Friday, December 14, 2007

စတယ်လာ မြန်မာလို မတတ်ပါ (၀တ္ထုတို)

စတယ်လာ မြန်မာလို မတတ်ပါ
ကိုမွှေး

မြူရိပ်တွေ ကင်းစပြု နံနက်ခင်းနု ... ကြည်ပြာရောင် ကောင်းကင်ဟာ ပတ္တမြားရည်ဆမ်းလို့ ... နေမျှင်နုတွေနဲ့ ရက်လုပ်ထားတဲ့ ပိုးသားပုံရိပ်တခုပေါ့။ ရိုးပြတ် အသစ်စက်စက်တွေဟာ စိမ်းပျောက်ဝါနုသမ်းလို့ ... ဖရုံသီး အမြွှာတွေကတော့ ဟိုတလုံး ဒီတလုံး ၀၀အစ်အစ် ... တဆောင်းလုံး ပုန်းလာခဲ့သမျှ ... စိမ်းမှောင် သခွားရင့်တွေတောင် တချို့ဝါ တချို့စိမ်းနဲ့ အရောင်တွေပြောင်း ... လဲလျောင်းနေကြတုန်းပေါ့ ... လိပ်ပြာလေးတွေ ပုစဉ်းငယ်တွေ ပျားလေးတွေ ၀ဲလည် ပျံသန်းနေကြသလို အဲဒီ ရိတ်သိမ်းပြီးစ တောင်ယာခင်းကို ဖြတ်လို့ ကြက်တူရွေးအုပ်တွေ တစီစီနဲ့ ကသုတ်ကရက် ပျံသန်းသွားကြရင်း ...အဝေး ထင်းရူးတောတွေဆီက ကျေးငှက်သံတွေလည်း တခါခါ ... မရဲတရဲ နွေးစ လေစီးကြောင်းနဲ့အတူ မျောပါလာကြ ... တိုးတိုးသဲ့သဲ့နဲ့ နေ့သစ်တခုရဲ့ အစကို ဆေးချက်တင်ကြ တေးသီဖွဲ့ကြ … ကဗျာသီကုံးကြပေါ့ ...။

ဒီးခူပွဲ(ကောက်သစ်စားပွဲ)ပြီးစ ...၊ ခေါင်ရည်ရှရှတွေ မွှေးပျံ့စွာ ... ဖားစည်သံ ဝေလွင်တုန်ခါတဲ့ အပျော်တွေနဲ့ တရွာလုံးကတော့ တက်ကြွဖျတ်လတ်လို့ စုပေါင်းအမဲလိုက်ပွဲ တခုအတွက် စနေတရက်ကို သတ်မှတ်ရင်း မင်္ဂလာသီချင်းတွေ ရိုးရာဂီတသံတွေနဲ့ ရွာလယ် ဘုရားကျောင်းရှေ့ တလင်းမှာ ပြင်ကြဆင်ကြလို့ ...။

အိမ်ခြေ နှစ်ဆယ်သာသာ ဟောဒီ တောင်ပေါ်ရွာကလေးမှာ ထင်းရှူးဆီမီးဟာ ညအခါ ချစ်သူမျက်နှာလေးကို ငေးခွင့် မှုန်တိမှုန်ဝါးပေးတဲ့ အားဆေးပေါ့ ...။ ဘုရားကျောင်းက တလုံးတည်းသော ဂစ်တာဟောင်းလေးဟာ အပျိုမတွေအတွက် သက်ပြင်းတခါမှ မချခဲ့ဖူးတဲ့ တူရိယာပစ္စည်းလေးပေါ့ ...။ မလှမ်းမကမ်း တောင်ယာတွေဟာ ဘ၀အာမခံချက်တွေပေးတဲ့ တောင်ယာဆန်တွေ ရှင်သန်ဖြစ်ထွန်းရာပေါ့ ...။

ဒီတနင်္ဂနွေနေ့ဟာ မင်္ဂလာအပြည့် ...။
ရွာလူငယ်တွေရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဘုရားရှိခိုးကျောင်းက သင်းအုပ်ဆရာကတော့ ဒီရွာမှာ ဆေးဆရာဆိုလည်း သူ၊ ကျောင်းဆရာဆိုလည်း သူ ၊ ဓမ္မတရားတွေ ဟောကြားတော့လည်း သူ၊ ဓမ္မသီချင်းတွေ သီဆိုတဲ့အခါ ဂစ်တာတီးတာလည်း သူ၊ ပြီးတော့ ဗမာစကား ရေရေလည်လည် တတ်တာလည်း သူ၊ လွိုင်ကော်မြို့ပေါ်မှာ အထက်တန်းအထိ ကျောင်းနေခဲ့ဖူးသူ ဘာသာရေး ကျောင်းတက်ခဲ့ဖူးသူပေါ့...။

လက်သီးဆုပ်လောက် ၀က်သားတုံးတွေ ပေါလောမျောနေတဲ့ ကယားဆန်ပြုတ်တွေနဲ့ ကျွဲသားမုန်ညင်းဟင်းချိုနဲ့ ပဲပုတ်ငရုတ်သီးထောင်းနဲ့ ဆန်နီကြမ်းကြီးတွေ အငွေ့တထောင်းထောင်းနဲ့ ... ပလစ်စတစ်ပုံးကြီးထဲက ကယား တောင်ပေါ်ချက်အရက် စူးရှရှအငွေ့နဲ့ ... ဒီမင်္ဂလာပွဲလေး အစမှာ ရပ်ဝေး ရွာငယ်တချို့က လာကြတဲ့ သတို့သား သတို့သမီး ဆွေမျိုးများနဲ့ တရွာလုံးကတော့ မရှိရှိတာလေးတွေ ၀တ်လို့ အတတ်နိုင်ဆုံး သစ်လွင်အောင် ကိုယ့်ဟာကိုယ် ဆင်ယဉ်တင့်တယ်နေကြရဲ့ ...။

နုပျိုငယ်ရွယ် လှသွေးကြွယ်တဲ့ သတို့သမီးလေး စတယ်လာကတော့ ပြုံးလို့ ရွှင်လို့ ရင်ခုန်စွာ အသစ်လွင်ဆုံး ၀တ်စုံ ခပ်ဟောင်းဟောင်းလေးနဲ့ သူသိပ်ချစ်တဲ့ ထူးရယ်ဆိုတဲ့ သူ့ချစ်သူ သတို့သားမျက်နှာကို လမင်းကြီးများ ထင်နေရော့လားမသိ တစိမ့်စိမ့်ကြည့်ရင်း ထမင်းဆီဆမ်း ရွှေလင်ပန်းကို မျှော်တဲ့ကလေးငယ်လို အပြစ်ကင်းစွာ ချစ်ခြင်းမှာ စီးမျောလို့ ရင်မောလှိုက်ဖို နေ့တာကို တိုစေချင်နေရဲ့ ...။ အတိုက်အခိုက် အကျအဆုံးမရှိဘဲ အောင်ပွဲရလာတဲ့ ရှစ်ခေါပဏီ တပ်မကြီးတစ်ခုက တပ်မှူးကြီးတဦးလို ဟန်ပန်နဲ့ ထူးရယ်ကတော့ ကမ္ဘာကြီး လည်ခြင်း မလည်ခြင်း သံလွင်မြစ်ရေတွေ စီးဆင်း မစီးဆင်း ... ကယားသဇင်တွေ ပွင့်ခြင်း မပွင့်ခြင်း ဆိုတာတွေကို သတိမထားအားတော့တဲ့ ပီတိတွေ လျှံမြုပ်လို့ ပြုံးပြုံးကြီးကို သူ့ကိုယ်သူ နှစ်နေလိုက်တာ ဘေးလူတွေပါ သူ့ပီတိထဲ နစ်မြောလို့ …၊ ရယ်သံတွေလည်း တသောသော....တနှစ်လုံးစာ အမောတွေ ဖြေလို့ …၊ ကယားအရက်တွေ၊ ခေါင်ရေတွေသောက် တောင်လေစီးကြောင်း ပါးပါးတွေအောက်မှာ ...။

ရွာအ၀င် ဆင်ခြေလျော ပြေပြေဖက်က ခွေးဟောင်သံတွေ တစီစီ ထွက်လာလို့ တရွာလုံး ဗြောင်းဆန်လို့ ... သေနတ်တွေ ထိုးချိန်ရင်း ရွာထဲကို တယောက်ချင်း ခပ်တင်းတင်း ၀င်လာကြတဲ့ မည်းမည်းသည်းသည်း ပိန်ခြောက်ခြောက် ကျီးကန်းတောင်းမှောက် မျက်လုံးတွေနဲ့ လွိုင်ကော်အခြေစိုက် မြန်မာ့တပ်မတော် တပ်ရင်းတစ်ရင်းရဲ့ စစ်ကြောင်းဟာ ရုတ်တရက် ရွာထဲ ကို မဖိတ်ခေါ်ဘဲ ၀င်လာခဲ့တယ်...။

ဟေ့ … ရွာသူကြီး ဘယ်မှာလဲ ... ခါးက သေနတ်အတို တလက်နဲ့ ကြယ်အမဲတွေ ပခုံးပေါ်မှာ တင်ထားတဲ့ လူတစ်ယောက်က ခပ်မာမာ မေးလိုက်တယ်။ သင်းအုပ်ဆရာဟာ ခပ်ရို့ရို့ ခေါင်းငုံ့ရင်း မရဲတရဲ အပြုံးနဲ့ ...
ဗိုလ်ကြီး ကျနော်တို့ ဘာအကူအညီ ပေးရမလဲခင်ဗျာ၊ အခုရွာမှာ မင်္ဂလာပွဲလည်း ရှိနေတော့ အတော်ပဲ ၀က်သားဆန်ပြုတ် ကျွဲသားမုန်ညင်းဟင်းချို ပဲပုတ်နဲ့ လိုအပ်မယ်ဆိုရင် နောက်ထပ် ကြက်ကလေးတွေ ရှိပါသေးတယ်ခင်ဗျာ...။

စစ်ဗိုလ်က ဟန်ပါပါ ခါးထောက်ရင်း သင်းအုပ်ဆရာကို မေးလိုက်တယ် ..."ဟုတ်ပြီလေ ... မင်းက သူကြီးလား" "မဟုတ်ပါဘူးခင်ဗျာ ကျနော်က သင်းအုပ်ဆရာပါ ဒါပေမယ့် တရွာလုံးမှာ မြန်မာလို တတ်တာဆိုလို့ ကျနော်တစ်ယောက်ပဲ ရှိတော့ ... ဗိုလ်ကြီးတို့ အဆင်ပြေရေးအတွက်ရော သူကြီးအတွက်ပါ
ကျနော်က ၀င်ပြောပေးတာပါ" လို့ သင်းအုပ်ဆရာက ဖြေလိုက်တယ်။ လေတွေတောင် ငြိမ်သက်လို့
ဟောဒီတောင်ကြောကြီး အသက်ရှူရမှာတောင် ကြောက်နေထင်ပါ့ ...။

အင်အားသုံးရာခန့် မြန်မာ့တပ်မတော် စစ်ကြောင်းနှင့်အတူ ဘီလူးချောင်းတ၀ိုက် ရွာများမှ ဖမ်းလာသော ပေါ်တာအထမ်းသမားများဖြင့် တရွာလုံး ပျားပန်းခတ်မျှ ... မင်္ဂလာပွဲကလေးကတော့ ပြီးသွားခဲ့ပြီ။

တပ်ရင်းမှူးနှင့် ရုံးအဖွဲ့က မင်္ဂလာမောင်မယ်တို့ အိမ်ကလေးမှာ စတည်းချပြီ။ ကျန်သော အဖွဲ့များကလည်း အိမ်များပေါ်မှာ နေရာတက်ယူလိုက်ကာ ကျောပိုးအိပ်များ ချလို့ ...။ တပ်စုနှစ်စုကို ခပ်ဝေးဝေး တောင်ကုန်းများပေါ် ကင်းရှေထိုးလိုက်ကြပြီ။ သေချာသည်က ဒီညတော့ သူတို့ ဒီရွာမှာ စခန်းချတော့မည် ဖြစ်သည်။

နေ့သည် စိတ်ပျက်လက်ပျက် သူ၏ နေလုံးကြီးအား အနောက်အရပ်သို့ ဆောင့်ကြီးအောင့်ကြီး တွန်းပို့ ဆွဲချ ဖျောက်ဖျက်ပစ်စပြုပြီ၊ ကြံရာပါလား … သို့ မဟုတ် ဥပေက္ခာပြုခြင်းလား … သို့မဟုတ် ...။

နေညိုဆည်းဆာ ယွန်းခဲ့ပြီ။
သင်းအုပ်ဆရာကို တပ်ရင်းမှူးက ရွာသားများအား ယောက်ျားမိန်းမ နှစ်စုခွဲကာ ဘုရားကျောင်းရှေ့တွင် လူစုရန် မှာလိုက်သည်။ သင်းအုပ်ဆရာဘေးမှာ ရုံးအဖွဲ့က စစ်သားနှစ်ယောက် ကပ်ပါလာသည် ။
သင်းအုပ်ဆရာက တအိမ်တက်ဆင်း လိုက်ပြောပြီး မကြာခင်ပင် ဘုရားကျောင်းရှေ့ ကွက်လပ်ကလေးတွင် ဧည့်သည်ဆွေမျိုးများနှင့် ရွာခံများအားလုံး အစုနှစ်စုခွဲလျက် ငုတ်တုတ်ကလေးတွေ ထိုင်စောင့်နေကြလို့ ...။

တဖြည်းဖြည်း အမှောင်ကျခဲ့ပြီ။
တပ်စိတ်နှစ်စိတ်က သင်းအုပ်ဆရာမှ လွဲ၍ ကလေးငယ်များ အပါအ၀င် ရွာသားယောင်္ကျားများ အားလုံးအား သေနတ်ဖြင့် ချိန်ကာ စတင်ထွက်ခွာကြပြီ။ ရွာသားများမှာ တပ်စိတ်နှစ်စိတ်နှင့်အတူ ရွာနှင့် ခပ်လှမ်းလှမ်းက တောအုပ်ထဲသို့ လိုက်ပါသွားရပြီ။ တပ်ရင်းမှူးက ပထမဆုံး စတယ်လာကို လက်ညှိုးထိုးကာ ခေါ်လိုက်ပြီး
ဘုရားကျောင်းပေါ်သို့ တက်သွားတော့သည်။ သင်းအုပ်ဆရာ တယောက်တည်း တပ်ကြပ်ကြီးတယောက်နှင့် ရဲဘော်တယောက် ကြားမှာ …။

အလင်းမဲ့သော ကမ္ဘာတခြမ်းသည် ဘုရားရှိခိုးကျောင်းထဲမှ ငရဲခန်းအား ရယ်သွမ်းသွေးနေသယောင်။ ညလေကြမ်းတွေ တိုက်ခတ်လို့ ...။ စတယ်လာ၏ အော်ငိုသံ တပ်ရင်းမှူး၏ ဟိန်းဟောက်သံတို့ ခဏကြာတော့ ငြိမ်သွားသည်။ နောက်တော့ အဘွားကြီးများမှစ၍ ဆယ်နှစ်ကျော်အရွယ် ကလေးငယ်များ အပါအ၀င် မိန်းမအားလုံးအား ဘုရားကျောင်းပေါ်သို့ မောင်းသွင်းကြပြီ။ ထို့နောက်တွင်တော့ ... ထိုရွာလေး၏ ကြမ္မာဆိုးအား
ဘုရားသခင်သည် သူ၏ ကျောင်းတော်လေးထဲတွင် ဥပေက္ခာပြုလိုက်သလား မသိ။

စစ်သား တအုပ်ပြီးတအုပ် ... ဘုရားကျောင်းပေါ်သို့ တက်လိုက် ဆင်းလိုက် သင်းအုပ်ဆရာမှာတော့ မျက်ရည်များပြည့်သော မျက်လုံးအိမ် ... သွေးထွက် နာကျင်နေသော နှုတ်ခမ်း ... မယုံနိုင်သည့်စိတ် တုန်ရင် ချိနဲ့နေသော ခန္ဓာကိုယ်ဖြင့် အားတင်း မတ်တပ်ရပ်ရင်း နားများ ပင်းသွားလိုက်ချင်သည့် ဆန္ဒများဖြင့် ...။

သန်းခေါင်ထက် ညဥ့်မနက်တော့ ...။
…………………………………………………………….။
ထိုညက ချစ်ရသူ ဇနီးအသစ်စက်စက်လေး စတယ်လာအား မင်္ဂလာဦးည၏ မြတ်နိုးအနမ်းများ ထူးရယ် မပေးနိုင်ခဲ့ပါ။ တောင်ယာ ရိတ်သိမ်းချိန်က ချစ်သူလေး မျက်နှာအား ကြည့်ရင်း မင်္ဂလာဦးညဖြစ်စဉ် ရင်ခုန်မှုများအား ကြိုတင် ကျီစယ် ပြောဆိုခိုက် … ချစ်သူ စိတ်ကောက်တော့ ချော့မြှူခဲ့ရသည်များအားသာ တွေးရင်း ... ခြင်ကိုက်ဖြုတ်ကိုက် တောအုပ်ထဲတွင် တညလုံး ဇနီးသည် နှမ မိခင်
သမီးငယ်တို့ ကံကြမ္မာကို မသိရသော ရွာသားများဖြင့် ငုတ်တုတ် ...။

ညကတည်းက ကြက်များဝက်များ ဖမ်းသည့် စစ်သားများက ဖမ်းထားပြီး ပြုတ်ကြ ချက်ကြရင်း သူတို့အလှည့်ကို စောင့်ကြသည်။ မနက် ဆယ်နာရီခန့်တွင် မြန်မာ့တပ်မတော် စစ်ကြောင်းသည် စတင်ခရီးထွက်ရန် ပြင်ဆင်ပြီ။
စစ်ကြောင်းစထွက်တော့ သင်းအုပ်ဆရာကို လမ်းပြအဖြစ် ခေါ်ဆောင်သွားခဲ့သည်။ သင်းအုပ်ဆရာသည် မည်သည့် စစ်သားနှင့်မျှ စကားမပြောတော့ပါ။ မေးလျှင် ဖြေလျက် ရွာအထွက်တွင် သူ၏ ဘုရားကျောင်းလေးအား ဗလာမျက်လုံးများဖြင့် တွေတွေငေးငေး လည်ပြန်ကြည့်ခဲ့၏။

စစ်ကြောင်း၏ နောက်ပိတ်တပ်စုသည်ပင် ရွာနှင့် ခပ်လှမ်းလှမ်းသို့ ရောက်သွားခဲ့ပြီ ...။ ဘ၀တပျက် အကြာလောက်တွင်တော့ ... သေနတ်သံတချက်သာ ကြားလိုက်ရ၏။

တောင်ယာ ရိုးပြတ်တောများဘေးမှ နောက်ကျောတွင် သေနတ်ဒဏ်ရာဖြင့် … ပါးစပ်တွင် သွေးစသွေးနတို့ဖြင့် ... သင်းအုပ်ဆရာ၏ အသက်မဲ့ခန္ဓာသာ ထူးရယ်နှင့် စတယ်လာ ချစ်ကျီစယ်နေကြဖြစ်ရာ တောင်ယာစပ်ကလေးတွင် ငြိမ်သက်လျက် ...။ သင်းအုပ်ဆရာ၏ အလောင်းမှ မှိတ်မသွားသော မျက်လုံးများတွင်တော့ သူ့ရွာ သူ့လူမျိုး သူ့ဘာသာ သူ့လူနာများအတွက် ... စိုးရိမ် ပူပန်မှုများလား ... မျက်လုံးမှိတ်တိုင်း သူ့သွေးသူ့သားတို့၏ ကြမ္မာဆိုးအာရုံတို့ ၀င်ရောက်လာကြသဖြင့်လား ...
မသိတော့ပါ ...။
ထိုနေ့က သင်းအုပ်ဆရာ ရွာသို့ ပြန်မလာတော့ပါ။ သို့သော် ရွာနှင့် တောင်တလုံးကျော် ဝေးသော နေရာသို့ပင် သူ ထွက်ခွာမသွားခဲ့ပါ။

ပြီးတော့ ... တရွာလုံး မြန်မာလို မတတ်ပါ ...
ပြီးတော့ ... စတယ်လာ မြန်မာလို မတတ်ပါ ...
ပြီးတော့ …။

ကိုမွှေး

မှတ်ချက် ။ ။ ကရင်နီ ကျေးရွာတရွာအား မြန်မာ့တပ်မတော် လွိုင်ကော်အခြေစိုက် တပ်ရင်းတရင်းမှ ရွာလုံးကျွတ် ဖမ်းကာ ဘုရားကျောင်းတွင်း ပိတ်လျက် မုဒိန်းကျင့်ပြီး တရွာလုံးတွင် မြန်မာစကားတတ်သည့် တဦးတည်းသော သင်းအုပ်ဆရာအား ပစ်သတ်သွားခဲ့သည့် ဖြစ်ရပ်ကလေးအား အရှိအတိုင်း ပြန်ရေးလိုက်ပါသည်။ ဒီအဖြစ်အပျက်ကလေးကို ရေးရင်း တွေးမိသည်မှာ ထိုကဲ့သို့သော ရွာပေါင်းများစွာမှ
ဘ၀ပေါင်းများစွာ လူ့တန်ဘိုးမဲ့ ဖျက်ဆီးသတ်ဖြတ် ခံရခြင်းများအား မည်သူ့ကို သွားရောက် တိုင်ကြားရမည်နည်း နောက်တော့ ... မည်သူကရော တိုင်ကြားနိုင်သည့် အနေအထား ရှိပါသနည်း … ဟူ၍။

3 comments:

Thiha Kyaw Zaw said...

ဝတ္ထုတိုဆိုတာထက်၊
ဒါဟာဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုမဟုတ်လား..
ဖြစ်ရပ်မှန်ဇာတ်လမ်းလို့နာမည်တတ်တာ
ပိုကောင်းမယ်ထင်တယ်....

Nge said...

ပြောစရာ စကားလုံးမရှိအောင် မိုက်ရိုင်းသည့် စစ်ခွေး များ ကျဆုံးပါစေ။

zauraw said...

I can't fine any words to say, I can't believe it ,human being can more wilder than animal