Friday, February 22, 2008

ဘလော့ဂ်ပို့စ်သူခိုး သာကီနွယ်ကို ကြံ့ဖွံ့ထုတ် နန်းမြင့်ဂျာနယ်တွင် ဖမ်းမိ

ရင်ခုန်သံအတုအယောင် (သို့) အခိုးခံရတဲ့ ပို့စ်ကလေး
(www.mogokmedia.blogspot.com မှ ကူးယူ ဖော်ပြပါသည်)

ကိုယ့်ရဲ့ ရင်ထဲမှာ မွန်းကျပ်နေတာတွေ၊ အစိုင်အခဲ ဖြစ်နေတာတွေကို ရင်ထဲမှာ မဆန့်တော့လို့ ကိုယ့်နှလုံးသားထဲက ပွင့်အံပြီး ထွက်လာခဲ့ရတဲ့ ခံစားချက်တွေကို ဆောင်းဦးသက်သေ၊ အလွမ်းနေကြာရိုင်း၊ ပတ္တမြားတိုင်းပြည် လို့ ခေါင်းစဉ်တပ်ပြီး အက်ဆေးလေးတစ်ပုဒ် ရေးခဲ့မိပါတယ်။

အဲဒီ အက်ဆေးလေးကိုပဲ ဂျာနယ်တစ်စောင်မှာ တိတ်တခိုးလေး ကူးယူဖော်ပြထားတာကို ဖတ်လိုက်ရတယ် ဆိုတဲ့အကြောင်း သူငယ်ချင်းတစ်ယောက်က ကျနော့်ကို ဖုန်းဆက် အကြောင်းကြားခဲ့တယ်။ ဒီသတင်းကို ကြားကြားချင်း ကျနော် အရမ်းကို ပျော်သွားမိါပတယ်။ အခုလို အသိအမှတ် ပြုခံရတဲ့အတွက် စိတ်ထဲမှာ အရမ်းကို အားတက်သွားမိတာပေါ့။ ပြီးတော့ စိတ်လှုပ်ရှားစွာနဲ့ ဘယ်ဂျာနယ်များ ဖြစ်လိမ့်မလဲ ဆိုတာကိုပါ သိချင်စိတ်စောနေမိတယ်လေ…။

အခုခေတ် လူတွေ အများဆုံး ဖတ်နေကြတဲ့ ဆေးရောင်စိုစို၊ ဒီဇိုင်းလှလှ၊ စာရွက်ချောချော၊ အရွယ်ခန့်ခန့် Weekly Eleven တို့လို့ The Myanmar Time တို့လို ဂျာနယ်တွေထဲဖြစ်ရင် သိပ်ကောင်းမှာပဲလို့ စိတ်ထဲ မဆီမဆိုင် ဆုတောင်းနေမိသေးတယ်။ ဒါပေမယ့် ကျနော်ထင်သလို မဖြစ်ခဲ့ပါဘူး။ ကျနော့်အက်ဆေးလေးကို မန္တလေးအခြေစိုက် ထုတ်ဝေနေတဲ့ နန်းမြင့် ဆိုတဲ့ ဂျာနယ်ထဲမှာ နန်းဆန်ဆန်၊ မန်းဆန်ဆန် အိနြေ္ဒကြီးတစ်ခွဲသားနဲ့ တွေ့လိုက်ရတယ်လေ။

ဒီ စပါယ်ရှယ် နန်းမြင့် ဆိုတဲ့ ဂျာနယ်ကြီးကို လိုက်ရှာဝယ်ရတာကလည်း အမောသား…။ ပထမဆုံးဝင်ပြီး မေးမိတဲ့ဆိုင်က နန်းမြင့်ဂျာနယ် မတင်ဘူး လို့ မဆိုင်းမတွ ဖြေပါတယ်။ စိတ်ထဲမှာ ဒီ နန်းမြင့်ဂျာနယ်ကြီးကို ဆိုင်တိုင်း မတင်ရကောင်းလား ဆိုပြီးတော့တောင် ဒေါသထွက်နေမိလိုက်သေးတယ်။ နောက်တစ်ဆိုင် မေးပြန်တဲ့အခါမှာလည်း ဆိုင်ရှင်က ကျနော့်ကို အသက်မပြည့်သေးပဲနဲ့ ညစ်ညမ်းစာပေတွေဖတ်တဲ့ ကောင်ကလေးများလား ဆိုပြီး စူးစမ်းတဲ့အကြည့်နဲ့ မျက်မှောင်ကုပ်ကာ ကြည့်ရင်း ကုန်ပြီ လို့ ၀တ်ကျေတန်းကျေ ပြောပါတယ်။ ပထမဆိုင်ထက်စာရင်တော့ ဒီဆိုင်ကလူဖြေတာကို ပို ကျေနပ်မိပါတယ်။ တစ်ဆက်တည်း အရင်ဆိုင်ထက်စာရင် ဒီဆိုင်တော့ ပိုပြီး အဆင့်ရှိလိမ့်မယ် လို့လည်း ခံစားလိုက်ရတယ်။

နောက်ထပ်တစ်ဆိုင် ရောက်တော့မှပဲ နန်းမြင့်ဆိုတဲ့ ဂျာနယ်ကြီးကို ပက်ပင်း သွားတွေ့ပါတော့တယ်။ တစ်ဆိုင်တည်းသော ဆိုင်မှာ တစ်စောင်တည်းသာ တင်ထားတဲ့ ဂျာနယ်တော်ကြီးပါတကား…။ ကျနော်လည်း ဘာမှ တွေဝေမနေတော့ပဲ တခြားသူတွေ ၀ယ်သွားမှာကို စိုးရိမ်တဲ့ စိတ်ကြောင့်ရော၊ နောက်ထပ် နန်းမြင့်ဂျာနယ် တင်တဲ့ ဆိုင်ကို ထပ်ရှာဖို့ ခြေကုန်လက်ပမ်း ကျနေပြီ ဖြစ်တဲ့အတွက်ကြောင့်ရော ကမန်းကတမ်း ၀ယ်ချပစ်လိုက်ပါတော့တယ်။ တန်ဖိုးက လေးရာကျပ် ပါ…။

နောက်တော့ ဒီ စပါယ်ရှယ် နန်းမြင့်ဂျာနယ်ကြီးကို ကြံ့ဖွံ့အသင်းကြီးက ဦးစီးထုတ်ဝေတာလို့ သိရပါတယ်။ ကြံ့ဖွံ့ရဲ့ မွန်မြတ်လှတဲ့ စေတနာတွေကို အများပြည်သူတွေ သိရှိနိုင်ဖို့ ရည်ရွယ်ထုတ်ဝေတာ ဖြစ်မယ်။ ဂျာနယ်အရောင်က မွဲခြောက်ခြောက်ကြီးပေမယ့် အတွင်းက စာလုံးပေါင်းတွေက တော်တော်များများ မှန်တာ တွေ့ရတယ်။ ဂျာနယ်မျက်နှာဖုံးမှာတော့ အင်ဂျင်အဟောင်းတွေကို ရေဆေးသန့်စင်ပြီး တပ်ဆင်ထားတဲ့ ပေပါပြားဘော်ဒီနဲ့ စက်မှုထုတ်ကုန် ဂျစ်ကားတစ်စီးကိုပဲ တွေ့ရတယ်။ မင်းသမီးလှလှလေးများ ပါလေမလားလို့ ရှာကြည့်တောလည်း မတွေ့မိပြန်ဘူး။ မိန်းမကို စိတ်နာနေကြတဲ့ သူတွေများ စုပြီး စီစဉ်နေကြသလား ဆိုတာ စိတ်ထဲ သံသယ၀င်မိသေးတယ်။ ပြီးတော့ တောင်ရေးမြောက်ရေး ရေးထားတာဆိုတော့ အပတ်စဉ် ပုံမှန်လေးထွက်ဖို့ အပန်းကြီးလှမယ့်ပုံ မပေါ်ဘူး။

ကျနော်တို့ပို့စ်ကို ကော်ပီလုပ်ပြီး ဖော်ပြထားတဲ့ ကလောင်ရှင်နာမည်က သာကီနွယ် တဲ့။ လူကြီးလူကောင်း ဖြစ်ပုံရပါတယ်။ သာကီနွယ် ဆိုတာ မြင့်မြတ်တဲ့ အမျိုးအနွယ် လို့ အဓိပ္ပါယ် မဟုတ်လား။ သူ ဒီလို ကော်ပီလုပ်ထားတာကိုလည်း လိပ်ပြာသန့်ပုံ ရပါတယ်။ ဘယ်ကနေ ဘယ်လိုယူပြီး ဘယ်သို့ ကိုးကားတယ်ဆိုတာလေးတောင် ထည့်မထားပုံထောက်ရင် ကျနော်တို့တွေ စေတနာ ရက်ရက်ရောရော ရှိလိမ့်မယ်ဆိုတာကို ကြိုသိပုံရပါတယ်။ ဒါကြောင့် ဒီ ပို့စ်ကလေးကို ကလောင်နာမည် ပြောင်းလိုက်တာကလွှဲပြီး ဘာမှ ပြုပြင်မနေတော့ပဲ ဤ၊ သည် ..မရွေး ဖော်ပြထားတာပေါ့။ ဒီအတွက် ကျနော်တို့က စိတ်မဆိုးတဲ့အပြင် ၀မ်းတောင် သာသေးတယ်။

ဟုတ်တယ်လေ…။ တကယ်ဆိုရင် ကော်ပီလုပ်တယ်ဆိုတာ မူရင်းအဓိပ္ပါယ်နဲ့ မူရင်းအရသာ မပျက်စေဖို့ အဓိက အကျဆုံးပဲမဟုတ်လား။ မူရင်း အင်္ဂလိပ်သီချင်းမှာ နားထောင်တဲ့သူကို လွမ်းဆွေးနေစေပြီး၊ ဗမာလို ပြန်ဆိုတဲ့ အခါကျတော့ နားထောင်ရတာ ပျော်စရာ ကောင်းနေတယ်ဆိုရင် သိပ်မနိပ်ပေဘူးပေါ့။ ဒီနေရာမှာတော့ သာကီနွယ်ကို ချီးကျူးရမှာပါ။ မူရင်း အရသာမပျက်စေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ခက်တာက မူရင်း ဗမာလိုရေးထားတာကို ဗမာလို ပြန်ဖော်ပြထားတာလေး တစ်ခုပဲ ပြောစရာ ရှိတာပါ။

ဘာပဲဖြစ်ဖြစ်လေ…။ ကျနော်တို့ကတော့ နန်းမြင့်ဂျာနယ် ကိုရော၊ သာကီနွယ် ကိုပါ ကျေးဇူးတင်နေမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ရဲ့ ပေါ်လစီကိုက ကျနော်တို့ပေးချင်တဲ့ မက်ဆေ့ခ်ျတွေကို လူတွေသိလေ ပိုကောင်းလေ လို့ ကျနော်တို့က ခံယူထားတဲ့ အတွက်ကြောင့်ပါပဲ။ ဒီအတွက် ကျနော်တို့ရဲ့ ဘလော့မှာ အမှတ်တရအဖြစ် မှတ်တမ်းတင် ဖော်ပြလိုက်ပါတယ်…။

No comments: