Saturday, December 15, 2007

ဆင်ဆာဖြတ်ရုံမက အာဏာနှင့် ပိုမိုအနိုင်ကျင့်လာသည့် နအဖ

ဒေါက်တာလွဏ်းဆွေ

(Mizzima ဂျာနယ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်)

နောက်ဆုံးရရှိသည့် ပြည်တွင်း သတင်းများအရ ယခုအခါတွင် အပတ်စဉ်ထုတ် ပုဂ္ဂလိက ဂျာနယ်အချို့အား နအဖစစ်အစိုး၏ လက်ကိုင်တုတ်ဖြစ်သည့် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက ၀ါဒဖြန့်ချိရေး ဆောင်းပါးများကို ကိုယ့်အာဘော်နှင့်ကိုယ် ရေးသားပေးရန် တိတ်တဆိတ် ညွှန်ကြားထားသည်ဟု ခိုင်လုံသော သတင်းရပ်ကွက်မှ ကြားသိရပါသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် နအဖစစ်အစိုးရသည် နိုင်ငံရေးအရ အကြပ်အတည်း ပိုမိုဆိုက်ရောက်နေပြီး အာဏာနှင့် အနိုင်ကျင့်မှုများ တိုးမြှင့် လုပ်ဆောင်လာသည်ဟု ခန့်မှန်းရပေသည်။

လက်ရှိ နအဖ စစ်ခေါင်းဆောင်အချို့ အပါအ၀င် မြန်မာစစ်ခေါင်းဆောင် တသိုက်သည် ဒီမိုကရေစီရေး တောင်း ဆို ဆန္ဒပြသူများကို ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နင်းပြီး ၁၉၈၈ခုနှစ် စက်တင်ဘာလ(၁၈)ရက်နေ့တွင် နိုင်ငံတော် အာဏာကို ရယူခဲ့သည်။ ထိုသို့ လက်နက်အားကိုးနှင့် နိုင်ငံတော်အာဏာကို အတင်းအဓမ္မ ရယူခဲ့ချိန်မှစပြီး န၀တစစ် အုပ်စုသည် အုပ်ချုပ်ရေး၊ ဥပေဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး သုံးခုစလုံးကို ဗဟိုမှ တပေါင်းတည်း ချုပ်ကိုင်ကာ စစ်အာဏာရှင်စနစ်ဖြင့် ဖိနှိပ်အုပ်ချုပ်ခဲ့သည်။ ထိုသို့အုပ်ချုပ်ခဲ့သည်နှင့် တပြိုင်နက် သူတို့၏ အာဏာစက်ကို ထိပါး နှောက်ယှက်လာနိုင်သည်ဟု ယူဆသည့် စာနယ်ဇင်းများကို မဆလခေတ်ကထက်ပင် ပိုမိုတင်းကြပ်စွာ ချုပ်ကိုင်လာခဲ့ သည်။ ထိုသို့ ချုပ်ကိုင်နိုင်ရန်အတွက် စစ်ထောက်လှမ်းရေး အရာရှိများ ဦးစီးပြီး စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာကို စနစ်တကျ ပြင်ဆင် ဖွဲ့စည်းခဲ့သည်။ န၀တစစ်အုပ်စု မတိုင်မီ မဆလအစိုးရလက်ထက်ကမူ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအောက်မှ အရပ်ဖက် ၀န်းထမ်းများက ဦးစီးလုပ်ကိုင်ခဲ့သည်။

စာနယ်ဇင်းဟူသည် တိုင်းပြည်၏ မျက်စိနှင့်နားဖြစ်သည်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင် သုံးခုနည်းတူ တိုင်းပြည် တိုးတက်ကောင်းမွန်အောင် တည့်မတ် ထိန်းကျောင်းပေးသည့် အဓိက မဏ္ဍိုင်တခုလည်း ဖြစ်သည်။ ထိုသို့ မျက်စိ၊ နားတို့နှင့်တူသော တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် စာနယ်ဇင်းလောကကို အမှောင်ချ ပိတ်ဆို့ရန် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနသည် န၀တစစ်အုပ်စု စတင် အာဏာယူခဲ့ချိန်မှစ၍ ဆင်ဆာ ဖြတ်တောက်မှုများကို အဆက်မပြတ် လုပ်ဆောင်ခဲ့လေသည်။ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနသည် အစပိုင်းတွင် ဆင်ဆာဖြတ် တောက်မှုများကို ပုံစံအမျိုးမျိုးဖြင့် လုပ်ဆောင်ခဲ့ရာမှ အာဏာနှင့် အနိုင်ကျင့်မှု များကိုပါ တစတစ တိုးမြှင့် လုပ်ဆောင်ခဲ့သည်ကို ပြန်လည်သုံးသပ် တွေ့ရှိရပေသည်။

န၀တ တဖြစ်လဲ နအဖစစ်အုပ်စုသည် အာဏာသိမ်းခဲ့သည့် အချိန်မှစ၍ ပြည်သူလူထု၏ ဆန့်ကျင်မှုကို အ ကြီးအကျယ် ခံခဲ့ရသည့်အပြင် နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ ထောက်ခံမှုကိုလည်း လုံးဝ မရရှိခဲ့ချေ။ ထို့ကြောင့် သူတို့၏ လုပ်ကိုင်ဆောင်ရွက်မှုများအပေါ် ပြည်သူလူထု ယုံကြည် ကိုးစားလာစေရန် သူတို့ ထိန်းချုပ်ထားသည့် သတင်းစာ၊ ရေဒီယို၊ရုပ်မြင်သံကြားမှတဆင့် ၀ါဒဖြန့်ချိရေး စာသားများကို အဆက်မပြတ် ရေးသားထုတ်လွှင့် ပြသခဲ့သည်။ နအဖစစ်အုပ်စုသည် သူတို့၏ ကြွေးကြော်သံ စာသားများဖြစ်သည့် ‘တပ်မတော်သာ အမိ တပ်မတော်သာ အဖ’၊ ‘ဘေးပြောတာကို မယုံနဲ့ သွေးပြောတာကို ယုံ’၊ ‘ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင် ၀ါဒီများအား ဆန့်ကျင်ကြ’၊ ‘ဘယ်သူခွဲခွဲ တို့မကွဲ အမြဲ စည်းလုံးမည်’၊ ‘တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်’၊ ‘ဒို့တာဝန် အရေးသုံးပါး’၊ ‘ပြည်သူ့သဘောထား ကြေညာချက်(၄)ရပ်’ စသည့် ဆိုင်းဘုတ်ကြီး ဆိုင်ဘုတ်ငယ်များကို အမြို့မြို့ အနယ်နယ်ရှိ မြူနီစပယ် ဧရိယာများ အတွင်းတွင် နေရာအနှံ့ စိုက်ထူကာ ၀ါဒဖြန့်ချိခဲ့သည်။
နအဖစစ်အုပ်စုသည် ထိုသို့သော နည်းလမ်း အသွယ်သွယ်ဖြင့် ၀ါဒဖြန့်ချိရေး လုပ်ငန်းများကို အားသွန်ခွန် စိုက် လုပ်ဆောင်ခဲ့သော်လည်း လက်တွေ့တွင် ပြည်သူလူထုကို ပိုမိုဖိနှိပ် အုပ်ချုပ်နေသဖြင့် ပြည်သူအများစုက သူတို့ ၏ ၀ါဒဖြန်ချိရေး လုပ်ငန်းများကို တိတ်တဆိတ် ဆန့်ကျင်မှု ပြုခဲ့ကြသည်။ သတင်းစာများကို ၀ယ်ယူဖတ်ရှုမှု မပြုခြင်း၊ ၀ယ်ယူသည့် သတင်းစာ စက္ကူများကိုလည်း အညစ်အကြေးစွန့်ရာတွင် သန့်စင်ပစ္စည်းအဖြစ် အသုံးပြုခြင်း (ပြည်တွင်းထုတ် မဂ္ဂဇင်းတစောင်တွင် ကဗျာဆရာ ဆောင်းပါးရှင်တဦးက သူ၏ ဆောင်းပါးတွင် ‘သတင်းစာဆိုတာ ချုံးကီးဖို့ပါ’ဟု ထည့်သွင်းရေးသား ဆန့်ကျင်ခဲ့ရာ စာပေစိစစ်ရေးမှ မျက်စိမှောက်ပြီး လွတ်လာခဲ့ဖူးသည်)၊ ၀ါဒဖြန့်ချိရေး သီချင်းများ၊ ကြွေးကြော်သံများ လွှင့်ထုတ်သည့် အချိန်တွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားများကို ပိတ်ထားကြပြီး မိမိတို့နှစ်သက်သည့် အစီအစဉ်များကိုသာ ရွေးချယ်ဖမ်းယူကာ နားဆင်ကြည့်ရှုခြင်း စသည့် နည်းလမ်းများဖြင့် နအဖစစ်အုပ်စုကို တိတ်တဆိတ် ဆန့်ကျင်ခဲ့ကြသည်။

သူတို့၏ ၀ါဒဖြန့်ချိရေး လုပ်ဆောင်မှုများ ထိရောက်မှု မရှိသည့်အကြောင်းကို နအဖအစိုးရ အဖွဲ့ဝင်များ၏ စုံညီ အစည်းအဝေးတွင် ပွင့်ပွင့်လင်းလင်း ဝေဖန်ထောက်ပြခဲ့သည့် ဗိုလ်ချုပ်ဇော်ထွန်းကို ရာထူးမှ ထုတ်ပယ်ပစ်ခဲ့သည်။ နအဖစစ်အုပ်စုသည် အောင်မြင်မှုမရှိသည့် သူတို့၏ ၀ါဒဖြန့်ချိရေး ယန္တရားကို ပြုပြင်ပြောင်းလဲရန် မကြိုးစားဘဲ ပြည်တွင်းမှ စာနယ်ဇင်းများတွင်ပါ အာဏာနှင့် အနိုင်ကျင့်ပြီး ထည့်သွင်း ဖော်ပြခိုင်းသည့်အထိ တိုးချဲ့လုပ်ဆောင်လာခဲ့သည်။ နအဖ၏ လက်ကိုင်တုတ်ဖြစ်သည့် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက စာနယ်ဇင်းများကို ဆင်ဆာဖြတ်ရုံသာ မကဘဲ အာဏာနှင့် အနိုင်ကျင့် လုပ်ဆောင်ခိုင်းလာပုံများကို အမှတ်စဉ်တပ်၍ အဆင့်အလိုက် ဖော်ပြသွားပါမည်။

(၁) ပထမအဆင့် - ပြည်တွင်း၌ ထုတ်ဝေသည့် စာအုပ်မှန်သမျှ ရှေ့ဆုံးစာမျက်နှာတွင် ဒို့တာဝန် အရေးသုံးပါးနှင့် ပြည်သူ့သဘောထား ကြေညာချက် (၄)ရပ်တို့ကို ထည့်သွင်း ဖော်ပြရမည်ဟု စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

(၂) ဒုတိယအဆင့် - နအဖမှ ကျင်းပပြုလုပ်သည့် အထိမ်းအမှတ်နေ့များအတွက် ထုတ်ပြန်ထားသည့် ကြွေးကြော်သံ စာသားများကိုလည်း အတင်းအကြပ် ထည့်သွင်းဖော်ပြခိုင်းခြင်း။ ဥပမာအားဖြင့် - (၆၁)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ (၈၅)နှစ်မြောက် အမျိုးသားနေ့ ဦးတည်ချက်များ … စသည်။

(၃) တတိယအဆင့် - နအဖပိုင် သတင်းစာများတွင် ဖော်ပြခဲ့သော အတိုက်အခံ အင်အားစုများကို ထိုးနှက် တိုက်ခိုက်သည့် ဆောင်းပါးများကို အပတ်စဉ်ထုတ် ဂျာနယ်များတွင် အတင်းအကြပ် ဖော်ပြခိုင်းခြင်း။

(၄) စတုတ္ထအဆင့် - အပတ်စဉ်ထုတ် ပုဂ္ဂလိက ဂျာနယ်များနှင့် လစဉ်ထုတ် မဂ္ဂဇင်းများမှ အယ်ဒီတာများ၊ သ တင်းထောက်များကို နအဖ၏ သတင်းစာရှင်းလင်းပွဲများသို့ တက်ရောက်ခိုင်းပြီး ဂျာနယ်၊ မဂ္ဂဇင်းများတွင် သတင်းစာ ရှင်းလင်းပွဲ အကြောင်းအရာများကို ဓာတ်ပုံနှင့်တကွ ဖော်ပြခိုင်းခြင်း။

(၅) ပဉမအဆင့် - နောက်ဆုံးအနေနှင့် အပတ်စဉ်ထုတ် ပုဂ္ဂလိကဂျာနယ်များအား နအဖက စစ်အစိုးရ အတွက် ၀ါဒဖြန့်ချိရေး ဆောင်းပါးများကို ကိုယ့်အာဘော်နှင့်ကိုယ် ရေးသားပေးရန် သက်ဆိုင်ရာက ညွှန်ကြားထား ကြောင်း၊ နအဖစစ် အုပ်စုသည် မြန်မာမီဒီယာလောက အထူးသဖြင့် သတင်းဂျာနယ်လောကကို အထူးကိုင်တွယ်ပြီး ဂျာနယ်ထုတ်ဝေသူ၊ အယ်ဒီတာများကို ၎င်းတို့ဖက်ပါလာအောင် နည်းမျိုးစုံဖြင့် စည်ရုံးသိမ်းသွင်နေကြောင်း၊ ဂျာနယ်ထုတ်ဝေသူနှင့် အယ်ဒီတာ အချို့ကလည်း နအဖကပေးသည့် မက်လုံးများကို မျှော်ကိုးပြီး သတင်းစာများတွင် နာမည်အရင်းနှင့် ဆောင်းပါးရေးသားသည်အထိ ဖြစ်လာကြောင်း ကြားသိရပါသည်။ သို့ရာတွင် စစ်အစိုးရအတွက် ၀ါဒဖြန့်ချိရေး အကြောင်းအရာများကို ဖော်ပြသည့် သတင်းဂျာနယ်များအား စာဖတ်သူများက ၀ယ်ယူဖတ်္ဂရှုခြင်း မပြုသည့်အတွက် ရောင်းအား အထူးကျဆင်းလာကြောင်း သိရှိရပါသည်။

အချုပ်အားဖြင့် ဆိုရလျှင် နအဖစစ်အုပ်စုသည် ပြည်ပမီဒီယာများ၏ ထိုးနှက်တိုက်ခိုက်မှုကို တုန့်ပြန်ရန်နှင့် ပြည်သူလူထုကို စည်ရုံးသိမ်းသွင်းနိုင်ရန် ဤသို့သော နည်းလမ်း အသွယ်သွယ်ဖြင့် ပြည်တွင်း စာနယ်ဇင်းများ အပေါ် အာဏာနှင့် အနိုင်ကျင့် စေခိုင်းခဲ့ပေသည်။ သို့သော်လည်း အပြောတခြား အလုပ်တခြား လုပ်ဆောင်နေသည့် နအဖစစ် အုပ်စု၏ ဖိနှိပ်အုပ်ချုပ်မှုများက တနေ့တခြား ပိုမိုဆိုးဝါးလာသဖြင့် အာဏာနှင့် အနိုင်ကျင့်ပြီး နည်းမျိုးစုံ လိမ်ညာဝါဒ ဖြန့်နေသော်လည်း ပြည်သူလူထု၏ မယုံကြည်မှု၊ အမုန်းပွားမှုနှင့် မကျေနပ်မှုများကိုသာ တိုး၍ ခံယူရဖို့ရှိကြောင်း စေ့ငုတင်ပြလိုက်ရပါသည်။

ဒေါက်တာလွဏ်းဆွေ

No comments: