Saturday, December 15, 2007

ဂရေ့စ် (ခ) လဇွန်ဆိုင်းဂျာသို့ တမ်းချင်း

ဂရေ့စ် (ခ) လဇွန်ဆိုင်းဂျာသို့ တမ်းချင်း
အောင်ဝေး
ပုံတူ-ပန်းချီမင်းကျော်ခိုင်
ကချင်မလေး
မင်းဟာ ငါ့အဖို့တော့
ဒီလွတ်မြောက်နယ်မြေမှာ
ပထမဆုံး ပွင့်တဲ့ ပန်းကလေးပါပဲ။

ကျေးဇူးတင်တယ်
ကချင်မလေး။

ဒီလွတ်မြောက်နယ်မြေရဲ့
လွမ်းမောဖွယ် တောအုပ်ကလေးတခုမှာ
မင်းဟာ
ငါ ပထမဆုံး ဖူးရတဲ့ အလင်းရောင်ပါ။

ကချင်မလေး
မင်း ကချင်စကား မတတ်တော့ဘူး။

ငါက
ချင်းစကား မတတ်တော့တဲ့ သူပါ။

ကချင်မလေး
ရန်ကုန်မှာ မွေးပြီး
ဘန်ကောက်မှာ ကြီးပြင်းလာတဲ့
မင်းဘ၀မှာ
မေခ-မေလိခ မြစ်ဆုံကို
မင်း အိပ်မက် မမက်ဖူးတာ
ငါ ၀မ်းနည်းပါရဲ့။

ငါကတော့
ဟိုး … ရှင်ဗွေယန်၊ နန်းယွန်း
ပန်ဆောင်
ဟူးကောင်း တောင်ကြားအထိ လွမ်းပြီး
လီဒိုလမ်းမကြီးကို ထမ်းခဲ့ဖူးတဲ့ ကောင်ပါ။

စိတ်မဆိုးပါနဲ့
ကချင်မလေး။

မင်းမှာ
ကချင်နဲ့ တူတာဆိုလို့
နာမည်ပဲ ကျန်တော့တယ်။

ဒါတောင်
မင်းဟာ တော်လှန်ရေးနယ်မြေတွေကို
သွားတဲ့အခါ
ဂရေ့စ် ဖြစ်လိုက်
လဇွန်ဆိုင်းဂျာ ဖြစ်လိုက်။

ကချင်မလေး
ငါကတော့ မင်းကို
အပြစ်မတင်ပါဘူး။

မင်းဟာ
ငါတို့ရဲ့ တိုင်းရင်းသူပဲ။

ချူလာလောင်ကွမ် တက္ကသိုလ်က
မင်း ဘွဲ့ရခဲ့တယ်
ချူလာလောင်ကွမ် တက္ကသိုလ်ရဲ့
ရွှေရောင်နေ့ရက်တွေမှာ
မင်းဟာ
နတ်သမီးကလေးတပါး ဖြစ်ခဲ့မယ်။

ဘိဇနက်ပညာနဲ့ ဘွဲ့ရခဲ့တဲ့
မင်းဟာ
ငါနဲ့ တွေ့တော့
နိုင်ငံတကာက ဒုက္ခသည်တွေကို
ကယ်ဆယ်တဲ့ မေခလာတပါး ဖြစ်နေတယ်။

မင်းအတွက် ဂုဏ်ယူတယ်
ဘန်ကောက်သူ ကချင်မလေး။

မင်းကတော့
လရောင်နဲ့ လှတဲ့
ဘန်ကောက်ညတွေမှာ
စိတ်ချလက်ချ အိပ်စက်နိုင်တဲ့
ကချင်တိုင်းရင်းသူကလေးပေါ့။

ငါတို့ တိုင်းပြည်မှာတော့
မင်းလို တိုင်းရင်းသား လူငယ်တွေဟာ
ည ည
အိပ်လို့ မပျော်နိုင်ကြပါဘူး။

စစ်အစိုးရရဲ့ ထောက်လှမ်းရေးတွေ
အချိန်မရွေး ၀င်ရောက်စီးနင်း
အတင်းအဓမ္မ
ရိုက်နှက်ဖမ်းဆီး
ခေါ်ဆောင်သွားမှာကို
အမြဲ စိုးရိမ်ပူပန်နေရတဲ့ ဘ၀ပေါ့။

ဘန်ကောက်မှာ အနှစ် နှစ်ဆယ်
ထောင်ကာ အကကို
မင်း မကတတ်တော့ဘူး။

ဘန်ကောက်မှာ အမြစ်တွယ်
မနောတိုင်တွေကို
မင်း မချစ်တတ်တော့ဘူး။

ခရစ်စမတ်မှာ
ဝတ်စရာ
မင်းမှာ ရိုးရာဝတ်စုံလည်း မရှိတော့ဘူး။

ဒါပေမယ့်
ငါ မင်းကို ချစ်ပါတယ်။

မင်းဟာ
ကချင်တိုင်းရင်းသူတယောက် ဖြစ်နေတဲ့ အတွက်ကိုပဲ
ငါ မြတ်နိုးပါတယ်။

အကယ်၍သာ
လွန်ခဲ့တဲ့ နှစ်တွေက
တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့
ကယန်း တော်လှန်ရေး ရဲဘော်မလေး
‘အင်နာစတာရှား’တို့လို
စစ်မှန်တဲ့ ပြည်ထောင်စုကြီးအတွက်
အသက်ပေးသွားခဲ့တဲ့
တိုင်းရင်းသား လူငယ်ပေါင်းစုံရဲ့
ရုပ်ပုံလွှာတွေကိုသာ
မင်း သိခဲ့မယ်ဆိုရင်။

ဘန်ကောက်က မြန်မာသံရုံးရှေ့မှာ
မင်းကိုယ်တိုင်
ချူလာလောင်ကွမ် တက္ကသိုလ်က လူငယ်တွေနဲ့အတူ
‘မြန်မာစစ်အစိုးရ’ကို
ဆန္ဒပြခဲ့တာထက်
မင်းပိုပြီး လေးနက်လာမှာ အမှန်ပါ။

ငါယုံကြည်ပါတယ်
မင်းကို မွေးဖွားပေးခဲ့တဲ့
တိုင်းပြည်ရဲ့ ကံကြမ္မာကို
မင်းစာနာ နားလည်လိမ့်မယ်လို့
ငါ မျှော်လင့်မိပါရဲ့။

မေခ-မေလိခ မြစ်ဆုံမှာ
မင်းရုပ်ပုံကို
ငါ ရေးထားမယ် ဆိုင်းဂျာ။

ဧရာဝတီမြစ်ကမ်းပါးပေါ်မှာ
မင်းအပြုံးကို
ငါ ထွင်းထားမယ် ဆိုင်းဂျာ။

မြစ်ဝကျွန်းပေါ်
ဘင်္ဂလားပင်လယ်အော်မှာ
မင်းနာမည်ကို အော်ခေါ်ရင်း
ငါ ဆက်ပြီး တိုက်ပွဲဝင်သွားမယ် ဆိုင်းဂျာ။

တို့ပြန်ဆုံကြမယ့်
နွေဦးသစ်ရဲ့
တနံနက်မှာ
မင်းဝတ်ဖို့
ဂျိန်းဖောဝတ်စုံလေး တစုံ
ငါ့ရင်ခုန်သံ
ငါ့ယုံကြည်ချက်
ငါ့လက်နဲ့ ပေးပါရစေ။

ဂရေ့စ်ရေ …
လွမ်းတော့လေ။ ။

အောင်ဝေး
(၂၁-၁၀-၀၇)

No comments: