Saturday, March 8, 2008

ရှင်းရှင်းပြောပါလား (ဟာသ)

မောင်ဖိုတို

ဓာတ်ပုံသတင်းထောက် သင်တန်းတခုမှာ မြန်မာသင်တန်းသားတွေကို နိုင်ငံခြားသား ဓာတ်ပုံပညာရှင်တဦးက သင်ကြားပို့ချပေးပါသတဲ့။ အဲဒီသင်တန်းမှာ သင်တန်းသားတွေ လုံးစေ့ပတ်စေ့ နားလည်အောင်လို့ စကားပြန်တဦးက သင်တန်းဆရာ ပြောသမျှကို ဒိုင်ခံ ဘာသာပြန်ပေးပါသတဲ့။ သင်တန်းဆရာက မနက်ပိုင်းမှာ စာသင်ပြီး ညနေပိုင်းမှာ လက်တွေ့ လေ့ကျင့်ဖို့အတွက် သင်တန်းသား အားလုံးကို ကင်မရာတလုံးစီပေးပြီး အောက်ဒိုးဓာတ်ပုံတွေ ထွက်ရိုက်ခိုင်းသတဲ့။ အောက်ဒိုး ထွက်ရိုက်တဲ့အခါတိုင်း ခေါင်းစဉ်တခုပေးပြီး ရိုက်ခိုင်းသတဲ့။ ဈေးတခုကိုသွားပြီး ဈေးရောင်း ဈေးဝယ်လုပ်နေတဲ့ ပုံတွေကိုရိုက်ပါတို့၊ လက်ဝှေ့ရုံကိုသွားပြီး လက်ဝှေ့ထိုးနေတဲ့ ပုံတွေကို ရိုက်ပါတို့၊ ဘုန်းကြီးကျောင်း တခုထဲသွားပြီး ဘုန်းကြီးတွေ ဆွမ်းခံကြွတဲ့ ပုံတွေကို ရိုက်ပါတို့၊ လမ်းပေါ်မှာ သွားလာနေတဲ့ ယာဉ်တွေကို ဓာတ်ပုံရိုက်ပါတို့ စသဖြင့်ပေါ့၊ နေ့စဉ် ခေါင်းစဉ်တခုစီပေးပြီး ရိုက်ခိုင်းသတဲ့။ အဲဒီလို အောက်ဒိုးတရက် ထွက်ရိုက်ပြီးတိုင်းမှာ သင်တန်းသား တဦးချင်းစီ မိမိတို့အကြိုက်ဆုံး ဓာတ်ပုံ (၁၀)ပုံ သို့မဟုတ် အပုံ (၂၀)ကို ရွေးပြီး သင်တန်းဆရာဆီမှာ အစစ်ဆေးခံရသတဲ့။ သင်တန်းဆရာက တဦးချင်းစီရဲ့ ပုံတွေကို ဆလိုက်နဲ့ထိုးပြီး သင်တန်းသား အားလုံးရှေ့မှာ အဆိုးအကောင်းကို ဝေဖန် အကဲဖြတ်ပေးသတဲ့။

တရက်မှာတော့ အောက်ဒိုး ထွက်မရိုက်ခင် သင်တန်းဆရာက ခေါင်းစဉ်တခု ပေးလိုက်သတဲ့။ အဲဒီခေါင်းစဉ်နဲ့ ကိုက်ညီအောင် thought (အတွေးစိတ်ကူး) ထည့်ပြီးရိုက်ဖို့ မှာသတဲ့။ ဘာသာပြန်ဆရာကလည်း ‘ကဲ အားလုံး ကြားတယ်နော် ဒီကနေ့ရိုက်မယ့် ဓာတ်ပုံတိုင်းမှာ သော့(thought)ထည့်ပြီးရိုက်ဖို့ ဆရာကမှာတယ်’ လို့ အော်ပြောလိုက်သတဲ့။ အောက်ဒိုးက ပြန်ရောက်တဲ့အခါ ထုံးစံအတိုင်း တဦးချင်းစီရဲ့ ပုံတွေကို ဆလိုက်နဲ့ထိုးပြီး သင်တန်းဆရာက ဝေဖန်သုံးသပ်ပြသတဲ့။ အဲဒီလို ဆလိုက်ထိုးပြနေရင်း သင်တန်းသားတဦးရဲ့ ပုံတွေကို ဝေဖန်သုံးသပ်ဖို့ ကြည့်တဲ့အခါမှာတော့ ပုံတိုင်းမှာ သော့တွဲတခု တွဲလောင်းပါနေတာကို တွေ့ရသတဲ့။ အဲဒါနဲ့ သင်တန်းဆရာက မျက်မှောင်ကြုတ်ပြီး ဘာအဓိပ္ပါယ်လဲလို့ အဆိုပါ သင်တန်းသားကို မေးသတဲ့။ အဲဒီအခါမှာ အဆိုပါ သင်တန်းသား ပြန်ဖြေလိုက်တဲ့ အဖြေကြောင့် သင်တန်းခန်းမတခုလုံး ရယ်သံတွေ ဖုံးလွှမ်းသွားသတဲ့။ အဆိုပါ သင်တန်းသား ပြန်ဖြေလိုက်တဲ့ အဖြေကတော့ ‘အောက်ဒိုး မထွက်ခင်မှာ ဘာသာပြန်ဆရာက သော့ထည့်ပြီးရိုက်ဖို့ အော်ပြောလိုက်လို့ပါ’ တဲ့။ သူ့အဖြေကို ဘာသာပြန်ဆရာက သင်တန်းဆရာကို အင်္ဂလိပ်လို ပြန်ရှင်းပြလိုက်တော့မှ သင်တန်းဆရာလည်း မျက်မှောင်ကျုတ်ရာကနေ တ၀ါးဝါး ထရယ်ပါလေရောတဲ့။ သြော် သော့(thought)ပါတဲ့ ပုံတွေပါလားလို့ တွေးပြီး ရယ်တာလားတော့ မောင်ဖိုတိုလည်း မသိနိုင်ပါလေ။

မောင်ဖိုတို
(Photo journalism training သို့ အမှတ်တရ …)

No comments: