Thursday, December 27, 2007

လှုပ်လှုပ်ရှားရှား ပြည်တွင်းသတင်း အတိုအထွာများ (၂၇-၁၂-၀၇)

ကျွန်ုပ်တို့၏ သတင်းထောက်ပေးပို့သည်

ရန်ကုန်မြို့ရှိ စားသောက်ဆိုင်များကို ပိတ်ရန် မြို့တော်ဝန် အမိန့်ထုတ်
ပြည်သူများ အလဟဿ အချိန်ဖြုန်းတီးသည့် နေရာ၊ ငွေဖြုန်းတီးသည့် နေရာများဖြစ်သည့်အတွက် ရန်ကုန်မြို့ရှိ စားသောက်ဆိုင်များကို ပိတ်ရန် ရန်ကုန်မြို့တော်ဝန်က အမိန့်ထုတ်လိုက်ကြောင်း သတင်းရရှိသည်။ စားသောက်ဆိုင်များ ပိတ်ရန် အမှန်တကယ် အမိန့်ထုတ်သည့် အကြောင်းတရားမှာမူ ဒီမိုကရက်တစ် မြန်မာ့အသံမှ ထုတ်လွှင့်ပြသသည့် ရုပ်မြင်သံကြား အစီအစဉ်များကို ပြည်သူများ အားပါးတရ ကြည့်ရှု အားပေးနေ၍ ဖြစ်ကြောင်း သိရသည်။

အားကစား မီဒီယာကြီးတခု ဗိုလ်မှူးချုပ် ကျော်ဆန်းနှင့် ဗိုလ်မှူးကြီး ရဲထွဋ်တို့ကို ရှယ်ယာတပုံစီ ပေးကာ အခွင့်ထူးခံနေ
မြန်မာနိုင်ငံတွင် ထုတ်ဝေနေသည့် စာနယ်ဇင်းများ အနေနှင့် စာပေစိစစ်ရေးဋ္ဌာနကို ဖြတ်သန်းရာတွင် အခွင့်အရေးချင်း မညီမျှမှုတွေ ကြုံတွေ့နေရကြောင်း အားကစားစာစောင်တခုမှ အမည်မဖော်လိုသူ အယ်ဒီတာတဦးက ပြောကြားသည်။ သာမန်အားကစား စာစောင်များအနေနှင့် စာပေစိစစ်ရေးသို့ တင်ပြီး လုပ်ထုံးလုပ်နည်းများအတိုင်း အဆင့်ဆင့် ဖြတ်သန်းကာ ထုတ်ဝေဖြန့်ချိ နေကြရသော်လည်း အကြီးမားဆုံး အားကစား မီဒီယာအုပ်စုကြီးတခုမှ ထုတ်ဝေနေသည့် အရောင်းရဆုံး အားကစား ဂျာနယ်များမှာမူ စာပေစိစစ်ရေး လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကို မဖြတ်သန်းဘဲ ဖြန့်ချိပြီးမှ စာပေစိစစ်ရေးသို့ လာတင်သည်ကို တွေ့ရကြောင်း သူက ဆက်လက် ပြောကြားသည်။

ထိုသို့ လုပ်ဆောင်နိုင်သည့် အခွင့်အရေး ရရှိနေခြင်းမှာ အဆိုပါ မီဒီယာအုပ်စုကြီးမှ မြတ်စွန်းသည့် အမြတ်အစွန်းများအနက် ပြန်ကြားရေးဝန်းကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဋ္ဌာနမှ ဗိုလ်မှူးကြီး ရဲထွဋ်တို့ကို ရှယ်ယာ တပုံစီ ပေးထား၍ ဖြစ်ကြောင်း အဆိုပါ အယ်ဒီတာက အခိုင်အမာ ထုတ်ဖော်ပြောကြားသည်။ ဗိုလ်မှူးကြီး ရဲထွဋ်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လူယုံတဦးဖြစ်ပြီး ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီလာစဉ်က ဗိုလ်မှူးချုပ် ကျော်ဆန်း၏ နောက်တွင် ထိုင်နေသူဖြစ်သည်ဟု ဆိုသည်။ ဗိုလ်မှူးချုပ် ကျော်ဆန်း ပြောကြားသည့် နိုင်ငံတကာ အသိုင်းအ၀ိုင်းအကြား ရှက်ဖွယ်လိလိ နှုတ်ထွက်စကားများသည် သူ၏ အစီအမံများဖြစ်ကြောင်း အဆိုပါ အယ်ဒီတာက ဆက်လက် ပြောကြားသည်။

ဗိုလ်မှူးကြီး ရဲထွဋ်သည် နအဖလက်ကိုင်တုတ် ဂျာနယ်များ ဖြစ်ကြသည့် ရန်ကုန်တိုင်းမ်၊ ဖလားဝါးနယူးစ်၊ အလဲဗင်း အားကစားဂျာနယ်များနှင့် လျှပ်တစ်ပြက် ဂျာနယ်တို့တွင် ကလောင်ဝှက်နှင့် အပတ်စဉ် ရေးသားနေသူဖြစ်ကြောင်း သိရသည်။

No comments: