင်လေးစားလျက် …
သံတုတ်
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်သော အထွေထွေသုံးသပ်ချက်
အပိုင်း (၁)
အပိုင်း (၁)
အတိတ်က အမှားများ (၁၉၈၈-၉၀ အလွန်နှစ်များ)
လက်ရှိအခြေအနေကို အတိတ်က မှားခဲ့တဲ့ အမှားတွေရဲ့ အကျိုးဆက်လို့ မြင်တယ်။
ဒါကြောင့် အတိတ်က အမှားတွေကို ကျကျနန မစိစစ်နိုင်ရင် လက်ရှိအခြေအနေကို ထိထိမိမိ ဆုပ်ကိုင်နိုင်စရာ ရှိမယ်မထင်ပါ။ (မှန်ပါတယ်ခင်ဗျ။ အဲဒီတော့ ဆရာဦးကျော်ဝင်း စိစစ်ထားတဲ့ "အမှား" ဆိုတာတွေကိုလည်း ကျနော် အသေအချာ လေ့လာဖတ်ရှုလိုက်ပါတယ်။ အဲဒါတွေဟာ တကယ့် အမှားဟုတ်သလား၊ မဟုတ်သလား ကြည့်ကြရအောင်ပါ။)
ရှစ်လေးလုံးကနေ အခုအထိ ကိုယ့်ဘက်က အမှားတွေ အကြိမ်ကြိမ် ကျူးလွန်ခဲ့တယ်။ အများစုက လက်ဝဲသွေဖီရေး အမှားတွေ၊ လက်ဝဲသွေဖီရေးက လင်္ကျာသွေဖီရေးထက် အန္တရာယ်ပိုများပါတယ်။ လကျာင်္သွေဖီရေး (အခြေအနေက တောင်းဆိုနေတာထက် နောက်ကျကျန်ရစ်နေတာ) က အရှိန်မြှင့်ပြီး ကျော်လွှားသွားလို့ ရသေးတယ်၊ လက်ဝဲသွေဖီရေး( အခြေအနေက ခွင့်ပြုတာထက် ပိုပြီးတိုက်ပွဲဆင်တာ) က ဟပ်ထိုးကို လဲကျစေတော့တာပါပဲ။ တခါလဲပြီဆိုတာနဲ့ လာဖိမယ့် စစ်ဖိနပ်က အဆင်သင့်မို့ တော်တော်နဲ့ ပြန်ထဖို့ လွယ်မှာမဟုတ်ဘူး။ ဒီလိုနဲ့ အခြေအနေဟာ ရှေ့တိုးမလာဘဲ နောက်ပြန်ဆုတ်ကုန်တာက များတယ်။ (ဟုတ်ကဲ့ - ဘာသွေဖီရေး ရှိရှိ မရှိရှိ စစ်ဖိနပ်က အဆင်သင့်ပါခင်ဗျ။ မလဲရင်လည်း လဲအောင် တွန်းလှဲပြီး ဖိနင်းထားမှာပါ)
အခု ဒီအတိုင်းဖြစ်ခဲ့တာ။ ဒီလိုလက်ဝဲသွေဖီရေးမျိုး အကြိမ်ကြိမ် ဖြစ်ခဲ့တာမို့ အမှားရဲ့ဒဏ်တွေကို အချိန်တိုအတွင်း ပြင်ဆင်နိုင်ဖို့ လွယ်လိမ့်မယ်တော့ မဟုတ်ပါဘူး။ ဒီအခြေခံ Concept နဲ့ ဒီစာတမ်းကို ရေးပါတယ်။ (ဟုတ်ကဲ့ ဆရာဦးကျော်ဝင်းခင်ဗျား - ဆရာ့စာတမ်းကို အသေအချာ ဖတ်ရှုပြီး မှတ်ချက်လေးတွေ ရေးပေးလိုက်ပါတယ်။)
ပထမ လက်ဝဲသွေဖီရေး
ဒေါက်တာမောင်မောင်လက်ထက် ဒုတိယမိန့်ခွန်းအပြီးမှာ အစိုးရနဲ့ Compromise မလုပ်နိုင်ခဲ့တာ မှားတယ်။ အဲဒီတုန်းက သပိတ်ရဲ့ တောင်းဆိုချက်က ကြားဖြတ်အစိုးရ (Interim Government)။ စကားလုံးအရ ကြားဖြတ် ဆိုထားပေမယ့် လက်တွေ့ တကယ်တောင်းနေတာက ယာယီအစိုးရ (Temporary Government) ဖြစ်နေတယ်၊ အစိုးရဘက်က ဘယ်သူမှမပါဘဲ ကိုယ့်စိတ်တိုင်းကျ အစိုးရဖွဲ့မယ်ဆိုတဲ့သဘော။ ဘယ်လိုမှ ရနိုင်စရာ မရှိပါ။ ကိုယ့်ဘက်သူ့ဘက် နှစ်ဘက်စလုံးပါတဲ့ ကြားဖြတ်အစိုးရဆိုရင် ရနိုင်စရာရှိပါတယ်။ (ဥပမာ - ဗိုလ်ချုပ်တို့ လက်ထက်က ဖဆပလ ကိုယ်စားလှယ်တွေ ဘုရင်ခံအတိုင်ပင်ခံကောင်စီမှာ ပါခဲ့တာမျိုး)
(ကျနော် တခုလောက် မေးပါရစေ၊ ကြားဖြတ်အစိုးရ ဆိုတာကိုက ယာယီပဲလေ။ အမြဲတမ်းအစိုးရမှ မဟုတ်တာ။ အဲဒါကို ဆရာ မသိဘူးလား ခင်ဗျ။ ဆရာက ဘိုလိုရေးထားတော့ ကျနော်လည်း တတ်သမျှ မှတ်သမျှလေး ရေးပြလိုက်ပါရစေ "An interim government is frequently organized following a revolution or sudden death, when there has not been time to nominate, designate, or elect a government formally. Such a government may also be called a provisional government." လို့ ပြောထားပါတယ် ခင်ဗျ။ အဲ provisional ဆိုတာ ယာယီလို့ အဓိပ္ပါယ်ရတယ် ဆိုတာတော့ ဆရာလို လူမျိုးကို ဘာသာပြန်ပြစရာ မလိုဘူးထင်ပါတယ်နော်။ ကြားဖြတ်အစိုးရမှာ လက်ရှိအစိုးရဘက်က လူတွေပါရမယ်လို့ ဘယ်မှာမှ ပြဌာန်းထားတာ ကျနော် မတွေ့မိသေးပါဘူး။ ဗိုလ်ချုပ်တို့ လက်ထက်က လုပ်တဲ့ ကြားဖြတ်အစိုးရနဲ့လည်း အခြေအနေချင်း မတူဘူးဆိုတာ သတိထားစေချင်ပါတယ်။)
အဲဒီကာလ ခေါင်းဆောင်တွေရော၊ လူထုပါ ကြားဖြတ်နဲ့ ယာယီ ကွဲကွဲပြားပြား နားလည်ဟန် ရှိခဲ့ကြပုံမရဘူး။ (ဟုတ်ကဲ့ခင်ဗျ။ နားမလည်ပါဘူး။ အပေါ်က စာကို တဆိတ်လောက် ပြန်ဖတ်စေလိုပါတယ်။ ကြားဖြတ်ဆိုတာက အမြဲတမ်းလား ခင်ဗျ) လက်တွေ့မှာ ဒေါက်တာမောင်မောင် ကမ်းလာတဲ့လက်ကို ကိုယ့်ဘက်က ပုတ်ချခဲ့တယ်။ (ဒေါက်တာမောင်မောင် ကတော့ ခင်မောင်တိုးရဲ့ ‘မငြိမ်းသောမီး’ သီချင်းလေးနဲ့ "ဒီက ကမ်းလိုက်တဲ့ တို့လက်ကို မင်း ဆုပ်ချင်ဆုပ် .. ပုတ်ချင်ပုတ်" ဆိုပြီး လွမ်းနေမှာပဲနော်) ဒါရဲ့အနီးဆုံး အကျိုးဆက်က န၀တ အာဏာသိမ်းတာပါပဲ၊ (အဲဒါ မလုပ်လည်း သိမ်းမှာပါပဲ) ရေရှည်အကျိုးဆက်က Rule of the Game ချမှတ်နိုင်ရေးမှာ ကိုယ့်ဘက်က လက်လွှတ်လိုက်ရတယ်။ (စစ်အာဏာရှင်တွေနဲ့ ကစားတဲ့ပွဲမှာ ဘာ Rule မှ မရှိဘူးဆိုတာ ဆရာ သဘောမပေါက်သေးဘူး ထင်တယ်။ Rule ဆိုတာ နှစ်ဦးနှစ်ဖက် လိုက်နာမှ ရှိတာမျိုးပါ။ အခုဟာက ဘာ Rule မှ သူတို့ဘက်က လိုက်နာတာလည်း မတွေ့ပါလား။ ရှိကိုမရှိတဲ့ Rule တွေကို ဘယ်လိုလုပ် ချမှတ်မှာလဲ ခင်ဗျ။)
ဒုတိယ လက်ဝဲသွေဖီရေး
တရားဝင် နိုင်ငံရေးပါတီ ဖွဲ့ခွင့်ရတော့ အဲဒီပါတီတွေထဲမှာ UG တွေ ပါလာတာ မှားတယ်။ (တော်လှန်ရေးပါ ဆိုမှတော့ UG မပါလို့ ရမလားဗျာ။ ရသမျှ နည်းပေါင်းစုံနဲ့ တိုက်ရတာပဲလေ)
ဒီအတွက် အဓိက တာဝန်ရှိသူက BCP ။ (သြော် .. ဆရာလည်း ကွန်မြူနစ်တစ္ဆေ အခြောက်ခံနေရတဲ့ ဘ၀က မကျွတ်ရှာသေးပဲကိုး။ ဗမာပြည်ကွန်မြူနစ်ပါတီကိုလည်း သနားမိပါရဲ့။ ထစ်ကနဲဆို သူတို့ခေါင်းပဲ ပြေးခေါက်နေကြပါလား) NLD အပါအ၀င် အများစုလည်း ဒီအမှားနဲ့ မကင်းဘူး၊ ပါတီတည်ဆောက်ရေး (Institutionalization)ကို ဘယ်ပါတီကမှ မလုပ်နိုင်ခဲ့ဘူး။ (မလုပ်နိုင်ခဲ့ပေလို့သာပေါ့။ မြန်မာပြည်တပြည်လုံး NLD ရုံးခွဲတွေချည်းပဲလေ) တူညီဝတ်စုံဝတ် ဟန်ရေးပြနေကြ တာနဲ့၊ (အဲဒါက မဆလခေတ်က လမ်းစဉ်လူငယ်တွေပါ ဆရာရယ်။ အဲ ... ဒီဖက်ခေတ်မှာတော့ အဲဒါမျိုးလုပ်တာ အရံမီးသတ်ရယ်၊ ကြံ့ဖွတ်ရယ် ရှိတယ်လေ။ တပ်မတော်လည်း တူညီဝတ်စုံ ၀တ်ရတယ်နော်) UG/OG တွဲသုံးတဲ့ လုပ်နည်းလုပ်ဟန် ကိုသာ အားပြုလုပ်နေကြတာ တွေ့ရတယ်။ (အဲဒီလိုမလုပ်တော့ ဘယ်လိုလုပ်ရမှာလဲ ခင်ဗျ။ ဒီမိုကရေစီရှိပြီးသား နိုင်ငံကြီးတွေမှာလို လုပ်လို့မရဘူးလေ။) ပြောရရင် တူတူတန်တန် ပါတီမျိုး တခုမှ မရှိခဲ့ပါ။ (တူတူတန်တန်ပါတီဆိုတာ ဘယ်လိုပါတီမျိုးလဲ ခင်ဗျ။ အမေရိကန်က Republican ပါတီကြီးလိုမျိုးတော့ ဘယ်ရှိနိုင်ပါ့မလဲ ဆရာဦးကျော်ဝင်းရယ်) အားလုံး သပိတ်ကော်မတီ အကြီးစားတွေသာ ဖြစ်နေကြတယ်။ (သပိတ်ကော်မတီတွေ ရွေးကောက်ပွဲဝင်တယ်ရယ်လို့ တခါမှ မကြားမိပါလား။ ပါတီတွေ သပိတ်မှောက်တာလည်း တခါမှ မတွေ့ခဲ့ဖူးပါဘူး)
UG/OG တွဲလုပ်တဲ့ အမှားမျိုးဟာ စစ်ကြိုခေတ်ကတည်းက ရှိခဲ့တာပါ။ ဥပမာ သခင်ဗဟိန်း (BCP UG)နဲ့ ဒို့ဗမာအစည်းအရုံး (OG) တွဲလုပ်ခဲ့ကြတာမျိုး။ (ဟုတ်ကဲ့ အဲဒီလိုလုပ်လို့ လွတ်လပ်ရေးရခဲ့ပြီး စစ်တပ်က အာဏာသိမ်းတာ ခံရတာဆိုတော့ ဒီအမှားမျိုး ရှောင်ကျဉ်သင့်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတောင် UG လုပ်မိလို့ နောင်တ ရနေလောက်ပါတယ် ခင်ဗျ။ အဲဒီခေတ်က ဆရာ မမွေးသေးဘူးထင်တယ်။ နာတယ်နော်) ခုအထိလည်း လုပ်နေကြတုန်းပါပဲ။ ဒါကိုနင်းပြီး တဖက်က ဆိုင်တာရော မဆိုင်တာရော သိမ်းကျုံးပြီး General Suppression လုပ်လာနိုင်ပါတယ်။ (ဘာမှမလုပ်လည်း သူပြချင်တဲ့ အကြောင်းပြပြီး ဖိနှိပ်ဖြိုခွဲမှာပါ ခင်ဗျ) မလိုအပ်ဘဲ မြန်မြန်ဆန်ဆန် အဖြိုခွဲ ခံခဲ့ကြရပါတယ်။ ဒါကြောင့် လက်ဝဲသွေဖီရေးလို့ ပြောရတာဖြစ်ပါတယ်။ (စောစောက ပြောတော့ လက်ဝဲသွေဖီရေးဆိုတာ အခြေအနေက ခွင့်ပြုတာထက် ပိုပြီးတိုက်ပွဲဆင်တာဆို၊ အခု ဘယ့်နှယ် UG/OG တွဲတာ လက်ဝဲ သွေဖီရေး ဖြစ်သွားရပြန်တာလဲ ခင်ဗျ။ ကြည့်ရတာ ဆရာက ဘာမှမလုပ်ဘဲ နေစေချင်တာ ထင်တယ်)
ဒီလက်ဝဲသွေဖီရေး အကျိုးဆက်ကြောင့် မြန်မာ့နိုင်ငံရေး တပ်ပေါင်းစု (မနတ) ယူဂျီပေါက်ရာကနေ တခြားမဆိုင်တဲ့ ပါတီတွေပါ ထိခိုက်ကုန်ပါတယ်။ General suppression နဲ့ အချိန်မတိုင်မီ စောစောစီးစီး ကြုံခဲ့ကြရတယ်။ (ပြောခဲ့ပြီးပါပြီ။ စစ်တပ်က သူလုပ်ချင်တဲ့ အချိန်ကျရင် မရှိရှိတဲ့ အကြောင်းပြပြီး General suppression လုပ်မှာပါပဲ။ ဘာသွေဖီရေးနဲ့မှ မဆိုင်ပါဘူး)
တတိယ လက်ဝဲသွေဖီရေး
၁၉၆၂ ခုနှစ်၊ ပုံနှိပ်အက်ဥပဒေကို အကန့်အသတ်မရှိ အာဏာဖီဆန်ရာကနေ အထွေထွေ အာဏာဖီဆန်ရေးအထိ ကျွံသွားတာမှားတယ်။ (ဟုတ်ကဲ့ခင်ဗျ။ နောက်ကို ဒီမိုကရေစီ အင်အားစုတွေ ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေး ထိုင်ပြီး စစ်အစိုးရလုပ်သမျှ ခေါင်းညိတ်နေပါ့မယ်)
အမှန်က ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေဟာ နိုင်ငံရေးပါတီတွေနဲ့ မဆိုင်ပါဘူး။ နိုင်ငံရေးပါတီတွေမှာ တရားဝင် ကင်းလွတ်ခွင့် ပါရှိပြီးသား ဖြစ်ပါတယ်။ ဒါကို န၀တ သတင်းထုတ်ပြန်ရေးအဖွဲ့က မသိလို့ ဒီဥပဒေနဲ့ နိုင်ငံရေးပါတီတွေကို ကိုင်ဖို့ ကြိုးစားတာပါ။ (အော် .. တော်တော်တုံးတဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ပါလားနော်) ဒါကြောင့် ၆၂ခုနှစ် ပုံနှိပ်အက်ဥပဒေ ကင်းလွတ်ခွင့်ကို ကိုင်ပြီး ဆန့်ကျင်တာ မှန်တယ်။ နောက်ပိုင်းမှာ ဒါကိုသိတော့မှ နိုင်ငံရေးပါတီတွေက ထုတ်ဝေတဲ့စာတွေ စာပေစိစစ်ရေးကို စာမူတင်၊ ခွင့်ပြုချက်ရမှထုတ် ဆိုတဲ့အမိန့်ကြေငြာချက် ထုတ်ပြန်လာပါတယ်။ (အစိုးရက အရင်က မသိဘူး။ နောက်မှ သိတယ်ဆိုတာ ဆရာက ဘယ်လို သိပါသလဲ) ဒါဟာ လက်တွေ့မဖြစ်နိုင်တာမို့ အာဏာဖီဆန်တာ မှန်တယ်။ (ဒါဆိုရင် လက်တွေ့ဖြစ်နိုင်တာတွေ အမိန့်ကြေညာချက် ထုတ်ပြန်ရင် အာဏာမဖီဆန်ရဘူးလား ခင်ဗျ)
ဒီတော့မှ န၀တဘက်က လျှော့လာတယ်။ စာပေစိစစ်ရေးကို စာမူတင်စရာမလို၊ ဒါပေမယ့် တနှစ်တခါ မှတ်ပုံတင်ပါ၊ ပြီးရင် လွတ်လွတ်လပ်လပ်ထုတ် ဆိုတာဖြစ်လာခဲ့တယ်၊ ဒါ ကိုယ့်ဘက်က အနိုင်ပဲ၊ ဒီနေရာမှာတင် ကန့်သတ်သင့်ခဲ့ပါတယ်။ (နအဖကတော့ နိုင်နေတဲ့အချိန်မှာ တခါမှ ကန့်သတ်ပြီး ရပ်တာ မတွေ့ခဲ့ဘူးပါခင်ဗျ)
ဒါပေမယ့် လက်တွေ့မှာ ဘရိတ်အုပ်လို့ မရတော့ဘူး။ မတရားတဲ့ ဥပဒေမှန်သမျှ တာဝန်အရ ဆန့်ကျင်ကြဆိုပြီး အထွေထွေ အာဏာဖီဆန်ရေး လုပ်ခဲ့ကြပါတယ်။ (ဟုတ်ကဲ့၊ ကျနော်တို့ ပြည်သူတွေ နောက်ကို မတရားတဲ့ ဥပဒေတွေကို မဆန့်ကျင်တော့ပါဘူး ခင်ဗျ။ ဆရာ့ သုံးသပ်ချက်အတိုင်း ခေါင်းငုံ့ခံနေပါတော့မယ်) လက်ဝဲသွေဖီရေးပဲ ဖြစ်ပါတယ်။ ဒါရဲ့အကျိုးဆက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အစဉ်အလာနဲ့ အတွေ့အကြုံရှိတဲ့ ခေါင်းဆောင်တွေအားလုံး ရွေးကောက်ပွဲမတိုင်ခင် အစောကြီးကတည်းက အဖမ်းခံလိုက်ရ ပါတော့တယ်။ (ဒါမလုပ်လည်း တခြားအကြောင်းပြပြီး ဖမ်းမှာပါပဲ) အစဉ်အလာနဲ့ အတွေ့အကြုံရှိတဲ့ ခေါင်းဆောင်တွေ အပြင်မှာ မရှိဘဲ ရွေးကောက်ပွဲကို ရင်ဆိုင်ခဲ့ကြရတယ်။ (ဒါတောင် အပြတ်အသတ် နိုင်သေးတယ်နော်)
၁၉၈၉ ရွေးကောက်ပွဲဥပဒေ (လက်ယာသွေဖီရေး)
၉၀ ရွေးကောက်ပွဲမတိုင်ခင် Rule of the game မှာ ကိုယ့်ဘက်က သဘောထားတင်ပြဖို့ အခွင့်အရေးတခု ပွင့်လာဖူးတယ်။ အဲဒါက ၁၉၈၉ ရွေးကောက်ပွဲဥပဒေပါ။ လက်တွေ့မှာ ဒီအခွင့်အရေးကို လက်လွှတ်ခဲ့ရတယ်။ ဒီဥပဒေမှာ လာမယ့်ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲလို့ တရားဝင်ခေါ်ထားတယ်၊ ဒါဆိုရင် အစိုးရဖွဲ့ခွင့် အာဏာရှိရမယ်။ တကယ်လို့ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခွင့်အာဏာ ရှိရပါမယ်။ ဒါပေမယ့် ထွက်လာတဲ့ ရွေးကောက်ပွဲဥပဒေမှာ ဘာ mandate မှ ပါမလာဘူး။ (ဘာပဲခေါ်ထားထား မထားထား အာဏာကို မလွှဲဘူးလေ၊ မျက်နှာပြောင်တိုက်ပြီး နေတာပဲ) ဒါကြောင့် …
၁။ အခုလုပ်မယ့် ရွေးကောက်ပွဲဟာ ဘာလဲ (ပြည်သူ့လွှတ်တော်လား၊ တိုင်းပြုပြည်ပြုလွှတ်တော်လား)
၂။ ဘာ mandate ရှိသလဲ (အစိုးရဖွဲ့ခွင့်လား၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခွင့်လား)
၃။ ပထမအကြိမ် လွှတ်တော် ဘယ်တော့ခေါ်မှာလဲ
ဒီမေးခွန်းသုံးခုနဲ့ ပတ်သက်လို့ တိကျတဲ့ အဖြေရမှ ရွေးကောက်ပွဲ ၀င်သင့် မ၀င်သင့် ဆုံးဖြတ်ကြပါဆိုပြီး ပါတီငယ်လေးတခုက ပါတီကြီးတွေကို အဆိုပြုခဲ့ဖူးပါတယ်။ ဒီ/ငြိမ်းက လက်ခံပေမယ့် NLD က လက်မခံ ပယ်ချခဲ့ပါတယ်။ ဒါရဲ့အကျိုးဆက်ကြောင့် ရွေးကောက်ပွဲအပြီးမှာ ပြဿနာတွေ အများကြီး ကြုံခဲ့ရတာ ဖြစ်ပါတယ်။ (အရွေးခံရတဲ့ ပါတီတွေ အခြေခံဥပဒေ ဆွဲကြပါ၊ တပ်မတော်က မဆွဲပါဘူး။ တရားခံ အဖြစ်မခံနိုင်ပါဘူး၊ စစ်တပ်ကတော့ စစ်တန်းလျားကို ပြန်ပါ့မယ်ဆိုပြီး အဲဒီတုန်းက စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးစောမောင် ကိုယ်တိုင်ပြောခဲ့တာကို ဆရာ မှတ်မိသေးလား မသိဘူး။ "မင်းမှာ သစ္စာ၊ လူမှာ ကတိ" တဲ့ ဆရာရဲ့၊ ဒါပေမယ့် "မင်း" မှ မဟုတ်တာနော်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ပဲဟာ။ ဒီတော့လည်း သစ္စာရှိရမယ်လို့ ပြောရခက်သား။ အဲ … ကတိမတည်တာ ကျတော့လည်း ...)
စတုတ္တ လက်ဝဲသွေဖီရေး
၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရတာကနေ ထွက်ပေါ်လာတဲ့ သွေဖီရေးဖြစ်ပါတယ်။
ရွေးကောက်ပွဲရလာဒ်ဟာ popular vote ရဲ့ အကျိုးဆက်သာ ဖြစ်တယ်။ (popular ဖြစ်လို့ ပြည်သူတွေ မဲထည့်ခဲ့ကြတာ မဟုတ်ပါဘူးဆရာ၊ ဒေါ်စုဦးဆောင်တဲ့ ပါတီကို ယုံကြည်လို့ မဲထည့်တာပါ) popular revolution ရဲ့ အကျိုးဆက်မဟုတ်။ (popular revolution ဆိုတာ ဘယ်လိုဟာမျိုးပါလိမ့်) ဒါကြောင့် ကိုယ့်ဘက်က လိုချင်တာ အကုန်မရနိုင်ဘူး။ လက်ရှိအစိုးရ (စစ်တပ်)နဲ့ တစုံတရာ အပေးအယူ လုပ်နိုင်မှာသာ အဖြေတခု ထွက်နိုင်မယ်။ (ဟုတ်ကဲ့ ကိုယ့်ဘက်က အကုန်ပေးပြီး စစ်တပ်က အကုန်ယူမယ့် အပေး- အယူ မျိုးပေါ့ ဆရာရယ်) ၁၉၉၀ ခုနှစ်အောင်ပွဲကို ဒီအခြေခံပေါ်ကနေ စဉ်းစားပြီး ဗျုဟာခင်းသင့်တယ်လို့ မြင်ပါတယ်။ (ဘာမှ စဉ်းစားနေဖို့ မလိုပါဘူး ဆရာရယ်။ တပ်မတော်ကသာ ကတိတည်ခဲ့ရင် အာဏာလွှဲရမှာပေါ့။ "လူမှာ ကတိ" ပါ ဆိုမှပဲ) ရွေးကောက်ပွဲအပြီးမှာ အနိုင်ရခဲ့တ NLD အနေနဲ့ ရွေးစရာ သုံးလမ်း ရှိခဲ့ပါတယ်။
၁။ Constitution အသစ်ရေးမလား
အန္တရာယ်အကြီးဆုံး ရွေးချယ်မှု ဖြစ်ပါတယ်။ (အခြေခံဥပဒေ မရှိလို့ ရွေးကောက်ပွဲမှာ မဲအများစုနဲ့နိုင်တဲ့ ပါတီက အခြေခံဥပဒေ ရေးဆွဲဖို့ စဉ်းစားတာဟာ ဘယ်လို အန္တရာယ်ကြီးတာလဲဆိုတာ ရှင်းပြပေးပါဦး) ဒါကိုရွေးလိုက်ရင် … (၁) အချိန်ကြာမယ် (အခုတော့ စစ်တပ်က ဆွဲလိုက်တာ အချိန်သိပ်မကြာပါဘူး။ ၁၄ နှစ်ထဲပါ) (၂) စစ်အစိုးရအောက်မှာ ရေးရမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ရှိနေနှင့်ပြီးသား နှစ်ခုထက် ပိုကောင်းဖို့ မဖြစ်နိုင်ဘူး၊ ပိုဆိုးဖို့သာ ရှိတယ်။ (အခုအခြေခံဥပဒေ မူကြမ်းကြီးကတော့ ပိုကောင်းတယ် ထင်တယ်နော်)
၂။ ၁၉၄၇ Constitution နဲ့ အာဏာကူးပြောင်းရေး ဆွေးနွေးမလား
တဘက်က ခုခံမှုအား ကြီးပါလိမ့်မယ်၊ အဖြေတခုခုရဖို့ မလွယ်ပါ၊ ကိုယ့်ဘက်က စဉ်းစားရင်လည်း ၄၇ မှာ အားနည်းချက်ရှိတယ်၊ ၀န်ကြီးချုပ် သို့မဟုတ် သမ္မတရဲ့ တဦးချင်းဆုံးဖြတ်ချက်နဲ့ အရေးပေါ် အခြေအနေ ကြေငြာလို့ရတဲ့ အားနည်းချက်ရှိတယ် (၁၉၅၈ အိမ်စောင့်အစိုးရဟာ ဒီအားနည်းချက်ရဲ့ အကျိုးဆက်) နောင်ဖြစ်လာမယ့် ၀န်ကြီးချုပ် သို့မဟုတ် သမ္မတကို တနည်းနည်းနဲ့ ဖိအားပေးပြီး တပ်က အာဏာသိမ်းနိုင်တယ်။ (ဟုတ်ကဲ့ စစ်တပ်က အာဏာသိမ်းချင်ရင် အချိန်မရွေး သိမ်းလို့ရ ပါတယ်။ ဘာအခြေခံဥပဒေကြီးပဲ ဆွဲထားဆွဲထားပါ။ သေနတ်တွေ ကိုင်ထားမှတော့ သေနတ် မရှိတဲ့ လူတွေဆီက သိမ်းရတာ အရမ်းလွယ်ပါတယ်)
၃။ ၁၉၇၄ Constitution နဲ့ အာဏာကူးပြောင်းရေး ဆွေးနွေးမလား
(တဖက်က ခုခံမှု အားနည်းနိုင်တယ်၊ အဲဒီအချိန်မှာ ဦးနေ၀င်း သြဇာရှိနေသေးတယ်၊ ကိုယ့်ဘက်က စဉ်းစားရင်လည်း အားကောင်းချက် ရှိတယ်၊ လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့သာ အရေးပေါ် အခြေအနေ ကြေညာနိုင်တဲ့ အားကောင်းချက်ရှိတယ်၊ လွှတ်တော်ဟာ ကိုယ့်လွှတ်တော်ဖြစ်နေရင် ဒါဟာ ပြဿနာ မရှိတော့ဘူး။ ဒါကြောင့် ၁၉၇၄ constitution အခြေခံနဲ့ power sharing လုပ်ဖို့ NLD အနေနဲ့ အစိုးရကို စတင် ကမ်းလှမ်းသင့်တယ်လို့ မြင်ပါတယ်။ (လူတိုင်းမကြိုက်လို့ ၈၈ အရေးတော်ပုံ ပေါ်ပေါက်ခဲ့ရတဲ့ မဆလ အခြေခံဥပဒေကို ပူပူနွေးနွေးကြီး ပြန်သုံးမယ်ဆိုတဲ့ အတွေးကတော့ ဆရာ့အနေနဲ့ ဘယ်သူမှ မစဉ်းစားမိတဲ့ လမ်းကြောင်းတခုကို ရဲဝံ့ပြောင်မြောက်စွာ ရွေးချယ်စဉ်းစား လိုက်တာပဲလို့ ယူဆပြီး ဆရာ့ရဲ့ အံ့မခန်း ရဲရဲတွေး၊ ရဲရဲရေးတတ်တဲ့ စွမ်းရည်ကို အံ့သြလေးစားစွာနဲ့ ချီးကျူးဂုဏ်ပြုမိပါတယ်)
ဒါပေမယ့် NLD ဟာ အန္တရာယ် အကြီးဆုံးလမ်းကြောင်း (ပထမ ရွေးချယ်မှု) ကို ရွေးခဲ့ပါတယ်။ ဂန္ဒီ လမ်းကြောင်းပါ။ ဒီတော့ စစ်တပ်က ၁/၉၀ နဲ့ တုန့်ပြန်ပါတယ်။ အကျိုးဆက်က အမျိုးသားညီလာခံ။ (စစ်တပ်က ၁/၉၀ နဲ့ တုန့်ပြန်တာ မဟုတ်ပါဘူး။ ကြိုကန်ထားတာပါ။ ၁/၉၀ က တရက်ကြိုထုတ်တာပါ ဆရာခင်ဗျား)
ပစ္စုပ္ပန်အခြေအနေ (၁၉၉၀ လွန်နှစ်များ- ၂၀၀၀ လွန်နှစ်များ)
နောက်ထပ်အမှား (အထူးသဖြင့် လက်ဝဲသွေဖီရေး)တွေလည်း အကြိမ်ကြိမ် ကျူးလွန်ခဲ့ပါတယ်။ အမျိုးသား ညီလာခံအတွက် အကြိုညှိနှိုင်းကြတုန်းက rule of the game ကို သူ့ဘက်က တဖက်သတ်ယူတာကို လုံးဝမခုခံဘဲ သဘောတူခဲ့တာ (လင်္ကျာသွေဖီရေး)၊ (ခုခံခွင့်ကို မပေးတာလေ) နောက် ကိုယ်ဘက်က Alternative အစီအစဉ်မရှိဘဲ ညီလာခံကထွက်တာ (လက်ဝဲသွေဖီရေး)၊ (မထွက်ပဲ ဆက်ထိုင်နေရင် သမိုင်းတရားခံ ဖြစ်သွားမှာပေါ့ဗျာ၊ အဲဒီအတွက် ညီလာခံကြီး ရပ်သွားအောင် လုပ်နိုင်ခဲ့တယ်လေ) ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ်လွတ်ပြီး ကျင်းပနေခဲ့တဲ့ အိမ်ရှေ့တရားပွဲတွေ (Dialogue အတွက် လက်တွေ့မကြိုးစားဘဲ အပေါစား အများကြိုက်နိုင်ငံရေး Debate တွေလုပ်နေတာ (ဒါလည်း လက်ဝဲသွေဖီရေးပါ)၊ (Dialouge ပါဆိုမှ ဆရာရယ်။ ဟိုဘက်က ဘယ်လိုဖြစ်ဖြစ် မပြောဘူး ဆိုပြီး နေနေမှတော့ ဘာဆက်လုပ်ရဦးမှာလဲ။ ပြည်သူလူထုကို တရားဟောတာ အပေါစားနိုင်ငံရေး မဟုတ်ပါဘူးခင်ဗျ။ ပြည်သူလူထု နိုင်ငံရေး အသိ၊ သတိ ရှိလာအောင် လမ်းညွှန်ပေးရမယ့် တာဝန်ဟာ လူထုခေါင်းဆောင် ဒေါ်စုဆီမှာ ရှိပါတယ်။ နောက်ပြီး နိုင်ငံရေးဆိုမှတော့ အများကြိုက်မှ ဖြစ်မှာပေါ့။ အများမကြိုက်ဘဲ ဘယ်လိုလုပ် နိုင်ငံရေးလုပ်လို့ ရမှာလဲ။ ဆရာပြောနေတာက အခု သတင်းစာထဲမှာ ပါနေတဲ့ တပ်မတော်က လုပ်နေပါတယ်ဆိုတဲ့ အမျိုးသားနိုင်ငံရေး ဆိုတာမျိုး ထင်တယ်။ အဲဒါကတော့ ရတယ်ဆရာရေ့၊ အများကြိုက်ဖို့ မလိုဘူး။ သေနတ်ရှိရင် ရတယ်ခင်ဗျ) ပါတီတည်ဆောက်ရေးကို ကျစ်ကျစ်လျစ်လျစ် ဖြစ်အောင်မလုပ်ဘဲ နယ်လှည့် အင်အားပြနေခဲ့တာ (ဒါလည်း လက်ဝဲသွေဖီရေး) (ဟုတ်ကဲ့ ရန်ကုန်က အိမ်မှာထိုင်ပြီး ပါတီကို တည်ဆောက်လို့ မရပါဘူးခင်ဗျ။ နယ်လှည့် စည်းရုံးရပါတယ်။) တွေဟာ သွေဖီရေးတွေ ဖြစ်ပါတယ်။ အသေးစိတ်မပြောလိုတော့ပါ။ (ဟုတ်ကဲ့ ... အသေးစိတ် မပြောပေလို့သာပဲ ခင်ဗျာ။ ဘာမှကို ထပ်ပြောစရာ မကျန်တော့ဘူး)
လက်ဝဲသွေဖီရေး တကြိမ်ကျူးလွန်တာနဲ့ ကိုယ့်ဘက်က အင်အားနည်းပြီး သူ့ဘက်က အင်အားကြီးလာ တာချည်းပါပဲ။ (သူ့ဘက်က လက်နက်အင်အားကြီးနေတာပါ ဆရာရယ်။ အဲဒါက လက်ဝဲတွေ လင်္ကျာတွေ သွေဖီမှ မဟုတ်ပါဘူး) အဲဒီလို အမှားတွေ အကြိမ်ကြိမ် ကျူးလွန်ရင်းနဲ့ လက်ရှိအခြေအနေကို ရောက်လာတာ ဖြစ်ပါတယ်။ (ဆရာက အမှားလို့ သတ်မှတ်ထားတဲ့ အရာတွေ မကျူးလွန်လည်း လက်ရှိအခြေအနေကို ရောက်လာမှာပါပဲ) ဒေါက်တာမောင်မောင်လက်ထက်က သူ့ဘက် ကိုယ့်ဘက် Balance of power ကို ၅၀း၅၀ သတ်မှတ်ရင် လက်ရှိအခြေအနေမှာ ၉၀း၁၀ ပဲ ရှိတော့မယ်။ ကိုယ့်ဘက်မှာ ၁၀ လောက် ကျန်နေတာကိုက မြန်မာပြည်လူထု နိုင်ငံရေးအသိ နိုးကြားလွန်းလို့ပါ။ ဒါကြောင့် မြန်မာပြည်ပြဿနာ လူထုဘက်မှာ တာဝန်မရှိတော့ပါ။ Leadership ရဲ့ အားနည်းချက်လို့ ပြောချင်ပါတယ်။ (ဒေါက်တာစိုးနောင် ပြောပြီးသား ဖြစ်သည့်အတွက် ကျနော် ထပ်မပြောတော့ပါ။ ဆရာစိုးနောင်၏ အမြင်ကို ကျနော် အပြည့်အ၀ သဘောတူပါသည်။)
လက်ရှိအခြေအနေနဲ့ Road Map
သူ့ဘက်
Rule of the game တစ်ခုလုံးကို စိတ်တိုင်းကျရေးနိုင်တဲ့ အနေအထားရှိနေပြီ၊ သူ့စိတ်ကြိုက် ဗျူဟာခင်းနိုင်ပြီ။ (Rule မရှိသည့် တဖက်သတ် Game မို့ ဘာမှပြောရန် မလိုတော့ပါ)
ဒါပေမယ့် ပြည်သူလူထု ထောက်ခံမှုရအောင်တော့ မစည်းရုံးနိုင်ဘူး၊ ဒါကြောင့် လူထုရဲ့ အညွတ်အနူး ထောက်ခံမှုမပါဘဲ သူခင်းတဲ့ဗျူဟာကို ဇွတ်အကောင်အထည် ဖော်ရမယ့်ပုံ ရှိနေပါတယ်။ ဇွတ်အကောင်အထည်ဖော်နိုင်တဲ့ အနေအထားလည်း ရှိနေပါတယ်။ (အသေအချာပါပဲ ခင်ဗျ)
နိုင်ငံတကာ ဖိအားကိုလည်း တစုံတရာ ထည့်တွက်နေရတယ်၊ ဒါပေမယ့် တခုလုံး အပြောင်းအလဲ ဖြစ်သည်အထိတော့ နိုင်ငံတကာ ဖိအားသက်သက်နဲ့ စွမ်းဆောင်နိုင်စရာ မရှိပါဘူး။ (မှန်လိုက်လေ ဆရာရယ်။ နိုင်ငံတကာက ဘာမှ မလုပ်နိုင်ပါ။ ပြည်တွင်းအားနဲ့သာ ကိုယ့်အားကိုယ်ကိုးကြရမှာပါ)
ကိုယ့်ဘက်
အဆိုးရွားဆုံး အနေအထားကို ရောက်နေ (ဟုတ်လိုက်လေ ခင်ဗျ)
NLD - ဒေါ်အောင်ဆန်းစုကြည်မရှိရင် ဘာမှမလုပ်နိုင်၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အခြေအနေကို ငုံမိဟန်မတူ။ (ငုံမိလို့ပဲ အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ထားကြဖို့ ဆရာ့ထက် အများကြီးစောပြီး ပြောထားပါတယ် ခင်ဗျ)
88 Generation - အကုန်နီးပါးလောက် အထဲရောက်နေကြပြီ၊ နောက်ထပ် ကြီးကြီးမားမား လှုပ်ရှားမှု လုပ်နိုင်ဖွယ်ရာ မရှိ၊ (စောင့်ကြည့်ပါဦး ခင်ဗျား။ သိပ်လျှော့မတွက်ပါနဲ့)
ပြင်ပအင်အားစုများ - အဝေးကနေ အော်ရုံသာ တတ်နိုင်ကြတော့တယ်။ သူဖြူရင် ငါမည်းမယ်ဆိုတဲ့ logic နဲ့ သွားနေကြတယ်။ Strategy မရှိ၊ (သိသာထင်ရှားပြီး လက်တွေ့ကျ အကျိုးရှိမယ့် Strategy အခုအထိ မချနိုင်ကြသေးဘူး ဆိုတာကိုတော့ ကျနော်လည်း သဘောတူပါတယ်။ အခုအထိလည်း အင်အားစုအားလုံး တညီတညွတ်တည်း စုစုစည်းစည်း တိုက်ပွဲမ၀င်နိုင်ကြသေးဘဲ အဝေးကသာ အော်ရုံသာ တတ်နိုင်တာလည်း အမှန်ပါ)
လူထု - မကျေနပ်ချက်နဲ့ အကြောက်တရား မျှခြေမှာ ရှိနေတယ်၊ သို့သော် ဤမျှခြေမှာ မငြိမ်၊ အချိန်မရွေး ပေါက်ကွဲနိုင်တယ်။ (စက်တင်ဘာဟာ ဒီလိုပေါက်ကွဲမှုမျိုး ဖြစ်တယ်) (ဒါကိုလည်း သဘောတူပါတယ် ခင်ဗျ။)
ခြုံလိုက်ရင် သူ့ဘက်က လုံးဝအပေါ်စီးရနေပြီလို့ ဆိုနိုင်တယ်၊ Road Map ဟာ ဒီအခြေအနေပေါ်မှာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ (ဟုတ်ပါတယ်။ စစ်တပ်က အပေါ်စီး အမြဲယူထားတာပါ။ လက်နက်အားကိုးနဲ့ပေါ့)
Road Map
သူ့ဘက်က ရည်မှန်းချက်
အမြင့်ဆုံး ရည်မှန်းချက် - လုံးဝအာဏာမလွှဲရန်၊ ဒီအတွက် Road map ကို တတ်နိုင်သလောက် အချိန်ဆွဲဆန့်ပြီး တဖြည်းဖြည်း မှိန်ပျောက်သွားအောင် ကြိုးစားနေခဲ့တယ်။
အနိမ့်ဆုံး ရည်မှန်းချက် - Road Map ကို မြန်မြန် အကောင်အထည်ဖော်ပြီး စိတ်ကြိုက် Constitution နဲ့ ခရီးဆက်ရန်
ကိုယ့်ဘက်ရဲ့ လက်ရှိအင်အားနဲ့ဆိုရင် ဒီနှစ်ခုကြားမှာပဲ ဗျူဟာခင်းသင့်ပါတယ်။ ကိုယ့်အတွက် အမြင့်ဆုံး ရည်မှန်းချက်ဟာ သူ့ရဲ့ အနိမ့်ဆုံး ရည်မှန်းချက်ပဲ ဖြစ်နိုင်ပါတယ်။ ဒီထက် ပိုရနိုင်စရာ မရှိပါဘူး၊ (အဲဒီ နှစ်ခုလုံး ဘာကိုပဲ လက်ခံလက်ခံ တိုင်းပြည်ဟာ စစ်ကျွန်အဖြစ် နစ်သထက် နစ်သွားဖို့ပဲ ရှိပါတော့တယ်ခင်ဗျ)
စက်တင်ဘာအရေးအခင်း
ဘယ်နိုင်ငံရေးအင်အားစုကမှ ဖော်ထုတ်လိုက်တာ မဟုတ်ပါဘူး။ spontaneous movement သာ ဖြစ်ပါတယ်။ ဒါကို နိုင်ငံရေးအဖွဲ့အစည်း အသီးအသီးက အသုံးချတာတော့ မှန်ပါတယ်။ သို့သော် positive outcome မထွက်လာဘူး၊ negative outcome သာ ထွက်လာပါတယ်။ (စစ်အစိုးရရဲ့ ရက်စက်မှုတွေကို ကမ္ဘာက သိသွားတာ negative လားခင်ဗျ)
၈၈ မျိုးဆက်ရဲ့ အားပေးတွန်းဆော်မှုကို အသိအမှတ်ပြုရပါမယ်။ သို့သော် ၃ ရက်အတွင်း အဖြိုခွဲ ခံလိုက်ရပါတယ်၊ ဒါ ဘာကိုပြနေတာလဲဆိုရင် နိုင်ငံရေးအင်အားစုတွေရဲ့ လှုပ်ရှားမှုဆိုရင် အကြီးထွားမခံဘဲ ချေမှုန်းပစ်မှာပဲ ဆိုတဲ့သဘော ဖြစ်ပါတယ်။ (ဆရာက အခုမှ သိတယ်ထင်တယ်)
သူ့ဘက်က ပခုက္ကူအမှားကြောင့် သံဃာ့လှုပ်ရှားမှု ပေါ်လာတာဖြစ်ပြီး ၈၈ တွေရဲ့လှုပ်ရှားမှုလိုမျိုး ချက်ခြင်း မချေမှုန်းရဲခဲ့ပါ။ တစုံတရာ Shock ရသွားတယ်လို့ ဆိုနိုင်တယ်။ ဒါကို သိမ်သိမ်မွေ့မွေ့နဲ့ ထိန်းကြောင်းနိုင်ရင် အမြတ်တချို့ ရနိုင်တယ်။ တရားဝင် သို့မဟုတ် တရားဝင်တပိုင်း သံဃာ့အဖွဲ့အစည်းတောင် ပေါ်ထွက်လာနိုင်တယ်၊ အနိမ့်ဆုံး သံဃာနာယကအဖွဲ့ထဲမှာ ဒီမိုကရက်တစ်သံဃာများ ၀င်နိုင်ဖို့ လမ်းပွင့်သွားနိုင်တယ်၊ တခုလုံးပြောင်းဖို့အထိ မမျှော်လင့်သင့်ကြပါဘူး။ (ဒုက္ခပါပဲ ဆရာရယ် .. ဒီရွှေဝါရောင်တော်လှန်ရေးရဲ့ ရည်မှန်းချက်က သံဃာ့ အဖွဲ့အစည်း ပေါ်ထွက်ဖို့ မဟုတ်ဘူးခင်ဗျ။ ဘယ်ကနေ ဘယ်လို မဟန ထဲ ဒီမိုကရက်တစ် သံဃာတွေ ၀င်ဖို့က ပါလာရတာလဲခင်ဗျ။ အဲဒါတွေ တောင်းဆိုတာလည်း တခါမှ ကျနော်တို့ မကြားမိပါလား)
ဖြစ်သင့်တာက ဒီလောက်ကြပ်နေတဲ့ အခြေအနေမှာ နိုင်ငံရေးအင်အားစုတွေ အနေနဲ့ supporting အခန်းမှာပဲ ရပ်ခဲ့သင့်ပါတယ်။ ကိုယ်တိုင်ပါဝင်ပူးပေါင်းပြီး နိုင်ငံရေးတောင်းဆိုချက်တွေ တင်လာတော့ တဘက်က ချေမှုန်းဖို့ ဖြစ်လာခဲ့တာပါ။ (အဲဒါတွေ မလုပ်လည်း ချေမှုန်းမှာပါပဲ ဆရာ) ဒါလည်း လက်ဝဲသွေဖီရေးပါ၊ ဒါပေမယ့် ရှေ့ကလက်ဝဲသွေဖီရေးတွေလို လုံးဝ ဆုံးရှုံးသွားတာချည်းတော့ မဟုတ်ပေဘူး။ ပေးရတာနဲ့ မကာမိတဲ့ အကျိုးအမြတ်အချို့ ထွက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကြေညာချက်နှစ်ခုက (ဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲ) ဒီလှုပ်ရှားမှုကနေ ထွက်လာတဲ့ အမြတ်လို့ ဆိုချင်ပါတယ်။ (အမြတ်လို့ ခေါ်လို့ရရင်ပေါ့လေ)
ဖြစ်စဉ်အရပြောရရင် သံဃာနဲ့လူထုရဲ့ အသက်စွန့် စတေးမှုကြောင့် နိုင်ငံတကာဖိအား ပြင်းထန် လာပါတယ်။ (တရုတ်နဲ့ အာဆီယံကပါ တစုံတရာ ဖိအားပေးလာဟန်ရှိ) ဒါကြောင့် သူ့ရဲ့ အမြင့်ဆုံး ရည်မှန်းချက် (လုံးဝမလွှဲရေး) ကနေ အနိမ့်ဆုံး ရည်မှန်းချက် (Road Map မြန်မြန် အဆုံးသတ်ရေး)ကို ရွေးလာတာ ဖြစ်ပါတယ်။ (ဘာရည်မှန်းချက်ပဲဖြစ်ဖြစ် တိုင်းပြည်အတွက် မကောင်းတာကတော့ သေချာပါတယ်ခင်ဗျ)
၁/၂၀၀၈ နဲ့ ၂/၂၀၀၈
ကြေညာချက် နှစ်ခုစလုံးက အစိုးရအနေနဲ့ သူ့ရဲ့ expected value ကနေ better off ကို ရွေ့လာတာ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ကြိုဆိုသင့်တယ်လို့ ထင်ပါတယ်။ (ဟုတ်ကဲ့ .. ဆရာ့အနေနဲ့ ကြံ့ဖွတ်ထဲဝင်ပြီး ကြိုဆိုဖို့ အကြံပြုပါရစေ) သို့သော် ကြေငြာချက် နောက်ကွယ်မှ ရည်မှန်းချက်ကို အကြွင်းမဲ့ယုံ၍ ရသည်တော့ မဟုတ်ပါ။ (နည်းနည်းမှကို ယုံလို့မရပါ) ဖြစ်နိုင်ခြေ နှစ်ခုရှိနေပါတယ်။
၁။ Road Map ကို အမှန်တကယ် အဆုံးသတ်ချင် နေသလော။ ဤသို့ ရည်ရွယ်လျှင် မေလဆန္ဒခံယူပွဲတွင် Constitution ကို အတည်ပြုနိုင်ဖို့ ကြိုးစားပါလိမ့်မည်။ (စစ်တပ်အနေဖြင့် အမှန်တကယ် ဤရည်မှန်းချက်မျိုး ရှိလျှင် ကိုယ့်အတွက် လက်ရှိအကြပ်အတည်းမှ ထွက်ပေါက်ဖြစ်နိုင်သည်။ လက်ရှိအခြေအနေထက် ပိုကောင်းလာနိုင်သည်။ better off ဟု ယူဆသည်။) (ဒယ်အိုးထဲမှ မီးပုံထဲသို့ ခုန်ချခြင်းမျိုးသာ ဖြစ်သည်ဟု ယူဆပါသည်)
၂။ ဤသို့မဟုတ်မူဘဲ သူဖြူလျင် ငါမည်းမည် ဟူသော အတိုက်အခံတို့၏ logic ကို သိနေတော့ အခြားရည်မှန်းချက် တခုကလည်း ရှိနေနိုင်သေးတယ်။ သူတို့ကိုယ်တိုင်က အတည်မပြုစေလိုခြင်း ဖြစ်ပါတယ်။ လက်ရှိ constitution အတည်မပြုနိုင်သည့်အတွက် နောက်ထပ်အသစ်ရေးဦးမယ်ဆိုပြီး အချိန်ဆွဲနိုင်ပါတယ်။ နောက်တကြိမ် အမျိုးသားညီလာခံ ထပ်ခေါ်လျှင် ဘယ်လောက် ထပ်ကြာမယ်ဆိုတာ မသိနိုင်တော့။ ဘယ်လိုမှ ကောင်းသော အကျိုးဆက် မဖြစ်နိုင်ပါ။ အကယ်၍ စစ်အစိုးရတွင်သာ ဤရည်မှန်းချက်မျိုးရှိလျှင် ထိုအစိုးရ၏ ရည်မှန်းချက်များ အောင်မြင်စေရန် အားသွန်ခွန်စိုက် အားထုတ်ကြိုးပမ်းနေသူများမှာ ပြည်တွင်းပြည်ပမှ အတိုက်အခံ အင်အားစုများပင် ဖြစ်နေသည်ကို သတိပြုကြစေလိုပါတယ်။ (ဆရာဦးကျော်ဝင်းကလည်း အခြေအနေများ ရှုပ်ထွေးအောင်၊ ပြည်သူများ တွေဝေသွားအောင် တတပ်တအား ပါဝင်ကူညီနေပါသည်။)
ဒီနေရာမှာ Constitution အတည်မပြုနိုင်စေရန် ကြိုးပမ်းနေကြသော ပြည်တွင်းပြည်ပ အတိုက်အခံ အင်အားစု များသို့ မေးရန်ရှိလာပါတယ်။ သူတို့ကြိုးပမ်းမှုအောင်မြင်ပြီး Constitution အတည်မပြုနိုင် လျှင် ဘာဖြစ် လာမည်နည်း၊ (လမ်းပျောက်မြေပုံကြီး မြောင်းထဲရောက်သွားပါလိမ့်မည် ခင်ဗျား။) စစ်အစိုးရမှ ကိုင်း … ကျုပ်တို့ဆွဲတဲ့ constitution မကြိုက်ဘူးဆိုလျှင်လည်း ခင်ဗျားတို့ စိတ်ကြိုက် constitution ရေးကြဗျာ ဆိုပြီး အစိုးရက အသာတကြည် ကမ်းလှမ်းလာလိမ့်မှာ မဟုတ်တာတော့ သေချာသည်။ (သေချာပါသည်။ တခြားနည်းနဲ့ ကလိမ်ကကျစ် ကျပါလိမ့်မည်) သူတို့ လက်ရှိအပေါ်စီး ရထားသော အခြေအနေအရ သူတို့လက်မခံနိုင်တဲ့ constitution တခုကို မည်သို့မျှ ခွင့်ပြုလိမ့်မည် မဟုတ်ပါ။ (အမှန်ပါပဲ) အတိုက်အခံဘက်က လူထုတိုက်ပွဲနဲ့ ဇွတ်အကောင်အထည် ဖော်မယ်ဆိုလျှင်လည်း နောက်ထပ် သေပွဲသတ်ပွဲတွေ ကြုံရဖို့သာ ရှိပါတော့တယ်။ (အဲဒီလို မလုပ်ရင်လည်း လုံးပါးပါးပြီး ငတ်သေမယ့် အခြေအနေမျိုး မကြာခင် ဆိုက်ရောက်လာပါလိမ့်မည်) ဒီကိစ္စ အစိုးရနှင့် ညှိနှိုင်းဆွေးနွေး ကြမည်ဆိုလျှင်လည်း သေချာပေါက် အချိန်ကြာ ပါတော့မယ်။ (အချိန်က ကြာနေတာဖြင့် ကြာ .. လှပေါ့) နှစ်ဘက်စလုံးက expected value များကို တင်းခံနေကြမှာဖြစ်လို့ ဘာအဖြေမှ ထွက်ပေါ်လာနိုင်စရာ မရှိတော့ပါ၊ တိုင်းပြည်သာ ဖွတ်သထက် ညစ်ဖို့ရှိပါတယ်။ (လက်ခံလိုက်ရင် ပိုပြီး ဖွတ်သထက် ညစ်သွားပါလိမ့်မည်)
Constitution နှင့် ပါလီမန် ရှိသည့်အခြေအနေနှင့် မရှိသည့်အခြေအနေ မည်သည်က ပိုကောင်းသနည်း
ရှိသည့်အခြေအနေက ပိုကောင်းတယ်ဟု ဆိုချင်ပါတယ်။ The Best မဖြစ်နိုင်ပါ၊ better off တော့ ဖြစ်နိုင်ပါတယ်။ ဘာတွေ ပိုကောင်းပါသနည်း။ (ဘာမှ ပိုမကောင်းပါ။ ပြည်သူများဆန္ဒအရ ရေးဆွဲသော စစ်မှန်သည့် အခြေခံဥပဒေဖြင့် ပေါ်ပေါက်လာမည့် ပါလီမန်မှသာ ကောင်းပါမည်)
၁။ Constitution မရှိ၊ ပါလီမန်မရှိတဲ့ အခြေအနေအောက်မှာ လူထုတိုက်ပွဲ ဆင်နွှဲရသည်မှာ အကူအကာ မရှိ၊ အကူတိုက်ပွဲ ဆင်၍မရ၊ ထီးထီးကြီး ဖြစ်နေ၍ အလွန်အန္တရာယ် ကြီးပါတယ်။ ခြေမှုန်းခံရဖို့လည်း ရာနှုန်းပြည့်နီးပါး သေချာနေလေ့ ရှိပါတယ်။ constitution နှင့်ပါလီမန်ရှိလျှင် ပါလီမန်အတွင်းအပြင် ညှပ်တိုက်နိုင်၍ ဤမျှအခြေအနေ မဆိုးနိုင်ပါ။ အသက်ပေး စတေးရသည်များ သိသိသာသာ လျော့ပါးသွားနိုင်ပါတယ်။ (စစ်တပ်က အရွေးမခံဘဲ တမတ်သား ခပ်တည်တည် ၀င်ယူထားတဲ့ ပါလီမန်နဲ့ စစ်ဦးစီးချုပ်ကို အာဏာအပြည့်အ၀ပေးပြီး သူ့စိတ်ကြိုက် ရွေးထားတဲ့ အမျိုးသားလုံခြုံရေး ကောင်စီဆိုတာ ရှိနေသမျှ အခြေအနေက ပိုကောင်းမလာနိုင်ပါ)
၂။ စစ်တပ်ထဲမှာ moderate အင်အားစုအချို့ ရှိနိုင်ပါတယ်။ သို့သော် လက်ရှိအခြေအနေ (atmosphere) အောက်မှာ ဘယ်သူဘယ်ဝါဆိုပြီး သိနိုင်မှာ မဟုတ်ပါ။ ထိုသူများကိုယ်တိုင်လည်း လူလုံးထွက်ပြရဲလိမ့်မှာ မဟုတ်ပါ။ သူတို့အသက်ရှူနိုင်သော ပတ်ဝန်းကျင်တခု ရှိလာပြီးမှသာလျှင် သိနိုင်ပါလိမ့်မယ်။ လက်တွေ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ ခွဲခြားသိမြင်နိုင်စရာ ရှိပါတယ်။ (စက်တင်ဘာ တော်လှန်ရေးမှာ ဘီလူးစည်း လူ့စည်း ကွဲပြီးသား ဖြစ်ပါသည်။ ရှိလျှင်လည်း အလွန်နည်းသော အင်အားစုသာ ဖြစ်ပါလိမ့်မည်။) Constitution နှင့် ပါလီမန် ရှိလာလျှင် ဤသို့သော ပူးပေါင်းဆောင်ရွက်မှုမျိုး လမ်းပွင့်လာနိုင်ပါတယ်။ တူသည့်အရာ (စီးပွားရေးတိုးတက်မှု ဖြစ်ကောင်းဖြစ်နိုင်သည်) (ဟုတ်ကဲ့ … စစ်ဗိုလ်ချုပ်များ ကိုယ်ပိုင်စီးပွားရေး တိုးတက်မှု ဖြစ်နိုင်ပါသည်) ကို ပူးပေါင်းဆောင်ရွက်ရင်း မတူသည့်အရာ (နိုင်ငံရေး အပြာင်းအလဲ)ကို ညှိနှိုင်းခွင့် ရလာနိုင်ပါတယ်။ ယခုလို အပြန်အလှန် ရန်ဖြစ်နေရတာနဲ့စာလျှင် တိုင်းပြည်အတွက် ပိုကောင်းပါလိမ့်မယ်။ (တိုင်းပြည်အတွက်တော့ မသိပါ။ စစ်ဗိုလ်ချုပ်များအတွက် ပိုကောင်းသည်ကတော့ သေချာပါသည်။ သူတို့လက် သူတို့ခြေ လုပ်ချင်တိုင်း လုပ်ခွင့် တရားဝင် ရသွားသောကြောင့် ဖြစ်ပါသည်)
၃။ Constitution နဲ့ ပါလီမန်မရှိတဲ့ အခြေအနေမှာ လူပုဂ္ဂိုလ်တဦး၏ power base မှနေ၍ ပေါ်လစီ ခင်းကြရပါတယ်။ Constitution နှင့် ပါလီမန်ရှိလာလျှင်မူ Institutional base ဖြင့် ပေါ်လစီ ခင်းလာနိုင်စရာ ရှိလာပါလိမ့်မယ်။ ပြောရလျှင် rule of the game ချမှတ်ရာတွင် ကိုယ့်ဘက်မှ တစုံတရာ ပြောရေးဆိုခွင့် (၁၀၀ ရာခိုင်နှုန်းတော့ မဟုတ်) ရလာနိုင်စရာ ရှိပါသည်။ (ဟုတ်ကဲ့ ခြုံကြည့်လျှင် ၀.၀၀၁ ရာခိုင်နှုန်းလောက် ရလာနိုင်စရာ ရှိနေပါသည်။)
ချုပ်ပြောရလျှင် လက်ရှိအခြေအနေထက် better off ဖြစ်လာလိမ့်မည်ဟု ထင်ပါသည်။ (တရုတ်ကြီး နှင့် ပေါက်ဖေါ်ကြီး ဘယ်သူက ပိုကောင်းသနည်းဟု မေးလိုပါသည်။)
ဘာလုပ်ကြမလဲ
The best may be enemy of good ဆိုသောစကားကို ဆင်ခြင်ကြစေလိုပါသည်။ (may be ဆိုသည်မှာ အသေအချာ မဟုတ်ပါ) မိမိ၏ လက်ရှိ အနေအထားအရ၊ အကောင်းဆုံး (the best)ဆိုသော ရွေးချယ်စရာ မရှိတော့ပါ။ မူလအခြေအနေထက် ပိုကောင်း (better off)လျှင်ပင် လောလောဆယ် ကျေနပ်သင့်ပါသည်။ (မူလအခြေအနေထက် ပိုကောင်း မလာနိုင်သောကြောင့် ကျေနပ်စရာ မရှိပါခင်ဗျား) နောက်မှ ပို၍ ပို၍ကောင်းသော အနေအထားသို့ ဦးတည်သင့်သည်ဟု သဘောရပါသည်။ (ဟုတ်ကဲ့ အရိမိတ္တေယျ မြတ်စွာဘုရား ပွင့်တော်မူသောအခါတွင် ပိုကောင်းသော အနေအထားသို့ ဦးတည်လာပါလိမ့်မည်ခင်ဗျား)
ပွင့်ပွင့်လင်းလင်း ပြောရလျှင် Road Map အမြန်ပြီးရေးသည်သာ အစိုးရအတွက်ရော အတိုက်အခံအတွက်ပါ better off ဖြစ်ပါလိမ့်မည်။ (အစိုးရအတွက်သာ ဖြစ်ပါသည်) Constitution ကို မထောက်ခံချင်လျှင်တောင်မှ မပျက်ပျက်အောင် ဖျက်မည်ဟု မဆုံးဖြတ်သင့်ပါ။ (မထောက်ခံဘူး ဆိုမှတော့ ပျက်အောင် ဖျက်ရတော့မှာပေါ့ ဆရာရဲ့၊ ကြားနေလို့မှ မရတာ) ဤသို့ ဆုံးဖြတ်လုပ်ကိုင် လိုက်လျှင် ကိုယ့်ဆုတ်လမ်းကို ကိုယ်တိုင်ပြန်ဖျက်သလို ဖြစ်ပါလိမ့်မည်။ ယခု ဤလမ်းကြောင်း အတိုင်း ဦးတည်နေပြီကို သတိချပ်ကြစေလိုပါသည်။ (ယခင်ကတည်းကလည်း ဤလမ်းကြောင်း အတိုင်းပင် ဖြစ်ပါသည်။ ဆုတ်လမ်းမရှိပါ။)
NLD အတွက် စဉ်းစားချက်
NLD ဦးဆောင်ပြီး Constitution ကို ကန့်ကွက်ဖို့ BCP မှ အကြံပေးသည်ကို ဖတ်ရပါသည်။ အစိုးရကသာ အမှန် တကယ် အတည်ပြုလိုလျှင် ဘယ်သူဦးဆောင်ဦးဆောင် မအောင်မြင်နိုင်ပါ။ (အခုတည်းက ဆရာဦးကျော်ဝင်းက ကြိုတင်ပြီး နှပ်ကြောင်း ပေးနေပါပြီ။) အကယ်၍ အတည်ပြုနိုင်ပြီး ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပဖြစ်လျှင် Constitution လက်မခံတဲ့ပါတီ ရွေးကောက်ပွဲ မ၀င်ရ ဆိုသည်မျိုး လုပ်လာပါက NLD အတွက် ဆုတ်လမ်း မကျန်တော့ပါ။ (အခုလည်း ဆုတ်လမ်း မရှိတော့ပါ။ စစ်အစိုးရကတော့ လုပ်ချင်ရာလုပ်မည်သာ ဖြစ်ပါသည်။ ထိုအရာကို တွေးကြောက်နေလို့ မရပါ) သို့အတွက် constitution နှင့်ပတ်သက်ပြီး တရားဝင်သဘောထား မပေးဘဲ လူထုဆန္ဒအတိုင်း လက်ခံမည် ဆိုသော အထိုင်နှင့်သာ ရပ်ခံသင့်ပါသည်။ သို့မှသာ အခြေအနေအရ တက်နိုင်၊ ဆုတ်နိုင်မည်ဖြစ်သည်။ (တက်ဖို့လမ်း လုံးဝ မမြင်ပါ)
အနာဂတ် အလားအလာ (၂၀၁၀ အလွန်)
ဖြစ်နိုင်ခြေအရှိဆုံး အလားအလာမှာ ၂၀၀၈ မေလ ဆန္ဒခံယူပွဲတွင် constitution အတည်ပြုနိုင်ဖို့ များပါသည်။ (စစ်တပ်က မဲလိမ်လျှင်) ထိုမှ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲလည်း ကျင်းပလာနိုင်ပါလိမ့်မည်။ ဤဖြစ်နိုင်ခြေကို အခြေခံ၍ ရှေ့လုပ်ငန်းစဉ်အချို့ ကြိုတင်တွက်ဆ ထားသင့်သည်ဟု ထင်ပါသည်။ (အကယ်၍ ဤအတိုင်း ဖြစ်မလာခဲ့လျှင် အဆိုးရွားဆုံး အခြေအနေအတွက် ပြင်ဆင်ရတော့မည် ဖြစ်ပါသည်။) (အခုကတည်းက ပြင်ဆင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေးခဲ့ပြီး ဖြစ်ပါသည်။ နောက်ထပ် ၂နှစ်ကြာမှ ပြင်ဆင်ရန် မဟုတ်ပါခင်ဗျား)
နိုင်ငံတကာမှ ဒီမိုကရေစီ ကူးပြောင်းရေးများကို ကြည့်လျှင် လမ်းကြောင်းသုံးမျိုး ရှိသည်ကို တွေ့နိုင်ပါသည်။
၁။ အောက်မှလာသော အပြောင်းအလဲ
- လူထုလှုပ်ရှားမှုများဖြင့် စတင်သော ဒီမိုကရေစီလှုပ်ရှားမှု၊
- တောင်အာဖရိကနှင့် အရှေ့ဥရောပနိုင်ငံများတွင် တွေ့ရ၊
- ထူးခြားချက် -- စားပွဲဝိုင်း ဆွေးနွေးပွဲများကို ဖြတ်ပြီးမှ အဖြေတခုခု ရခဲ့ကြခြင်းဖြစ် (ထို့ကြောင့်ပင် Dialouge ကို တောင်းဆိုကြရခြင်း ဖြစ်ပါသည်)
၂။ အထက်မှလာသော အပြောင်းအလဲ
- လက်ရှိအာဏာရထားသော အင်အားစု၊ (တပ်ဖြစ်စေ၊ အရပ်သားဖြစ်စေ) ကိုယ်တိုင်ဦးဆောင်သော ပြုပြင်ပြောင်းလဲရေး၊
- အရှေ့အာရှနိုင်ငံများ၊ တရုတ်တို့တွင် ဖြစ်ပေါ်ခဲ့၊
- ထူးခြားချက် -- စီးပွားရေးဘက်တွင် အောင်မြင်သော်လည်း နိုင်ငံရေးဘက်တွင်မူ လစ်ဘရယ် ဒီမိုကရေစီ အထိမရောက်၊ အမြင့်ဆုံး illiberal demoracy အထိသာ ရောက်နိုင်
(စစ်တပ်လက်ထက်တွင် ဘယ်တော့မှ ဖြစ်မလာနိုင်ပါ)
၃။ ဘေးမှလာသော အပြောင်းအလဲ
- ပြင်ပအင်အားကြီး နိုင်ငံတခု/များမှ ၀င်တိုက်ပြီး regime change လုပ်တာမျိုး၊
- အီရတ်နှင့် အာဖဂန်နစ္စတန်တွင် ဖြစ်ခဲ့၊
- ထူးခြားချက် -- ဖြစ်နိုင်ခြေနည်း၊ လက်တွေ့ဖြစ်ခဲ့သော် ပြဿနာ အများကြီးရှိ
(မြန်မာနိုင်ငံအတွက် ဖြစ်နိုင်ချေ လုံးဝမရှိပါ။)
မြန်မာနိုင်ငံဟာ နံပါတ်တစ် လမ်းကြောင်းနဲ့ စခဲ့တာ မှန်ပေမဲ့ စားပွဲဝိုင်းကို မဖြတ်နိုင်ခဲ့လို့ အဖြေမရ ဖြစ်ခဲ့ရတယ်။ ၁၉၉၀ ခုနှစ်နောက်ပိုင်းမှာ နံပါတ်နှစ်လမ်းကြောင်းကို ဦးတည်လာတာ တွေ့ရပေမယ့် ရှစ်လေးလုံး တောင်းဆိုချက်ထဲက ဈေးကွက်ပြုပြင်ပြောင်းလဲရေးကိုသာ စိတ်ပါလက်ပါလုပ်ခဲ့ (မအောင်မြင်တာတပိုင်း) သော်လည်း (ဒါမှ သူတို့တွေ စားကွက်ရမှာကိုးဗျ) ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးကိုမူ တတ်နိုင်သလောက် အချိန်ဆွဲနေခဲ့ပြီး စစ်တပ်ကိုယ်တိုင်ကလည်း စိတ်မပါခဲ့ပါ။ (အလွန်မှန်ပါသည်ခင်ဗျား)
အကယ်၍ ၂၀၁၀ ရွေးကောက်ပွဲသာ ဖြစ်ခဲ့လျှင် မည်သည့်ပါတီ အနိုင်ရသည်ဖြစ်စေ ဒီမိုကရက်တစ် အင်အားစုများအတွက် တရားဝင်လမ်းကြောင်းတခု ပွင့်လာနိုင်သည်။ (စစ်တပ်က ကြိုးဆွဲရာအတိုင်း တရားဝင် ကရမည့် လမ်းကြောင်း ဖြစ်ပါသည်) ဤလမ်းကြောင်းကို Transitional period တစ်ခုအဖြစ် သဘောထားပြီး ဆက်လက်လှုပ်ရှားကြရမည်ဖြစ်ပါသည်။ (ဤ Transitional period မှာ လေးအသင်္ချေနှင့် ကမ္ဘာတသိန်းခန့် ကြာမြင့်ကောင်း ကြာမြင့်နိုင်ပါသည်)
၁။ မိမိတို့ဘက်မှ အမြင့်ဆုံး ရည်မှန်းချက်မှာ လစ်ဘရယ် ဒီမိုကရေစီသို့ ဦးတည်ရေးဖြစ်သည်။ (ဤနေရာတွင် လွှတ်တော်ထဲမှ တပ်ကိုယ်စားလှယ်များ ဖယ်ရှားရေးမှာ ဆုံချက်ဖြစ်သည်။)
(ဤအခြေခံဥပဒေ အတည်ဖြစ်မလာလျှင် ထိုကိစ္စ စောစောစီးစီး ပြတ်သွားပါပြီ)
၂။ သို့သော် အဆိုပါ အမြင့်ဆုံး ရည်မှန်းချက်ကို အလျင်စလို စတင်၍ မဖြစ်၊ ပြင်ဆင်မှုမရှိဘဲ ဇွတ်ထလုပ်လျှင် နောက်ထပ်သွေဖီရေး တခုသို့ ရောက်သွားနိုင်ပါသည်။ (လက်ဝဲလား၊ လက်ျာလား။ လက်ဝဲမဟုတ် လက်ျာမဟုတ်သော မဇ္ဈိမပဋိပဒါ သွေဖီရေးမျိုးလား ဆိုသည်ကို ရှင်းပြစေလိုပါသည်။)
၃။ သို့အတွက် ပထမ ၄နှစ်သက်တမ်းအတွင်း တပ်ကိုယ်စားလှယ်ကိစ္စကို လုံးဝ မကိုင်တွယ်သင့်၊ (နောက်လည်း ဘယ်တော့မှ ကိုင်တွယ်၍ ရတော့မည် မဟုတ်ပါ) ဤကာလ လုပ်နိုင်သည်များမှာ …
- တည်ဆဲ constitution အတွင်း citizen right များ တတ်နိုင်သလောက် ချဲ့ယူရန် (စစ်တပ်က အလုံးစုံ ချုပ်ကိုင်ထားသော အခြေအနေတွင် မည်သို့မျှ ချဲ့ယူ၍မရပါ)
- တပ်ကိုယ်စားလှယ်များနှင့် တူတာတွဲလုပ်ပြီး နားလည်မှု တည်ဆောက်ရန် (အခြေအနေပေးလျှင် တပ်မှ Moderate အင်အားစုများကို ဆွဲဆောင်သိမ်းသွင်းရန်) (စိတ်ကူးယဉ် မနေသင့်တော့ပါ။ နားလည်မှု တည်ဆောက်လာတာလည်း နှစ်ပေါင်း မနည်းတော့ပါ)
- Public နှင့် Private sectors များတွင် လုပ်ရန် (အရေးကြီးပါသည်) (ဘာလုပ်ရမှာလဲခင်ဗျ။ အရေးကြီးတယ်ဆိုပြီး ဆရာက ဘာလုပ်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်းလည်း မပြောပါလား)
- Civil Society များ တရားဝင် ရပ်တည်ခွင့် ရလာအောင် ကြိုးပမ်းရန် (ထိုအဖွဲ့များက ဘာမှလုပ်၍ မရပါ။ စစ်တပ်က သူ့အကျိုးစီးပွား ထိခိုက်လာလျှင် အရေးပေါ်အခြေအနေ ကြေညာပြီး အချိန်မရွေး ဖျက်သိမ်းပစ်မည် ဖြစ်ပါသည်။ ထို ကာလအတွင်း လုပ်ဆောင်ချက်များကို မည်သို့မျှ အရေးယူ၍ မရနိုင်ရန် အခြေခံဥပဒေဖြင့် ပိတ်ထားပြီးဖြစ်ပါသည်)
၎။ ဒုတိယ (၄)နှစ် သက်တမ်းလောက်မှစ၍ တပ်ကိုယ်စားလှယ် အဆင့်ဆင့် လျှော့ချရေးကို အဆင့်ဆင့်လုပ်သွားရန်၊ (ကာလသတ်မှတ်ချက်မှာ အတိအကျ မဟုတ်၊ အခိုင်အမာ အခြေအနေအရ ဆုံးဖြတ်ရန်) (ရှစ်အင်္သချေနှင့် ကမ္ဘာတသိန်းခန့်အထိ ကာလသတ်မှတ်ချက် ကြာမြင့်သွားနိုင်ပါသည်)
၅။ ဤ Transitional Period ကို တည်တည်ငြိမ်ငြိမ်နှင့် မြန်မြန်ဆန်ဆန် ဖြတ်ကျော်နိုင်ရေးမှာ မိမိတို့၏ လုပ်တတ် ကိုင်တတ်မှုအပေါ် မူတည်ပါလိမ့်မည်။ ဤအတွက် အဖွဲ့အစည်းအရရော၊ တစ်ဦးချင်းအရပါ အလေးအနက် ပြင်ဆင်သင့်ပါသည်။ (မည်သို့ပင် ပြင်ဆင်စေကာမူ ၄င်းတို့ အာဏာကို ထိပါးလာမည့် အရိပ်အယောင်တွေ့ပါက အရေးပေါ်အခြေအနေ ကြေညာပြီး စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်နိုင်ခွင့်သည် ကာကွယ်ရေးဦးစီးချုပ်က လုံးဝ သြဇာလွှမ်းမိုး ချုပ်ကိုင်ထားသော လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ၏ လက်ထဲတွင် ရှိနေ၍ အကြောင်းထူးမည် မဟုတ်ပါ)
(ဆရာ၏ စာတမ်းမှာ အပိုင်း (၁)ဟု ဖေါ်ပြထားသည့်အတွက် ဆက်ရန်ရှိသေးသော အပိုင်းများကို ဆက်လက် စောင့်မျှော်နေပါသည်ခင်ဗျား)
သံတုတ်
2 comments:
EXCELLENT!!!
Thanks a lot Ko Tan Doke.
ဆက်လုပ်ပါ။ ဘဝင်မကျနဲ့ ပြောချင်တဲ့ဟာကို ခင်ဗျားက ကျွန်တော်တို့ ကိုယ်စားပြောပေး သလိုပါပဲဗျာ။
Post a Comment