မလွတ်လပ်တဲ့ မြန်မာပြည် ဇွတ်သတ်တဲ့ စံဌာနီ
ဖွတ်သဘင် ကျွတ်သဘင် ဆင်နွှဲခဲ့သည် လိမ်မြဲဟဲ့ နာဇီ
တုတ်ကြီး (ခေတ္တ တာဝတိံသာ)
ဖွတ်သဘင် ကျွတ်သဘင် ဆင်နွှဲခဲ့သည် လိမ်မြဲဟဲ့ နာဇီ
တုတ်ကြီး (ခေတ္တ တာဝတိံသာ)
၁၈၈၆ ခုနှစ်ကနေပြီးတော့ ၁၉၄၈ အထိ ကျုပ်တို့တိုင်းပြည်ဟာ အင်္ဂလိပ်လက်အောက် ဒီကြားထဲ ဂျပန်က (၂)နှစ်၊ ၁၉၄၂ ကနေ ၁၉၄၄ ထိ၊ တော်တော်များများလည်း ပါးရိုက်ခံလိုက်ရတယ်။ အင်္ဂလိပ်ကျွန်ဖြစ်ခဲ့တာ (၆၂)နှစ် အင်္ဂလိုဘားမီးစ် ဆိုတာလေးတွေလည်း ပြွတ်ကနဲ ပြွတ်ကနဲ ထွက်လာလိုက်ကြတာ … (၂)နှစ်ဝန်းကျင် အတွင်းလည်း ဂျပန်ကတော်တွေ မှိုလိုပေါက်ခဲ့လို့ … အဲဒါက ကျုပ်တို့ တချို့သော ဗမာအမျိုးသားရေးစိတ်ဓာတ်။
အဲဒီမတိုင်ခင် ၁၉၃၇မှာ ကုလားပြည်နဲ့ ခွဲရေးတွဲရေးတွေ ပြောကြဆိုကြ ငြင်းကြခုန်ကြ။ အဲဒီနယ်ချဲ့ လက်အောက်က လွတ်လပ်ရေး လှုပ်ရှားမှုတွေမှာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဖာသည်မ ကအစ ပါခဲ့တယ်။ ကျောင်းသားတွေနဲ့ တိုးတက်တဲ့ လူငယ်တွေဖြစ်တဲ့ ကိုဘဟိန်းတို့ သခင်အောင်ဆန်းတို့ သခင်သန်းထွန်းတို့ သခင်နုတို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့နဲ့ အစရှိသဖြင့် အကုန်ထည့်ပြောရရင်တော့ ဒီနေ့ နာမည်ကုန်မယ် မဟုတ်ဘူး။ သခင်ရှုမောင် ခေါ် ဦးနေ၀င်း အပါအ၀င်ပေါ့။ ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ ၁၉၄၇မှာ အခြေခံဥပဒေ ဆွဲကြတယ်။ ပင်လုံမှာ လက်မှတ်တွေထိုးကြနဲ့ ဇူလိုင်လလည်းရောက်ရော ဗိုလ်ချုပ်အောင်ဆန်းတို့ တဖွဲ့လုံး လုပ်ကြံခံလိုက်ရတယ်။
၁၉၄၈မှာ လွတ်လပ်ရေးရတော့ သမ္မတကြီး စ၀်ရွှေသိုက်လက်အောက် ၀န်ကြီးချုပ် ဦးနုတို့လက်အောက်မှာ ပထမဆုံး ကိုယ့်လူမျိုးစစ်စစ်တွေရဲ့ အစိုးရဖြစ်လာခဲ့တယ်။ အဲဒီတုန်းက ဒီမိုကရေစီခေတ်ပေါ့။ ကနဦး လွတ်လပ်ရေးနဲ့တကွ တိုင်းပြည်ရဲ့ ဦးတည်ချက်တွေဖြစ်တဲ့ ဒီမိုကရေစီရေး ဆိုရှယ်လစ်ရေး အမျိုးသား သွေးစည်းညီညွတ်ရေးတွေကို အာဏာရ အစိုးရက ရူးချင်ယောင်ဆောင်ခဲ့တာတွေနဲ့ … မြန်မာ့လွတ်လပ်ရေး အတွက် တတပ်တအား ပါဝင်ခဲ့သလို တပ်မတော် ဖွဲ့စည်းမှုမှာလည်း တပ်ဦးက ပါခဲ့တဲ့ ကွန်မြူနစ်ပါတီဝင်တွေလည်း တောခိုလိုက်ကြတယ်။
အဲဒီ ဒီမိုကရေစီခေတ်ပြီး အောက်တိုဘာလ ၁၉၅၈ ကနေ ဧပြီ ၄ ရက် ၁၉၆၀ အထိ အိမ်စောင့်အစိုးရဆိုပြီး ဦးနေ၀င်း တက်လာတယ်။ မတ်လ ၂ ရက် ၁၉၆၂ လည်းကျရော တော်လှန်ရေးကောင်စီအစိုးရဆိုပြီး သူ့ကိုယ်သူ ၀န်ကြီးချုပ်ခန့်ပြီး အာဏာသိမ်းယူခဲ့လိုက်တာ ဇူလိုင် ၇ ရက်နေ့မှာ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဗုံးခွဲ စိန်ခေါ်ခဲ့တယ်။ အဲဒီလို တော်လှန်ရေးကောင်စီဆိုပြီး နေလိုက်တာ မတ်လ ၂ ရက် ၁၉၇၄ ထိရောပဲ။ ပြီးတာနဲ့ သူ့တပည့် သားမြေးတွေနဲ့ ဆိုရှယ်လစ်ဘီကီနီ ဖမ်းဝတ်ကြပြီး တိုင်ပွတ်တော့တာပါပဲ။ သနပ်ခါးလေး ပါးကွက်တော့ ကွက်ထားလိုက်သေးတယ်။ မြန်မာ့နည်း မြန်မာ့ဟန်လည်း ဖြစ်အောင်ပေါ့။ စင်ပေါ်တက်ပြီးတော့ သူ့အရပ်နဲ့ သူ့ဇာတ်ကို လုပ်ပစ်လိုက်တာ ခုထိ ငါနဲ့ကိုင်တုတ်လိုက်ရင် ဖင်ချွေးစို့အောင် ကြောက်တဲ့ ဦးခင်မောင်ကြီးတို့ မသေသေးဘူး။ တလောကပဲ ဥက္ကဌကြီးက ဥက္ကဌကြီးကနဲ့ နအဖ အလိုတော်ရိ မြတ်ခိုင်လုပ်နေတဲ့ လျှပ်တစ်ပြက်ဂျာနယ် အင်တာဗျူးမှာ ဖတ်လိုက်ရသေးတယ် ။
ဒီဇင်ဘာ ၅ ရက် ၁၉၇၄ မှာ ဦးသန့်ဈာပန ကိစ္စတွေအထိ အဲဒီခေတ်တွေ ပြန်ကြည့်လိုက်တော့ ကိုယ့်တိုင်းပြည်ကို ကိုယ့်လူမျိုး စအုပ်ချုပ်ပြီဆိုတဲ့ အချိန်နောက်ပိုင်း သာယာဝပြောမှုတွေ တိုးတက် ထွန်းကားမှုတွေနဲ့ နှိုင်းစာရင် နိုင်ငံရေးအရရော အသက်ကိုပါ လုပ်ကြံသတ်ဖြတ်မှုတွေ နိုင်ငံရေးလောကထဲမှာ ဖြစ်ကြသလို ထောင်ချ သတ်ဖြတ် ညှင်းပန်းမှုတွေ လုပ်ခဲ့လိုက်တာ မရပ်ခဲ့ဘူး။ ၁၉၈၈ လူထုအုံကြွမှုကြီးနဲ့တကွ ၂၀၀၇ စက်တင်ဘာအထိ ရဟန်းရှင်လူပြည်သူနဲ့ ကျောင်းသားအရေးတော်ပုံတွေ လှုပ်ရှားမှုတွေ အကြိမ်ကြိမ်ြ ဖစ်ခဲ့တယ်။ ဖြစ်ခဲ့သမျှတိုင်းမှာလည်း အကြမ်းဖက် သတ်ဖြတ် နှိမ်နင်းခဲ့ကြတာက တနင့်တပိုး။
လွတ်လပ်ရေးရဲ့ အနှစ်သာရကို ယူနီဖောင်းဝတ်တဲ့ လူတန်းစားပဲ စားပိုးနင့်အောင် သုံးစွဲခံစားခွင့်ရှိခဲ့တာဟာ ဦးနေ၀င်းဆိုတဲ့ပုဂ္ဂိုလ် အာဏာကို နှစ်ပေါက်တပေါက်ရိုက် သိမ်းခဲ့တဲ့ နောက်ပိုင်းကနေ အခု ကျုပ် နားယားလို့ နားဖာကလော် ရှာနေတဲ့ အထိပဲ။ လွတ်လပ်ရေးဆိုတာ တကယ်တော့ စစ်တပ်ကို လိုသလို အသုံးချနေတဲ့ ဗိုလ်ချုပ်ကြီးများဆိုတဲ့ လူတစုနဲ့ အဲဒီ လူတစုကို သင့်တင့်အောင် ဖင်ပေးပေါင်းနိုင်တဲ့ လူတန်းစားတွေ၊ ခေတ်ပျက်မှာ ကျိကျိတက် ချမ်းသာနေတဲ့ သူတွေနဲ့ သူတို့အရိုးအရင်းကိုက်တွေပဲ ခံစားနိုင်တဲ့ အခွင့်အရေး ဖြစ်နေတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့တွေ လုပ်ကြံခံလိုက်ရတာ နယ်ချဲ့အောက် လွတ်မြောက်ရေး တိုက်ပွဲတလျှောက် အသက်ပေးသွားခဲ့ကြတဲ့ လူတန်းစား အသီးသီးထဲက လူတွေ၊ ကျောင်းသားတွေ၊ ရဟန်းတွေ ဟာ ခုလို စစ်အာဏာရှင်စနစ်နဲ့ တိုင်းပြည်ကို ကိုယ့်လူမျိုးချင်း ယုတ်မာရက်စက် သတ်ဖြတ်နိုင်အောင် သတ်ဖြတ်နိုင်ခွင့်တွေအတွက် သေပေးခဲ့ကြတာ မဟုတ်ပါဘူး။
ပြည်သူလူထုဟာလည်း နယ်ချဲ့အောက်က လွတ်မြောက်လာခဲ့နိုင်အောင် တိုက်ခဲ့တဲ့ လွတ်လပ်ရေးဆိုတာ အမျိုးသားစစ်အာဏာရှင်က ယုတ်မာ အနိုင်ကျင့်တာကို ခေါင်းငုံ့ခံဖို့ မဟုတ်ဘူးဆိုတာကို ဘ၀ပေးပြီး နားလည်နေကြပြီဆိုတာလည်း ယုံမှားစရာ မရှိပါဘူး။ ဒီတော့ အမြင်ရှင်းကြဖို့ လိုပါတယ်။ ကျနော်တို့ မလွတ်လပ်ပါဘူး။ ပိုမိုစုတ်ချာ သိမ်ဖျင်းမာယာများတဲ့ ကျေးကျွန်ပြုမှုအောက်မှာ ကိုယ့်အိမ်ထဲ ကိုယ်နေရင်း တထိတ်ထိတ် တလန့်လန့်နဲ့ ကျီးလန့်စာစား နေရတဲ့ဘ၀တွေနဲ့ပါ။
ဒီနေ့ ကျနော်တို့ တိုက်ပွဲဟာ အင်မတန် ရှင်းပါတယ်။ ဖိနှိပ်သူ စစ်အာဏာရှင်နဲ့ ဖိနှိပ်ခံ လူတန်းစားပေါင်းစုံ ပြည်သူလူထုရဲ့တိုက်ပွဲ ဖြစ်ပါတယ်။ ဖိနှိပ်ခံရသူတွေထဲ သူဌေးလည်း ပါမယ်၊ ၀န်ထမ်းလည်း ပါမယ်၊ စစ်သားလည်း ပါမယ်၊ လယ်သမားလည်း ပါမယ်၊ သံဃာလည်း ပါမယ်၊ ကျောင်းသားလည်း ပါမယ်၊ အလွှာပေါင်းစုံ လူထုလူတန်းစား ပေါင်းစုံဟာ ဖိနှိပ်ခံရသူတွေ ဖြစ်ကြပါတယ်။ ဒီတော့ ဖိနှပ်ခံရသူအားလုံး လက်ဝဲအမြင် လက်ယာအမြင်တွေ ဘေးခနထား၊ တိုင်းရင်းသားစုဖွဲ့မှုတွေ ပြောဆိုရာ ဘာသာစကား ထွန်းကားရာ ဓလေ့တွေ အသာထားပြီး အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲ အမျိုးသား စစ်အာဏာရှင် စနစ်အောက်က ရုန်းထွက် လွတ်မြောက်နိုင်ကြဖို့ ရှေးရှုကြရင်း ဆွေးနွေးပွဲတွေ စည်းဝေးပွဲကြီးတွေက လူသိရှင်ကြား ထုတ်ဖော်အော်ဟစ် ကြွေးကြော်သံများဖြင့် အောင်မြင်စွာ အဆုံးသတ်လိုက်ကြသည် ဆိုတာကြီးများကို ဇွဲရှိရှိ သတိရှိရှိ ညီညီညွတ်ညွတ် အကောင်အထည် ဖော်ကြပါတော့ဟု လွတ်လပ်ရေး နှစ်(၆၀)ပြည့်နေ့တွင် မျှော်လင့်တကြီး မေတ္တာရပ်ခံလိုက်ရပါသည်။
တုတ်ကြီး (ခေတ္တ တာဝတိံသာ)
1 comment:
Post a Comment