အန္တရာယ်ကင်းအောင်ကွယ် ဘေးရှင်းကြစေဖွယ်
မြားကြီး
မြားကြီး
မြားကြီးတို့ မြန်မာပြည်မှာ နအဖစစ်အာဏာရူးတွေရဲ့ အသုံးချခံ လက်ကိုင်တုတ်ဖြစ်တဲ့ စာပေကင်ပေတိုင်ရုံး အဲလေ … စာပေစိစစ်ရေးရုံးဆိုတာ ကြောက်တတ်မယ် ဆိုရင်လည်း ကြောက်ချင်စရာ၊ ရွံတတ်မယ် ဆိုရင်လည်း ရွံချင်စရာ၊ လုပ်စားတတ်မယ် ဆိုရင်လည်း လုပ်စားချင်စရာ၊ သနားတတ်မယ် ဆိုရင်လည်း သနားချင်စရာ၊ ဟားတိုက် ရယ်မောတတ်မယ် ဆိုရင်လည်း ဟားတိုက် ရယ်မောချင်စရာဆိုတဲ့ ဌာနကြီးတခုပါ။ အဟုတ် … ။ စာပေအနုပညာ ထုတ်ဝေရေးနဲ့ ပတ်သက်ပြီး စာပေကင်ပေတိုင်ရုံးနဲ့ တနည်းမဟုတ်တနည်း ပတ်သက်ချင်ရင် ဆရာသမားတို့ အနေနဲ့ ကြိုက်ရာလမ်းကို ရွေးချယ်နိုင်ဖို့အတွက် စာပေကင်ပေတိုင်ရုံးရဲ့ နှိပ်စက်ကလူပြုမှုတွေကို ဆယ်စုနှစ်တစုကျော် ခံစားရင်း ကြုံတွေ့ခဲ့ရတဲ့ အဖြစ်သနစ်တွေကို မြားကြီး ဖောက်သည်ချတာပါ။ မြားကြီးလို ဒုက္ခမရောက်စေချင်တဲ့ စေတနာနဲ့ပါနော် … ဟဲ … ဟဲ။
မြားကြီးအနေနဲ့ စာပေကင်ပေတိုင်ရုံးကို ဘာ့ကြောင့်မို့ ကြောက်စရာ ဌာနကြီးတခုအဖြစ် ထင်မြင်ရပါသလဲဆိုရင် သူတို့က ကြောက်တတ်သူကို ကြောက်လာအောင် အမျိုးမျိုးဖြဲပြီး ခြိမ်းခြောက်တတ်လို့ပါခင်ဗျ။ ဘာမူဝါဒမှ တိတိကျကျမရှိတဲ့ သူတို့ရဲ့ ဆင်ဆာဖြတ်မှုကို ခံရပြီး မလိုက်နာ မဆောင်ရွက်ရင် အရေးယူနိုင်တဲ့ ပုဒ်မတွေကို တောပြောခြုံပြော လျှောက်ပြောပြီး ခြိမ်းခြောက်တတ်လို့ပါ ခင်ဗျ။
အဲ … ဘာကြောင့် ရွံစရာ ဌာနကြီးတခုအဖြစ် မြားကြီး ထင်မြင်ရပါသလဲဆိုရင် အဲဒီစာပေကင်ပေတိုင်ရုံးက ၀န်ထမ်း (အထူးသဖြင့် အရာရှိ) တွေဟာ လာဘ်စားတုန်းက သွားဖြဲနားဖြဲစားပြီး တခုခု ပြဿနာဖြစ်ပြီဆိုတာနဲ့ သူတို့နဲ့ မဆိုင်သလို ခေါင်းရှောင်ပြီး ထုထောင်းတတ်လို့ပါ ခင်ဗျ။
နောက်ပြီး ဘာဖြစ်လို့ လုပ်စားတတ်မယ်ဆိုရင် လုပ်စားချင်စရာ ဌာနကြီးရယ်လို့ မြားကြီး သမုတ်ရသလဲဆိုတော့ အဲဒီစာပေကင်ပေတိုင်ရုံးက အရာရှိတွေအနားမှာ အပေါစား စာအုပ်တွေထုတ်ပြီး အကျိုးအမြတ်ရမယ့် အရေးဖိနပ်ပဲ ကိုင်ရကိုင်ရ၊ ခြေထောက်ပဲ လျက်ရလျက်ရ ဘာမဆိုလုပ်မယ်ဆိုတဲ့ သကောင့်သားတွေ နေ့တဓူဝ ၀ိုင်းဝိုင်းလည်နေတာကို မျက်စိနောက်စဖွယ် တွေ့မြင်နေရလို့ပါပဲ။ ဘာယုံကြည်ချက် ဘာရပ်တည်ချက်မှ မရှိဘဲ တဘို့တည်းကြည့်တဲ့ သတ္တ၀ါတွေပေါ့ ခင်ဗျာ။
အဲ … ဘာ့ကြောင့် သနားတတ်မယ်ဆိုရင် သနားချင်စရာ ဌာနကြီးလို့ မြားကြီး ပြောရသလဲ ဆိုတော့ကား အဲဒီဌာနမှာရှိတဲ့ အရာရှိကြီး၊ အရာရှိငယ် ၀န်ထမ်းမှန်သမျှဟာ ကိုယ်ပိုင်ဦးနှောက်နဲ့ ဆင်ခြင်ဆုံးဖြတ်ပိုင်ခွင့် မရှိဘဲ အထက်က အာဏာရူးတွေရဲ့ ပေါကြောင်ကြောင် ညွှန်ကြားချက်တွေကို အတိအကျ လိုက်နာဆောင်ရွက် ပေးနေရလို့ပါပဲ ခင်ဗျ။
နောက်ဆုံး တချက်အနေနဲ့ ဘာကြောင့် ဟားတိုက်ရယ်မောတတ်မယ်ဆိုရင် ဟားတိုက်ရယ်မောချင်စရာ ဌာနကြီးရယ်လို့ မြားကြီး သမုတ်ရသလဲဆိုတော့ အဲဒီစာပေကင်ပေတိုင်ရုံးက အရာရှိတွေရဲ့ ဆင်ဆာဖြတ်ပုံ ဖြတ်နည်းတွေကြောင့် ငိုအားထက် ရယ်အားသန်ဆိုသလို အဖြစ်သနစ်တွေကို မကြာခဏ ကြုံတွေ့ခဲ့ရလို့ပဲ ဖြစ်ပါ တယ်။
မြားကြီး ကြုံတွေ့ခဲ့ရတဲ့ သနားစရာ၊ ဟားတိုက်ရယ်မောစရာ အဖြစ်သနစ်တခုကို ပြောပြရရင်ဖြင့် …
တခါသားမှာပေါ့ … အဲဒီစာပေကင်ပေတိုင်ရုံးက အရာရှိတွေကို အထက်က အာဏာရူး ကိုယ်တော်ချောတွေက ညွှန်ကြားမှုတခု ပြုထားဟန်တူလေရဲ့။ ဘယ်လို ညွှန်ကြားချက်လဲဆိုတော့ ကိုလိုနီခေတ်က အင်္ဂလိပ်နယ် ချဲ့တွေ မှည့်ခေါ်ခဲ့တဲ့ အမည်နာမတွေကို သူတို့ခေတ်မှာ ပြောင်းလဲမှည့်ခေါ်ထားတဲ့ အမည်နာမတွေနဲ့ ပြင်ဆင် ရေးသားစေဆိုတဲ့ ညွှန်ကြားချက်မျိုး ထင်ပါရဲ့။ နယ်ချဲ့ကို မုန်းတယ်ဆိုတဲ့ သဘောပေါ့နော်။ ဥပမာအားဖြင့် ဆောင်းပါး၊ ၀တ္ထု၊ ကဗျာတွေထဲမှာ ဘားလမ်းလို့ ရေးလာရင် မဟာဗန္ဓုလပန်းခြံလမ်း၊ လွစ္စလမ်းလို့ ရေးလာရင် ဆိပ်ကမ်းသာလမ်း၊ ဒါလဟိုဇီလမ်း၊ မောင်ဂိုမာရီလမ်း၊ ကင်းဘဲလ်လမ်းဆိုပြီး ရေးသားခဲ့ရင်လည်း ဆိုင်ရာဆိုင်ရာ နာမည်တွေနဲ့ အစားထိုး ပြင်ဆင်စေဆိုတဲ့ ညွှန်ကြားချက်ပေါ့ခင်ဗျာ။
တညနေမှာတော့ မြားကြီး ထုတ်ဝေနေတဲ့ မဂ္ဂဇင်းလည်း စာပေကင်ပေတိုင်ရုံးက ပြုလုပ်တဲ့ ဆင်ဆာ အစည်းအဝေးတခုက ကျလာလေရဲ့။ မြားကြီးလည်း ဘာတွေများ ဖြုတ်ပယ် ပြင်ဆင်ရမလဲဆိုတဲ့ စိုးရွံ့မှုနဲ့ ဦးစီးအရာရှိ အမျိုးသမီးရဲ့ ရုံးခန်းထဲကို ပြေးပြီး မှတ်သားရတာပေါ့။ မှတ်သားနေရင်း စာမျက်နှာတခုအရောက်မှာ ဦးစီးအရာရှိ အမျိုးသမီးက ‘မေမြို့-မိုးကြည်’ဆိုတဲ့ ကလောင်နာမည်မှာ အင်္ဂလိပ်ခေတ်က မှည့်ခေါ်ထားတဲ့ ‘မေမြို့’ဆိုတဲ့ နာမည်ပါနေလို့ ‘ပြင်ဦးလွင်’ဆိုတဲ့ အမည်နဲ့ ပြောင်းလဲပြင်ဆင်ပေးဖို့ မြားကြီးကို သတိပေးလေရဲ့။
အဲဒီမှာတင် မြားကြီးလည်း ရယ်ချင်စိတ်ဖြစ်သွားပြီး ပြုံးစိစိ မျက်နှာပေးနဲ့ ‘ဆရာမ ဒါက ကလောင်နာမည် ဖြစ်နေလို့ ပြင်ပေးဖို့ ဖြစ်နိုင်မယ် မထင်ဘူး’လို့ စောဒက တက်မိတယ်။ ဒါပေမယ့် ဆရာမရဲ့ ပြောစကားကို ကြားတော့ မြားကြီးလည်း ရယ်အားထက် ငိုအားသန်ဆိုသလို ပြောင်းပြန်ရသ ခံစားသွားရပြီး ဆရာမကို သနားသွားလို့ ငိုချင်ချင် ဖြစ်သွားမိရဲ့။ ဆရာမပြောလိုက်ပုံက ‘ဆရာရယ် အင်္ဂလိပ်ခေတ်က နာမည်ဖြစ်နေတာမို့ အထက်က ညွှန်ကြားတဲ့အတိုင်း ပြင်ပေးလိုက်တာ အန္တရာယ်ကင်းပါတယ်’တဲ့။ အဲဒါနဲ့ပဲ အဲဒီလထုတ်ဝေတဲ့ မြားကြီးရဲ့ မဂ္ဂဇင်းမှာ ‘စာရေးဆရာ မေမြို့- မိုးကြည် အစား ပြင်ဦးလွင်- မိုးကြည် ဟုဖတ်ပါ’လို့ ပြင်ဆင်ပေးခဲ့ရလေရဲ့။ မြားကြီးလည်း စာပေကင်ပေတိုင်ရုံးက အရာရှိအမျိုးသမီးရဲ့ လှေနံဓားထစ် ဆင်ဆာဖြတ်ပုံကြောင့် စာရေးဆရာမေမြို့- မိုးကြည်ကို ကွယ်လွန်ချိန်အထိ ဘယ်လို မျက်နှာပြရမှန်းမသိ ဖြစ်ခဲ့ရလေရဲ့။
မြားကြီး
No comments:
Post a Comment