အဟိ
အဟိတို့ လွတ်မြောက်နယ်မြေမှာ ဆရာမကြီး ဒေါက်တာစင်သီယာမောင်ဆိုရင် မြန်မာနိုင်ငံသားတွေ သာမက ဒေသခံ ထိုင်းလူမျိုးတွေကပါ လေးစားကြည်ညိုတဲ့ မဟာဂရုဏာရှင်တဦးအဖြစ် လူသိများပါတယ်။ ဆရာမကြီး ဒေါက်တာစင်သီယာမောင်ဟာ မြန်မာပြည်တွင်းက နအဖ သကောင့်သားတွေရဲ့ နှိပ်စက်ကလူပြုမှုကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးလာကြရတဲ့ နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး ဒုက္ခသည်တွေ၊ မြန်မာနိုင်ငံအတွင်းမှာ စီးပွားရေး အခြေအနေ ဖွတ်တက်နေလို့ ထိုင်းနိုင်ငံမှာ လာရောက်ကျွန်ခံနေကြရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ၊ မြန်မာပြည်တွင်းမှာ နအဖစစ်တပ်က အကြောင်းမဲ့ လိုက်လံနှိပ်စက် သတ်ဖြတ်နေလို့ နေထိုင်ရာ အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးပြီး ပုန်းရှောင်နေထိုင်ကြရတဲ့ ရွှေ့ပြောင်းလူထုတွေအတွက် ကျန်းမာရေးကိစ္စတွေ၊ လူသားအကျိုးပြု လုပ်ငန်းတွေကို ဘ၀နဲ့ရင်းပြီး စောက်ချလုပ်ကိုင်နေသူ ရှားပါးပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။
အဲဒီလို နအဖစစ်အုပ်စုရဲ့ ဒုက္ခအင်ဖနတီ ပေးမှုကြောင့် နလံမထူနိုင်သူ မြန်မာနိုင်ငံသားတွေအတွက် အလုပ်တွေ တရစပ် လုပ်နေရတဲ့ ဆရာမကြီး ဒေါက်တာစင်သီယာမောင်မှာ ကိုယ်ပိုင်အချိန်ရယ်လို့ မရှိသလောက် ရှားတာကို အဟိလည်း သိနေလေရဲ့။ ဒါပေမယ့် ဆရာမကြီးဟာ ဂရုဏာရှင်ပီပီ ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ်၊ ဘယ်လိုပဲ အာရုံများများ သူ့ရဲ့ ရှားပါးအချိန်တွေထဲကနေ တစက္ကန့်လေးရဲ့ ဆယ်ပုံတပုံကိုပဲ ဖြစ်ဖြစ် ပြင်ပလောကအတွက် အချိန်ပေးပြီး ငဲ့စောင်းကြည့်တတ်ပါတယ်။
တခါသားမှာတော့ ဆရာမကြီး ဒေါက်တာစင်သီယာမောင်က မယ်တော်ဆေးခန်းမှာရှိတဲ့ သူ့ရဲ့ရုံးခန်းထဲမှာ နိုင်ငံခြားသား ဧည့်သည်အချို့ကို လက်ခံစကားပြောနေပါသတဲ့။ အဲဒီအချိန်မှာ SAW (Social Action for Women) အဖွဲ့ရဲ့ ဒါရိုက်တာဖြစ်တဲ့ မအေးအေးမာ (လက်ရှိ ဗွီအိုအေ မြန်မာသတင်းထောက်)က ဆရာမကြီးနဲ့ တွေ့ဖို့ အရေးကြီးကိစ္စတခုရှိတာနဲ့ မယ်တော်ဆေးခန်းကို သွားသတဲ့။ ဆေးခန်းရောက်တဲ့အခါ ဆရာမကြီးက ရုံး ခန်းထဲမှာ နိုင်ငံခြားသား ဧည့်သည်တွေနဲ့ စကားလက်ဆုံကျနေတာကိုတွေ့လို့ မအေးအေးမာက အပြင်ကနေပဲ ထိုင်စောင့်နေသတဲ့။ စောင့်ရင်းစောင့်ရင်း အချိန်ကြာလာလို့ ဆရာမကြီးတို့ စကားပြောနေတဲ့ ရုံးခန်းအ၀ကနေ ခေါင်းလေးပြူတစ်ပြူတစ်လုပ်ပြီး ခဏခဏ သွားကြည့်မိသတဲ့။ တခါသွားအကြည့်မှာတော့ ဆရာမကြီး ဒေါက်တာစင်သီယာမောင်က လှည့်ကြည့်တာနဲ့ တိုးသွားသတဲ့။ အဲဒီမှာတင် ဆရာမကြီးက မအေးအေးမာကို တချက်လှည့်ကြည့်ကာ ‘အောင်ဖေကို ပြောပြီး (၆)အိတ် ထုတ်သွားလိုက်’လို့ လှမ်းပြောတော့ မအေးအေးမာလည်း ရှက်သွေး ဖြန်းသွားသတဲ့။ အဲဒီဖြစ်ရပ်ကို နားထောင်နေရင်း ဘာကြောင့် ဆရာမကြီးက အဲသလိုပြောပြီး မအေးအေးမာက ဘာဖြစ်လို့ ရှက်သွားရသလဲဆိုတာကို အဟိလည်း ခေါင်းစားနေမိရဲ့။ အဟိကို ဇာတ်ကြောင်းပြောပြနေတဲ့ မအေးအေးမာရဲ့ ငယ်ကချစ် အနှစ်တရာ မမေ့နိုင်သူ ဆရာမောင်လွမ်းဏီက ဆက်ရှင်းပြမှပဲ ဇာတ်ရည်လည်သွားတော့တယ်။
မအေးအေးမာ ရှက်သွေးဖြန်းသွားရပုံက ဒီလိုပါတဲ့ …။
မအေးအေးမာက SAW (Social Action for Women)ရဲ့ ဒါရိုက်တာဖြစ်တော့ လူသားအကျိုးပြုလုပ် ငန်းတွေ မနားတမ်း လုပ်ကိုင်နေတဲ့ ဆရာမကြီး ဒေါက်တာစင်သီယာမောင်နဲ့ ဆက်စပ်ပြီး အလုပ်လုပ်ရတာတွေ ရှိသတဲ့။ မအေးအေးမာက SAW အဖွဲ့အတွက် လိုအပ်တဲ့ ရိက္ခာပစ္စည်းတွေကို ဆရာမကြီးနဲ့ တွေ့ဆုံပြီး မယ်တော်ဆေးခန်းမှာ လာရောက် ထုတ်ယူရလေ့ရှိသတဲ့။ အဲဒီအခါမှာ ဆရာမကြီးရဲ့ လက်ထောက်ဖြစ်သူ ကိုအောင်ဖေဆီကတဆင့် ထုတ်ယူရသတဲ့။ အချိန်ကျတိုင်း လာထုတ်နေကျကလည်း ဆန်(၆)အိတ် ဖြစ်သတဲ့။
ဆရာမကြီးနဲ့ မအေးအေးမာကြားမှာ အဲသလို အမှတ်သညာတွေကရှိတော့ အဲဒီနေ့မှာ ဆရာမကြီးက မအေးအေးမာ ခေါင်းပြူတစ်ပြူတစ် ကြည့်နေတာကို အားနာပြီး စောင့်နေရမှာစိုးလို့ ပြောလိုက်တာ ဖြစ်မှာပါလို့ ဆရာမောင်လွမ်းဏီက ရှင်းပြတယ်။ ဒါပေမယ့် အဲဒီနေ့က မအေးအေးမာတယောက် ဆရာမကြီးကို တွေ့ဖို့ လာ စောင့်နေတဲ့ ကိစ္စက ကိုအောင်ဖေဆီက ဆန်(၆)အိတ်ထုတ်ဖို့ ကိစ္စမဟုတ်ဘဲ အခြားကိစ္စတခု ဖြစ်ပါသတဲ့။ အလုပ်များလွန်းတဲ့ ဆရာမကြီး ဒေါက်တာစင်သီယာမောင်ရဲ့ လူတဖက်သားကို အားနာတတ်တဲ့ စိတ်ကြောင့် ပြောလိုက်တဲ့ ‘အောင်ဖေကိုပြောပြီး (၆)အိတ် ထုတ်သွားလိုက်’ ဆိုတဲ့ စကားလေးကပဲ အဟိတို့အတွက် တင်္ဒဂ အမောပြေစရာ ချစ်စဖွယ် ဟာသလေးတခု ဖြစ်ခဲ့လေရဲ့။
(ကြည်ညို လေးစားရပါသော ဆရာမကြီး ဒေါက်တာစင်သီယာမောင်နှင့် ဇာတ်ကြောင်းပြောပြသော ဆရာမောင်လွမ်းဏီ + မအေးအေးမာ ဇနီးမောင်နှံသို့ အမှတ်တရ …)
Monday, January 14, 2008
ကိုအောင်ဖေဆီက ဆန်ခြောက်အိတ် (ဟာသ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment