သတင်းနှင့် ဓာတ်ပုံ - BMA
မြန်မာနိုင်ငံဆေးပညာရှင်များအသင်း (လွတ်မြောက်နယ်မြေ)၏ စတုတ္ထအကြိမ် ညီလာခံကို ဖေဖော်ဝါရီလ (၁၉)ရက်နှင့် (၂၀)ရက်နေ့များက ထိုင်း- မြန်မာနယ်စပ် တနေရာတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။ ညီလာခံ ပထမနေ့တွင် သဘာပတိအဖြစ် မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစင်သီယာမောင်က ဆောင်ရွက်ပြီး ဒေါက်တာကျော်ညွန့်က အကြံပေးအဖြစ် ဆောင်ရွက်သည်။ အခမ်းအနားတွင် သဘာပတိ ဒေါက်တာစင်သီယာမောင်၊ NCUB မှ ဦးမောင်မောင်၊ NCGUB မှ ဒေါက်တာ တင့်ဆွေနှင့် NHEC မှ ဆရာနိုင်တို့က အသီးသီး အမှာစကား ပြောကြားပြီး အကျိုးဆောင်များအဖြစ် ဒေါက်တာခင်စောဝင်းနှင့် မန်းစိန်ဟန်တို့က ဆောင်ရွက်သည်။
ညီလာခံ ပထမနေ့တွင် မြန်မာနိုင်ငံဆေးပညာရှင်များအသင်း အလုပ်အမှုဆောင်အဖွဲ့၏ တတိယအကြိမ် ညီလာခံသက်တမ်း အစီရင်ခံစာကို အတွင်းရေးမှူး မန်းစိန်ဟန်မှ လည်းကောင်း၊ ဘဏ္ဍာရေး အစီရင်ခံစာကို ဘဏ္ဍာရေးမှူး ဒေါက်တာလွဏ်းဆွေနှင့် ဘဏ္ဍာရေး မန်နေဂျာ နန်းစီစီလျာထွန်းတို့မှ လည်းကောင်း ဖတ်ကြား တင်သွင်းကြပြီး ညီလာခံ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက မေးမြန်းဆွေးနွေးကာ အစီရင်ခံစာများကို အတည်ပြုခဲ့သည်။ ထို့နောက် နေ့လည်ပိုင်းတွင် ဒေါက်တာခင်စောဝင်းမှ The practical and ethical impact of human rights violations on health care စာတမ်းတင်သွင်းခြင်း၊ ဒေါက်တာ ၀င်းမြင့်သန်းနှင့် ဒေါက်တာမြင့်ချိုတို့မှ Health policy and system development for future Burma စာတမ်း တင်းသွင်းခြင်းနှင့် အုပ်စုဖွဲ့ဆွေးနွေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ညီလာခံ ဒုတိယနေ့တွင် သဘာပတိအဖြစ် မြန်မာနိုင်ငံဆေးပညာရှင်များအသင်း ဒု-ဥက္ကဋ္ဌ ဒေါက်တာလွဏ်းဆွေ၊ အကြံပေးအဖြစ် ဒေါက်တာမြင့်ချိုက ဆောင်ရွက်ပြီး အကျိုးဆောင်များအဖြစ် နိုင်အေးလွင်နှင့် နော်ဆိုဖီယာတို့က ဆောင်ရွက်သည်။ ညီလာခံ ဒုတိယနေ့တွင် မြန်မာနိုင်ငံဆေးပညာရှင်များအသင်း၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာများ၊ အနာဂတ်ဆိုင်ရာ စီမံချက်လုပ်ငန်းစဉ်များအား ဆွေးနွေးခြင်းနှင့် အတည်ပြုခြင်း၊ ကွယ်လွန်သူ ဒေါက်တာဖိုးသော်တာ၊ ရုံးအဖွဲ့မှူးဟောင်း မန်းသာထူးနှင့် အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းတင်ခြင်း၊ အလုပ်အမှုဆောင် အဖွဲ့ဝင်သစ်များ ရွေးချယ်တာဝန်ပေးခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။
အလုပ်အမှုဆောင် အဖွဲ့ဝင်သစ်များ ရွေးကောက်ပွဲ ကော်မရှင်ကို ဥက္ကဋ္ဌ - နိုင်ကောင်းလ၀ီ၊ အတွင်းရေးမှူး - ဦးရီထွန်း၊ အဖွဲ့ဝင် ကိုအောင်ဖေ၊ စောလင်းကျော်၊ မူမြတို့နှင့် ဖွဲ့စည်းပြီး ဒီမိုကရေစီနည်းကျ လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးကောက်ပွဲကို ကျင်းပသည်။ ရွေးကောက်ပွဲတွင် တက်ရောက်လာကြသည့် ဘီအမ်အေ အဖွဲ့ဝင်များက ဒေါက်တာစင်သီယာမောင် (၅၂မဲ)၊ ဒေါက်တာခင်စောဝင်း (၄၀မဲ)၊ ဒေါက်တာလွဏ်းဆွေ (၃၉မဲ)၊ နော်ဆိုဖီယာ (၃၈မဲ)၊ စောနေထူး (၃၅မဲ)၊ ဒေါက်တာသီဟမောင် (၂၈မဲ)၊ နိုင်အေးလွင် (၂၇မဲ)၊ ဒေါက်တာသိန်းဝင်း (၂၆မဲ)၊ မန်းစိန်ဟန် (၂၆မဲ)၊ နော်ပုလဲဖော (၂၆မဲ)၊ ဦးသောင်းတန်ချို (၂၀မဲ)တို့ကို အလုပ်အမှုဆောင် အဖွဲ့ဝင်သစ်များအဖြစ် လျှို့ဝှက်မဲပေး ရွေးချယ်ခဲ့ကြသည်။
ထို့နောက် ရွေးချယ်တင်မြှောက်ခံရသည့် အလုပ်အမှုဆောင်အဖွဲ့ဝင် (၁၁)ဦး၏ ညှိနှိုင်း သဘောတူညီချက် အရ ဥက္ကဋ္ဌ ဒေါက်တာစင်သီယာမောင်၊ ဒု-ဥက္ကဋ္ဌ ဒေါက်တာသီဟမောင်၊ အတွင်းရေးမှူး မန်းစိန်ဟန်၊ တွဲဘက်အတွင်းရေးမှူး နိုင်အေးလွင်၊ ဘဏ္ဍာရေးမှူး ဦးသောင်းတန်ချိုနှင့် အဖွဲ့ဝင်များအဖြစ် ဒေါက်တာခင်စောဝင်း၊ ဒေါက်တာလွဏ်းဆွေ၊ ဒေါက်တာသိန်းဝင်း၊ နော်ပုလဲဖော၊ နော်ဆိုဖီယာ၊ စောနေထူး … ဟူ၍ တာဝန်ခွဲဝေခဲ့ကြကြောင်း သတင်းရရှိသည်။
Thursday, February 21, 2008
မြန်မာနိုင်ငံဆေးပညာရှင်အသင်း စတုတ္ထအကြိမ် ညီလာခံကို ထိုင်း-မြန်မာနယ် စပ်တနေရာတွင် အောင်မြင်စွာ ကျင်းပပြီးစီး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment