Tuesday, February 19, 2008

ဗြဟ္မာဦးခေါင်းများနှင့် အနာဂတ်မြန်မာပြည်

ရဲဘော်ငြိမ်း (မျိုးချစ်ဒီမိုကရက်တစ်တပ်ပေါင်းစု)

ဤစာကိုရေးလျှင် ဖြစ်လာမည့် အကျိုးဆက်များအား ကြိုတင်တွေးတောကာ တာဝန်ယူမည်၊ ဖြစ်လာသမျှ မိမိတဦးတည်း ခံမည်ဟူသော စိတ်ပိုင်းဖြတ်မှုဖြင့် ရေးပါသည်။ သမိုင်းတရားခံအဖြစ်လည်း လက်ညှိုးထိုး ခံရကောင်းခံရမည်ဆိုသည့် အဆင့်အထိ ကြိုတွေးပြီး တိုင်းပြည်ကောင်းကျိုးကို ရှေးရှု၍ ရေးလိုက်ပါကြောင်း ကနဦး အသိပေးလိုပါသည်။

န.အ.ဖ စစ်အာဏာရှင်က မေလတွင် ဆန္ဒခံယူပွဲလုပ်မည်ဖြစ်ကြောင်း ကမ္ဘာကို ကြေညာခဲ့ပြီးဖြစ်သည်။
အစောပိုင်းတွင်လည်း အကျဉ်းကျခံရဆဲဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အကောင်းဆုံးကို မျှော်လင့်၊ အဆိုးဆုံးအတွက် ပြင်ဆင်ဆိုသည်နှင့်တကွ သူမ၏ ဗဟိုဦးဆောင်ကော်မတီကို ဝေဖန်သတိပေး ပြောဆို အားပေးခဲ့ပြီး ဖြစ်သည်။

တဖက်က န.အ.ဖ က လည်း ၄င်းတို့ရွှေရောင်အိပ်မက်ကို တရုတ်အား၊ ရုရှအား၊ အာစီယံနိုင်ငံများအားဖြင့် အပြင်းအထန် တက်သုတ်ရိုက် အကောင်အထည် ဖော်ရေးအတွက် လူထုကြားထဲတွင် ကြံ့ဖွတ်နှင့် စွမ်းအားရှင်တို့ တအိမ်တက်ဆင်း စည်းရုံးရေး ဆင်းနေကြသည်။ သူတို့ကတော့ လူသတ်လက်နှင့် မျက်နှာချို ပြန်သွေးနေသည်။

န.အ.ဖ သည် ၁၉၈၈ အရေးတော်ပုံကို ပစ်ခတ်သတ်ဖြတ် ဖြိုခွင်းကာ န.၀.တ အနေဖြင့် တိုင်းပြည်ကို အဓမ္မကျင့်ခဲ့သည့် ကာလမှစ၍ ယခု န.အ.ဖ အထိ ဘက်ပေါင်းစုံကနေ ၄င်းတို့ အာဏာတည်မြဲရန် နေ့စဉ်နှင့်အမျှ ပြင်ဆင်ခဲ့ပြီးဖြစ်သည်။

စက်တင်ဘာ ၂၀၀၇ သံဃာတော်များ သွေးမြေကျရသော လူထုအရေးတော်ပုံတွင် ကောက်ကျစ် ရက်စက်သော Rules of Engagement (ROE) ဖြင့် ဖြိုခွင်း သုတ်သင်ချေမှုန်းခဲ့သည်။ Psychological warfare ကိုလည်း ထိရောက်စွာ သုံးနိုင်ခဲ့သည်။

ပြည်သူလူထုဘက် ရပ်တည်သော အင်အားစုများအနေဖြင့် အဆင်သင့်မရှိခဲ့။ တပ်ဦးပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်မှုသည် frozen ဖြစ်နေခဲ့သည်။ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မီတို့အား န.အ.ဖ က ဖမ်းဆီးချုပ်နှောင်လိုက်သည်နှင့်၊ ထွန်းမြင့်အောင်တို့ နီလာသိန်းတို့ ရှောင်တိမ်းလိုက်ရသည်နှင့် တိုက်ပွဲ၏ ဦးဆောင်နိုင်မှုနှင့် လုပ်ငန်းစဉ်များ တိုက်ပွဲ အရှိန်အဟုန်များသည် စွမ်းအားရှင်၏ တုတ်ချက်အောက် စစ်တပ်၏ သေနတ်ကျည်ဆံအောက်တွင် ပျောက်ဆုံးသွားခဲ့ရ၏။

အကယ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဦးဆောင်ကော်မတီများအနေဖြင့် မလှုပ်မရှုပ်မပြုတ် တာဝန်မဲ့ ရပ်တည်မှုဖြင့် မနေခဲ့ပါလျှင် ဤကဲ့သို့ အခြေအနေဆိုးများဖြင့် တိုင်းပြည်နစ်မွန်းရမည် မဟုတ်။ အမှန်ဆိုလျှင် ဂန္ဓီခန်းမ ညီလာခံကြီးကတည်းက စစ်အာဏာရှင်စနစ်ဆိုးကို အပြီးအမြစ်ပြတ် သုတ်သင်လိုက်နိုင်ရင်း ထိုဆယ်စုနှစ် နှစ်ခုနီးသောကာလတွင် တိုင်းပြည်သည် တည်ငြိမ် အေးချမ်းလျက် ဒီမိုကရေစီအုတ်မြစ် ခိုင်ခန့်သင့်သလောက် ခိုင်ခန့်ကာ တပ်မတော်သည်လည်း လက်တဆုပ်စာ န.အ.ဖ အထက်ပိုင်းအား ကာကွယ် စောင့်ရှောက် အသက်ပေးနေရသော ခါးပိုက်ဆောင် လက်နက်ကိုင် လူစုလူဝေးကြီး အနေအထားမှ နိုင်ငံ သားကောင်းများဖြင့် တိုင်းပြည်ကို ကာကွယ်ရေးအတွက် အဆင်သင့် ဖြစ်နေသော အင်အားစုအဖြစ်ဖြင့် သိက္ခာရှိရှိ ရပ်တည်နိုင်ခဲ့လိမ့်မည်။

တောကြိုအုံကြားတွင် တိုင်းပြည်ချစ်သော တိုင်းရင်းသားပေါင်းစုံ၊ ပြည်သူလူထုထဲမှ လူကြီးလူငယ်များ အသက်ပေး တိုက်ပွဲဝင်စရာမရှိ။ မလိုအပ်ဘဲ အသက်များသွေးများ ဆုံးရှုံးခံရလိမ့်မည် မဟုတ်။
တိုင်းပြည်၏ ကုန်ထုတ်စွမ်းအား ဉာဏစွမ်းအားများ လူသားအရင်းအမြစ်များ ကုန်ခန်းစရာမရှိ။

ယခုတကြိမ်တွင်လည်း ပြည်သူ့ရန်သူ စစ်အာဏာရှင်တစုဘက်မှ အစီအစဉ်ရှိရှိ ခြေလှမ်းရှိရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်တကွ စစ်မှန်ငြိမ်းချမ်းသော တိုင်းရင်းသားပေါင်းစုံ တန်းတူစွာ ဥမကွဲသိုက်မပျက် ချစ်ကြည်ရင်းနှီး နားလည်စွာ အတူတကွ နေထိုင်ရေးကို လိုလားသည့် ပြည်သူလူထုတရပ်လုံးကို ထာဝရ လည်မျိုနင်းကာ တရားဝင် အနိုင်ကျင့်ရေးဖြစ်သည့် လူထုဆန္ဒ ခံယူပွဲအား ဗြောင်တင်လာလေသည်။ ဤအနေအထားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မလှုပ်မရှုပ်မပြုတ်ဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ခေါင်းဆောင်ဟောင်းများလည်းဖြစ် တပ်မတော်၏ တပ်မှူးဟောင်းများလည်းဖြစ်သော ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးညွန့်ဝေ၊ ဦးလှဖေနှင့် ၄င်းတို့ကဲ့သို့သော ဗဟိုဦးဆောင်ကော်မတီများ ပါတီ၏ ဦးဆောင်မှု အခန်းကဏ္ဍမှ တရားဝင် အနားယူကာ အသေဖြောင့်ရေးကိုသာ အာရုံစိုက်သင့်ကြတော့၏။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောက်ခြေ တိုင်းနှင့်ပြည်နယ်များမှလည်း ဗဟိုဦးဆောင်ကော်မတီ Reform ပြုလုပ်ရန် မြန်နိုင်သမျှ မြန်မြန်ဆောင်ရွက်ရင်း န.အ.ဖ ၏ စီးချင်းထိုး အပြတ်ဖြတ် အပြုတ်တိုက်ရေး လမ်းစဉ်ကို နည်းနာကြွယ်ဝပြီး လူထုအကျိုးစီးပွားနှင့် အနာဂတ်မျိုးဆက်များ မျက်နှာကို ထောက်ထားလျက် လုပ်ငန်းစဉ်များ ချမှတ် အကောင်အထည် ဖော်သင့်နေပြီ ဖြစ်ပါသည်။

တပ်မတော်တွင်းမှလည်း ပြည်သူလူထု၏ ဆိုးဝါးလှသော နေ့စဉ် နေထိုင်မှုဘ၀များ၊ ကူးစက်ပျံ့ပွားမှု မြန်မြန်ဖြင့် ပျံ့ပွားနေသော ရောဂါဆိုးများ ငတ်မွတ်ချွတ်ချုံကျ လူစဉ်မမီရသော အခြေအနေများအား လျစ်လျူရှုကာ တဘို့ထဲကြည့် ငါနဲ့ငါ့မိသားစု ကောင်းစားလျှင်ပြီးရောဆိုသော စိတ်ထားများဖြင့် ဥပေက္ခာပြုရင်း တပ်မတော်သားကောင်းတာဝန် နိုင်ငံသားကောင်း တာဝန်မဲ့မှုဖြင့် ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်ခြင်းတို့အား ပြန်လည်ဆန်းစစ်သင့်ပါပြီ။ ထိုသို့ဆန်းစစ်ပြီး ပြည်သူလူထုနှင့် နိုင်ငံတော် ကမ္ဘာ့အလည် မျက်နှာငယ် မွဲပြာကျနေသလောက် န.အ.ဖ အထက်ပိုင်း ဗိုလ်ချုပ်ကြီးများက မောက်မာရိုင်းစိုင်းစွာ လုပ်ချင်တိုင်း လုပ်နေသည်များအား၊ လိုက်လံအကောင်အထည်ဖော် ရက်စက်နေရမှုများအား ရပ်တန်းကရပ်ကာ တိုင်းပြည်ကို ၀ိုင်းဝန်း ထူထောင်လိုသည့် မျိုးချစ်စိတ်ဖြင့် တခုတည်းသော အမျိုးသားနိုင်ငံရေးဖြစ်သည့် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ တန်းတူရေး၊ သွေးစည်းရေး၊ လူထုဘ၀ သာယာဝပြောရေးအတွက် ပြတ်ပြတ်သားသား လုပ်ဆောင်သင့်ကြပြီ ဖြစ်သည်။

ပြည်သူလူထုအနေဖြင့်လည်း မိမိတို့၏ဘ၀ ချွတ်ချုံကျ မျက်ဖြူဆိုက်ရမှုများအား ခါးစည်းခံနေကြရင်း ညှိုးငယ်သိမ်ဖျင်းသော လူ့ဖြစ်စဉ်ဖြင့် အသက်ရှင်သည်ဆိုရုံ ရှင်သန်နေရသော စစ်အာဏာရှင်စနစ်ဆိုး၏ သားကောင်များဘ၀ဖြင့် အမျိုးသားရေး ဒုက္ခတွင်းမှ အပြီးအပိုင် ရုန်းထွက်ကြရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဦးဆောင်မှုအသစ်နှင့်တကွ တိုင်းပြည်ချစ်မြတ်နိုးသော အင်အားစုအားလုံးနှင့် တက်ညီလက်ညီ တိုင်းပြည်နှင့် လူမျိုးအား တနိုင်တပိုင် ကိုယ်တိုင်တာဝန်ယူမှုများဖြင့် ၀ိုင်းဝန်း လုပ်ဆောင်ကြသင့်ပြီ ဖြစ်ပါသည်။ ထိုကဲ့သို့ လုပ်ဆောင်ကြရာတွင်လည်း အသီးသီးသော ပုဂ္ဂိုလ်များ အဖွဲ့အစည်းများ အင်အားစုများအနေဖြင့် အခက်အခဲများ ပေးဆပ်ရမှုများ အနစ်နာခံရမှုများ ပြတ်ပြတ်သားသား ပြောဆိုဆောင်ရွက်ရမှုများ ရှိလာမည်မှာ မလွဲပါ။ ထိုအခြေအနေများ အတွက်လည်း စိတ်မပျက် နောက်မတွန့်ဘဲ မိမိတို့ကိုယ်တိုင်နှင့် အနာဂတ် မျိုးဆက်တို့၏ အေးချမ်းသာယာလှပသော မိမိတို့ မြန်မာပြည်လေး ပြည်လည်လှပ အေးချမ်းသာယာ ၀ပြောရေးအတွက် မတွေဝေစတမ်း စစ်အာဏာရှင်၏ နောက်ဆုံးထွက်သက်တွင် မက်သော ရွှေရောင်အိပ်မက်ကို ရွှေဝါရောင်တော်လှန်ရေးဖြင့် ပြတ်သားစွာ နိဂုန်းချုပ် အမြစ်ဖြတ်ရမည်မှာ နိုင်ငံသားတိုင်း၏ သမိုင်းပေးတာဝန် ဖြစ်သကဲ့သို့ နေ့စဉ်ဘ၀ ရှင်သန်စိုပြေရေး ကိစ္စတခုအဖြစ် သတိရှိရှိ ပိုင်းဖြတ်ချက်ရှိရှိ အကောင်အထည်ဖော်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။

ရဲဘော်ငြိမ်း
မျိုးချစ်ဒီမိုကရက်တစ်တပ်ပေါင်းစု

No comments: