Tuesday, February 19, 2008

ပြည်သူ့အနုပညာသမားလား၊ နအဖလက်ကိုင်တုတ်လား

ရွှေဆည်းဆာ

ကျမသုံးရတဲ့ ရုံးက ကွန်ပျူတာက ကောင်းကောင်း အလုပ်မလုပ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ဘက်ထရီ မကောင်းတာရယ်၊ ဆော့ဝဲလ်အသစ် တင်မထားနိုင်တာရယ်ကြောင့်ပါ။ အဲဒီလို ရပ်သွားပြီးလို့ ပြန်ဖွင့်တိုင်း စိတ်ပူပြီး ရင်တမမ ဖြစ်ရတယ်။ အလုပ်မှ ပြန်လုပ်ပါတော့မလားလို့ စိတ်တထင့်ထင့် အမြဲပဲ ခံစားရပါတယ်။ ကျမက ကံကောင်းစွာနဲ့ ဒီကွန်ပျူတာလေးကို သုံးခွင့်ရထားတယ်ပဲ ပြောရမှာပါ။ အခုလုပ်နေတဲ့ ရုံးမှာ ရုံးဝန်ထမ်းအဖြစ်နဲ့ တောက်တိုမယ်ရ လုပ်ရတဲ့ အလုပ်ပါ။ တကယ်လို့ ဒီကွန်ပျူတာလေးသာ ပြန်မကောင်းခဲ့ရင် ပြင်ပေးမယ့် အခွင့်အရေးရမယ် မထင်ဘူး။ ကျမရဲ့အလုပ်က ကွန်ပျူတာနဲ့ လုပ်စရာ သိပ်မှမရှိတာ။

ဒါပေမယ့် ကျမလုပ်ချင်တဲ့ အလုပ်တွေကိုတော့ ဒီကွန်ပျူတာလေးကပဲ အကူအညီ ပေးနေခဲ့တာပါ။ အခုလို
စာတွေရေးနိုင်တာ၊ ဘလော့တွေထဲက စာတွေကို ကူးယူပို့ပေးနေတာတွေကို ရုံးမှာရှိတဲ့ တခြားဝန်ထမ်းတွေ သိရင် ကြိုက်မယ်မထင်ဘူး။ ဒါကြောင့် ပေါ်ပေါ်ထင်ထင် မလုပ်နိုင်ပါဘူး။ ဒီလို လုပ်နေတာတွေဟာ လက်ရှိ အုပ်ချူပ်နေတဲ့ အာဏာရှင်စစ်အစိုးရကို ဆန့်ကျင်နေတဲ့ လုပ်ရပ်မို့ ကြောက်ကြတယ်။ အမှန်တရားကိုတောင် ခိုးကြောင်ခိုးဝှက် လုပ်နေရတဲ့ ဘ၀ပါ။ ဒီလိုအနေအထားမျိုးပေမယ့် ဘာပဲဖြစ်ဖြစ် အခုလို အသုံးပြုခွင့် အဆက်အသွယ်လေး ရနေတာကိုပဲ အထူးကျေးဇူးတင်စရာပါ။

မြန်မာနိုင်ငံမှာ ကွန်ပျူတာဆိုတာ လူတိုင်းသုံးဖို့ လွယ်ကူတဲ့ ပစ္စည်းမဟုတ်တာကလည်း တကြောင်း နောက်ပြီး ငွေပေးပြီး သုံးလို့ရတယ်ဆိုတဲ့ အင်တာနက်ကဖေးလို နေရာမျိုးတွေကျတော့လည်း စိတ်မချရသလို၊ လွတ်လပ် မှုလည်း မရှိဆိုတော့ကာ ကျမနေနဲ့တော့ ဒီလိုအနေအထား ဒီလို အခွင့်အရေးလေး ဆုံးရှုံးမှာကို စိုးရိမ်မိတယ်။ မြန်မာနိုင်ငံအတွင်းမှာက စာပေဆိုလည်း အနှစ်သာရရှိတဲ့ စာပေ၊ လူတွေရဲ့ အဖြစ်မှန်ကို ဖေါ်ပြပေးတဲ့ အကြောင်းအရာ၊ သမိုင်းမှာ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ၊ ဒါတွေအားလုံးကို စာနယ်ဇင်းဆိုတဲ့ လူထုဆက်ဆံရေး မီဒီယာတွေမှာ တွေ့ရတာမျိုး မဟုတ်ဘူးလေ။ ဒီလိုအခြေနေတွေကြောင့်ပဲ တချို့ဝက်ဘ်ဆိုက်တွေမှာ တွေ့ရတတ်တဲ့ ဗဟုသုတ ဖြစ်စရာ၊ အများသူငါတွေ သိသင့်တယ်လို့ ယူဆရတဲ့ အကြောင်းအရာတွေကို ကူယူပြီး ဖြန့်ဝေပေးနေတာပါ။

ကျမတို့အတွက်က သတင်းအမှန်ဆိုတာ ရှားပါးတဲ့အရာဖြစ်သလို ခံစားချက် အမှန်တွေ၊ အဖြစ်အပျက် အမှန်တွေဖော်ပြတဲ့ ပြည်သူ့သတင်းစာ ဆိုတာမျိုး မရှိတော့ ဘယ်လိုလုပ်ရမလဲ။ ကျမတို့ ရနိုင်သလောက် လုပ်နိုင်သလောက် လုပ်ပေးရမှာပေါ့။ ပြည်သူလူထုကို မျက်စေ့ပိတ်၊ နားပိတ်၊ နှုတ်ပိတ် လုပ်ခံနေကြရတဲ့ အချိန်အခါမှာ ဘယ်လောက်တိုးတဲ့ အသံလေးဖြစ်စေ၊ သေးငယ်တဲ့ အလင်းရာင်လေးဖြစ်စေ ကျမတို့ အတွက်တော့ တိတ်ဆိတ်ချောက်ချားနေတဲ့ အချိန်အခါမှာ အားတက်စရာ အသံလေး၊ ပိန်းပိတ်အောင် မှောင်နေတဲ့ အခန်းထဲမှာ မျှော်လင့်ချက် ရောင်ခြည်လေးတွေအဖြစ်နဲ့ အားကိုးတကြီး ဆုပ်ကိုင်ပြီး ဒီလို မနှစ်မြို့စရာ အခြေအနေကနေပြီး ကြိုးစားရုန်းထွက်ဖို့ အားတင်းကြရမှာပါ။

တနေ့ ညနေတုန်းက MRTV 4 ကနေ ရုပ်ရှင်သရုပ်ဆောင် လွင်မိုးရဲ့ ‘လွင်မိုး ခရီးသွားနေသည်’ ဆိုတဲ့ အစီအစဉ်ကို ထုတ်လွှင့်ပြသသွားပါတယ်။ လွင်မိုးကတော့ သူခရီးသွားနေတာ မြန်မာပြည်ရဲ့ လှပတဲ့ ရှုခင်းတွေနဲ့ တောင်တန်းဒေသ အပါအ၀င် မြန်မာပြည် တနံတလျားမှာ နေထိုင်ကြတဲ့ မြန်မာ့တိုင်းရင်းသား လူမျိုးတွေရဲ့ ရိုးသားတဲ့ လူနေမှုစနစ်တွေ၊ ချစ်စဖွယ် ယဉ်ကျေးမှု ဓလေ့စရိုက်တွေနဲ့ သဘာဝ ရေမြေတောတောင်တွေရဲ့ အံ့မခန်း ဆန်းပြားလှပတဲ့ ရှုခင်းတွေကို မြန်မာပြည်သူတွေကို ပြချင်တဲ့ ရည်ရွယ်ချက်ကြောင့်လို့ ဆိုပါတယ်။ အနုပညာသမားတယောက်က ပြည်သူကိုပေးချင်တဲ့ ဒေသန္တရဗဟုသုတလို့ ပြောရမယ်ထင်တယ်။

ဒီတော့ ကျမတခုတွေးမိပါတယ်။ အနုပညာသမားများဟာ ပြည်သူအတွက်ပြန်ပြီး အကျိုးပြုစေတဲ့ စေတနာနဲ့ လုပ်ပေးတဲ့ လုပ်ရပ်ရှိနေတာ ကောင်းတာပေါ့။ အဲဒီလိုဆိုရင် အခုတိုင်းပြည်မှာ ဖြစ်ခဲ့တဲ့ အရုပ်ဆိုးလှတဲ့ မိမိတို့ ကိုးကွယ်ရာ ဘာသာသာသနာကို စော်ကားခဲ့တဲ့အဖြစ်၊ သံဃာတော်တွေအပေါ်ကို မိုက်ရိုင်းယုတ်မာခဲ့တဲ့ အဖြစ်တွေ၊ အေးအေးချမ်းချမ်း မေတ္တာပို့ ပရိတ်ရွတ်နေတဲ့ ရဟန်းရှင်လူ ပြည်သူတွေကို သွေးမြေကျအောင် ရက်ရက်စက်စက် နှိမ်နှင်းခဲ့မှုတွေ၊ သမိုင်းဝင်ခဲ့ပြီး ကမ္ဘာ့အလယ်မှာ ရှက်စရာ ဖြစ်နေခဲ့တာတွေ သိပါလျက်နဲ့ ဘာလို့ ဒီသွေးစွန်းတဲ့ လက်တွေနဲ့ပေးတဲ့ အကယ်ဒမီဆု ဆိုတာတွေကို ပြည်သူ့မျက်နှာ၊ တိုင်းပြည်မျက်နှာကို မထောက်ဘဲ လူမိုက်အားပေးလုပ်ပြီး အင်တိုက်အားတိုက် အားရ၀မ်းသာသွားပြီး မျက်နှာပြောင်တိုက်ကာ တက်ရောက်ယူနေတာတွေ၊ အားပေးနေတဲ့ လုပ်ရပ်တွေဟာ ပြည်သူကို စော်ကား တိုင်းပြည်အခြေနေကို ဂရုမစိုက်ဘဲနေတာ မဟုတ်ဘူးလား။

ပြီးတော့ အနုပညာအသိုင်းဝိုင်းကပဲ ဒီသံဃာ့အရေးအခင်းမှာ သပိတ်မှောက် ကံဆောင်တဲ့ သံဃာတော်တွေကို ကူညီပြီး ပြည်သူလူထုနဲ့ တစ်သားထဲ လိုအပ်တဲ့ အကူညီတွေကို ပေးခဲ့လို့ နအဖရဲ့ နှိပ်ကွပ်ခြင်းကိုခံ နေကြရတဲ့ အနုပညာ ညီအစ်ကိုတွေရဲ့ မျက်နှာကိုမှ မထောက်ထားနိုင်ကြဘဲ ဒီလိုလုပ်နေကြတာဟာ အနုပညာသည်တွေရဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ်လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်လားလို့ မေးချင်ပါတယ်။ မိမိတို့ကိုယ် မိမိတို့ ပြည်သူ့အနုပညာသမားများလို့ ခံယူတယ်ဆိုရင် နည်းနည်းတော့ ပြန်စဉ်းစားကြဖို့ ကောင်းပါပြီ။ ဒီ နအဖရဲ့ ၀ါဒဖြန့် ဇာတ်လမ်းတွေမှာ ပါဝင်သရုပ်ဆောင်ပြီး အခွင့်အရေးတွေ ရယူနေရုံနဲ့ ကိုယ့်ကိုကိုယ် တိုင်းကျိုးပြည်ပြု သရုပ်ဆောင် အနုပညာသမားဆိုပြီး ကိုယ်ကျိုးရှာ ဘ၀င်မြင့်နေတာတွေကို ရပ်တန်းကရပ်ကြပါတော့ …။ တိုင်းပြည်မှာ အမှန်တကယ် ဖြစ်နေခဲ့တဲ့ ဖြစ်နေဆဲလည်းဖြစ်တဲ့ အခြေအနေတွေကို သုံးသပ်ပြီး မိမိတို့ကိုယ်ကိုယ် မိမိတို့ ပြည်သူကိုချစ်တဲ့ အနုပညာသည်၊ ပြည်သူကိုချစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် ပြည်သူထဲက ပြည်သူအဖြစ်နဲ့ အမှန်တရားဘက်က ရပ်တည်ပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

ရုပ်ရှင်အစည်းအရုံးလို အနုပညာနဲ့ ပတ်သက်ပြီး ဖွဲ့ထားတဲ့ အဖွဲ့အစည်းတွေ ဆိုတာကလည်း လွတ်လပ်တဲ့ အနုပညာသမားတွေနဲ့ ညီညီညွတ်ညွတ် အနှောင်အဖွဲ့ကင်းကင်းနဲ့ ဖွဲ့စည်းထားတာမျိုး မဟုတ်ဘူး ထင်ပါရဲ့။ အမှန်တကယ် အနှောင်အဖွဲ့ကင်းကင်းနဲ့ လွတ်လပ်တဲ့ အဖွဲ့စည်းတခုအဖြစ် ရပ်တည်ခဲ့တာဆိုရင် နအဖကို ထိခိုက်စေတဲ့ ပျက်လုံး နအဖ မကြိုက်တဲ့ လုပ်ရပ်တွေကို လုပ်လို့ဆိုပြီး အနုပညာအလုပ်တွေကို ပိတ်ပင်ထားခံရတဲ့ အခြေအနေတွေကို ဒီအတိုင်း လည်စင်းခံနေကြရမှာ မဟုတ်ပါဘူး။ သက်ဆိုင်တဲ့ အဖွဲ့အစည်းက အကာကွယ်ပေး ထုချေကြမှာပဲလေ။ ဒါပေမယ့် အဲဒီလို လုပ်ပေးတာမျိုး တစ်ခါမှ မကြားဖူးပါဘူး။ ဘယ်အနုပညာသမားဖြင့် နအဖကို ပျက်လုံးထုတ်မိလို့ နအဖ မကြိုက်တာပြောမိလို့ အနုပညာလုပ်ခွင့် ဘယ်လောက် ပိတ်တယ်ဆိုတာမျိုးပဲ ကြားဖူးခဲ့တာပါ။

ကဗျာဆရာ ကိုစောဝေရဲ့ အဖြစ်ကိုပဲ ကြည့်လေ။ ကိုယ့်လိပ်ပြာ ကိုယ်မလုံတော့ လျှောမွေးကို ဗာရာဏသီချဲ့ပြီး ကဗျာဆရာခမျာ ထောင်နန်းစံရတော့မယ်ထင်ရဲ့။ အဲဒီလို အဖြစ်အပျက်တွေအတွက် သက်ဆိုင်ရာ အနုပညာ အစည်းအရုံးများက ဘာတွေများ တာဝန်ယူပြီး ထုချေကန့်ကွက် ပေးပါသလဲ။ တကယ်တော့ အဲဒီလို အသင်းအဖွဲ့တွေ လုပ်ပေးထားတာက ပြည်သူ့အနုပညာသည်တွေရဲ့ အကျိုးကို ဆောင်နိုင်စေဖို့ မဟုတ်ဘဲ နအဖ မကြိုက်တာ တခုခုလုပ်ခဲ့ရင် ခြေရာခံဖို့လွယ်အောင် ပြေးလို့မလွတ်အောင် နှောင်ဖွဲ့ထားပြီး သူတို့ကြိုးဆွဲရာပါမယ့် ကိုယ်ကျိုးရှာသမားတွေကို လက်ကိုင်တုတ်လုပ်ထားတာပဲလို့ ကျမတော့ မြင်တယ်။ ဒီတော့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ မကောင်းတဲ့နေရာမှာ ဥာဏ်နီဥာဏ်နက် များလွန်းလှတဲ့ နအဖက အမှန်တရားကို လိုလားတဲ့ တိုင်းသူပြည်သားများအပေါ် နည်းအမျိုးမျိုးနဲ့ မတရားဖိနှိပ် လှည့်စားနေမှန်း သိသာထင်ရှားနေပါတယ်။ ဒါကိုသိပါလျက်နဲ့ လူမိုက်အားပေး လုပ်နေကြတဲ့ အနုပညာ အသိုင်းအ၀ိုင်းက အမျိုးမျိုးသော အနုပညာသမားတွေကို အမြင်မှန်ရပြီး လူမိုက်အားပေး မလုပ်ကြတော့ဖို့ တိုက်တွန်းချင်တာပါပဲ။

ရွှေဆည်းဆာ

No comments: