Tuesday, March 11, 2008

ဖအေတူ သမီး (ဟာသ)

အဟိ

ပြည်တွင်းမှာ ရှိစဉ်တုန်းက အဟိမိတ်ဆွေ သတင်းထောက်ပြောပြတဲ့ နအဖအာဏာရူးကြီး ဗိုလ်သန်းရွှေရဲ့ သမီးတော် တစ်ယောက်အကြောင်း သတင်းကလည်း တော်တော်မွှေး (အဲလေ…) နံမှနံပဲ ခင်ဗျ။ နံဆို သူပြောပြနေတာ နားထောင်နေရင်းနဲ့တောင် အနံ့ရလို့ နှာခေါင်းပိတ်ထားရမတတ်ဘဲ။ အဟိမိတ်ဆွေ သတင်းထောက်ကလည်း သူမို့လို့ ရှာရှာဖွေဖွေ သတင်းတွေ ယူယူလာတတ်တယ်။ အေးလေ … သူက နအဖရဲ့ သတင်းညာရှင်းလင်းပွဲတွေ ခဏခဏ တက်ရပြီး နအဖသကောင့်သားတွေ အသိုင်းအ၀ိုင်းနဲ့ မကြာမကြာ ထိတွေ့နေရသူဆိုတော့ သူတို့အထဲက ကမောက်ကမ သတင်းတွေ ကြားရပေမပေါ့လို့ အောက်မေ့မိတယ်။

အဟိမှာ သူနဲ့တွေ့ရင် နအဖအတွင်းရေး ဟာသတွေ ဘာကြားရမလဲဘဲ နားစွင့်နေမိတယ်။ အခုလည်း လက်ဖက်ရည်စားပွဲဝိုင်း ထိုင်ရုံရှိသေးတယ်၊ သူက ဆိုင်းမဆင့် ဘုံမဆင့်နဲ့ ‘ခင်ဗျား ကြားပြီးပြီလား မြန်မာသံရုံးက ချေးပုံကြီးအကြောင်း’ တဲ့။ အဟိက သူ့ကိုကြောင်ကြည့်ပြီး ‘ဟင့် အင်း … ဘာချေးပုံကြီးလဲ’ ဆိုတော့ ‘အေး ခင်ဗျား မသိသေးရင် ပြောပြရဦးမယ်၊ ဟား … ဟား’ ဆိုပြီး သူ့ရဲ့ဝသီအတိုင်း မပြောခင် တစ်ယောက်တည်း အရင်ကြိုရယ်နေလေရဲ့။

ပြီးမှ ‘ဒီလို’ ဆိုပြီး လက်ကုတ်ပြီး ပြောပြပါတော့တယ်။ သူက “ဒီလို တရုတ်ပြည်က မြန်မာသံရုံးမှာ သန်းရွှေရဲ့ သမီးတစ်ယောက် အလုပ်လုပ်နေတယ်တဲ့။ သူ့သမီးက အဲဒီမြန်မာသံရုံးက ဗိုလ်မှူးတစ်ယောက်ကို ကြွေပြီး အတင်းလိုက်သွားတာတဲ့။ ဟိုဗိုလ်မှူးက မိန်းမရှိတယ်တဲ့။ အဲဒါ မိန်းမကို ကွာခိုင်းပြီး အတင်းယူထားတာတဲ့။ အာဏာရှိတော့လည်း လုပ်ချင်တာ အကုန်ဖြစ်တဲ့ သဘောပေါ့ဗျာ။ အဲဒီသံရုံးကို သူ့သမီးရောက်လာတော့ သံအမတ်ကြီးက မရှိတဲ့ရာထူးကို ထွင်ပြီး အလုပ်ခန့်ထားရတယ်တဲ့။ ၀န်ထမ်းအားလုံးက သံအမတ်ကြီးထက် သူ့ကို ပိုကြောက်ရတယ်တဲ့။”

“တစ်ရက်ကျတော့ မနက်စောစော သံရုံးက အိမ်သာမှာ ပိတ်ဆို့မှုတွေ ဖြစ်နေလို့ သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးက ရှင်းလင်းရေးလုပ်ဖို့ ပြင်ဆင်နေသတဲ့။ အဲဒီအချိန်မှာ သန်းရွှေသမီး မျက်နှာကြီးရှုံ့မဲ့ပြီး သုတ်သုတ် သုတ်သုတ်နဲ့ ပြေးဝင်သွားတာကို သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးက အဝေးက လှမ်းမြင်လိုက်သတဲ့။ အိမ်သာ ပိတ်ဆို့နေတာကို သတိပေးဖို့ ပြောချိန်မရလိုက်ဖူးတဲ့။ အဲ … သန်းရွှေသမီး ပြန်ထွက်သွားပြီး နောက်တစ်ယောက်က ၀င်မလို့ အိမ်သာတံခါးလည်း ဖွင့်လိုက်ရော ‘အမလေး’ တပြီး နှာခေါင်းပိတ်ကာ ပြန်ပြေးထွက်လာသတဲ့။”

“အဲဒီတယောက်က လမ်းမှာ သန့်ရှင်းရေးအလုပ်သမနဲ့ တွေ့တော့ ခုနက အိမ်သာဘယ် သူတက်သွားလဲမေးလို့ သန့်ရှင်ရေး အမျိုးသမီးကလည်း သန်းရွှေသမီး ၀င်သွားတာတွေ့ကြောင်း အမှန်အတိုင်း ပြောလိုက်သတဲ့။ အဲဒီမှာ ဟိုတစ်ယောက် မျက်လုံးပြူးသွားပြီး သန့်ရှင်းရေး အမျိုးသမီးကို အိမ်သာထဲ သွားကြည့်ဖို့ ပြောသတဲ့။ သန့်ရှင်းရေး အမျိုးသမီးလည်း သွားကြည့်ရော အိမ်သာကြမ်းပြင် ကြွေပြားပေါ်မှာ ဧရာမ မစင်ပုံကြီး တွေ့သတဲ့ဗျာ။ ကြည့်ရတာ အိမ်သာ ကမုတ်ခွက်က ပိတ်ဆို့ပြီး ပြည့်နေတော့ ဘယ်သူမှ မသိလောက်ဘူးထင်ပြီး မအောင့်နိုင်ဘဲ ဘေးမှာ ပါချသွားဟန်တူပါရဲ့။ ဒါကို သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးက ရိပ်မိသွားပြီး တီးတိုးတီးတိုးနဲ့ သတင်းဖွလိုက်တာ အဲဒီသတင်းက ဒီအထိတောင် ရောက်လာတာပဲဗျို့။ တော်တော်ညစ်ပတ်တဲ့ အမျိုးသမီးဗျာ” လို့ ပြောပြီး သူက တဟားဟား ဆက်ရယ်နေတယ်။ သူပြောလို့လည်း ပြီးရော အဟိက ‘ဒါကတော့ ဆရာရယ် ဖအေတူသမီးပဲ၊ ညစ်ပတ်တာ ဘာဆန်းလဲ’ လို့ပြောပြီး မအောင့်နိုင်ဘဲ ရယ်လိုက်မိတော့တယ် … ‘အဟိ’

အဟိ

No comments: