Monday, March 17, 2008

လှုပ်လှုပ်ရှားရှား ပြည်တွင်းသတင်း အတိုအထွာများ

ကျွန်ုပ်တို့၏ သတင်းထောက် ပေးပို့သည်

သတင်း (၁) - အနုပညာအသိုင်းအ၀ိုင်းမှ ကြားသိရသော သတင်းအရ ဒါရိုက်တာ အကယ်ဒမီ မောင်တင်ဦးသည် ညီဖြစ်သူ သရုပ်ဆောင် ဇော်ဝမ်းနှင့် သရုပ်ဆောင်သစ်ပေါင်းများစွာ ပါဝင်သည့် “လျှပ်တစ်ပြက်” အမည်ရ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲကို စတင်ရိုက်ကူးနေကြောင်း သိရသည်။ ဒါ ‘ငါတို့ရွာ’လို့ ဇော်ဝမ်းကြီးက တဖွဖွပြောဆိုရင်း ‘တို့ရွာရဲ့ အကျိုးကို တကယ်တမ်း သယ်ပိုးနိုင်သူကတော့ စစ်ပြန်ကြီးပါပဲ’ ဆိုသည့် ဒိုင်ယာလော့ခ်တွေနှင့် ရိုက်ကူးနေကြောင်း၊ မေလတွင် နအဖလူသတ်ကောင်များ ကျင်းပမည့် အခြေခံဥပဒေ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ထောက်ခံမဲပေးရန် စည်းရုံးလှုံ့ဆော်ဖို့အတွက် အဆိုပါဇာတ်ကားကို ရိုက်ကူးနေခြင်းဖြစ်ကြောင်း၊ ရွှေဝါရောင်တော်လှန်ရေးတွင် ရဟန်းသံဃာတော်များနှင့် အပြစ်မဲ့ ပြည်သူများကို လူမဆန်စွာ သတ်ဖြတ်ခဲ့သည့် နအဖ စစ်ရာဇ၀တ်ကောင်များထံ ယခုကဲ့သို့ ဒူးထောက် အညံ့ခံပြီး ပြည်သူလူထုအပေါ် သစ္စာဖောက်သည့် လုပ်ရပ်မျိုး ကျူးလွန်သည့် ဒါရိုက်တာမောင်တင်ဦးနှင့် ညီဖြစ်သူ ဇော်ဝမ်းတို့ကို အနုပညာအသိုင်းအ၀ိုင်းက အထူးပင် စက်ဆုပ်ရွံရှာနေကြကြောင်း၊ ပြည်သူများအနေနှင့်လည်း ၀ိုင်းဝန်းဆန့်ကျင်ကြဖို့ စည်းရုံးပြောဆိုနေကြကြောင်း ဆက်လက်ကြားသိရသည်။

သတင်း (၂) - နအဖ စစ်ရာဇ၀တ်ကောင်များနှင့် သူတို့၏ လက်ကိုင်တုတ်များသည် မေလတွင် ကျင်းပပြုလုပ်မည့် အခြေခံဥပဒေ ဆန္ဒခံယူပွဲ၌ စီးပွားရေးသမားများ၏ ထောက်ခံမှုကို ရရှိအောင် စည်းရုံးသည့်အနေနှင့် ပုံတွင်တွေ့မြင်ရသည့် ‘မြန်ဂုဏ်မြင့်’ ဆိုသည့် နံပါတ်ပြားနှင့် နောက်ဆုံးပေါ် ကားတွေကို ထုတ်ရောင်းပေးနေကြောင်း သတင်းရရှိသည်။

သတင်း (၃) - နအဖ စစ်ရာဇ၀တ်ကောင်များနှင့် သူတို့၏ လက်ကိုင်တုတ်များသည် မေလတွင် ကျင်းပပြုလုပ်မည့် အခြေခံဥပဒေ ဆန္ဒခံယူပွဲ၌ သာမန်ပြည်သူတွေ၏ ထောက်ခံမှု ရရှိအောင်လည်း ပုံတွင်မြင်တွေ့ရသည့်အတိုင်း ၅၁ လမ်း ယာဉ်ထိန်းရဲရုံးတွင် ဖမ်းဆီးထားသည့် စက်ဘီးစီးရေ ၁၀၀၀ကျော်ကို ပြန်ထုတ်ပေးခြင်းဖြင့် စည်းရုံးနေကြောင်း သတင်းရရှိသည်။

သတင်း (၄) - စာပေစိစစ်ရေးဋ္ဌာနက အတင်းအကျပ် ထည့်သွင်းဖော်ပြခိုင်းသည့် ပေါ်လစီဆောင်းပါးကို ထည့်သွင်းဖော်ပြခြင်း မရှိဘဲ ဖြန့်ဝေခဲ့သည့်အတွက် 7 Days သတင်းဂျာနယ်ကို စာပေစိစစ်ရေးဋ္ဌာနက ဒီကနေ့ပဲ ပိတ်ပင်လိုက်ကြောင်း သတင်းရရှိသည်။

သတင်း(၅) - အချစ်ဂျာနယ် အယ်ဒီတာချုပ် မြတ်ခိုင်၏ ချောက်ချမှုကြောင့် အင်းစိန်ထောင်တွင် အထိန်းသိမ်းခံနေရသည့် ကဗျာဆရာစောဝေသည် အူကျရောဂါကြောင့် အင်းစိန်ထောင်ဆေးရုံသို့ တက်ရောက်ကုသမှု ခံယူနေရကြောင်း၊ အပြင်ထွက်၍ ဆေးကုသခွင့် တောင်းခံရာ နအဖလက်ကိုင်တုတ် ထောင်အာဏာပိုင်များက ခွင့်မပြုကြောင်း သတင်းရရှိသည်။

No comments: