Friday, December 14, 2007

နအဖစစ်တပ်က ညှဉ်းပန်းသတ်ဖြတ်မှုများ ပိုမိုလုပ်ဆောင်နေဟု ကေအန်ယူ ပြော

NEJ / ၁၄ ဒီဇင်ဘာ၂၀၀၇
ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) တပ်မဟာ (၃) ဒေသ ညောင်လေးပင် ခရိုင်အတွင်း ယခုလဆန်းမှ စတင်ကာ မြန်မာစစ်တပ်မှ ဒေသခံ ကျေးရွာသား များအား ညှဉ်းပန်း သတ်ဖြတ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ယခင်ထက် ပိုမိုလုပ်ဆောင်လာကြောင်း ညောင်လေးပင် ခရိုင် ဥက္ကဋ္ဌ ပဒိုလေးလော်ဆော က ပြောကြားသည်။
၎င်းက ညောင်လေးပင်ခရိုင် လယ်ဝါးကျေးရွာ၌ နအဖစစ်တပ်က ၀င်ရောက် ပစ်ခတ် စပါးကျီများနှင့် ရွာသားများ၏ အသုံးအဆောင် ပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း ယမန်နေ့ ညနေပိုင်း၌ ထိုင်း-မြန်မာနယ်စပ် ရှိ ဒေသခံ သတင်းထောက်များအား ပြောကြားသည်။

“အဓိက သူတို့လုပ်တာကတော့ နယ်မြေစိုးမိုးရေးနဲ့ လူမျိုးသုတ်သင် ရှင်းလင်းရေး စစ်ပွဲဖြစ်တယ်။ ဒီနှစ်လယ်မှာ ဆိုလို့ရှိရင် မုံးမြို့နယ်မှာ တောင်ယာထဲမှာ ရွာသားတွေကို ၀င်ဖမ်းတာ အားလုံးထွက် ပြေးပြီး တယောက် အဖမ်းခံရတယ်၊ အဲဒီလူကို မျက်စိနှစ်လုံး ထိုးဖောက်ပြီး လျှာကို ဖြတ်လိုက်တယ်၊ အဲဒီအမျိုးသားကို နောက်နှစ်ရက် အကြာမှာ အလောင်းကို ပြန်တွေ့တယ်။ နောက်ပြီး ၀ါဒိုခိုဆိုတဲ့ရွာမှာ တောင်ယာထဲက ရွာသား (၅)ယောက်ကို ဖမ်းပြီး (၃)ယောက်ကို ပစ်သတ်လိုက်တယ်။ ကျန်တဲ့ နှစ်ယောက်ကိုတော့ ကြိုးချည်ပြီး မိုင်းနင်းကိရိယာအဖြစ် သုံးတယ်။ တောထဲမှာ ရွာသားက မိုင်းမနင်းမိဘဲ အနောက်က လိုက်တဲ့ နအဖစစ်သားက မိုင်းနင်းပြီးတော့ သေသွားတယ်။ ဒီနှစ် မိုးတွင်း ဇွန်လမှာ ဖြစ်တာ” ဟု ပဒိုလေးလော်ဆောက ရှင်းပြသည်။

နအဖစစ်တပ်က တောင်ယာများတွင် မိုင်းထောင်ထားသဖြင့် ရွာသားများမှာ တောင်ယာမရိတ်
သိမ်းရဲတော့ဘဲ အရှုံးခံကြရကြောင်း၊ တပ်မဟာ (၃) ဒေမှာရှိ ရွှေကျင်မြို့နယ်၊ မုံးမြို့နယ်နှင့်
ကျောက်ကြီးမြို့နယ်တို့တွင် ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာသား (၅) ထောင်ခန့်ရှိ
ကြောင်း၊ ၎င်းတို့၏ စားဝတ်နေရေးနှင့် ကျန်းမာရေးကိစ္စများကို ကေအန်ယူက ကူညီပေးနေ
ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယခုပွင့်လင်းရာသီတွင် ကရင်အမျိုးသား အစည်းအရုံး လက်အောက်ခံ တပ်မဟာအချို့တွင်
နအဖနှင့် DKBA တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး ကျန်တပ်မဟာ ဒေသအသီးသီးကိုလည်း ထိုးစစ်ဆင်ရန် တပ်အင်အားများ တိုးချဲ့ပို့ဆောင်ထားကြောင်း ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ ဗိုလ်မှူးတဦးက ပြောသည်။

နအဖ ထိုးစစ်ဆင်ခြင်းနှင့် ပတ်သက်၍ ယခုလ (၁၀ ) ရက်က ကရင်အမျိုးသား အစည်းအရုံး၏ ထုတ်ပြန် ကြေညာချက်တွင် နအဖ၏ ထိုးစစ်သည် မျိုးဖြုတ်စစ်ဆင်မှုသာဖြစ်ပြီး နိုင်ငံရေးပြဿနာ
ကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းနေသည့် အခြေအနေနှင့် ဆန့်ကျင်နေသောကြောင့် ပြည်တွင်းပြည်ပ နှစ်ရပ်စလုံးမှ ၀ိုင်းဝန်းဆန့်ကျင် ကန့်ကွက်ကြရန် ဖော်ပြထားသည်။

No comments: