Saturday, March 15, 2008

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်သော အထွေထွေသုံးသပ်ချက်

Opinion from Inside – Ko Kyaw Win

ဤ Opinion သည် ကျနော်၏ အီးမေးလ်သို့ တဆင့်ရောက်ရှိလာသည့် ko kyaw win (စာရေးဆရာ ကျော်ဝင်း ဟုတ်မဟုတ် မသေချာပါ) ဆိုသူ၏ သုံးသပ်ချက်များသာဖြစ်ပြီး ဘလော့ဂ်၏ သဘောထား အာဘော် မဟုတ်ပါ။ လက်တွေ့ ဖြစ်နိုင်မဖြစ်နိုင်ကို စာဖတ်သူများ စဉ်းစားနိုင်ရန် တင်ဆက်ပေးခြင်းသာ ဖြစ်ပါသည်။

လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ

အပိုင်း (၁)

အတိတ်က အမှားများ (၁၉၈၈-၉၀ အလွန်နှစ်များ)

လက်ရှိအခြေအနေကို အတိတ်က မှားခဲ့တဲ့ အမှားတွေရဲ့ အကျိုးဆက်လို့ မြင်တယ်။
ဒါကြောင့် အတိတ်က အမှားတွေကို ကျကျနန မစိစစ်နိုင်ရင် လက်ရှိအခြေအနေကို ထိထိမိမိ ဆုပ်ကိုင်နိုင်စရာ ရှိမယ်မထင်ပါ။

ရှစ်လေးလုံးကနေ အခုအထိ ကိုယ့်ဘက်က အမှားတွေ အကြိမ်ကြိမ် ကျူးလွန်ခဲ့တယ်။ အများစုက လက်ဝဲသွေဖီရေး အမှားတွေ၊ လက်ဝဲသွေဖီရေးက လင်္ကျာသွေဖီရေးထက် အန္တရာယ်ပိုများပါတယ်။ လကျာင်္သွေဖီရေး (အခြေအနေက တောင်းဆိုနေတာထက် နောက်ကျကျန်ရစ်နေတာ) က အရှိန်မြှင့်ပြီး ကျော်လွှားသွားလို့ ရသေးတယ်၊ လက်ဝဲသွေဖီရေး( အခြေအနေက ခွင့်ပြုတာထက် ပိုပြီးတိုက်ပွဲဆင်တာ) က ဟပ်ထိုးကို လဲကျစေတော့တာပါပဲ။ တခါလဲပြီဆိုတာနဲ့ လာဖိမယ့် စစ်ဖိနပ်က အဆင်သင့်မို့ တော်တော်နဲ့ ပြန်ထဖို့ လွယ်မှာမဟုတ်ဘူး။ ဒီလိုနဲ့ အခြေအနေဟာ ရှေ့တိုးမလာဘဲ နောက်ပြန်ဆုတ်ကုန်တာက များတယ်။

အခု ဒီအတိုင်းဖြစ်ခဲ့တာ။ ဒီလိုလက်ဝဲသွေဖီရေးမျိုး အကြိမ်ကြိမ် ဖြစ်ခဲ့တာမို့ အမှားရဲ့ဒဏ်တွေကို အချိန်တိုအတွင်း ပြင်ဆင်နိုင်ဖို့ လွယ်လိမ့်မယ်တော့ မဟုတ်ပါဘူး။ ဒီအခြေခံ Concept နဲ့ ဒီစာတမ်းကို ရေးပါတယ်။

ပထမ လက်ဝဲသွေဖီရေး

ဒေါက်တာမောင်မောင်လက်ထက် ဒုတိယမိန့်ခွန်းအပြီးမှာ အစိုးရနဲ့ Compromise မလုပ်နိုင်ခဲ့တာ မှားတယ်။ အဲဒီတုန်းက သပိတ်ရဲ့ တောင်းဆိုချက်က ကြားဖြတ်အစိုးရ (Interim Government)။ စကားလုံးအရ ကြားဖြတ် ဆိုထားပေမယ့် လက်တွေ့ တကယ်တောင်းနေတာက ယာယီအစိုးရ (Temporary Government) ဖြစ်နေတယ်၊ အစိုးရဘက်က ဘယ်သူမှမပါဘဲ ကိုယ့်စိတ်တိုင်းကျ အစိုးရဖွဲ့မယ်ဆိုတဲ့သဘော။ ဘယ်လိုမှ ရနိုင်စရာ မရှိပါ။ ကိုယ့်ဘက်သူ့ဘက် နှစ်ဘက်စလုံးပါတဲ့ ကြားဖြတ်အစိုးရဆိုရင် ရနိုင်စရာရှိပါတယ်။ (ဥပမာ - ဗိုလ်ချုပ်တို့ လက်ထက်က ဖဆပလ ကိုယ်စားလှယ်တွေ ဘုရင်ခံအတိုင်ပင်ခံကောင်စီမှာ ပါခဲ့တာမျိုး)

အဲဒီကာလ ခေါင်းဆောင်တွေရော၊ လူထုပါ ကြားဖြတ်နဲ့ ယာယီ ကွဲကွဲပြားပြား နားလည်ဟန် ရှိခဲ့ကြပုံမရဘူး။ လက်တွေ့မှာ ဒေါက်တာမောင်မောင် ကမ်းလာတဲ့လက်ကို ကိုယ့်ဘက်က ပုတ်ချခဲ့တယ်။ ဒါရဲ့အနီးဆုံး အကျိုးဆက်က န၀တ အာဏာသိမ်းတာပါပဲ၊ ရေရှည်အကျိုးဆက်က Rule of the Game ချမှတ်နိုင်ရေးမှာ ကိုယ့်ဘက်က လက်လွှတ်လိုက်ရတယ်။

ဒုတိယ လက်ဝဲသွေဖီရေး

တရားဝင် နိုင်ငံရေးပါတီ ဖွဲ့ခွင့်ရတော့ အဲဒီပါတီတွေထဲမှာ UG တွေ ပါလာတာ မှားတယ်။
ဒီအတွက် အဓိက တာဝန်ရှိသူက BCP ။ NLD အပါအ၀င် အများစုလည်း ဒီအမှားနဲ့ မကင်းဘူး၊ ပါတီတည်ဆောက်ရေး (Institutionalization)ကို ဘယ်ပါတီကမှ မလုပ်နိုင်ခဲ့ဘူး။ တူညီဝတ်စုံဝတ် ဟန်ရေးပြနေကြတာနဲ့၊ UG/OG တွဲသုံးတဲ့ လုပ်နည်းလုပ်ဟန်ကိုသာ အားပြုလုပ်နေကြတာ တွေ့ရတယ်။ ပြောရရင် တူတူတန်တန် ပါတီမျိုး တခုမှ မရှိခဲ့ပါ။ အားလုံး သပိတ်ကော်မတီ အကြီးစားတွေသာ ဖြစ်နေကြတယ်။

UG/OG တွဲလုပ်တဲ့ အမှားမျိုးဟာ စစ်ကြိုခေတ်ကတည်းက ရှိခဲ့တာပါ။ ဥပမာ သခင်ဗဟိန်း (BCP UG)နဲ့ ဒို့ဗမာအစည်းအရုံး (OG) တွဲလုပ်ခဲ့ကြတာမျိုး။ ခုအထိလည်း လုပ်နေကြတုန်းပါပဲ။ ဒါကိုနင်းပြီး တဖက်က ဆိုင်တာရော မဆိုင်တာရော သိမ်းကျုံးပြီး General Suppression လုပ်လာနိုင်ပါတယ်။ မလိုအပ်ဘဲ မြန်မြန်ဆန်ဆန် အဖြိုခွဲ ခံခဲ့ကြရပါတယ်။ ဒါကြောင့် လက်ဝဲသွေဖီရေးလို့ ပြောရတာဖြစ်ပါတယ်။

ဒီလက်ဝဲသွေဖီရေး အကျိုးဆက်ကြောင့် မြန်မာ့နိုင်ငံရေး တပ်ပေါင်းစု (မနတ) ယူဂျီပေါက်ရာကနေ တခြားမဆိုင်တဲ့ ပါတီတွေပါ ထိခိုက်ကုန်ပါတယ်။ General suppression နဲ့ အချိန်မတိုင်မီ စောစောစီးစီး ကြုံခဲ့ကြရတယ်။)

တတိယ လက်ဝဲသွေဖီရေး

၁၉၆၂ ခုနှစ်၊ ပုံနှိပ်အက်ဥပဒေကို အကန့်အသတ်မရှိ အာဏာဖီဆန်ရာကနေ အထွေထွေ အာဏာဖီဆန်ရေးအထိ ကျွံသွားတာမှားတယ်။

အမှန်က ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေဟာ နိုင်ငံရေးပါတီတွေနဲ့ မဆိုင်ပါဘူး။ နိုင်ငံရေးပါတီတွေမှာ တရားဝင် ကင်းလွတ်ခွင့် ပါရှိပြီးသား ဖြစ်ပါတယ်။ ဒါကို န၀တ သတင်းထုတ်ပြန်ရေးအဖွဲ့က မသိလို့ ဒီဥပဒေနဲ့ နိုင်ငံရေးပါတီတွေကို ကိုင်ဖို့ ကြိုးစားတာပါ။ ဒါကြောင့် ၆၂ခုနှစ် ပုံနှိပ်အက်ဥပဒေ ကင်းလွတ်ခွင့်ကို ကိုင်ပြီး ဆန့်ကျင်တာ မှန်တယ်။ နောက်ပိုင်းမှာ ဒါကိုသိတော့မှ နိုင်ငံရေးပါတီတွေက ထုတ်ဝေတဲ့စာတွေ စာပေစိစစ်ရေးကို စာမူတင်၊ ခွင့်ပြုချက်ရမှထုတ် ဆိုတဲ့အမိန့်ကြေငြာချက် ထုတ်ပြန်လာပါတယ်။ ဒါဟာ လက်တွေ့မဖြစ်နိုင်တာမို့ အာဏာဖီဆန်တာ မှန်တယ်။

ဒီတော့မှ န၀တဘက်က လျှော့လာတယ်။ စာပေစိစစ်ရေးကို စာမူတင်စရာမလို၊ ဒါပေမယ့် တနှစ်တခါ မှတ်ပုံတင်ပါ၊ ပြီးရင် လွတ်လွတ်လပ်လပ်ထုတ် ဆိုတာဖြစ်လာခဲ့တယ်၊ ဒါ ကိုယ့်ဘက်က အနိုင်ပဲ၊ ဒီနေရာမှာတင် ကန့်သတ်သင့်ခဲ့ပါတယ်။

ဒါပေမယ့် လက်တွေ့မှာ ဘရိတ်အုပ်လို့ မရတော့ဘူး။ မတရားတဲ့ ဥပဒေမှန်သမျှ တာဝန်အရ ဆန့်ကျင်ကြဆိုပြီး အထွေထွေ အာဏာဖီဆန်ရေး လုပ်ခဲ့ကြပါတယ်။ လက်ဝဲသွေဖီရေးပဲ ဖြစ်ပါတယ်။ ဒါရဲ့အကျိုးဆက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အစဉ်အလာနဲ့ အတွေ့အကြုံရှိတဲ့ ခေါင်းဆောင်တွေအားလုံး ရွေးကောက်ပွဲမတိုင်ခင် အစောကြီးကတည်းက အဖမ်းခံလိုက်ရပါတော့တယ်။ အစဉ်အလာနဲ့ အတွေ့အကြုံရှိတဲ့ ခေါင်းဆောင်တွေ အပြင်မှာမရှိဘဲ ရွေးကောက်ပွဲကို ရင်ဆိုင်ခဲ့ကြရတယ်။

၁၉၈၉ ရွေးကောက်ပွဲဥပဒေ (လက်ယာသွေဖီရေး)

၉၀ ရွေးကောက်ပွဲမတိုင်ခင် Rule of the game မှာ ကိုယ့်ဘက်က သဘောထားတင်ပြဖို့ အခွင့်အရေးတခု ပွင့်လာဖူးတယ်။ အဲဒါက ၁၉၈၉ ရွေးကောက်ပွဲဥပဒေပါ။ လက်တွေ့မှာ ဒီအခွင့်အရေးကို လက်လွှတ်ခဲ့ရတယ်။ ဒီဥပဒေမှာ လာမယ့်ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲလို့ တရားဝင်ခေါ်ထားတယ်၊ ဒါဆိုရင် အစိုးရဖွဲ့ခွင့် အာဏာရှိရမယ်။ တကယ်လို့ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခွင့်အာဏာ ရှိရပါမယ်။ ဒါပေမယ့် ထွက်လာတဲ့ ရွေးကောက်ပွဲဥပဒေမှာ ဘာ mandate မှ ပါမလာဘူး။ ဒါကြောင့် …
၁။ အခုလုပ်မယ့် ရွေးကောက်ပွဲဟာ ဘာလဲ (ပြည်သူ့လွှတ်တော်လား၊ တိုင်းပြုပြည်ပြုလွှတ်တော်လား)
၂။ ဘာ mandate ရှိသလဲ (အစိုးရဖွဲ့ခွင့်လား၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခွင့်လား)
၃။ ပထမအကြိမ် လွှတ်တော် ဘယ်တော့ခေါ်မှာလဲ
ဒီမေးခွန်းသုံးခုနဲ့ ပတ်သက်လို့ တိကျတဲ့ အဖြေရမှ ရွေးကောက်ပွဲ ၀င်သင့် မ၀င်သင့် ဆုံးဖြတ်ကြပါဆိုပြီး ပါတီငယ်လေးတခုက ပါတီကြီးတွေကို အဆိုပြုခဲ့ဖူးပါတယ်။ ဒီ/ငြိမ်းက လက်ခံပေမယ့် NLD က လက်မခံ ပယ်ချခဲ့ပါတယ်။ ဒါရဲ့အကျိုးဆက်ကြောင့် ရွေးကောက်ပွဲအပြီးမှာ ပြဿနာတွေ အများကြီး ကြုံခဲ့ရတာ ဖြစ်ပါတယ်။

စတုတ္တ လက်ဝဲသွေဖီရေး

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရတာကနေ ထွက်ပေါ်လာတဲ့ သွေဖီရေးဖြစ်ပါတယ်။
ရွေးကောက်ပွဲရလာဒ်ဟာ popular vote ရဲ့ အကျိုးဆက်သာ ဖြစ်တယ်။ popular revolution ရဲ့ အကျိုးဆက် မဟုတ်။ ဒါကြောင့် ကိုယ့်ဘက်က လိုချင်တာ အကုန်မရနိုင်ဘူး။ လက်ရှိအစိုးရ (စစ်တပ်)နဲ့ တစုံတရာ အပေးအယူ လုပ်နိုင်မှာသာ အဖြေတခု ထွက်နိုင်မယ်။ ၁၉၉၀ ခုနှစ်အောင်ပွဲကို ဒီအခြေခံပေါ်ကနေ စဉ်းစားပြီး ဗျုဟာခင်းသင့်တယ်လို့ မြင်ပါတယ်။ ရွေးကောက်ပွဲအပြီးမှာ အနိုင်ရခဲ့တ NLD အနေနဲ့ ရွေးစရာ သုံးလမ်း ရှိခဲ့ပါတယ်။

၁။ Constitution အသစ်ရေးမလား
(အန္တရာယ်အကြီးဆုံး ရွေးချယ်မှု ဖြစ်ပါတယ်။ ဒါကိုရွေးလိုက်ရင် … (၁) အချိန်ကြာမယ် (၂) စစ်အစိုးရအောက်မှာ ရေးရမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ရှိနေနှင့်ပြီးသား နှစ်ခုထက် ပိုကောင်းဖို့ မဖြစ်နိုင်ဘူး၊ ပိုဆိုးဖို့သာ ရှိတယ်။)

၂။ ၁၉၄၇ Constitution နဲ့ အာဏာကူးပြောင်းရေး ဆွေးနွေးမလား
(တဘက်က ခုခံမှုအား ကြီးပါလိမ့်မယ်၊ အဖြေတခုခုရဖို့ မလွယ်ပါ၊ ကိုယ့်ဘက်က စဉ်းစားရင်လည်း ၄၇ မှာ အားနည်းချက်ရှိတယ်၊ ၀န်ကြီးချုပ် သို့မဟုတ် သမ္မတရဲ့ တဦးချင်းဆုံးဖြတ်ချက်နဲ့ အရေးပေါ် အခြေအနေ ကြေငြာလို့ရတဲ့ အားနည်းချက်ရှိတယ် (၁၉၅၈ အိမ်စောင့်အစိုးရဟာ ဒီအားနည်းချက်ရဲ့ အကျိုးဆက်) နောင်ဖြစ်လာမယ့် ၀န်ကြီးချုပ် သို့မဟုတ် သမ္မတကို တနည်းနည်းနဲ့ ဖိအားပေးပြီး တပ်က အာဏာသိမ်းနိုင်တယ်။)

၃။ ၁၉၇၄ Constitution နဲ့ အာဏာကူးပြောင်းရေး ဆွေးနွေးမလား
(တဖက်က ခုခံမှု အားနည်းနိုင်တယ်၊ အဲဒီအချိန်မှာ ဦးနေ၀င်း သြဇာရှိနေသေးတယ်၊ ကိုယ့်ဘက်က စဉ်းစားရင်လည်း အားကောင်းချက် ရှိတယ်၊ လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့သာ အရေးပေါ် အခြေအနေ ကြေညာနိုင်တဲ့ အားကောင်းချက်ရှိတယ်၊ လွှတ်တော်ဟာ ကိုယ့်လွှတ်တော်ဖြစ်နေရင် ဒါဟာ ပြဿနာ မရှိတော့ဘူး။ ဒါကြောင့် ၁၉၇၄ constitution အခြေခံနဲ့ power sharing လုပ်ဖို့ NLD အနေနဲ့ အစိုးရကို စတင် ကမ်းလှမ်းသင့်တယ်လို့ မြင်ပါတယ်။

ဒါပေမယ့် NLD ဟာ အန္တရာယ် အကြီးဆုံးလမ်းကြောင်း (ပထမ ရွေးချယ်မှု)ကို ရွေးခဲ့ပါတယ်။ ဂန္ဒီ လမ်းကြောင်းပါ။ ဒီတော့ စစ်တပ်က ၁/၉၀ နဲ့ တုန့်ပြန်ပါတယ်။ အကျိုးဆက်က အမျိုးသားညီလာခံ။

ပစ္စုပ္ပန်အခြေအနေ (၁၉၉၀ လွန်နှစ်များ- ၂၀၀၀ လွန်နှစ်များ)

နောက်ထပ်အမှား (အထူးသဖြင့် လက်ဝဲသွေဖီရေး)တွေလည်း အကြိမ်ကြိမ် ကျူးလွန်ခဲ့ပါတယ်။ အမျိုးသား ညီလာခံအတွက် အကြိုညှိနှိုင်းကြတုန်းက rule of the game ကို သူ့ဘက်က တဖက်သတ်ယူတာကို လုံးဝမခုခံဘဲ သဘောတူခဲ့တာ (လင်္ကျာသွေဖီရေး)၊ နောက် ကိုယ်ဘက်က Alternative အစီအစဉ်မရှိဘဲ ညီလာခံကထွက်တာ (လက်ဝဲသွေဖီရေး)၊ ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ်လွတ်ပြီး ကျင်းပနေခဲ့တဲ့ အိမ်ရှေ့တရားပွဲတွေ (Dialogue အတွက် လက်တွေ့မကြိုးစားဘဲ အပေါစား အများကြိုက်နိုင်ငံရေး Debate တွေလုပ်နေတာ (ဒါလည်း လက်ဝဲသွေဖီရေးပါ)၊ ပါတီတည်ဆောက်ရေးကို ကျစ်ကျစ်လျစ်လျစ် ဖြစ်အောင်မလုပ်ဘဲ နယ်လှည့် အင်အားပြနေခဲ့တာ (ဒါလည်း လက်ဝဲသွေဖီရေး) တွေဟာ သွေဖီရေးတွေ ဖြစ်ပါတယ်။ အသေးစိတ်မပြောလိုတော့ပါ။

လက်ဝဲသွေဖီရေး တကြိမ်ကျူးလွန်တာနဲ့ ကိုယ့်ဘက်က အင်အားနည်းပြီး သူ့ဘက်က အင်အားကြီးလာ တာချည်းပါပဲ။ အဲဒီလို အမှားတွေ အကြိမ်ကြိမ် ကျူးလွန်ရင်းနဲ့ လက်ရှိအခြေအနေကို ရောက်လာတာ ဖြစ်ပါတယ်။ ဒေါက်တာမောင်မောင်လက်ထက်က သူ့ဘက် ကိုယ့်ဘက် Balance of power ကို ၅၀း၅၀ သတ်မှတ်ရင် လက်ရှိအခြေအနေမှာ ၉၀း၁၀ ပဲ ရှိတော့မယ်။ ကိုယ့်ဘက်မှာ ၁၀ လောက် ကျန်နေတာကိုက မြန်မာပြည်လူထု နိုင်ငံရေးအသိ နိုးကြားလွန်းလို့ပါ။ ဒါကြောင့် မြန်မာပြည်ပြဿနာ လူထုဘက်မှာ တာဝန်မရှိတော့ပါ။ Leadership ရဲ့ အားနည်းချက်လို့ ပြောချင်ပါတယ်။

လက်ရှိအခြေအနေနဲ့ Road Map

သူ့ဘက်
Rule of the game တစ်ခုလုံးကို စိတ်တိုင်းကျရေးနိုင်တဲ့ အနေအထားရှိနေပြီ၊ သူ့စိတ်ကြိုက် ဗျူဟာခင်းနိုင်ပြီ။

ဒါပေမယ့် ပြည်သူလူထု ထောက်ခံမှုရအောင်တော့ မစည်းရုံးနိုင်ဘူး၊ ဒါကြောင့် လူထုရဲ့ အညွတ်အနူး ထောက်ခံမှုမပါဘဲ သူခင်းတဲ့ဗျူဟာကို ဇွတ်အကောင်အထည် ဖော်ရမယ့်ပုံ ရှိနေပါတယ်။ ဇွတ်အကောင်အထည်ဖော်နိုင်တဲ့ အနေအထားလည်း ရှိနေပါတယ်။

နိုင်ငံတကာ ဖိအားကိုလည်း တစုံတရာ ထည့်တွက်နေရတယ်၊ ဒါပေမယ့် တခုလုံး အပြောင်းအလဲ ဖြစ်သည်အထိတော့ နိုင်ငံတကာ ဖိအားသက်သက်နဲ့ စွမ်းဆောင်နိုင်စရာ မရှိပါဘူး။

ကိုယ့်ဘက်
အဆိုးရွားဆုံး အနေအထားကို ရောက်နေ
NLD - ဒေါ်အောင်ဆန်းစုကြည်မရှိရင် ဘာမှမလုပ်နိုင်၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အခြေအနေကို ငုံမိဟန်မတူ။
88 Generation - အကုန်နီးပါးလောက် အထဲရောက်နေကြပြီ၊ နောက်ထပ် ကြီးကြီးမားမား လှုပ်ရှားမှု လုပ်နိုင်ဖွယ်ရာ မရှိ၊
ပြင်ပအင်အားစုများ - အဝေးကနေ အော်ရုံသာ တတ်နိုင်ကြတော့တယ်။ သူဖြူရင် ငါမည်းမယ်ဆိုတဲ့ logic နဲ့ သွားနေကြတယ်။ Strategy မရှိ၊
လူထု - မကျေနပ်ချက်နဲ့ အကြောက်တရား မျှခြေမှာ ရှိနေတယ်၊ သို့သော် ဤမျှခြေမှာ မငြိမ်၊ အချိန်မရွေး ပေါက်ကွဲနိုင်တယ်။ (စက်တင်ဘာဟာ ဒီလိုပေါက်ကွဲမှုမျိုး ဖြစ်တယ်)

ခြုံလိုက်ရင် သူ့ဘက်က လုံးဝအပေါ်စီးရနေပြီလို့ ဆိုနိုင်တယ်၊ Road Map ဟာ ဒီအခြေအနေပေါ်မှာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

Road Map

သူ့ဘက်က ရည်မှန်းချက်
အမြင့်ဆုံး ရည်မှန်းချက် - လုံးဝအာဏာမလွှဲရန်၊ ဒီအတွက် Road map ကို တတ်နိုင်သလောက် အချိန်ဆွဲဆန့်ပြီး တဖြည်းဖြည်း မှိန်ပျောက်သွားအောင် ကြိုးစားနေခဲ့တယ်။
အနိမ့်ဆုံး ရည်မှန်းချက် - Road Map ကို မြန်မြန် အကောင်အထည်ဖော်ပြီး စိတ်ကြိုက် Constitution နဲ့ ခရီးဆက်ရန်

ကိုယ့်ဘက်ရဲ့ လက်ရှိအင်အားနဲ့ဆိုရင် ဒီနှစ်ခုကြားမှာပဲ ဗျူဟာခင်းသင့်ပါတယ်။ ကိုယ့်အတွက် အမြင့်ဆုံး ရည်မှန်းချက်ဟာ သူ့ရဲ့ အနိမ့်ဆုံး ရည်မှန်းချက်ပဲ ဖြစ်နိုင်ပါတယ်။ ဒီထက် ပိုရနိုင်စရာ မရှိပါဘူး၊

စက်တင်ဘာအရေးအခင်း

ဘယ်နိုင်ငံရေးအင်အားစုကမှ ဖော်ထုတ်လိုက်တာ မဟုတ်ပါဘူး။ spontaneous movement သာ ဖြစ်ပါတယ်။ ဒါကို နိုင်ငံရေးအဖွဲ့အစည်း အသီးအသီးက အသုံးချတာတော့ မှန်ပါတယ်။ သို့သော် positive outcome မထွက်လာဘူး၊ negative outcome သာ ထွက်လာပါတယ်။

၈၈ မျိုးဆက်ရဲ့ အားပေးတွန်းဆော်မှုကို အသိအမှတ်ပြုရပါမယ်။ သို့သော် ၃ ရက်အတွင်း အဖြိုခွဲ ခံလိုက်ရပါတယ်၊ ဒါ ဘာကိုပြနေတာလဲဆိုရင် နိုင်ငံရေးအင်အားစုတွေရဲ့ လှုပ်ရှားမှုဆိုရင် အကြီးထွားမခံဘဲ ချေမှုန်းပစ်မှာပဲဆိုတဲ့သဘော ဖြစ်ပါတယ်။

သူ့ဘက်က ပခုက္ကူအမှားကြောင့် သံဃာ့လှုပ်ရှားမှု ပေါ်လာတာဖြစ်ပြီး ၈၈ တွေရဲ့လှုပ်ရှားမှုလိုမျိုး ချက်ခြင်း မချေမှုန်းရဲခဲ့ပါ။ တစုံတရာ Shock ရသွားတယ်လို့ ဆိုနိုင်တယ်။ ဒါကို သိမ်သိမ်မွေ့မွေ့နဲ့ ထိန်းကြောင်းနိုင်ရင် အမြတ်တချို့ ရနိုင်တယ်။ တရားဝင် သို့မဟုတ် တရားဝင်တပိုင်း သံဃာ့အဖွဲ့အစည်းတောင် ပေါ်ထွက်လာနိုင်တယ်၊ အနိမ့်ဆုံး သံဃာနာယကအဖွဲ့ထဲမှာ ဒီမိုကရက်တစ်သံဃာများ ၀င်နိုင်ဖို့ လမ်းပွင့်သွားနိုင်တယ်၊ တခုလုံးပြောင်းဖို့အထိ မမျှော်လင့်သင့်ကြပါဘူး။

ဖြစ်သင့်တာက ဒီလောက်ကြပ်နေတဲ့ အခြေအနေမှာ နိုင်ငံရေးအင်အားစုတွေ အနေနဲ့ supporting အခန်းမှာပဲ ရပ်ခဲ့သင့်ပါတယ်။ ကိုယ်တိုင်ပါဝင်ပူးပေါင်းပြီး နိုင်ငံရေးတောင်းဆိုချက်တွေ တင်လာတော့ တဘက်က ချေမှုန်းဖို့ ဖြစ်လာခဲ့တာပါ။ ဒါလည်း လက်ဝဲသွေဖီရေးပါ၊ ဒါပေမယ့် ရှေ့ကလက်ဝဲသွေဖီရေးတွေလို လုံးဝ ဆုံးရှုံးသွားတာချည်းတော့ မဟုတ်ပေဘူး။ ပေးရတာနဲ့ မကာမိတဲ့ အကျိုးအမြတ်အချို့ ထွက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကြေညာချက်နှစ်ခုက (ဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲ) ဒီလှုပ်ရှားမှုကနေ ထွက်လာတဲ့ အမြတ်လို့ ဆိုချင်ပါတယ်။

ဖြစ်စဉ်အရပြောရရင် သံဃာနဲ့လူထုရဲ့ အသက်စွန့် စတေးမှုကြောင့် နိုင်ငံတကာဖိအား ပြင်းထန် လာပါတယ်။ (တရုတ်နဲ့ အာဆီယံကပါ တစုံတရာ ဖိအားပေးလာဟန်ရှိ) ဒါကြောင့် သူ့ရဲ့ အမြင့်ဆုံး ရည်မှန်းချက် (လုံးဝမလွှဲရေး) ကနေ အနိမ့်ဆုံး ရည်မှန်းချက် (Road Map မြန်မြန် အဆုံးသတ်ရေး)ကို ရွေးလာတာ ဖြစ်ပါတယ်။

၁/၂၀၀၈ နဲ့ ၂/၂၀၀၈

ကြေညာချက် နှစ်ခုစလုံးက အစိုးရအနေနဲ့ သူ့ရဲ့ expected value ကနေ better off ကို ရွေ့လာတာ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ကြိုဆိုသင့်တယ်လို့ ထင်ပါတယ်။ သို့သော် ကြေငြာချက် နောက်ကွယ်မှ ရည်မှန်းချက်ကို အကြွင်းမဲ့ယုံ၍ ရသည်တော့ မဟုတ်ပါ။ ဖြစ်နိုင်ခြေ နှစ်ခုရှိနေပါတယ်။

၁။ Road Map ကို အမှန်တကယ် အဆုံးသတ်ချင် နေသလော။ ဤသို့ ရည်ရွယ်လျှင် မေလဆန္ဒခံယူပွဲတွင် Constitution ကို အတည်ပြုနိုင်ဖို့ ကြိုးစားပါလိမ့်မည်။ (စစ်တပ်အနေဖြင့် အမှန်တကယ် ဤရည်မှန်းချက်မျိုး ရှိလျှင် ကိုယ့်အတွက် လက်ရှိအကြပ်အတည်းမှ ထွက်ပေါက်ဖြစ်နိုင်သည်။ လက်ရှိအခြေအနေထက် ပိုကောင်းလာနိုင်သည်။ better off ဟု ယူဆသည်။)

၂။ ဤသို့မဟုတ်မူဘဲ သူဖြူလျင် ငါမည်းမည် ဟူသော အတိုက်အခံတို့၏ logic ကို သိနေတော့ အခြားရည်မှန်းချက် တခုကလည်း ရှိနေနိုင်သေးတယ်။ သူတို့ကိုယ်တိုင်က အတည်မပြုစေလိုခြင်း ဖြစ်ပါတယ်။ လက်ရှိ constitution အတည်မပြုနိုင်သည့်အတွက် နောက်ထပ်အသစ်ရေးဦးမယ်ဆိုပြီး အချိန်ဆွဲနိုင်ပါတယ်။ နောက်တကြိမ် အမျိုးသားညီလာခံ ထပ်ခေါ်လျှင် ဘယ်လောက် ထပ်ကြာမယ်ဆိုတာ မသိနိုင်တော့။ ဘယ်လိုမှ ကောင်းသော အကျိုးဆက် မဖြစ်နိုင်ပါ။ အကယ်၍ စစ်အစိုးရတွင်သာ ဤရည်မှန်းချက်မျိုးရှိလျှင် ထိုအစိုးရ၏ ရည်မှန်းချက်များ အောင်မြင်စေရန် အားသွန်ခွန်စိုက် အားထုတ်ကြိုးပမ်းနေသူများမှာ ပြည်တွင်းပြည်ပမှ အတိုက်အခံ အင်အားစုများပင် ဖြစ်နေသည်ကို သတိပြုကြစေလိုပါတယ်။

ဒီနေရာမှာ Constitution အတည်မပြုနိုင်စေရန် ကြိုးပမ်းနေကြသော ပြည်တွင်းပြည်ပ အတိုက်အခံအင်အားစု များသို့ မေးရန်ရှိလာပါတယ်။ သူတို့ကြိုးပမ်းမှုအောင်မြင်ပြီး Constitution အတည်မပြုနိုင်လျှင် ဘာဖြစ် လာမည်နည်း၊ စစ်အစိုးရမှ ကိုင်း … ကျုပ်တို့ဆွဲတဲ့ constitution မကြိုက်ဘူးဆိုလျှင်လည်း ခင်ဗျားတို့ စိတ်ကြိုက် constitution ရေးကြဗျာ ဆိုပြီး အစိုးရက အသာတကြည် ကမ်းလှမ်းလာလိမ့်မှာ မဟုတ်တာတော့ သေချာသည်။ သူတို့ လက်ရှိအပေါ်စီး ရထားသော အခြေအနေအရ သူတို့လက်မခံနိုင်တဲ့ constitution တခုကို မည်သို့မျှ ခွင့်ပြုလိမ့်မည် မဟုတ်ပါ။ အတိုက်အခံဘက်က လူထုတိုက်ပွဲနဲ့ ဇွတ်အကောင်အထည် ဖော်မယ်ဆိုလျှင်လည်း နောက်ထပ် သေပွဲသတ်ပွဲတွေ ကြုံရဖို့သာ ရှိပါတော့တယ်။ ဒီကိစ္စ အစိုးရနှင့် ညှိနှိုင်းဆွေးနွေး ကြမည်ဆိုလျှင်လည်း သေချာပေါက် အချိန်ကြာပါတော့မယ်။ နှစ်ဘက်စလုံးက expected value များကို တင်းခံနေကြမှာဖြစ်လို့ ဘာအဖြေမှ ထွက်ပေါ်လာနိုင်စရာ မရှိတော့ပါ၊ တိုင်းပြည်သာ ဖွတ်သထက် ညစ်ဖို့ရှိပါတယ်။

Constitution နှင့် ပါလီမန် ရှိသည့်အခြေအနေနှင့် မရှိသည့်အခြေအနေ မည်သည်က ပိုကောင်းသနည်း

ရှိသည့်အခြေအနေက ပိုကောင်းတယ်ဟု ဆိုချင်ပါတယ်။ The Best မဖြစ်နိုင်ပါ၊ better off တော့ ဖြစ်နိုင်ပါတယ်။ ဘာတွေ ပိုကောင်းပါသနည်း။

၁။ Constitution မရှိ၊ ပါလီမန်မရှိတဲ့ အခြေအနေအောက်မှာ လူထုတိုက်ပွဲ ဆင်နွှဲရသည်မှာ အကူအကာ မရှိ၊ အကူတိုက်ပွဲ ဆင်၍မရ၊ ထီးထီးကြီး ဖြစ်နေ၍ အလွန်အန္တရာယ် ကြီးပါတယ်။ ခြေမှုန်းခံရဖို့လည်း ရာနှုန်းပြည့်နီးပါး သေချာနေလေ့ ရှိပါတယ်။ constitution နှင့်ပါလီမန်ရှိလျှင် ပါလီမန်အတွင်းအပြင် ညှပ်တိုက်နိုင်၍ ဤမျှအခြေအနေ မဆိုးနိုင်ပါ။ အသက်ပေး စတေးရသည်များ သိသိသာသာ လျော့ပါးသွားနိုင်ပါတယ်။

၂။ စစ်တပ်ထဲမှာ moderate အင်အားစုအချို့ ရှိနိုင်ပါတယ်။ သို့သော် လက်ရှိအခြေအနေ (atmosphere) အောက်မှာ ဘယ်သူဘယ်ဝါဆိုပြီး သိနိုင်မှာ မဟုတ်ပါ။ ထိုသူများကိုယ်တိုင်လည်း လူလုံးထွက်ပြရဲလိမ့်မှာ မဟုတ်ပါ။ သူတို့အသက်ရှူနိုင်သော ပတ်ဝန်းကျင်တခု ရှိလာပြီးမှသာလျှင် သိနိုင်ပါလိမ့်မယ်။ လက်တွေ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ ခွဲခြားသိမြင်နိုင်စရာ ရှိပါတယ်။ Constitution နှင့် ပါလီမန် ရှိလာလျှင် ဤသို့သော ပူးပေါင်းဆောင်ရွက်မှုမျိုး လမ်းပွင့်လာနိုင်ပါတယ်။ တူသည့်အရာ (စီးပွားရေးတိုးတက်မှု ဖြစ်ကောင်းဖြစ်နိုင်သည်) ကို ပူးပေါင်းဆောင်ရွက်ရင်း မတူသည့်အရာ (နိုင်ငံရေး အပြာင်းအလဲ)ကို ညှိနှိုင်းခွင့် ရလာနိုင်ပါတယ်။ ယခုလို အပြန်အလှန် ရန်ဖြစ်နေရတာနဲ့စာလျှင် တိုင်းပြည်အတွက် ပိုကောင်းပါလိမ့်မယ်။

၃။ Constitution နဲ့ ပါလီမန်မရှိတဲ့ အခြေအနေမှာ လူပုဂ္ဂိုလ်တဦး၏ power base မှနေ၍ ပေါ်လစီ ခင်းကြရပါတယ်။ Constitution နှင့် ပါလီမန်ရှိလာလျှင်မူ Institutional base ဖြင့် ပေါ်လစီ ခင်းလာနိုင်စရာ ရှိလာပါလိမ့်မယ်။ ပြောရလျှင် rule of the game ချမှတ်ရာတွင် ကိုယ့်ဘက်မှ တစုံတရာ ပြောရေးဆိုခွင့် (၁၀၀ ရာခိုင်နှုန်းတော့ မဟုတ်) ရလာနိုင်စရာ ရှိပါသည်။

ချုပ်ပြောရလျှင် လက်ရှိအခြေအနေထက် better off ဖြစ်လာလိမ့်မည်ဟု ထင်ပါသည်။

ဘာလုပ်ကြမလဲ

The best may be enemy of good ဆိုသောစကားကို ဆင်ခြင်ကြစေလိုပါသည်။ မိမိ၏ လက်ရှိ အနေအထားအရ၊ အကောင်းဆုံး (the best)ဆိုသော ရွေးချယ်စရာ မရှိတော့ပါ။ မူလအခြေအနေထက် ပိုကောင်း (better off)လျှင်ပင် လောလောဆယ် ကျေနပ်သင့်ပါသည်။ နောက်မှ ပို၍ ပို၍ကောင်းသော အနေအထားသို့ ဦးတည်သင့်သည်ဟု သဘောရပါသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် Road Map အမြန်ပြီးရေးသည်သာ အစိုးရအတွက်ရော အတိုက်အခံအတွက်ပါ better off ဖြစ်ပါလိမ့်မည်။ Constitution ကို မထောက်ခံချင်လျှင်တောင်မှ မပျက်ပျက်အောင် ဖျက်မည်ဟု မဆုံးဖြတ်သင့်ပါ။ ဤသို့ ဆုံးဖြတ်လုပ်ကိုင်လိုက်လျှင် ကိုယ့်ဆုတ်လမ်းကို ကိုယ်တိုင်ပြန်ဖျက်သလို ဖြစ်ပါလိမ့်မည်။ ယခု ဤလမ်းကြောင်းအတိုင်း ဦးတည်နေပြီကို သတိချပ်ကြစေလိုပါသည်။

NLD အတွက် စဉ်းစားချက်
NLD ဦးဆောင်ပြီး Constitution ကို ကန့်ကွက်ဖို့ BCP မှ အကြံပေးသည်ကို ဖတ်ရပါသည်။ အစိုးရကသာ အမှန် တကယ် အတည်ပြုလိုလျှင် ဘယ်သူဦးဆောင်ဦးဆောင် မအောင်မြင်နိုင်ပါ။ အကယ်၍ အတည်ပြုနိုင်ပြီး ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပဖြစ်လျှင် Constitution လက်မခံတဲ့ပါတီ ရွေးကောက်ပွဲ မ၀င်ရ ဆိုသည်မျိုး လုပ်လာပါက NLD အတွက် ဆုတ်လမ်း မကျန်တော့ပါ။ သို့အတွက် constitution နှင့်ပတ်သက်ပြီး တရားဝင်သဘောထား မပေးဘဲ လူထုဆန္ဒအတိုင်း လက်ခံမည် ဆိုသော အထိုင်နှင့်သာ ရပ်ခံသင့်ပါသည်။ သို့မှသာ အခြေအနေအရ တက်နိုင်၊ ဆုတ်နိုင်မည်ဖြစ်သည်။

အနာဂတ် အလားအလာ (၂၀၁၀ အလွန်)

ဖြစ်နိုင်ခြေအရှိဆုံး အလားအလာမှာ ၂၀၀၈ မေလ ဆန္ဒခံယူပွဲတွင် constitution အတည်ပြုနိုင်ဖို့ များပါသည်။ ထိုမှ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲလည်း ကျင်းပလာနိုင်ပါလိမ့်မည်။ ဤဖြစ်နိုင်ခြေကို အခြေခံ၍ ရှေ့လုပ်ငန်းစဉ်အချို့ ကြိုတင်တွက်ဆ ထားသင့်သည်ဟု ထင်ပါသည်။ (အကယ်၍ ဤအတိုင်း ဖြစ်မလာခဲ့လျှင် အဆိုးရွားဆုံး အခြေအနေအတွက် ပြင်ဆင်ရတော့မည် ဖြစ်ပါသည်။)

နိုင်ငံတကာမှ ဒီမိုကရေစီ ကူးပြောင်းရေးများကို ကြည့်လျှင် လမ်းကြောင်းသုံးမျိုး ရှိသည်ကို တွေ့နိုင်ပါသည်။
၁။ အောက်မှလာသော အပြောင်းအလဲ
- လူထုလှုပ်ရှားမှုများဖြင့် စတင်သော ဒီမိုကရေစီလှုပ်ရှားမှု၊
- တောင်အာဖရိကနှင့် အရှေ့ဥရောပနိုင်ငံများတွင် တွေ့ရ၊
- ထူးခြားချက် -- စားပွဲဝိုင်း ဆွေးနွေးပွဲများကို ဖြတ်ပြီးမှ အဖြေတခုခု ရခဲ့ကြခြင်းဖြစ်

၂။ အထက်မှလာသော အပြောင်းအလဲ
- လက်ရှိအာဏာရထားသော အင်အားစု၊ (တပ်ဖြစ်စေ၊ အရပ်သားဖြစ်စေ) ကိုယ်တိုင်ဦးဆောင်သော ပြုပြင်ပြောင်းလဲရေး၊
- အရှေ့အာရှနိုင်ငံများ၊ တရုတ်တို့တွင် ဖြစ်ပေါ်ခဲ့၊
- ထူးခြားချက် -- စီးပွားရေးဘက်တွင် အောင်မြင်သော်လည်း နိုင်ငံရေးဘက်တွင်မူ လစ်ဘရယ် ဒီမိုကရေစီ အထိမရောက်၊ အမြင့်ဆုံး illiberal demoracy အထိသာ ရောက်နိုင်

၃။ ဘေးမှလာသော အပြောင်းအလဲ
- ပြင်ပအင်အားကြီး နိုင်ငံတခု/များမှ ၀င်တိုက်ပြီး regime change လုပ်တာမျိုး၊
- အီရတ်နှင့် အာဖဂန်နစ္စတန်တွင် ဖြစ်ခဲ့၊
- ထူးခြားချက် -- ဖြစ်နိုင်ခြေနည်း၊ လက်တွေ့ဖြစ်ခဲ့သော် ပြဿနာ အများကြီးရှိ

မြန်မာနိုင်ငံဟာ နံပါတ်တစ် လမ်းကြောင်းနဲ့ စခဲ့တာ မှန်ပေမဲ့ စားပွဲဝိုင်းကို မဖြတ်နိုင်ခဲ့လို့ အဖြေမရ ဖြစ်ခဲ့ရတယ်။ ၁၉၉၀ ခုနှစ်နောက်ပိုင်းမှာ နံပါတ်နှစ်လမ်းကြောင်းကို ဦးတည်လာတာ တွေ့ရပေမယ့် ရှစ်လေးလုံး တောင်းဆိုချက်ထဲက ဈေးကွက်ပြုပြင်ပြောင်းလဲရေးကိုသာ စိတ်ပါလက်ပါလုပ်ခဲ့ (မအောင်မြင်တာတပိုင်း) သော်လည်း ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးကိုမူ တတ်နိုင်သလောက် အချိန်ဆွဲနေခဲ့ပြီး စစ်တပ်ကိုယ်တိုင်ကလည်း စိတ်မပါခဲ့ပါ။

အကယ်၍ ၂၀၁၀ ရွေးကောက်ပွဲသာ ဖြစ်ခဲ့လျှင် မည်သည့်ပါတီ အနိုင်ရသည်ဖြစ်စေ ဒီမိုကရက်တစ် အင်အားစုများအတွက် တရားဝင်လမ်းကြောင်းတခု ပွင့်လာနိုင်သည်။ ဤလမ်းကြောင်းကို Transitional period တစ်ခုအဖြစ် သဘောထားပြီး ဆက်လက်လှုပ်ရှားကြရမည်ဖြစ်ပါသည်။

၁။ မိမိတို့ဘက်မှ အမြင့်ဆုံး ရည်မှန်းချက်မှာ လစ်ဘရယ် ဒီမိုကရေစီသို့ ဦးတည်ရေးဖြစ်သည်။ (ဤနေရာတွင် လွှတ်တော်ထဲမှ တပ်ကိုယ်စားလှယ်များ ဖယ်ရှားရေးမှာ ဆုံချက်ဖြစ်သည်။)

၂။ သို့သော် အဆိုပါ အမြင့်ဆုံး ရည်မှန်းချက်ကို အလျင်စလို စတင်၍ မဖြစ်၊ ပြင်ဆင်မှုမရှိဘဲ ဇွတ်ထလုပ်လျှင် နောက်ထပ်သွေဖီရေး တခုသို့ ရောက်သွားနိုင်ပါသည်။

၃။ သို့အတွက် ပထမ ၄နှစ်သက်တမ်းအတွင်း တပ်ကိုယ်စားလှယ်ကိစ္စကို လုံးဝ မကိုင်တွယ်သင့်၊ ဤကာလ လုပ်နိုင်သည်များမှာ …
- တည်ဆဲ constitution အတွင်း citizen right များ တတ်နိုင်သလောက် ချဲ့ယူရန်
- တပ်ကိုယ်စားလှယ်များနှင့် တူတာတွဲလုပ်ပြီး နားလည်မှု တည်ဆောက်ရန် (အခြေအနေပေးလျှင် တပ်မှ Moderate အင်အားစုများကို ဆွဲဆောင်သိမ်းသွင်းရန်)
- Public နှင့် Private sectors များတွင် လုပ်ရန် (အရေးကြီးပါသည်)
- Civil Society များ တရားဝင် ရပ်တည်ခွင့် ရလာအောင် ကြိုးပမ်းရန်

၎။ ဒုတိယ (၄)နှစ် သက်တမ်းလောက်မှစ၍ တပ်ကိုယ်စားလှယ် အဆင့်ဆင့် လျှော့ချရေးကို အဆင့်ဆင့်လုပ်သွားရန်၊ (ကာလသတ်မှတ်ချက်မှာ အတိအကျ မဟုတ်၊ အခိုင်အမာ အခြေအနေအရ ဆုံးဖြတ်ရန်)

၅။ ဤ Transitional Period ကို တည်တည်ငြိမ်ငြိမ်နှင့် မြန်မြန်ဆန်ဆန် ဖြတ်ကျော်နိုင်ရေးမှာ မိမိတို့၏ လုပ်တတ် ကိုင်တတ်မှုအပေါ် မူတည်ပါလိမ့်မည်။ ဤအတွက် အဖွဲ့အစည်းအရရော၊ တစ်ဦးချင်းအရပါ အလေးအနက် ပြင်ဆင်သင့်ပါသည်။

15 comments:

Unknown said...

Look very comprehensive review! Still trusting the military junta!

Do u really think these thugs will keep their promise and follow the roadmap even it is approved.

It is very obvious that whether the public will approve or not, these thugs will do what they want- approve or not.

မောင်တင်ယု said...

ဟဲဟဲ
ခေါ်လာတဲ့ အခင်းလေးကကောင်းသလို လိုတော့ရှိသားလို့ ဖတ်လိုက်တာ
ဗုံပေါက် သာကျော်ရဲ့ တပည့်ကျော်နဲ့တူတယ်
ထားပါတတော့ဗျာ၊ခင်ဗျားသိုင်းတာတွေကို ပြောလည်းဘာမှမပြီးပါဘူး၊ ဟုတ်လား၊

လိုရင်းနဲ့ တိုရှင်းပြောပေါ့
ဘာလုပ်ရမယ်ဆိုတာကိုခင်ဗျားရေးထားတဲ့ အတိုင်း
ပြည်သူကတစ်ဦးချင်းဘာကိုလုပ်ကိုလုပ်ရမယ်ရေးလေ၊
အများကြီးမပြောပါနဲ့ 
နည်းနည်းဘဲပြောပါ။
သဘောပေါက်ပါတယ်

Anonymous said...

အများတွေးရန်

၁--ကိုယ်တိုင်ခင်းကျင်းနိုင်ပီလား

၂--ခင်းကျင်းထားတဲ့အပေါ်မှာကမှာလား

pannzone said...

(တွေ့မြင်ရခဲလှသော) ဝေဘန်အကြံပြုချက်များဖြစ်ပါသည်။
အမှန်အမှားကတော့ အားလုံးဝိုင်းဝန်းအဖြေရှာ
ဘို့လိုသည်ဟုထင်ပါသည်။ ရိသလိုလို ခနဲ့သလိုလိုcomment များ၊
(အတင်းပြောသည့် အဆင့်လောက်သာ
ပြောတတ်သော) ခပ်ညံ့ညံ့နိုင်ငံရေးသမားများ၊
ကလေးအတွေးနှင့်စိတ်ကူးယဉ်နေသူများ ထက်များစွာသာသော
တင်ပြချက်များလို့ခံစားမိပါတယ်
အားပေးပါတယ် ကိုကျော်ဝင်း ....
ဒါမျိုးတွေများများရေးပါလို့တိုက်တွန်းပါတယ် ...
ကျနော် နိုင်ငံရေးသမားတစ်ယောက်မဟုတ်ပါဘူး...
ဒါပေမဲ့မြန်မာပြည်နဲ့ပါတ်သက်တဲ့သတင်းတွေကိုတော့
နေ့တိုင်းမပြတ် စောင့်ဖတ်နေဖြစ်တယ် ...
များသောအားဖြင့်တော့ သတင်းအဓိကပဲကြည့်ရတာပေါ့လေ ...
ကျန်တာတွေကတော့ ကိုယ့် Volume Control နဲ့ကို
လိုတိုးပိုလျှော့လုပ်ပီးဖတ်ရတာပါပဲ ...
အခုကိုကျော်ဝင်း ရေးထားသလိုမျိုးပေါ့လေ့ တွေ့ရခဲပါတယ် ....
မှန်တယ်မှားတယ်တော့ ကျနော်မဝေဘန်နိုင်သေးပါဘူး ...
ကိုယ့်မှာက အဲဒီလိုStrategy ပိုင်းနဲ့ဆိုင်တဲ့အတွေ့အကြုံမရှိဘူးဆိုတော့ ...
နိုင်ငံရေးတွေတင်နေကြတဲ့ Blog တွေအနေနဲ့လည်းဒါမျိုး အတွေးအခေါ်ပါတဲ့
စာလေးတွေတင်နိုင်အောင်ကြိုးစားကြပါလို့ ကျနော်တိုက်တွန်းလိုပါတယ် ...
အခုအချိန်ထိတော့ ကိုထိုက်Blog မှာပဲ ဒါမျိုးလေးတွေ တခါတရံတွေ့ရတတ်ပါတယ် ...
ခင်မင်စွာဖြင့်
ပန်းစုံ

mgkarlu said...

It is just another color ball.
Junta has the lower hand at the moment although they have guns.
That's why such kind of article comes out.
"Win Win" theory is obsolete theory.
"Win Win" theory had already been replaced by "WIN LOSE" theory.
The writer of this article (Ko Kyaw Win) is very poor because he doesn't know about "WIN LOSE THEORY".
"WIN LOSE THEORY" is the latest and world-famous theory.
"WIN LOSE THEORY" means "We WIN junta LOSE".
Please don't be confused because of this article even if it was written by God.
We have to fight junta as much as we can.
There is no point to accept road map and constitution.
"WIN LOSE" theory
"WE WIN junta LOSE"
The writer of this article (Ko Kyaw Win) will refer to "WIN LOSE" theory in his new articles and books in 2009.

K Z said...
This comment has been removed by the author.
mgkarlu said...

"WIN LOSE" theory is our own theory.
We have to create our own "WIN LOSE" theory according to the situation of our own country.
We don't need to follow other existing theory.
The writer of this article (Ko Kyaw Win) definitely will refer to our "WIN LOSE"
theory in his new articles and books in 2009.

Best Regards,
Htin Aung Kyaw

Unknown said...

Dear All,

This Analysis or Review is full of poisonous ideology and even more dangerous for pretending as if it has been circulated by pro-liberal democratic Force (by using the name of U Kyaw Win).

You can see very clearly its final conclusion as follow: *Failing to build up the Democracy system in Burma during these 20 years is due to NLD and pro-Democracy Forces and because of their confrontation attitude against the Regime. That is exactly the same with the ridiculous accusation of the Military upon NLD.

* Try to convince the people that there is no way to get the Democracy apart from to accept and follow after the Regime's Road map and the worst signal of this review is getting the false hope to the people as if they can achieve the reformation within the Parliament which is made up of 25% of Military Personnel.

In reality, there will be no 75% of genuine people's representatives in that would-be so-called parliament. What they want to do is 25% is in Military uniform and 75% of military hand-picked personnel in civilian uniform will rule the country in the covering of people approved constitution, legitimately and lawfully.

The Burmese people will never escape from being the slaves of Military if we do no show enough the political defiance against their Referendum and the Election.

Best Regards,

Unknown said...
This comment has been removed by the author.
Unknown said...
This comment has been removed by the author.
Anonymous said...

shut the hell up [ maung tin yu ]
who the hack you think you are...
ya comments are always like that..
if you think you are genius just write or show some on the blog like that..
thanks a lot doctor lun swe and ko kyaw win .
နိုင် ငံ ရေး လော က ထဲ ဆရာ ကြီး အ ထာ နဲ့ ပဲ ကြီး လှော် ဝင် ဝင် စား တဲ့ သွား တွေ တော့ တ နေ့ ခဲ ဝါး မိ မှာ သေ ချာ တယ်

Nyi Nyi Lin said...

စိတ်ကူးတွေမယဉ်ကြေး
(လက်တွေ့ကျကျ စဉ်းစားကြပါ
Fairy Tale လိုမျိုးဇာတ်လမ်းတွေဟာ
ပုံပြင်တွေ၊ ရုပ်ရှင်တွေထဲမှာပဲ ကြည့်လို့ကောင်းတာပါ
ကိုယ့်ဖြစ်ချင်တာတွေ အပြင်မှာမဖြစ်နိုင်တာနဲ့
စိတ်ကူးထဲမှာပဲ ဇာတ်လမ်းတွေဆင်မနေကြပါနဲ့
ဖြစ်နိုင်တာကို စဉ်းစားပါ)

သူများကိုမပုတ်ခတ်ကြေး
(ဘာကြောင့် ငါမှငါ အမှန်ထင်နေကြတာလဲ
သင်္ချာပုစ္ဆာ လိုပဲ အဖြေတစ်ခုရဘို့ တွက်နည်းတွေ
အများကြီးရှိပါတယ် သူများကို ပုတ်ခတ်ခြင်းဖြင့်
ဒီမိုကရေစီစနစ်အောက်မှာတောင်
တိုင်းပြည်ကို တည်ဆောက်၍မရကြောင်း သတိရကြပါ)

ကလေးမဆန်ကြေး
(သူ့ Theory ကမှားတယ်ဆိုရင် ကိုယ့် Theory ကို
အများရှေ့မှာချပြပါ ခေါင်းစဉ်လေးလောက်နဲ့တော့
အလုပ်မဖြစ်ပါ [ကျွန်တော်လည်း Theory
တစ်ခုလောက်ချပြချင်ပါတယ်
Win Win လည်းမဟုတ်ပါ
Win Lose လည်းမဟုတ်ပါ
Win Draw Lose ပါ
ခင်ဗျားတို့ Theory တွေ သိပ်မပိုင်သေးပါဘူး]
အဲလိုဆို ခင်ဗျားတို့စိတ်ထဲမှာ ဘယ်လိုနေမလဲ)

ကောလဟာလတွေမပြောကြေး
(ခပ်ညံ့ညံ့ နိုင်ငံရေးသမားတွေရဲ့နည်းဗျူဟာပါ
ကောလဟာလများဖြင့် ဘာမှဖြစ်လာမည်မဟုတ်ပါ)

ကိုယ့်တာဝန်ကို ကိုယ်ယူကြေး
(သူများကို လက်ညှိုးထိုးမနေကြပါနဲ့
ကိုယ့်တိုင်းပြည်ကောင်းစားဘို့အားလုံးမှာတာဝန်ရှိပါတယ်
အားလုံးစည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်း
လုပ်ကြပါ တစ်ယောက်တစ်ပေါက် ကိုယ်ထင်ရာကိုယ်လုပ်နေကြမှ
ဗိုလ်ချုပ်ပြောတဲ့ "--ာ နိုင်ငံ" ဖြစ်သွားမှာပါ)

ညီညီလင်း

Nanda said...

တော်တော် စဉ်းစား သုံးသပ်ထားတဲ့ ဆောင်းပါးတစ်ခုဆိုတာတော့ မမှားပါဘူး။ ဒါပေမယ့် Lin Aye ထောက်ပြသလို တော်တော် အန္တရယ်များတဲ့ အတွေးတွေကို ပေးနိုင်စေတယ်လို့ မြင်မိပါတယ်။ ဆောင်းပါးရှင် ရဲ့စေတနာရင်းကို မသိနိုင်တဲ့အတွက် သူ့ဆောင်းပါးကို အတွင်းကျကျ သရုပ်ခွဲပီး ကောင်းတဲ့ အပိုင်းတွေကို ယူပီး၊ မကောင်းဘူးထင်တဲ့ တွေဝေသွားစေတဲ့ အပိုင်းတွေကို နားလည်သူများ (ထေ့လုံး ငေါ့လုံးများ မပါပဲ academic ဆန်ဆန် ) က ပြန်လည်ထောက်ပြသင့်တယ်လို့ ထင်ပါတယ်။ ကျွန်တော်ကတော့ သာမန်လူတစ်ယောက်ဖြစ်တဲ့အတွက် သာမန်အမြင်နဲ့ပဲ ထောက်ပြချင်ပါတယ်။ ဒီဆောင်းပါးမှာ ကောင်းတဲ့အပိုင်းက အရင်က မှားခဲ့တဲ့အမှားတွေကို အချက်ကျကျ သုံးသပ်ပြထားတာပါ။ မြင်ရခဲတဲ့ သုံးသပ်ချက်တွေပါ။

1) ကျွန်တော် သိသလောက်ကတော့ NLD က ဂန္ဒီကြေငြာမှု မထုတ်ပြန်ခင်မှာပဲ အစိုးရက အခြေခံဥပဒေ ကို ရွေးချယ်ခံ ကိုယ်စားလှယ်တွေကပဲ ဦးဆောင်ရေးပါဆိုတဲ့ ၁/၉၀ ကို အမောတကော ကြေငြာလိုက်တာပါ (မှားရင် ထောက်ပြကြပါ)။ NLD ရဲ့ ကိုယ်စားလှယ် အရေအတွက်အရ အစိုးရဖွဲ့နိုင်လောက်တဲ့ အခြေအနေမှာ ရှိနေခဲ့လို့ အဲဒီအစီအစဉ်ပျက်သွားအောင် လက်ဦးမှုယူပီး အခြေခံဥပဒေကို NLD ကဦးဆောင်ရေးပါဆိုတဲ့ false offer ကိုချပေးလိုက်တာပါ။ ဆောင်းပါးရှင် ကိုကျော်ဝင်းရေးသလို NLD ဟာ အန္တရာယ်အကြီးဆုံး ရွေးချယ်မှုကို ရွေးချယ်လိုက်ရတာဟာ အပြစ်အနာအဆာတွေ မကင်းတဲ့ constitutions (47, or 74) ကို သုံးတာထက် ကိုယ့်ဖက်လူတွေ အများစုပါတဲ့ စည်းဝိုင်းအတွင်းမှာ ဒီမိုကရေစီ အတွက် ပိုပီး အာမခံချက်ပေးနိုင်မယ့် constitution မျိုးကို ဦးဆောင်ရေးပိုင်ခွင့် ရှိမယ်ထင်လို့ လုပ်ခဲ့တာလို့ထင်ပါတယ်။ ဖြစ်ချင်တော့ စစ်အစိုးရ ကျင်းပပေးတဲ့ constitution ရေးသားရေး process ကိုယ်တိုင်က free and fair မဖြစ်တဲ့အတွက် NLD ရဲ့ရွေးချယ်မှုဟာ အရာ မထင်ဖြစ်သွားခဲ့ရတာဟာ. လူညစ်ကစားတာခံရပီး ဒိုင်ကပါပင်းလို့ ကိုယ့်ဖက်က အနိုင်မကစားနိုင်ခဲ့တဲ့အတွက် ကိုယ့်လူတွေကို အတင်းပြန်ပီး အပြစ်တင်စရာ မလိုဘူးလို့ထင်ပါတယ်။

2) နောက်တစ်ချက်.. ဒေါ်စု အိမ်ရှေ့တရားပွဲနဲ့ နယ်လှည့်ပွဲတွေကို အပြစ်တင်ထားတာ တွေ့ရပါတယ်။ အိမ်ရှေ့ တရားပွဲလုပ်တာ လူထုကိုမျက်စိဖွင့်ပေးတာပါ။ ပြည်သူလူထု သိချင်သမျှ မေးသမျှတွေကို တိုက်ရိုက်ပြန်လည်ဖြေကြားပေးရင်း လူထုကိုလဲ မျက်စိဖွင့်ပေး ပါတီစည်းရုံးရေး လဲ လုပ် တစ်ချက်ခုတ် ၂ချက်ပြတ်ပါ။ အဲဒီအခြေအနေတွေမှာ NLD အနေနဲ့ Dialogue အတွက် ဘယ်လောက်အလုပ်လုပ် လဲ မလုပ်ဘူးလဲ ကာယကံရှင်တွေပဲ သိပါလိမ့်မယ်။ နယ်လှည့်အင်အားပြတယ်ဆိုတဲ့ စကားအသုံးအနှုံးကိုတော့ သဘောမကျပါဘူး။ နည်လှည့် စည်းရုံးရေးဆင်းတာကို နယ်လှည့်အင်အားပြတယ် လို့ ရေးတယ်ဆိုရင် စာရေးသူ ကိုကျော်ဝင်းရဲ့ စေတနာကို သံသယဖြစ်စရာ ရှိပါတယ်။

3) နောက်ဆုံး Roadmap အကြောင်း ဆွေးနွေးခန်းမှာတော့ ရုတ်တရက် ကြည့်ရင် တယ်ဟုတ်ပါလားလို့ ထင်စရာရှိပေမယ့် တော်တော်ကိုအန္တရယ်များတဲ့ အမြင်တွေကို တွေ့ရပါတော့တယ်။ ဆောင်းပါးရှင်ကိုယ်တိုင်လဲ ရေးသားထားပါတယ် (စစ်အစိုးရ လက်အောက်မှာ ရေးဆွဲထားတော့ Constitution ဟာ အရင်ဟာတွေထက် ဘယ်လိုမှမကောင်းနိုင်ဘူး၊ ဆိုးဖို့သာရှိတယ်ဆိုတာပါ)။ အချက်အလက်တွေ ပြည့်ပြည့်စုံစုံနဲ့ ရှည်ရှည်လျားလျားရေးသားထားပေမယ့် အနှစ်ချုပ်ကတော့ Roadmap ကိုလက်ခံပီး Constitution ကို ထောက်ခံလိုက်ဖို့ တိုက်တွန်းထားတယ်လို့ ယူဆပါတယ်။ Constitution and parliament ရှိတာနဲ့မရှိတာ ဘယ်ဟာကောင်းသလဲ? အတော် tricky ဖြစ်တဲ့ argument ပါ။ ဥပမာ် တစ်ခုပေးပါရစေ အိမ်တအိမ် မှာ အုပ်ထိန်းသူ ရှိတာကောင်းသလား မကောင်းဘူးလားမေးရင် ယေဘုယျအားဖြင့် ဟာ ကောင်းတာပေါ့ပဲ ဖြေရမှာပဲ။ ဒါပေမယ့် ဘယ်လိုအုပ်ထိန်းသူမျိုးလဲ? အိမ်ရှိသမျှလူအားလုံး သူသဘောမတူရင် ဘာမှမလုပ်ရ သူကတော့လုပ်ချင်ရာလုပ်မယ် အိမ်ကလူတွေ ပြန်လှန်မပြောရ။ အိမ်ရဲ့ဝင်ငွေတွေကို သူကြိုက်သလို သုံးမယ်၊ အိမ်သားတွေအားလုံး အကျိုးစီးပွားထက် သူ့အကျိုးစီးပွားပဲ ကြည့်မယ်။ ဒီအုပ်ထိန်းသူကို တဖြည်းဖြည်းချင်း ကိုယ့်ဖက်ပါလာအောင် လုပ်ယူတာပေါ့ လောလောဆယ်တော့ သူရှိတာကောင်းပါတယ်လို့ စဉ်းစားလို့ရပါ့မလား ? ၂၅% ၇၅% စတဲ့ ကိန်းဂဏန်းလေးများ ကိုသာ မကြည့်သင့်ပါ။ Amendment လုပ်လို့မရလောက်အောင်ကို စေ့စေ့ပေါက်ပေါက် ထည့်သွင်းထားချက်များကို သတိပြုသင့်ပါတယ်။ လွှတ်တော်အတွင်း အာဏာစီးဆင်းမှုကလဲ ကာကွယ်ရေးဦးစီးချုပ်နဲ့ စစ်တပ်ကလာတဲ့ Top-down ပုံစံပဲဖြစ်နေမှာမို့လို့ စစ်တပ်ရဲ့ အထက်အောက် ကြောက်ရတဲ့သဘာဝအရ ဘယ်လို စစ်သားအမတ်တွေထဲက moderate force ကမှ ရှေ့ထွက်ပီး သူတို့ လက်ထဲက ၂၅% ကို ပြုပြင်ပြောင်းလဲရေးအတွက် လုပ်ပေးနိုင်မှာမဟုတ်ပါဘူး ။ ဒီလို စိတ်ကူးယဉ်မှုဟာ အင်မတန်အန္တရယ်ကြီးနိုင်ပါတယ်။ ဒါဟာ ကိုယ်လိုချင်တဲ့ ပြုပြင်ပြောင်းလဲမှုကို လုံးဝပြုပြင်ပြောင်းလဲမှုမလုပ်လို(လုပ်လိုကလဲ မဖြစ်နိုင်) တဲ့ စစ်အုပ်စု အပေါ်မှာ မှီခိုပီး မျှော်လင့်ချက်ထားနေရမှာဖြစ်ပါတယ်။

4) ရွေးကောက်ပွဲ အပီးမှာ ဖြစ်လာမယ့် အစိုးရလက်ထက်မှာ လုပ်ပိုင်ခွင့့် ရပိုင်ခွင့် ရှိလာမှာတွေကို စိတ်ကူးယဉ်ပြထားတာကိုတော့ အထူး ထောက်ပြစရာ မရှိပါ။ ဖြစ်ချင်လဲ ဖြစ်လာနိုင်သည်။ မဖြစ်နိုင်တာ ပိုများတာကိုတော့ လူတိုင်း နားလည်ပီးဖြစ်သည်။

အနှစ်ချုပ်ရလျင် Constitution ကိုထောက်ခံလိုက်ပီး ၂၀၁၀ ရွေးကောက်ပွဲထိမျှောလိုက်ဖို့ အကြံပေးထားတဲ့ ဆောင်းပါးဖြစ်သည်ဟုမြင်ပါတယ်။ ကျွန်တော့ သဘောကရော ဟုမေးလျှင် ပြည်သူလူထုက ယခုမဲပေးရမည့် Constitution ဟာ စစ်တပ် ပါဝင်မှုကို Legitimate ဖြစ်ရုံသက်သက် အသက်သွင်းပေးမည့် အရာဖြစ်သည်ဟု နားလည်မည်ဟုထင်ပါသည် (ဆောင်းပါးရှင်လဲ လက်ခံမည်ထင်ပါတယ်)။ ဒါဆိုရင် ပြတ်ပြတ်သားသား ဆန့်ကျင်ရုံပဲ၇ှိပါသည်။ အများလက်မခံတဲ့ အရာကို စစ်တပ်မှ ဇွတ်ဆက်လက်လုပ်ဆောင်လို့မရပါ။ လုပ်မည်ဆိုလျင်လဲ အနဲဆုံးတော့ သူတို့ Amendment ပြန်လုပ်ရပေမည်.။ နောက်နှစ်ပေါင်းများစွာမလိုပါ။ ကိုယ့်အတွက် အသက်ရှုချောင်စေတဲ့.. ပြန်လည် ပြင်ဆင်ခွင့် များနဲ့ သက်ဆိုင်သည်များ(ဥပမာ စစ်ဦးချုပ် လုပ်ပိုင်ခွင့် အာဏာကို တစ်စုံတစ်ရာ ကန့်သတ်ချင်း ဥပဒေပြုအာဏာ အုပ်ချုပ်ရေး အာဏာများကို ပိုပီး Balance ဖြစ်အောင် ပြင်ဆင်ခြင်းများ )ကို ထည့်သွင်းဖို့ ကြိုးစားနိုင်ပါက ဆောင်းပါးရှင် စိတ်ကူးယဉ်သကဲ့သို့ စစ်အုပ်စု မှ ပြုပြင်ပြောင်းလိုသူများဆိုတဲ့ အုပ်စုအပေါ် မှီခိုရမှု နဲပါးသွားပါလိမ့်မယ်။ အတိုင်းအတာ တစ်ခုအထိ semi-liberal democracy ကိုရနိုင်ပေလိမ့်မယ်လို့ ယူဆပါတယ်။
မင်းနန္ဒ..

Anonymous said...

I totally agree what Minnanda said. Although Dr. K win's advice seems clever, it is defenitely dangerous. If the haunter was determined to make a kill by cutting the whole stomach after letting a python swallow him first, that haunter might be insane and stupid. Nobody is gonna take a risk without a certain plan nowadays. If you, Doctor, really want no more bloodshed or kills, you should do only one thing. Just destroy killers!!!!(you also can name it as another wrong oppose)

ဝင်းပေါ်မောင် said...

ပထမဆုံး ရှင်းရှင်းလင်းလင်း ဖြစ်စေလိုတဲ့ အချက်က ဒီစာတမ်းကိုရေးသူဟာ စာရေးဆရာ ကျော်ဝင်း ဟုတ်မဟုတ်ပါ။ ဆရာလွဏ်းဆွေ က `မသေချာဘူး´လို့ဆိုတော့ ရေးသူကို တပ်အပ်မသိဘူး ဆိုတဲ့သဘော ဖြစ်နေပါတယ်။ ဘယ်သူ့အမြင်ကိုပဲဖြစ်ဖြစ် ဖော်ထုတ်ပေးတာ ကောင်းပါတယ်။ သို့သော် သြဇာကြီးတဲ့ နာမည်တခုနဲ့ ဆင်တူယိုးမှား ဖြစ်နေရင် ရှင်းရှင်းလင်းလင်းတော့ ဖြစ်သင့်တယ် ထင်ပါတယ်။
ကိုကျော်ဝင်း ဆိုပြီး ထင်ယောင်ထင်မှား ဖြစ်အောင် ရေးတာကိုက သိပ်မရိုးသားဘူးလို့ ထင်ပါတယ်။

စာရေးသူက စေ့စေ့ငုငု သုံးသပ်ထားတာကို လေးစားပါတယ်။ သို့ပေမယ့် ပြဿနာတိုင်းကို လက်ဝဲလား လက်ျာလား ခွဲခြားဖို့ချည်း ကြိုးစားထားတာရယ်၊ ပြဿနာရဲ့ဗဟိုကို ကိုယ့်ဘက်တခုတည်းမှာပဲ တည်ထားတာရယ်ကတော့ အငြင်းပွားချင်စရာတွေ ဖြစ်နေပါတယ်။ အကြီးဆုံး ကွက်လပ်ကတော့ လူထုရဲ့ ခံစားမှုနဲ့ လူထုအခွင့်အလမ်း လူထုတုံ့ပြန်မှုကို လုံးဝထည့်မပြောတာပါပဲ။

မြန်မာ့နိုင်ငံရေးကို စစ်ဗိုလ်တွေနဲ့ နိုင်ငံရေးသမားတွေရဲ့ `အာဏာကစားပွဲ´ တခုအဖြစ်သာ ရှုမြင်မယ်ဆိုရင်တော့ သူပြောတာတွေ မှန်ကောင်းမှန်နိုင်ပါတယ်။ လက်တွေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာပြည်သူတွေက `လွတ်လပ်ရေးတိုက်ပွဲ´ အဖြစ် လှုပ်ရှားနေကြလေတော့ သူ့အယူအဆတွေနဲ့ အံကျဖို့ အတော်ခက်သားပဲဗျာ။
ဝင်းပေါ်မောင်