Friday, January 18, 2008

တစ္ဆေကြီး (ငြိမ်းသစ်)

ပေးပို့သူ - ကိုကျော်မင်းထွန်း (အာရ်အက်ဖ်အေ)သို့ အထူးကျေးဇူးတင်ပါသည်။

(ကဗျာဆရာ ငြိမ်းသစ်သည် စက်တင်ဘာ ရွှေဝါရောင်အရေးတော်ပုံနောက်ပိုင်း နအဖစစ်အုပ်စု၏ အကြမ်း ဖက်မှုအောက်မှ ယခုအထိတိုင် ထွက်ပြေး တိမ်းရှောင်နေရသည့် တော်လှန်ရေးသမား ကဗျာဆရာတဦး ဖြစ်သည်။ ယခု ပုန်းရှောင်နေရာမှ စွန့်စားပေးပို့သည့် သူ၏ ‘တစ္ဆေကြီး’ ကဗျာကို တင်ဆက်လိုက်ပါသည်။ ဤကဗျာသည် မော်လမြိုင်ထောင်တွင်း၌ နအဖထောင်အာဏာပိုင်များ၏ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ကျဆုံး သွားခဲ့သည့် ဗိုလ်ကြီးဝင်းဗိုလ်အား ဂုဏ်ပြုရေးသားသည့် ကဗျာဖြစ်သည်ဟု သိရသည်။ ဗိုလ်ကြီးဝင်းဗိုလ် ကျဆုံးခဲ့သည့် ဇူလိုင်လ(၂၆)ရက်နေ့ကို မြန်မာနိုင်ငံအကျဉ်းသားများနေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ထားပါ သည်။ ကဗျာဆရာ ငြိမ်းသစ်သည် မော်လမြိုင်ထောင်တွင်း အကျဉ်းကျခံနေရစဉ် ၂၀၀၄ခုနှစ်က စီပီဂျေ နိုင်ငံတကာ စာနယ်ဇင်းလွတ်လပ်ခွင့်ဆုကို ရရှိခဲ့သူ ဖြစ်ပါသည်။ အထက်တွင် ကဗျာဆရာ၏ ဓာတ်ပုံနှင့် သူ၏ လက်ရေးမူကို အမှတ်တရ ဂုဏ်ပြုဖော်ပြလိုက်ပါသည်။)

တစ္ဆေကြီး
ငြိမ်းသစ်

အမှောင်တွေ ခပ်သည်းသည်း ထိမှန်နေတဲ့ မိုးည
တစိမ့်စိမ့် ယိုကျလာတာကလည်း အမှောင်
အဲဒီ အိစိုဝင်းပနေတဲ့ အမှောင်ထဲ
မည်းကနဲ ပျို့တက်လာတဲ့ ကြေကွဲမှု ၀ိသေသ
ဖွဖွညင်ညင် ခိုးဝင်လာခဲ့
ခင်ဗျားလာပါ …၊
ကျနော် မအိပ်ဘဲ ထိုင်စောင့်နေတာ ခင်ဗျားအပြုံးကိုပါပဲ။

မီးမောင်းတွေ ထိုးထားတဲ့ကြားက
ကမ္မံဇိတ္ထိတန်ခိုးနဲ့ အမိုးစွန်းကို တွဲခို
ရုတ်ဆို ခင်ဗျား ပျောက်သွားပြန်ရော၊
ကြိုးတိုက်ဘက်ကနေ
အုတ်တံတိုင်းကို လွှားကနဲ ကျော်ချ
ဝါဒါတွေ လန့်အော်ပြီး ထွက်ပြေးကြရဲ့။

မနေ့ညကလည်း
ဝါဒါတယောက် လက်ဖက်ရည်အိတ် ဆွဲလာတာကို
ခင်ဗျားလိုက်လုတယ်၊ ပြီးတော့ …
‘လက်ဖက်ရည် သောက်ချင်လို့’ တဲ့
ရဲဘော်တွေကို ခင်ဗျားလိုက်ပြောတယ်
တစ္ဆေကြီးရေ …
ကျနော်တို့လည်း ခင်ဗျားလို ငတ်နေကြတာပါပဲ။

ခင်ဗျား တရားမှတ်ဖြစ်ရဲ့လား
ကလေးတွေနဲ့ တွေ့ပြီးပြီလား
ခင်ဗျား အမေ့ထမီကော လျှော်ပေးခဲ့သေးလား
ခင်ဗျားကို အကျဉ်းချထားဆဲလား
ခင်ဗျားကိုယ်တိုင်က ရဲဘော်တွေကို ကာကွယ်စောင့်ရှောက်ဖို့
ရဲဘော်တွေနဲ့ လာနေတာလား။

နားပါတော့ဗျာ
ခင်ဗျား ပန်းလှပါပြီ …၊
အကျဉ်းသားအားလုံး လွတ်မြောက်ဖို့ လှုံ့ဆော်ရင်း
ခင်ဗျားကိုယ်တိုင် နိုင်ငံရေးအကျဉ်းသား ဖြစ်လာခဲ့ရ
ထောင်ထဲရောက်တော့လည်း
အဓမ္မလိင်တူဆက်ဆံခံရတဲ့
အကျဉ်းကျ ကလေးစစ်သားတွေကို ကာကွယ်စောင့်ရှောက်ရင်း
ထောင်အာဏာပိုင်တွေရဲ့ နောက်ပြန်လက်ထိပ်ခတ်
လည်ပင်းနင်းပြီး ရိုက်သတ်တာ ခံရပြန်ရော။

ဒါဟာ မင်းမဲ့စရိုက်
ဒါဟာ ဥပဒေမဲ့ ပြုကျင့်မှု
အဘူဂါရိပ် အကျဉ်းထောင်က
ရက်စက်ညှင်းပန်းသူ (၇)ယောက်ကို ရုံးတင်ခဲ့တယ်၊
ခင်ဗျားကို ရိုက်သတ်တဲ့ (၂၃)ယောက်
တယောက်မှ ရုံးမတင်ခဲ့ဘူး
ကျနော်တို့အားလုံး ညံ့ခဲ့ကြတယ်။
စာကလေးကို ကျီးထိုးသုတ်တာ မြင်ပါလျက်
လှန့်မထုတ်နိုင်တဲ့ ဘ၀မျိုးနဲ့
ကျနော်တို့ ညံ့ခဲ့ကြတယ်။

တစ္ဆေကြီးရေ …
ခင်ဗျားဟာ ‘ရှင်’ မထူးခဲ့ဘူး
ယုံကြည်ချက်ကို မစွန့်လွှတ်ခဲ့ဘူး
ခင်ဗျားဟာ ရန်သူဘက်ကနေ
မိမိဘက်ကို ကူးပြောင်းလာသူ
ဟောဒီ နံရံတံတိုင်းတွေပေါ်မှာ
ခင်ဗျားရဲ့ ကြီးမြတ်ခမ်းနားမှုကို
ခင်ဗျားကိုယ်တိုင် ကမ္ဗည်းထိုးနိုင်ခဲ့
ကောင်းကင်ပေါ်က ကြယ်ပွင့်တွေဟာ
မြေပြင်မှာ ကျခဲ့ရတဲ့
ခင်ဗျားရဲ့ ရွှန်းလက်တဲ့ သွေးစက်တွေပေါ့။

အဲဒါကို
ပထမဆုံး တွေ့မြင်သူဟာ
ခင်ဗျားကိုယ်တိုင် မဟုတ်နိုင်တော့ဘူး။

တစ္ဆေကြီးရေ …
မကြာခင် ကျနော်တို့ ပြန်ကြတော့မယ်
ခင်ဗျားက နေကျန်ခဲ့မှာလား …။ ။

ငြိမ်းသစ်

No comments: