Monday, January 21, 2008

ကမ္ဘာမကြေဘူး

ပြည်ချစ်မေ

လောကပါလတရားတွေ ပျောက်ဆုံး၊ ကိုယ်ချင်းစာတရား ဆိုတာ နတ္ထိ
ငါးပါးသီလဆိုတာ ဘာမှန်းမသိ၊
ရက်စက်ယုတ်မာတဲ့ နေရာမှာ၊ ယမမင်းကတောင် အရှုံးပေး ကြောက်ဒူးတုန်ရတဲ့အထိ
နအဖ လက်မရွံ့အဖွဲ့ကို လူတိုင်းက အော့နှလုံးနာ စက်ဆုတ်ရွံရှာ
အဲဒါလား ဗုဒ္ဓဘာသာ …။

တော်သလင်းလပြည့်နေ့က စလို့ သံဃာတော်တွေရဲ့သွေး မြေကျခဲ့ရ၊
သံဃာတော်တွေရဲ့ သင်္ကန်းတွေ သွေးစွန်းခဲ့ရ၊
သံဃာတော်တွေရဲ့ ကျောင်းတွေ ကြေမွခဲ့ရ၊ ဒိဠိတွေရဲ့ လုပ်ရပ်တွေ
နားနဲ့မဆန့်အောင် ကြားကြရ၊ ရင်နဲ့မဆန့်အောင် ခံစားကြရ၊
မြတ်ဗုဒ္ဓရဲ့ ဓမ္မကို စောင့်ရှောက်ကြရတဲ့ သားတော်တွေ ကြမ္မာဆိုးနဲ့ ကြုံကြရ၊
ခွေးဆိုးတွေရဲ့ ယုတ်မာရိုင်းစိုင်းမှုအောက်မှာ ရေတိမ်နစ်ကြရပါပေါ့ ဘုရား။
တပည့်တော်တို့အပေါ် ထားခဲ့တဲ့ အရှင်ဘုရားတို့ရဲ့ ကရုဏာနဲ့ တာဝန်ကျေခဲ့မှုတွေ
တပည့်တော်တို့ ရင်ထဲအသည်းထဲမှာ၊ သေသည့်တိုင်အောင် အမှတ်ရနေမှာပါဘုရား
တပည့်တော်တို့တတွေ အရှင်ဘုရားတို့ရဲ့ကျေးဇူး တနေ့တော့ ကျေအောင်ဆပ်ပါ့မယ်လို့
ရှိခိုးဦးတင် ကန်တော့ပါတယ် အရှင်ဘုရား …။

အေးချမ်းစွာနဲ့ ဆန္ဒြပကြ
ရလာတာက လူမဆန်တဲ့ တုန့်ပြန်မှုဗျ၊ လူကြီးလူငယ် ကျားမ ကလေးမရှောင်
ကြမ်းချင်တိုင်း ကြမ်းခဲ့ကြ ရမ်းချင်တိုင်း ရမ်းခဲ့ကြ
သြချရလောက်အောင် မိုက်ရိုင်းယုတ်မာကြ
သွေးပျက်စရာ ကောင်းလောက်အောင် ရက်စက်။

အဲဒီလိုနည်းတွေနဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေကို နှိပ်စက်
အားမရသေးတော့ ကျူပင်ခုတ် ကျူငုတ်မကျန်အောင်
ဒဏ်ရာတွေနဲ့ မေ့မျောနေသူတွေ ညည်းညူနေသူတွေကို
ပြာမှုန့်ဖြစ်အောင် လုပ်ပစ်၊ သုဘရာဇာတောင် မလုပ်ရက်ကြ
မျက်ရည်ကျ ငြင်းလိုက်တော့မှ၊ ဒင်းတို့ကိုယ်တိုင် လုပ်ကြမတဲ့
ဟုတ်လိုက်တဲ့ ခွေးမသားတွေ လူလွန်မသားတွေ
ဒင်းတို့အတွက် န၀မမြောက်ငရဲ အဆင်သင့်ဘဲ။
လက်ဗလာနဲ့ ပြည်သူတွေအပေါ် အညှာတာမဲ့ ရိုင်းစိုင်း
သံဃာရော လူရော မရှောင်၊ အကြမ်းဗရမ်းနဲ့ ဓားပြတိုက်
ညမိုက်မှောင်မှာ ကျက်စား၊ လှောင်အိမ်ထဲက ငှက်
ကြိုက်သလို ၀င်ရိုက်နှက်။

မြတ်ဗုဒ္ဓ ကျောင်းဆောင်တွေအပေါ် စစ်ဖိနပ်နဲ့ အတင်းတက်
ဘုန်းကြီးကျောင်းတွေထဲ အတင်းဝင်၊ ရပ်ကွက်တွေထဲ အတင်းမွှေ
ကျောင်းတွေထဲ ညမကျိန်းရဲ၊ ရပ်ကွက်ထဲ ညမအိပ်ရဲ
ဆိုးလိုက်တဲ့ ငါတို့ဘဝ
ဘယ်မှာလဲ တရားမျှတခြင်း၊ ဘယ်မှာလဲ လွတ်လပ်ခြင်း
ကိုယ့်တိုင်းပြည်ကိုယ်နေရင်း ကျွန်ဖြစ်နေရတဲ့ ဘ၀တွေ
ကြားလို့မှ ကောင်းကြသေးရဲ့လား။

လူသူမထွက်ရတဲ့
ညဥ့်နက်သန်းခေါင်အချိန်၊ ခွေးဆိုးတွေ ကြီးစိုး
ဘယ်တော့များ ငါ့အိမ်တံခါး လာခေါက်၊ ခဏလောက်ပါ ဒင်းတို့အပြော
ဘယ်တော့ ပြန်လာနိုင်မလဲ မသိနိုင်တဲ့ သူပေါင်းများစွာ
ပြည်သူ့အာဏာ ဒင်းတို့ လုယူပြီးကတည်းကပေါ့
မိသားစုပေါင်းများစွာရဲ့ မျက်ရည်တွေ
ကိုယ်ယုံကြည်ရာကို ထုတ်ဖေါ်ပြောမိသူတွေရဲ့
သွေးစက်တွေ ၀ိဉာဉ်တွေ
ဘယ်လောက်တောင် များခဲ့ပြီလဲ
ခံစားရတာတွေ ရင်နာလွန်းလို့ ရင်ကွဲတော့မတတ်ပါဘဲ။

သခင်အောင်ဆန်း နိုင်ငံတော်ကို သွေးစွန်းခဲ့ပြီ အဖရေ့
သခင်ကိုယ်တော်မှိုင်း ရာဇ၀င်တွင်အောင် ရိုင်းခဲ့ကြပြီ အဖိုးရေ့
ဟစ်လို့သာငိုချင်၊ ဟင်္သာကိုးသောင်းပျက်ကိန်း ဆိုက်ခဲ့ရပြီ။

အမိုက်တကာ့ထိပ်ခေါင် အယုတ်တကာ့ဘုရင်
အရိုင်းစိုင်းဆုံး စာရင်းဝင်၊ ကမ္ဘာ့အလယ်မှာ နာမည်ဆိုးနဲ့
ကျော်ကြားခဲ့တဲ့ ဒင်းတို့အဖွဲ့၊
ကိုယ်လုပ်သမျှ အဟုတ်ထင်
မြန်မာပြည်ရဲ့ ခွေးဆိုးစာရင်းဝင်တွေ
လုပ်ထားကြဦးပေါ့၊
နေ၀င်ချိန်ဆိုတာ ရှိစမြဲ၊ ၁၉၈၈ရဲ့နောက်ပိုင်း
အနှစ်နှစ်ဆယ် ရှိရော့မယ်၊ နင်တို့ရဲ့ နေ၀င်ချိန်နီးပါပေါ့
သေကာနီးတောင် ဆုတောင်းစရာ၊ ဘုရားမရှိ တရားမရှိတဲ့ အကောင်တွေ …။

ကမ္ဘာ့အလယ်မှာ မရှက်မကြောက် လုပ်ဇာတ်တွေနဲ့ မဟုတ်တာပြော
နိုင်ငံတကာက မြင်နေရက်နဲ့တောင် မျက်နှာပြောင်တိုက်ရဲပါပေ့
ဘယ်မိမဆုံးမ ဖမဆုံးမတွေလဲ
နိုင်ငံတော်ရဲ့မျက်နှာ တိုင်းပြည်နဲ့ လူမျိုးရဲ့မျက်နှာ
ရှက်စရာ နာစရာပဲ
နင်တို့ရှိနေတာ တိုင်းပြည်နဲ့လူမျိုး နာမည်ပျက်တယ်၊
န၀မမြောက် ငရဲက နင်တို့အတွက်ပဲ ‘နအဖ’ …။ ။

ပြည်ချစ်မေ
၉-၁၀-၂၀၀၇

(၂၆- ၉- ၂၀၀၇ တော်သလင်းလပြည့်နေ့  သံဃာတော်များ သွေးမြေကျသည့်နေ့ စိတ်ထိခိုက်လှခြင်းများစွာ ခံစားရပါသဖြင့် ရေးပါသည်)

1 comment:

Jobove - Reus said...

very good blog, congratulations
regard from Catalonia Spain
thank you