Monday, March 17, 2008
စိန်ခေါ်မှုအသစ်များ၏ မုန်တိုင်းထန်မှုကို အန်တုခြင်း
(ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Ban-Ki-Moon) ၏ Confronting a perfect Storm of new Challenges ကို ဆီလျော်သလို မြန်မာပြန်ဆိုပါသည်။)
ကုန်ဈေးနှုန်းက တဟုန်ထိုး တက်နေသည်။ ဆာလောင်မှုနှင့် အဟာရမပြည့်ဝမှုတို့ ကြီးထွားနေသည်။ ခံနိုင်စွမ်းမရှိသော ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာတို့သည် ဘေးတွေ့တော့မည့် အခြေအနေ ကြုံနေရသည်။ ထိရောက်သည့် တုန့်ပြန်မှုတခု အရေးပေါ် လိုအပ်နေသည်။
၂၀၀၀ ပြည့်နှစ်က ကုလသမဂ္ဂတွင် ပြုလုပ်သော ကမ္ဘာ့ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးတွင် ထောင်စုနှစ်ဖွံ့ဖြိုးရေး ရည်မှန်းချက်အဖြစ် ၂၀၁၅ တွင် အစာရေစာပြတ်လတ်သော လူဦးရေအချိုးကို တ၀က်ထိ လျှော့ချနိုင်ရန် မျှော်မှန်းထားခဲ့သည်။ ယခုအခါ ယင်းရည်မှန်းချက်သည် အကြီးအကျယ် စိန်ခေါ်ခံနေရလေပြီ။ အာဖရိကတိုက်ရှိ နိုင်ငံအတော်များများသည် ရည်မှန်းချက်၏ နောက်တွင် အတော်လှမ်းလှမ်း နောက်ကျကျန်ခဲ့ပြီ ဖြစ်သည်။ စိန်ခေါ်မှုအသစ် မုန်တိုင်းသည် သိပ်သည်းစွာ ကျွန်ုပ်တို့အပေါ် ကျရောက်လာနေပြီ ဖြစ်သည်။
အခြေခံ စားကုန်များဖြစ်သော ပေါင်မုန့်၊ ပြောင်းနှင့် ဆန်စပါးတို့၏ ဈေးနှုန်းများသည် ထူးထူးကဲကဲ မြင့်တက်နေသည်။ လွန်ခဲ့သည့် (၆) နှစ်တာကာလအတွင်း ၅၀ ရာခိုင်နှုန်းထက် မနည်းအောင် မြင်တက်ခဲ့သည်။ ကမ္ဘာကြီး၏ စားနပ်ရိက္ခာ ပမာဏသည် သမိုင်းတင်ရလောက်အောင် လျော့နည်းနေသည်။
လိုအပ်မှုသည် တရုတ်၊ အိန္ဒိယကဲ့သို့ မဟာစီးပွားရေး ဒေသများမှသည် ဟာရီကိန်း၊ မိုးခေါင်၊ ရေကြီး စသော ရာသီဥတုနှင့် သဘာဝအန္တရာယ်ကြောင့် ကောက်ပဲသီးနှံ့များ ဖျက်ဆီးခံနေရသော ကမ္ဘာ့နေရာ တော်တော်များများအထိ အပြန့်ကျယ်သည်။ လောင်စာဆီဈေးနှုန်း မြင့်တက်မှုသည် ရိက္ခာ သယ်ယူပို့ဆောင်ရေးနှင့် ဓာတ်မြေသြဇာ ဈေးနှုန်းများကို ဖောင်းပွစေသည်။ ဇီဝလောင်စာဆီ တိုးထုတ်လာခြင်းသည် လူသားတို့အတွက် စားနပ်ရိက္ခာပမာဏကို လျော့ကျစေသည်ဟု ပညာရှင်များက ဆိုသည်။
သက်ရောက်မှုသည် နေရာမလပ်အောင် ရှိနေသည်။ ရိက္ခာ အဓိကရုဏ်းများသည် အာဖရိက အနောက်ပိုင်းမှ အာရှတောင်ပိုင်းအထိ ကျယ်ပြန့်သည်။ အဆိုပါနိုင်ငံများရှိ ရိက္ခာထောက်ပံ့ရန် လိုအပ်သော လူမှုအသိုင်းအ၀ိုင်းများတွင် နေထိုင်မှုစရိတ်စက က ဆက်လက် တိုးမြင့်နေသည်။ ဒီမိုကရေစီ နုနယ်သေးသော နိုင်ငံများသည် စားနပ်ရိက္ခာ မလုံခြုံမှုဒဏ်ကို လူးလိမ့်ခံနေရသည်။ အစိုးရများက ပို့ကုန်ပိတ်ပစ်ခြင်းနှင့် ရိက္ခာဈေးနှုန်းကို ထိန်းချုပ်ရေး နည်းလမ်းများဖြင့် ဖြေရှင်းရန် ကြိုးပမ်းသည်။ ဈေးကွက်ကို ကမောက်ကမ ဖြစ်စေပြီး ကုန်သွယ်ရေး အဟန့်အတားများသာ အဖတ်တင်သည်။
ဇန်န၀ါရီလအတွင်းက အာဖဂန်နစ္စတန်သမ္မတ ဟာမစ်ကားဇိုင်က အမေရိကန်ဒေါ်လာ ၇၇ သန်းကို ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို မခံနိုင်တော့သည့် ၂သန်းခွဲသော လူထုကို အကူအညီပေးရန် တောင်းခံလာသည်။ အာဖဂန်နစ္စတန်တွင် အိမ်အသုံးစရိတ်၏ ၄၅ ရာခိုင်နှုန်းသည် မီးဖိုချောင်အတွက် ကုန်ကျနေသည်။ ၂၀၀၆ ခုနှစ်က (၁၁) ရာခိုင်နှုန်းသာ ရှိခဲ့သော အခြေအနေနှင့် နှိုင်းယှဉ်ရန် ဖြစ်သည်။ ဥပမာတခုမျှသာ ရှိသေးသည်။ ယခင်က အကာအကွယ်ရှိခဲ့သော လူမှုအသိုင်းအ၀ိုင်းများဆီ ခြိမ်းခြောက် ၀င်ရောက်လာသော ငတ်ပြတ်မှု၏ မျက်နှာစာသစ် ဖြစ်သည်။ တနေ့လျှင် တဒေါ်လာနှင့် တဒေါ်လာအောက် ၀င်ငွေနှင့် အသက်ရှင်နေသော လူများသည် အထိနာဆုံး ဖြစ်သည်။
ယခုလောက် မွဲပြာကျနေလျှင်၊ ငွေကြေးဖောင်းပွမှုက မဆိုစလောက် ၀င်ငွေများကို တိုက်စားသွားလျှင် (၂) လမ်းအနက် တလမ်းသာ ရွေးစရာ ရှိတော့သည်။ အရသာရှိရှိ၊ နည်းနည်း စားမလား။ အဟာရ နည်းနည်း၊ ဈေးပေါပေါကို စားမလား။ သို့သော် ရလဒ်မှာ အတူတူပင် ဖြစ်သည်။ စားစရာ ပြတ်လပ်မှု ကြီးလေလေ ကျန်းမာစွာ အသက်ရှင်ရေး အနာဂတ်နှင့် အလှမ်းဝေးလေလေ ဖြစ်သည်။
ကျွမ်းကျင်သူများက စားစရာ ပြတ်လပ်မှုသည် ယခုအတိုင်း ဆက်ရှိနေဦးမည်ဟု ဆိုကြသည်။ သို့သော် ကျွန်ုပ်တို့တွင် ဆာလောင်မှုကို တွန်းလှန်နိုင်ရန် နည်းလမ်းများနှင့် လက်နက်များရှိပါသည်။ အရေးကြီးသော အချက်မှာ တိုက်ရိုက်အကျိုးများပြီး ခရီးရောက်နိုင်မည့် နိုင်ငံရေးဆန္ဒနှင့် အရင်းအမြစ်များကိစ္စ ဖြစ်သည်။
ပထမဆုံး လူသားချင်း စာနာသောအမြင်ဖြင့် အရေးပေါ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရေး ဖြစ်သည်။ ယခုနှစ်တွင် ကမ္ဘာစားနပ်ရိက္ခာ အစီအစဉ်သည် တကမ္ဘာလုံးတွင် လူဦးရေ ၇၃ သန်းကို ထောက်ပံ့ပေးရန် ကြံရွယ်ထားသည်။ ဒါဖောတွင် လူ (၃)သန်းကို နေ့စဉ်ကျွေးမွေးရေးလည်း တခုအပါအ၀င် ဖြစ်သည်။ ကုန်ဈေးနှုန်းကြီးမြင့်မှု ခြေလှမ်းကို အမီလိုက်နိုင်ရန် လက်တွေ့တွင် အမေရိကန်ဒေါ်လာ သန်း (၅၀၀) လိုအပ်နေသည်။
ဒုတိယအနေဖြင့် ရိက္ခာပြဿနာ ကြုံနေရသော ဖွံ့ဖြိုးဆဲနိုင်ငံများကို အကူအညီပေးရေးအတွက် ကုလသမဂ္ဂ၏ အစီအစဉ်များကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ရေး ဖြစ်သည်။ ၎င်းတို့တွင် ရေရှည်လုပ်ငန်းများသာမက အရေးပေါ် အစီအစဉ်များလည်း ထည့်သွင်း စဉ်းစားထားရမည်။ သဘာဝအန္တရာယ် လျော့ချနိုင်မည့် ကြိုတင် သတိပေးစနစ်များသည် လိုအပ်ချက်တရပ် ဖြစ်သည်။
တတိယအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဆက်စပ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများအပေါ် မမျှော်လင့်သော အန္တရာယ်များ တိုးမြင့်ကျရောက်နေမှုနှင့် ရာသီဥတု ပြောင်းလဲမှုကြောင့် ရေရည်တွင် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကို ထည့်သွင်း စဉ်းစားထားရမည်။ ဥပမာအားဖြင့် မိုးခေါင်မှု၊ ရေကြီးမှု ဒဏ်ရာဒဏ်ချက်များကို ကုစားပေးနိုင်မည့် အစီအမံများ ထားရှိခြင်းဖြင့် ရိက္ခာပြတ်လပ်မှု ကြုံရမည့် လူမှုအသိုင်းအ၀ိုင်းများအား အကာအကွယ်ပေးနိုင်မည် ဖြစ်သည်။
နောက်ဆုံးအချက်မှာ စိုက်ပျိုးရေးထုတ်ကုန်နှင့် ဈေးကွက်လည်ပတ်မှုကို အရှိန်မြှင့်ပေးသောနည်းဖြစ်သည်။ ယေဘုယျအားဖြင့် ဒေသစိုက်ပျိုးရေးလုပ်ငန်းများ၏ ပျက်စီးမှုကို လျော့နည်းအောင် လုပ်သည့်နည်း၊ တောင်သူများကို ဈေးကွက်နှင့် တိုက်ရိုက် ချိတ်ဆက်ပေးခြင်းနည်းတို့ဖြင့် ရိက္ခာပြတ်လပ်မှု၏ သုံးပုံတပုံကို ဖြေရှင်းပေးနိုင်သည်။ ကုလသမဂ္ဂ အေဂျင်စီများဖြစ်သော စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (အက်ဖ်အေအို)နှင့် စိုက်ပျိုးရေးဖွံ့ဖြိုးမှု ရန်ပုံငွေအဖွဲ့ (အက်ဖ်အေဒီ) တို့သည် အာဖရိယူနီယံ အပါအ၀င် အခြားအဖွဲ့များနှင့် “မြစိမ်းရောင် တော်လှန်ရေး”တရပ်ကို အာဖရိကတွင် ဆင်နွှဲနေသည်။ နည်းလမ်းမှာ အလွန်အရေးပါသော သိပ္ပံနှင့် နည်းပညာကို တောင်သူများနှင့် မိတ်ဆက်ပေးခြင်းဖြစ်ပြီး ဤနည်းသည် ဆာလောင်မွတ် သိပ်မှု ပြဿနာ ဖြေရှင်းရေးအတွက် သေချာသော အဖြေတခု ဖြစ်သည်။
သို့သော် ဤနည်းလမ်းများသည် အနာဂတ်အတွက် အစီအမံများသာ ဖြစ်သည်။ လက်ငင်း ဖြေရှင်းရမည့် ကိစ္စမှာ စားနပ်ရိက္ခာ ဈေးနှုန်းကြီးမြင့်မှု ဒဏ်ရာပရပွနှင့် ကမ္ဘာကြီး၏ ဆာလောင်မှုပြဿနာ ဖြစ်သည်။ အချုပ်မှာ လက်ငင်းအရေးပေါ် အကြပ်အတည်းကို အသိအမှတ်ပြုပြီး လက်တွေ့ကျကျ အလုပ်လုပ်ကြဖို့ ဖြစ်သည်။
နေသွင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment