Monday, February 18, 2008
ပဒိုမန်းရှာ
သူဟာ သဘောထားကြီးသူ ဖြစ်တယ်။ အမြင်ကျယ်တယ်။ ၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းတော့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ကျောင်းသားခေါင်းဆောင်တယောက် ဖြစ်ခဲ့သေးတယ်။ သူ့သတင်းက ရန်ကုန်မြို့လည်ခေါင်မှာရော၊ မြို့စွန်မြို့သစ်က ဈေးတွေ ကားဂိတ်တွေမှာရော စုတ်တသပ်သပ် ဖြစ်နေတယ်။ နှမြောမဆုံး ဖြစ်နေကြတယ်။ ဘာကြောင့်လဲ။
သူက လူမျိုးရေး တယူသန် မဟုတ်ဘူး။ နောက် မတရားမှုမှာ ဘယ်တော့မှ ဒူးမထောက်ခဲ့ဘူး။ အဖိနှိပ်ခံတွေဘက်က တလျှောက်လုံး ရပ်တည်တယ်။ ငြိမ်းချမ်းရေး လိုလားသူ တဦးလည်း ဖြစ်တယ်။ ဒါပေမယ့် သူလိုချင်တဲ့ ငြိမ်းချမ်းရေးက တနပ်စား အခွင့်အရေးတွေနဲ့ အလဲအလှယ် လုပ်ထားတဲ့ တမွန်းတည့် ငြိမ်းချမ်းရေးမျိုး မဟုတ်ဘူး။ စစ်မှန်တဲ့ ထာဝရ ငြိမ်းချမ်းရေးဆိုတာ တန်းတူညီတူရှိမှု၊ အပြန်အလှန် လေးစား အသိအမှတ်ပြုမှု၊ မြင့်မြတ်တဲ့ အပေးအယူတွေနဲ့ အေးအတူပူအမျှ နေထိုင်မှု စတာတွေ အပေါ်မှာပဲ ပေါက်ဖွားရှင်သန် နိုင်လိမ့်မယ်လို့ ယုံကြည်သူ ဖြစ်တယ်။
သူ့ရဲ့ အနိစ္စတရားဟာ ကရင်တမျိုးသားလုံးအတွက် ဧရာမ ဆုံးရှုံးမှုကြီးတင် ဘယ်ကမလဲ၊ ပြည်ထောင်စု တမျိုးသားလုံးအတွက် အစားထိုးမရတဲ့ အမြော်အမြင်ကြီးတဲ့ ခေါင်းဆောင်ကောင်း တယောက် ပျောက်ဆုံးသွားခြင်းပါပဲ။
ဒီမိုကရေစီရေး၊ စစ်မှန်တဲ့ ပြည်ထောင်စုပေါ်ထွန်းစေတဲ့ ကြွေးကြော်သံတွေအောက်မှာ အမျိုးသားသွေးစည်း ညီညွတ်ရေးကို တည်ဆောက်နိုင်မယ်ဆိုရင် အဲဒါဟာ ဆရာမန်းအတွက် ကျနော်တို့ အားလုံးရဲ့ အကောင်းဆုံး ဂုဏ်ပြုတေး ဖြစ်ပါလိမ့်မယ်။
ထွန်းမြင့်အောင်
(၈၈- မျိုးဆက်ကျောင်းသားများ)
Subscribe to:
Post Comments (Atom)
1 comment:
thanks.
i took some doc for http://mahn-sha.blogspot.com/
Post a Comment