Monday, January 21, 2008

မတူတဲ့ ညီညွတ်ရေး

မတူတဲ့ ညီညွတ်ရေး
စိုင်းအိမ်မွဲ
(၁)

ထိုင်းနိုင်ငံအတွင်း မြန်မာနယ်စပ်နှင့် ကပ်လျက်တည်ရှိနေသာ ဒုက္ခသည်စခန်းတခု။ ထိုင်း-မြန်မာနယ်စပ် ဒုက္ခ သည် စခန်းများအထဲမှ အကြီးဆုံး ဒုက္ခသည်စခန်း။ မဲလစခန်းဟု လူသိများသည်။ ၁၉၈၄ ခုနှစ်တွင် စတင်ဖြစ်ပေါ်လာခဲ့သည်။ ယခုအခါ ဒုက္ခသည် အိမ်ခြေပေါင်း လေးသောင်းကျော်ခန့် ဒီစခန်းအတွင်းမှာ ရှိသည်။ ဒုက္ခသည် အများစုမှာ ကရင်လူမျိုးများ ဖြစ်သည်။ ခေတ်အဆက်ဆက် မြန်မာစစ်တပ်၏ ဖိနှိပ်မှုသတ်ဖြတ် ရက်စက်မှုများကြောင့် နေရပ်ကိုစွန့် ခွာလာရသူများ။

ညနေစာ စားပြီးစ အချိန်ဖြစ်သည်။ ကလေးများကား ဖက်မိုးတဲ အိမ်များရှေ့ရှိ ကွက်လပ်တွင် ဆော့ကစားနေကြသည်။ ‘အမိုး … ဒီနေ့ဘာချက်စားလဲ’ နော်ဖောဖောက အိမ်နီးချင်းဖြစ်သူ အမိုးနော်ဝါးဝါးကို လှမ်းမေးလိုက်သည်။ ‘ဝေး … ခါတိုင်းလိုပဲ ညာဝုထိ (ငပိရေ)နဲ့ ပဲဟင်းပေါ့၊ နင်လည်း ဘာချက်စားလဲ ဖောဖော’ ငပိရည်နဲ့ တို့စရာဟု နော်ဖောဖောက ရယ်ကျဲကျဲနှင့် ပြန်ဖြေလိုက်သည်။

လူပျိုလူရွယ်များကတော့ ဒုက္ခသည် စခန်းအတွင်းရှိ နှစ်ဘတ်တန် လက်ဖက်ရည်ဆိုင်မှာ ရောက်တတ်ရာရာများ ပြောဆိုနေကြသည်။ လူကြီးပိုင်းတချို့ကတော့ ညနေပိုင်း သတင်းများ နားထောင်ဖို့အတွက် အိတ်ဆောင် ရေဒီယို အသေးလေးများကို ပြင်ဆင်လျက်ရှိသည်။ မြန်မာပြည်အတွင်းမှာ ဘာတွေများ ထူးသလဲဆိုတာ သူတို့ သိချင်ကြသည်။ အမိမြေနှင့် ဝေးခဲ့သည်မှာ ကြာခဲ့ပြီမဟုတ်လား။

ဒုက္ခသည်စခန်းကော်မတီ လူကြီးများကတော့ အစည်းအဝေး တခုအတွင်း အပြင်းအထန် ခေါင်းချင်း ရိုက်လျက်ရှိသည်။ အကြောင်းကတော့ ဒုက္ခသည် စခန်းများသို့ အန်ဂျီအိုများမှ ထောက်ပံ့ပေးနေသော စားနပ်ရိက္ခာနှုန်းထား လျော့ချတော့မည်ဟု ကြားသိရသောကြောင့် ဖြစ်သည်။ ဒီသတင်း သေချာတာ မသေချာတာက အရေးမကြီး။ သူတို့အထဲတွင် သဘောထားတခုခု ချထားရန် လိုသည်ဟု ကော်မတီလူကြီးများ အနေနှင့် စဉ်းစားမိသောကြောင့် ဖြစ်သည်။ အစည်းအဝေးအပြီး ဆုံးဖြတ်ချက်တခု ချမှတ်လိုက်သည်။ စားနပ်ရိက္ခာ ဒီ့ထက်လျော့ချပါက စခန်းအတွင်း မှီခိုသူ ဒုက္ခသည်များ အထူးသဖြင့် ကလေးသူငယ်များ ပိုမိုဒုက္ခ ရောက်နိုင်သောကြောင့် နိုင်ငံခြား အန်ဂျီအိုများအား စားနပ်ရိက္ခာ မလျော့ချဖို့ စခန်းတွင်းရှိ ဒုက္ခသည်အားလုံးမှ ညီညီညွတ်ညွတ် အရေးဆိုရန်ပင်ဖြစ်သည်။

(၂)

နေရာက ထိုင်း-မြန်မာနယ်စပ်ရှိ ထိုင်းဖက်ကမ်းမှ မြို့လေးတမြို့။ အတိုက်အခံ အဖွဲ့အစည်းများမှ ခေါင်းဆောင်တချို့ တိုက်ခန်းတခုအတွင်း စုဝေးရောက်ရှိနေကြသည်။ အစည်းအဝေး လုပ်ကြမလို့ ထင်ပါရဲ့။ အစည်းအဝေး မဟုတ်ဘူးဆိုရင်တော့ ညနေပိုင်း ဆုံနေကြ၀ိုင်းပဲ ဖြစ်မှာပါ။ ညနေဆိုတော့လည်း ထုံးစံအတိုင်း နေညိုတော့ လေပြိုမှာပေါ့။

‘ဟေ့ … လူစုံကြပြီလား’ မေးရင်းပြောရင်းဖြင့် ကိုလေပေါတယောက် ကားသော့ကို လက်ညိုးဖြင့် လှည့်ကစားရင်းက တိုက်ခန်းအတွင်းသို့ ၀င်လာသည်။ ‘စုံနေပြီလေ။ ခင်ဗျား နောက်ဆုံးပဲ။ အဲ … ဒါပေမယ့် ဦးဗိုက်ကလေးကတော့ ဖောရိန်းဒိုနာ (နိုင်ငံခြားအလှူရှင်) တချို့နဲ့ ဒီညနေ တွေ့ဖို့ရှိတော့ မလာဖြစ်တော့ဘူးလို့ ဖုံးဆက်တယ်’ ဒါက ကိုလိပ်ရဲ့ ပြန်ဖြေသံ။ တချိန်တည်းမှာပဲ နောက်ဖေး မီးဖိုခန်းထဲက ထွက်လာတဲ့ ကိုပြူးနဲ့ ကိုမဲလုံး တွေ့လိုက်ရသည်။ သူတို့လက်ထဲမှာ အမြည်းပန်ကန်တွေ ကိုင်လျက်။ ‘ဘဲကင်နဲ့ အခေါက်ကင်ကတော့ ဆိုင်က မှာထားတာ’ ကိုမဲလုံးက ပြောရင်းတန်းလန်းဖြင့် အမြည်းပန်ကန်များကို ကျွန်းစားပွဲကြီးပေါ် လှမ်းတင်လိုက်သည်။ ‘ဒီအမဲနှပ်ကျော်နဲ့ ဆိက်ကလီစာ ဟင်းကတော့ ခွန်ရှစ်ခြောက်ဆိုင်က’ ကိုပြူးကလည်း ပြောရင်းဖြင့် အမြည်းပန်ကန်များကို စားပွဲပေါ် ထိုးတင်လိုက်သည်။

‘ဟင် … ခင်ဗျားတို့ဟာကလည်း အကုန်လုံးဆိုင်က မှာထားတာချည်းပါလား။ အိမ်မှာလုပ်တဲ့ အမြည်းလေးများမ ပါတော့ဖူးလား’၊ ဒါက ကိုလေပေါရဲ့ အထွန့်တက်သံ။ ကိုမဲလုံးက ကိုလေပေါကို မျက်စောင်းထိုးရင်း ‘ကိုလေပေါရယ် ခင်ဗျားတို့ ကျနော်တို့က တနေကုန် အလုပ်များတဲ့ သူတွေ၊ သိရဲ့သားနဲ့၊ ဘယ်လိုလုပ်ပြီး ဒီအမြည်းတွေ အကုန်လုံး အိမ်မှာ ချက်ပြုတ်နိုင်ပါ့မလဲ။ စားမှာသာ စား။ အဲ … အိမ်လုပ်အမြည်းကတော့ ဒီမှာ … လက်ဖက်သုတ် ချဉ်စပ်ကလေး’။

ကျွန်းစားပွဲကြီးပေါ်တွင် တင်ထားသော အမြည်းများကား မြိုင်ဆိုင်လှသည်။ ဆိုဒါ၊ ရေခဲ၊ ဖန်ခွက်များနှင့် မာဘိုရိုစီးကရက် နှစ်ဘူးကလည်း အသင့်ရောက်နေကြသည်။ ကိုပြူးက ခပ်ထေ့ထေ့ လေသံဖြင့် ‘ကိုင်း … ဒီနေ့တော့ ဖြစ်သလို ဘလက်လေဘယ်နဲ့ပဲ စခန်းသွားကြစို့’။ အမည်းရောင် စက္ကူဘူးကြီးအတွင်းမှ ဂျော်နီဝါကား ဘလက်လေဘယ် ပုလင်းကြီးကို ထုတ်လိုက်သည်။ အရေးတည်းမှာ ကိုလိပ်က အပြင်းမသောက်ခင် ဂျာမန်ဘီယာလေး တလုံးလောက် အမောပြေ သောက်ရရင် ကောင်းမယ်ဟု ဈေးဆစ်နေပြန်သေးသည်။ ဟုတ်ပေသကိုး။ တနေကုန် အရေးကြီးတာတွေ လုပ်နေရတော့ မောပေမပေါ့။ ထိုင်းဘီယာများက ကွာလတီ (အရည်အသွေး) မကောင်းတဲ့အကြောင်း၊ မစွံတဲ့အကြောင်းကလည်း ကိုလိပ်ရဲ့ ပြောနေကျစကား။

ကိုလေပေါက ဖန်ခွက်အတွင်း ဘလက်လေဘယ် ငှဲ့ထည့်ရင်းဖြင့် အမြည်းပန်ကန်များကို ဝေ့ကြည့်လိုက်ခါ ‘အင်း … ဒါကြောင့် ရှေးလူကြီးများ ပြောတာကိုး။ သူကြီးမရှိတော့ ရွာဆူ အမြည်းမရှိတော့ အာပူဆိုတာ’။ ကိုလေပေါ ဆိုဒါထည့်ဦးမလားဟု စားပွဲတဖက်ထိပ်မှ ကိုလိပ်က လှမ်းမေးတော့ ‘ဟင့်အင်း … အရက်ကောင်းကို ဆိုဒါတွေ ရေတွေ ရောလိုက်ရင် အရသာ ပျက်သွားတယ်။ ကျနော်ကတော့ ရေခဲလေးနဲ့ပဲ။’ ထိုအချိန်တွင် ကိုပြူးက သူ၏လက်တော့ ကွန်ပြူတာကို ဖွင့်၍ ဟိုဟိုသည်သည် လုပ်နေသည်။ ကိုမဲလုံးက အဲဒါကို ကြည့်မရတော့သဖြင့် ‘ကိုပြူး ညနေခင်း အရသာ ပျက်တယ်ဗျာ။ ခင်ဗျား ကွန်ပြူတာကြီး ပိတ်ထားလိုက်စမ်းပါ။’ ပြည်တွင်းက အရေးကြီးတဲ့ သတင်းများ ၀င်မ၀င် တချက်လောက် စစ်နေတာပါဟု ပြောရင်း ကိုပြူးက သူ၏ ဒေါ်လာနှစ်ထောင်တန် ဆိုနီလက်တော့ ကွန်ပြူတာကို ပိတ်လိုက်သည်။

သောက်ကြစားကြရင်းဖြင့် သူတို့အားလုံး အတော်လေး အရှိန်ရနေကြရင်း မော်တော်ကားများအကြောင်း စကားက ရောက်သွားသည်။ ကိုလိပ်က ‘ကိုပြူး … ခင်ဗျားကားက အတော်လေး ဟောင်းနေပြီ။ အသစ် မလဲသေးဖူးလား’။ ‘ကိုလိပ်ရယ် … ခင်ဗျားကတော့ အတော်အတဲ့သူပဲ။ အဲဒီ့ကားအဟောင်းက အလှူရှင် ဒိုနာတွေလာရင် မောင်းပို့ဖို့ တမင်ထားထားတာ။ ကားအသစ်က နောက်တနေရာမှာ’။ ဒါက ကိုမဲလုံးက ဖြတ်ပြောလိုက်တာ။ ကိုပြူးကတော့ ဘာမှဝင်မပြော တဟီးဟီးနဲ့သာ ရယ်နေသည်။ ‘ကျုပ်တို့များတော့ ဆိုင်ကယ်လေးကလွဲလို့ ဘာကားမှ မရှိပေါင်’ ကိုလိပ်က ထပ်၍ အကဲဆတ်လိုက်သည်။ ကိုပြူး၊ ကိုလေပေါတို့ နှစ်ယောက်စလုံးဆီက တပြိုင်တည်း အသံထွက် လာတာကတော့ ‘ဟေ့ ဟေ့ … ကိုလိပ်၊ ကိုယ့်ဘာသာကို မစီမံတတ်လို့ ဖြစ်တဲ့ကိစ္စ ကိုယ်တို့ကို ဘာညာ လာစွပ်စွဲ မနေနဲ့။ ကိုလိပ်ဆိုတဲ့အတိုင်း ခင်ဗျားက နေရာတကာ နှေးတာကိုး။ ခင်ဗျားတို့အဖွဲ့လည်း တနှစ်တနှစ် ရတာနည်း သလားလို့။ ကိုမဲလုံးတို့ အဖွဲ့အခြေအနေက ကားတွေ ဘာတွေ ၀ယ်တယ်ဆိုရင် မကောင်းဖူးလေ။ မကောင်းပြောချင်တဲ့ လူတွေက တန်းစီနေတာ၊ ဟုတ်တယ်မဟုတ်လား ကိုမဲလုံး’။ အဲသည်တော့မှ တဟဲဟဲရယ်ရင်း ကိုလိပ် ရှက်ပြုံးပြုံး၍ ဘရိတ်အုပ်လေသည်။ ခဲတလုံးဖြင့် ငှက်နှစ်ကောင်ထိအောင် ပစ်ချလိုက်ခြင်းဖြစ်သည်။ ကိုမဲလုံးလည်း ဘာမှမပြော ၀ီစကီခွက်ကိုင်ရင်း သွားဖြီးကြီးဖြင့်သာ ရှိတော့သည်။ ‘ဟေ့လူတွေရာ့  ကျုပ်ကားအကြောင်း ပြောမနေနဲ့ ဘတ် ခြောက်သိန်းလောက်ပဲတန်တာ။ ဒါတောင် အရစ်ကျစနစ်နဲ့ ၀ယ်ရတာ။ လုံးကနဲ ပေးနိုင်တာ မဟုတ်ဖူး။ ဦးဗိုက်ကလေး ကားဆို ဘတ်နှစ်သန်းလောက် တန်တာ။ ကိုင်းခင်ဗျားတို့ ဘာပြောမလဲ’၊ ကိုပြူးက လက်နက်ကြီး ထုတ်သုံး၍ သူ့ကိုယ် သူကာကွယ်လိုက်သည်။

နောက်ကားပိုင်ရှင် တဦးဖြစ်သည့် ကိုလေပေါကလည်း သူ့ဆီသို့ များဦးလှည့်မလာခင် မာဘိုရိုစီးကရက် တလိပ်ကို ကောက်၍ မီးညှိလိုက်ရင်း စကားလမ်းကြောင်း လွှဲလိုက်သည်။ ‘ဒီ အမေရိကန်ဆိုတဲ့ ကောင်တွေက ကျုပ်တို့ကို ဘာတွေများ မှတ်နေသလဲ မသိဘူး။ မဖြစ်စလောက် ထောက်ပံ့ငွေလေးနဲ့ ကျုပ်တို့ကို ဟိုဟာ မအောင်မြင်လို့ သည်ဟာ မအောင်မြင်လို့ဆိုပြီး ကွန်ပလိန်း တက်တယ်လေ။ ဟောကြည့် … ပြီးခဲ့တဲ့ စက်တင်ဘာ ရွှေဝါရောင် လှုပ်ရှားမှုကြီးဖြစ်တော့ ကျုပ်တို့ တင်ပြကြတယ် မဟုတ်လား။ အရေးပေါ် ရန်ပုံငွေလို ချက်ချင်းလိုနေပြီ။ အထဲက ကျုပ်တို့ လူတွေကို အမြန်ထောက်ပံ့ဖို့ လိုတယ်ဆိုတဲ့အကြောင်း။ အဲသည့် အချိန်တုံးကသာ ဒေါ်လာသုံးသန်းလောက် ပုံပေးလိုက်ရင် အထဲမှာ ပွဲပြတ်သွားမယ်။ ဒါပေမယ့် ခွေးမသား အမေရိကန်တွေက ဘာမှ အကြောင်းမပြန်ဖူး။ တော်တော်မိုက်ရိုင်းတဲ့ ကောင်တွေ’။

ဟုတ်တယ်။ ဟုတ်တယ်။ ကျန်တဲ့လူများအားလုံး ကိုလေပေါအဆိုကို ၀ိုင်းထောက်ခံကြသည်။ ကိုမဲလုံးက ‘ကိုယ့်အချင်းချင်းမို့ ပင်းပြောတာတော့ မဟုတ်ဘူး။ ကိုလေပေါပြောတာ မှန်တယ်။ ကြည့်လေ အာဖဂန်တို့ အီရတ်တို့မှာ အမေရိကန် စစ်တပ်တွေ ပစ်ခဲ့တဲ့ ဒုံးပျံတွေဟာ ထောင်နဲ့ချီပြီး ရှိတယ်။ ဒုံးပျံအမျိုးအစားကိုလိုက်ပြီး တလုံးကို ဒေါ်လာနှစ်သောင်းကနေ နှစ်သိန်းအထိ တန်တယ်လေ။ ဒါတောင် ကျန်တဲ့ စစ်စရိတ်တွေ ထည့်မပြောသေးဘူး။ ကျုပ်တို့ မြန်မာ့အရေးကြတော့ ထောက်ပံ့တယ်သာပြောတယ် ဆင့်ပါးစပ် နှမ်းပက်သလောက်ပဲ။’ ကုလားထိုင်တွင် ထိုင်ရတာ ညောင်းလို့ထင်ပါရဲ့။ စားပွဲကြီးဘေးတွင် ကပ်လျက်ရှိသော ခုံတန်းရှည်သို့ ကိုလိပ် ပြောင်းထိုင်လိုက်သည်။ သည့်နောက် တဖြည်းဖြည်းချင်း လျောင်းတော်မူ ကိုယ်တော်ကြီးအဖြစ် အသွင်ပြောင်းလိုက်သည်။ သို့သော် တချိန်တည်းတွင် ကိုလေပေါတို့ ကိုမဲလုံးတို့၏ အဆိုများ တင်ပြချက်များကို ထောက်ခံပေးနေသည်။ ‘ပြည်တွင်းလုပ်ငန်း ဆိုတာကလည်း ငွေမရှိရင် ဘာမှလုပ်လို့ မရဘူးလေ။ ကျနော်တို့အထဲက ရဲဘော်တွေကို လုံလုံလောက်လောက် ထောက်ပံ့မပေးနိုင်တော့ အခုလို စက်တင်ဘာကိစ္စဖြစ်တော့ တစ်ဆို့ကုန်တာပေါ့။ တချို့ရဲဘော်တွေဆို ပြေးစရာ လမ်းစရိတ်တောင်မရှိလို့ အဖမ်းခံကြရတာ၊ သိပ်သနားဖို့ ကောင်းတယ်ဗျာ။’

အမဲနှပ်ကျော်တတုံးကို ကောက်ဝါးရင်း ကိုပြူးက ‘ရိုးရိုးနဲ့ ရှင်းရှင်းလေးပါ။ အဓိကကတော့ ညီညွတ်ရေးပဲ။ ကျုပ်တို့ အားလုံး မညီညွတ်လို့ အမေရိကန်တွေ၊ ဥရောပသားတွေဖက်က အကြောင်းပြစရာလို ဖြစ်နေတာ။ ကြုံတုန်းမို့ပြော ရဦးမယ်။ ကိုလေပေါ … နောက်တခါ ခင်ဗျားရဲ့ ဦးဗိုက်ကလေးကိုလည်း သေသေချာချာ ပြောဗျာ။ ကျုပ်တို့ဘက်ကလည်း စည်းစည်းလုံးလုံး လုပ်ချင်ပါတယ်။ ဒါပေမယ့် သူနဲ့စကားပြောရတာ တခါတခါ အဆင်ပြေသင့်ရဲ့သားနဲ့ မပြေဖူး။ ခင်ဗျားလူက သိပ်ပြီး တုံးတိကြီး ဆန်လွန်းတယ်။ သံခင်းတမန်ခင်းနဲ့ ဒီပလိုမေစီကိုလည်း နားလည်ဖို့ လိုတယ်ဗျ။ ’ ထိုအခါ ကိုလေပေါက ပြာပြာသလဲ လက်ကာ၍ ‘အမလေ့း့  စွပ်စွပ်စွဲစွဲဗျာ။ ဦးဗိုက်ကလေးက ကျုပ်လူ မဟုတ်ပါဘူး။ ခင်ဗျားတို့နဲ့လည်း ဆိုင်နေတဲ့ ဥစ္စာ။’

ထိုညနေ သောက်ဝိုင်းကနေ လေးယောက်သား တညီတညွတ်တည်း ချမှတ်နိုင်လိုက်တဲ့ ဆုံးဖြတ်ချက်ကတော့ မိမိအ ချင်းချင်းအကြား ညီညွတ်ရေး ပြန်လည်တည်ဆောက်ရန် လိုသည်ဟူသော အဆိုပင် ဖြစ်တော့သည်။

(၃)
ဘန်ကောက်မြို့တနေရာတွင် ကျင်းပပြုလုပ်နေသော သတင်းစာရှင်းလင်းပွဲတခု။ ပီနန်ဆရာတော်ဘုရာကြီး ဦးပညာဝံသ ဦးဆောင်၍ သံတမန်များ၊ သတင်းမီဒီယာသမားများ၊ ထိုင်းနိုင်ငံအခြေစိုက် မြန်မာအဖွဲ့အစည်းများ တို့မှ သိလိုသည်များကို ရှင်းလင်းပြောကြားနေသည်။ ဆရာတော်ဘုရာကြီးသည် နိုင်ငံတကာရောက် မြန်မာ့သံဃာတော်များ အဖွဲ့အစည်း၏ ဥက္ကဌလည်း ဖြစ်သည်။

နိုင်ငံခြား သတင်းထောက်တဦးက ‘အခု စက်တင်ဘာ ရွှေဝါရောင် လှုပ်ရှားမှုကြီးအပြီး အရှင်ဘုရားတို့အနေနဲ့ နိုင်ငံတကာကို အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေနဲ့ ပတ်သက်လို့ ဘယ်လို အကူအညီမျိုးတွေ ပေးဖို့ တောင်းဆိုထားပါသလဲဘုရား’။

ဆရာတော်ဘုရားကြီးက ဤသို့ ပြန်လည်ဖြေကြားသည်။ ‘ဒီလို စစ်အာဏာရှင်စနစ် အောက်ကနေ လွတ်မြောက်ဖို့အတွက် အဓိက အရေးကြီးတာကတော့ စိတ်ပိုင်းဆိုင်ရာအရ ကူညီတာပဲ ဖြစ်ပါတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ စစ်စစ်မှန်မှန် ပြည့်ပြည့်စုံစုံ ကူညီတာက ပိုလို့အရေးကြီးပါတယ်။ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အကူအညီက အကန့်အသတ် ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစစ်အာဏာရှင် တိုက်ဖျက်ရေးဟာ တရက်၊ တပတ်၊ တလ၊ တနှစ် ကိစ္စမဟုတ်ပါဖူး။ ရေရှည်အသွင်ဆောင်တဲ့ ကိစ္စဖြစ်လို့ စိတ်ဓာတ်ရေးရာ အမြဲတမ်း ခိုင်မာဖို့အတွက် မှန်မှန်ကန်ကန် ကူညီခြင်းကသာ ပိုလို့အရေးကြီးတယ်လို့ ဘုန်းကြီးတို့ အနေနဲ့ ပြောလိုပါတယ်။

တက်ရောက်လာသော မြန်မာနိုင်ငံသားများကိုလည်း အချင်းချင်းအကြား ညီညွတ်ရေး တည်ဆောက်ကြပါရန် မိန့်ဆိုခဲ့သည်။ စစ်အာဏာရှင် တိုက်ဖျက်ရေးတွင် တဖွဲ့တည်း၊ တပါတီတည်းနှင့် အစုတစု၏ ကိစ္စသဖွယ် ဆောင်ရွက်နေတာမျိုးကို တွေ့နေရခြင်းသည် လှုပ်ရှားမှုကြီး၏ အရှိန်အဟုန်ကို ထိခိုက်စေကြောင်းကိုလည်း ထောက်ပြသည်။ အားလုံးပါဝင်၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်မှသာ ပိုမိုအောင်မြင်မှု ရနိုင်မည်ဟုလည်း မိန့်ဆိုသည်။ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာစေရန်အတွက် အရေးအကြီးဆုံး အချက်ကတော့ တိုက်ပွဲဝင်သူများ အချင်းချင်းအကြား အမှန်တကယ် ညီညွတ်ရေး တည်ဆောက်ဖို့လိုကြောင်း အကြံပေးသွားခဲ့သည်။

ရှင်းလင်းမှုရှိသော၊ ဗိုလ်မကျသော၊ တပတ်မရိုက်သော၊ အမြတ်မထုတ်သော စစ်မှန်သည့် ညီညွတ်ရေးမျိုးကတော့ အမှန်တကယ် လိုအပ်နေသည်။

စိုင်းအိမ်မွဲ
၂၁၊ ၀၁၊ ၂၀၀၈

2 comments:

chimmon said...

တကယ်ခံစားရပါတယ်..
ဒီမိုကရေစီတော်လှန်ရေးအဓွန့် ရှည်ပါစေဆိုတဲ့ အရက်ဝိုင်းတွေရှိနေသရွေ့  ပရိုပိုဆယ်တော်လှန်ရေးရှိနေသရွေ့ ဒေးတူးတွေချည်းပဲ လုပ်နေသရွေ့ 
ပေးဆပ်သွားတဲ့ ပြည်သူတွေ သံဃာတော်တွေ ကျောင်းသားပြည်သူတွေကို အားနာပါဦး
ရှက်တတ်ရင် လဲသေလိုက်ဖို့ ကောင်းတယ်

Anonymous said...

really really good one
i read with my heart