Friday, December 28, 2007

ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို လုပ်ကြံသတ်ဖြတ်ခံရသည့် သတင်း အပြည့်အစုံ

သတင်း-ဗွီအိုအေ
ပါကစ္စတန်နိုင်ငံ ၀န်ကြီးချုပ်ဟောင်း အတိုက်အခံ ခေါင်းဆောင် ဘနာဇီယာ ဘူတို (Benazir Bhutto) ဒီနေ့ ပါကစ္စတန်နိုင်ငံ ရာဝါလ်ပဲန်ဒီမြို့မှာ လုပ်ကြံသတ်ဖြတ် ခံလိုက်ရပါပြီ။

အသေခံ ဗုံးခွဲတိုက်ခိုက်တဲ့သူက ဘနာဇီယာ ဘူတိုကို သေနတ်နဲ့ အရင်ပစ်ပြီးမှ သူ့ကိုယ်သူ ဖောက်ခွဲ လိုက်တာလို့ ရဲတွေနဲ့ အစောင့်အရှောက်တွေက ပြောပါတယ်။ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၁၆ ယောက် သေဆုံးခဲ့ပါတယ်။

အစ္စလာမ်မာဘတ်မြို့တော် အပြင်ဘက် ရာဝါလ်ပဲန်ဒီမြို့ စစ်တပ်ဌာနချုပ်က ပန်းခြံအတွင်းမှာ လာမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးပြီး သိပ်မကြာခင်မှာပဲ မစ္စစ်ဘူတို လုပ်ကြံသတ်ဖြတ် ခံခဲ့ရတာပါ။ ဆေးရုံကို အမြန်ဆုံးပို့ပြီး ဆရာဝန်တွေက အသက်ကယ်ဖို့ ကြိုးစားခဲ့ပေမယ့် အချိန်မမီခဲ့ပါဘူး။

တိုက်ခိုက်မှု မဖြစ်ခင် နာရီပိုင်းက မစ္စစ်ဘူတိုဟာ အာဖဂန်သမ္မတ ဟာမစ်ဇ် ခါဇိုင်းနဲ့ ပါကစ္စတန်မှာ တွေ့ဆုံပါတယ်။ ဒီလိုတွေ့ဆုံတာတွေနဲ့ ပတ်သက်လို့ ဗီအိုအေ သတင်းထောက် Ayaz Gul က တွေ့ဆုံမေးမြန်းရာမှာ မစ္စစ်ဘူတိုက သူနဲ့ ဟာမစ်ဒ် ခါဇိုင်းတို့အကြား အကြမ်းဖက်မှုနဲ့ အစွန်းရောက်မှုတွေကို လက်တွဲ တိုက်ဖျက်ရမယ် ဆိုတာကို သဘောတူလိုက်ကြတယ်လို့ ပြောပါတယ်။

မစ္စဘူတိုဟာ ရှစ်နှစ်ကြာ တိုင်းပြည်ပြင်ပမှာ နေထိုင်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ အောက်တိုဘာလကမှ ပါကစ္စတန် နိုင်ငံကို ပြန်လာခဲ့ပါတယ်။ တိုင်းပြည်ကို ပြန်လာတဲ့အချိန်က ကရာချီမြို့မှာ လူပေါင်း ၁၄၀ လောက်သေဆုံးခဲ့ရတဲ့ ဆင့်ကဲ အသေခံ ဖောက်ခွဲမှုကြီး ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှု အတွင်းမှာတော့ မစ္စစ်ဘူတိုဟာ ဘေးမသီ ရန်မခ လွတ်မြောက်ခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတိုဟာ ပါစ္စတန်သမ္မတ ပါဗက်ဇ် မူရှာရတ်ဖ်နဲ့ နိုင်ငံရေးအာဏာကို ခွဲဝေနိုင်မယ့် အပေးအယူလုပ်ရေး ကိစ္စတွေ လပေါင်းများစွာ ဆွေးနွေးခဲ့သလို အမေရိကန် ပြည်ထောင်စုရဲ့ အခိုင်အမာ ထောက်ခံမှုကိုလည်း ရရှိထားပါတယ်။ ဒါပေမယ့်လည်း ဆွေးနွေးပွဲ ရပ်တန့်နေခဲ့ပြီး မစ္စစ်ဘူတိုဟာ လာမယ့် ဇန်ဝါရီလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးနေခဲ့ပါတယ်။

အခုလို ၀န်ကြီးချုပ်ဟောင်း အတိုက်အခံ ခေါင်းဆောင် ဘနာဇီယာဘူတို လုပ်ကြံ ခံရတာနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက လုပ်ကြံ သတ်ဖြတ်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။
ဒီလုပ်ကြံမှုဟာ ပါကစ္စတန်နိုင်ငံမှာ ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေးကို လမ်းကြောင်းလွှဲပြီး အစွန်းရောက် လုပ်ရပ်တွေ ကျုးလွန်ချင်တဲ့ သူတွေ ရှိနေတယ်ဆိုတာ ပြသလိုက်တာလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဂျုလီ ရီဆိုက်ဒ်က ပြောဆိုပါတယ်။

ရုရှား နိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း ဒီတိုက်ခိုက်မှုကို ကန့်ကွက် ရှုတ်ချလိုက်ပြီး ပါကစ္စတန် နိုင်ငံအတွင်း တည်ငြိမ်ရေးကို အာမခံဖို့ ပါကစ္စတန် အာဏာပိုင်တွေကို ရုရှား နိုင်ငံခြားရေး ၀န်ကြီးဌာနက တောင်းဆို လိုက်ပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲကျင်းပမယ့် ကာလမှာ တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းသိမ်းဖို့ ရုရှား နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။

ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို လုပ်ကြံခံလိုက်ရတဲ့အပေါ် ကမ္ဘာ့ခေါင်းဆောင်ကြီးတွေက ပြစ်တင်ရှုတ်ချ

ပါကိစ္စတန် ၀န်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို လုပ်ကြံခံလိုက်ရတဲ့အပေါ် ကမ္ဘာ့ခေါင်းဆောင်ကြီးတွေက ပြစ်တင် ရှုတ်ချ လိုက်ကြောင်း ဗွီအိုအေ အကြီးတန်း သတင်းထောက် အန်ဒရေဒီနက်(စ်)နေရာ သတင်းပေးပို့ ထားတာကို ဦးဝင်းအောင်က တင်ပြ ပေးထားပါတယ်။

ဘနာဇီယာ ဘူတိုကို လုပ်ကြံသတ်ဖြတ်တာဟာ ပါကစ္စတန်နိုင်ငံရဲ့ ဒီမိုကရေစီကို ပျက်ပြားစေဖို့ အစွန်းရောက် လူသတ်သမားများရဲ့ သူရဲဘောကြောင်တဲ့ လုပ်ရပ်လို့ အမေရိကန် သမ္မတ ဂျော့ခ်ျ ဒဘလျူ ဘုရှ်က ဆိုလိုက်ပြီး ပါကစ္စတန် နိုင်ငံသားများကိုလည်းဘဲ ဒီမိုကရေစီ လမ်းကြောင်းပေါ် ဆက်လက် လျှောက်လှမ်းကြပါလို့ တိုက်တွန်း လိုက်ပါတယ်၊ သူမနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ အမျိုးသား သင့်မြတ်ရေး အတွက် လုပ်ဆောင်နေတဲ့ ခေါင်းဆောင်ကောင်း တယောက် အိန္ဒိယတိုက်ငယ်က ဆုံးရှုံးသွားပြီလို့ အိန္ဒိယ၀န်ကြီးချုပ် မက်မိုဟန်ဆင်းက ပြောဆိုပါတယ်။ လုပ်ကြံမခံရခင် နာရီပိုင်း အတွင်းမှာပဲ ဘနာဇီယာ ဘူတိုနဲ့ စကားပြောခွင့် ကြုံလိုက်တဲ့ အာဖဂန်သမ္မတ အာမက်ကာဇိုင်းကတော့ …

“ဒီနေ့မနက်ပဲ သူမနဲ့တွေ့လိုက်သေးတယ်၊ အင်မတန့် အင်မတန်ကို သတ္တိရှိတဲ့ အမျိုးသမီး တယောက်ပါ။ သူမရဲ့ ပါကစ္စတန် နိုင်ငံအတွက်၊ အာဖဂန်နစ္စတန် နိုင်ငံအတွက်၊ ဒေသတခုလုံး အတွက် ဒီမိုကရေစီရေး၊ သာယာဝပြောရေးနဲ့ ငြိမ်းချမ်းရေးရရှိဖို့ ရှင်းရှင်းလင်းလင်း ရှုမြင်ထားတဲ့ အမျိုးသမီးပါ။”
ပြင်သစ်သမ္မတ နီကိုလပ် ဇာကူဇီကတော့ ဘနာဇီယာ ဘူတို လုပ်ကြံ သတ်ဖြတ် ခံရတာနဲ့ ပတ်သက်ပြီး အင်မတန် မနှစ်မြို့စရာတရပ်လို့ ခေါ်ညွှန်းလိုက်ပြီး ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဒေဗစ်မက်လဘန်းက ပါကစ္စတန် နိုင်ငံသားများ ထိန်းထိန်းသိမ်းသိမ်း ရှိကြပါ။ ပါကစ္စတန် ညီညွတ်ရေးအတွက် လုပ်ဆောင် ကြပါလို့ တိုက်တွန်း ပြောဆိုလိုက်ပါတယ်၊

သမ္မတ ကလင်တန် လက်ထက်က တောင်အာရှရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ကားလ်အင်နာဖတ်က ဘနာဇီယာ ဘူတိုအား အလွန် သတ္တိကောင်းသူလို့ ခေါ်ဆိုလိုက်ပြီး အောက်တိုဘာလက ပါကစ္စတန်နိုင်ငံကို ပြန်မသွားခင်မှာဘဲ ၀ါရှင်တန်က ညစာစားပွဲလေးတခုမှာ ဘာနေဇာ ဘူတိုနဲ့ တွေ့လိုက်သေးတယ်။ စကားလက်ဆုံကျရင်း ပြောကြဆိုကြတဲ့အထဲ သူမရဲ့ လုံခြုံရေးကိစ္စ ရောက်သွားတယ်။ သူမကတော့ ပါကစ္စတန်နိုင်ငံကို ပြန်သွားဖို့ ပိုင်းဖြတ်ထားပြီးပြီ၊ ဘေးအန္တရယ် တွေ့နိုင်တယ်ဆိုတာ သိထားတဲ့ ကြားကပဲ အဲဒီလို ပါကစ္စတန်နိုင်ငံကို ပြန်သွားဖို့ ပိုင်းဖြတ်ထားတာလို့ ပြောသွားတာပါ၊ ပါကိစ္စတန်နိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ ဘနာဇီယာ ဘူတို ပတ်သက်ပုံကို သူက ဆက်ပြီး …

“၀န်ကြီးချုပ် (၂)ကြိမ် ဖြစ်ခဲ့ဖူးပြီးပြီ၊ (၂)ကြိမ်စလုံး သူမအစိုးရအဖွဲ့ရဲ့ အဂတိလိုက်စားမှု၊ ပါကစ္စတန်နိုင်ငံမှာ အထက်လွှတ်တော်အမတ် ဖြစ်နေတဲ့ သူမရဲ့ခင်ပွန်း အဂတိလိုက်စားမှုကြောင့် ၀န်ကြီးချုပ်ရာထူးက ဖယ်ရှားခံခဲ့ရတာ ဖြစ်တယ်။ ဒါပေမယ့် ပါကိစ္စတန်နိုင်ငံကို ကြည့်လိုက်မယ် ဆိုလို့ရှိရင် ဘူတိုမိသားစု၊ အထူးသဖြင့် ဘနာဇီယာ ဘူတိုရဲ့ အခန်းကဏ္ဍ မပါဘဲနဲ့ မြင်လို့ရမှာ မဟုတ်ပါဘူး။”

ရန်း ကော်ပိုရေးရှင်းမှ ပါကစ္စတန် ပါရဂူ ခရစ်ဆတီးနားဖဲလ်ကတော့ …
“ဘနာဇီယာ ဘူတို မသေခင်ကနဲ့ သေပြီးတဲ့နောက် နှစ်ပိုင်းခွဲပြီး ကြည့်ရမယ်၊ မသေခင်ကဆိုရင် လောဘကြီး လွန်းတဲ့ ခင်ပွန်းကြောင့် သိက္ခာကျခဲ့ရတယ်။ အမှုတွေကို ပါကိစ္စတန်နိုင်ငံ တရားရုံးတွေမှာ သာမက ဥရောပ တရားရုံးတွေမှာလည်း ရင်ဆိုင်ခဲ့ရတယ်။ ပါကစ္စတန်က အမှုတွေတော့ ရုတ်သိမ်းသွားပြီ။ အခု အစစအရာရာ ပြောင်းလဲသွားပြီ၊ ဟုတ်ပါတယ်၊ ဒီကနေ့ ဆိုလို့ရှိရင် ဘနာဇီယာ ဘူတိုဟာ အာဇာနည် ဖြစ်သွားပြီ၊ ပါကစ္စတန်နိုင်ငံရဲ့ နိုင်ငံရေးအတွက်၊ အမျိုးသမီးများအတွက် အာဇာနည် သူရဲကောင်း ဖြစ်သွားပါပြီ။”

ပါကစ္စတန်နိုင်ငံကို အစ္စလမ်မစ် ဖြစ်စေချင်သူ အများဆုံးက ထောက်ပြတဲ့ ဒဏ်ကို အခံရဆုံးက အမျိုးသမီးတွေပဲလို့ ထောက်ပြရင်း၊ ဇန်န၀ါရီလ(၈)ရက်နေ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရင်း ဘနာဇီယာ ဘူတိုကတော့ လုပ်ကြံခံရပြီ၊ သေဆုံးသွားပြီ၊ ပါကစ္စတန်သမ္မတ ပါဗက်မူရှာရဖ်က ရွေးကောက်ပွဲကို တရားမျှတအောင် လုပ်ဆောင်ပေးရမယ် စသဖြင့် ရန်းကော်ပိုရေးရှင်းမှ ပါကစ္စတန်ရေးရာ ကျွမ်းကျင်သူ ခရစ်ဆတီးနားဖဲလ်က ရွေးကောက်ပွဲ မဲဆွယ်ရင်း လုပ်ကြံ သတ်ဖြတ်ခံလိုက်ရတဲ့ ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတိုနဲ့ ပတ်သက်လို့ တုန့်ပြန် ပြောဆိုသွားကြောင်းပါ။

ပါကစ္စတန်နိုင်ငံ ၀န်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို လုပ်ကြံခံတဲ့အပေါ် အမေရိကန်သမ္မတ ဘုရှ်က ပြစ်တင်ရှုတ်ချ

ပါကစ္စတန်နိုင်ငံ ၀န်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို လုပ်ကြံခံတဲ့အပေါ် အမေရိကန်သမ္မတ ဘုရှ်က ပြစ်တင်ရှုတ်ချ ပြောဆိုလိုက်ပါတယ်။ ဗွီအိုအေ သတင်းထောက် ပေါ်လာ ၀ုလ်ဖ်စင် အိမ်ဖြူတော်ကနေ သတင်းပေးပို့ထားတာကို ဒေါ်ညိုညိုလွင်က တင်ပြထားပါတယ်။

ဘနာဇီယာဘူတို လုပ်ကြံရာမှာ တာဝန်ရှိ သူတွေကို တရားဥပဒေအတိုင်း အရေးယူ အပြစ်ပေး ရမယ်လို့ အမေရိကန်သမ္မတ ဘုရှ်က ပြောဆိုလိုက်ပါတယ်။

“ပါကစ္စတန်ရဲ့ ဒီမိုကရေစီ ပျက်ပြားစေရန် ကြိုးစားနေတဲ့ လူသတ်သမား အစွန်းရောက်တွေရဲ့ သူရဲဘောကြောင် လုပ်ရပ်တွေကို အမေရိကန်က ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။”

ဘနာဇီယာဘူတို လုပ်ကြံခံရမှုဟာ အကြမ်းဖက်သမားတွေရဲ့ ရက်စက်မှုသဘော သဘာဝကို ပြသလိုက်တာပဲ ဖြစ်တယ်လို့ သမ္မတဘုရှ်က တက္ကဆက်မှာရှိတဲ့ ခြံကြီးကနေ သတင်းထောက်တွေကို ထုတ်ပြန်တဲ့ အတိုချုံး ကြေငြာချက်မှာ ဖေါ်ပြခဲ့ပါတယ်။

“ဒီနှစ်စောစောပိုင်း ပါကစ္စတန်ကို ပြန်လာတုန်းက သူ့အသက်အန္တရာယ်ရှိတယ်ဆိုတာ သိခဲ့ပါတယ်။ ဒါပေမဲ့ သူက သူ့နိုင်ငံ့လမ်းကြောင်းကို လူသတ်သမားတွေအနေနဲ့ ထိန်းကျောင်းခွင့် မပေးခဲ့ပါဘူး။”
ပါကစ္စတန် သမ္မတဟောင်း ဘူတိုဟာ ရာဝါလ်ပန်ဒီ မြို့မှာ မဲဆွယ်စည်းရုံးပွဲ ပြုလုပ်ပြီး ထွက်ခွာချိန်မှာ လုပ်ကြံခံခဲ့ရတာပါ။ ဘူတိုဟာ အတိုက်အခံ နိုင်ငံရေးပါတီ ခေါင်းဆောင်တဦးဖြစ်ပြီး သမ္မတ မူရှာရပ်ဖ် အစိုးရကို အကဲစမ်း စိန်ခေါ်နေသူလည်း ဖြစ်ပါတယ်။

ပါလီမန် ရွေးကောက်ပွဲတွေ ကျင်းပဖို့ ( ၂ )ပတ်သာသာလေး အလိုမှာ မစ္စဘူတို လုပ်ကြံခံ လိုက်ရတာပါ။ အဲ့ဒီရွေးကောက်ပွဲတွေဟာ နိုဝင်ဘာလက ထုတ်ပြန်ခဲ့တဲ့ အရေးပေါ် ကြေညာချက်ကြောင့် ပျက်လုနီးပါး ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် အဲ့ဒီကြေညာချက်ကို ဒီဇင်ဘာလ( ၁၆ ) ရက်နေ့မှာ ရုတ်သိမ်းခဲ့ပါတယ်။
ပါကစ္စတန် နိုင်ငံအနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းအတိုင်း ဆက်သွားဖို့ကိုလည်း သမ္မတဘုရှ်က တိုက်တွန်း လိုက်ပါတယ်။

“အကြမ်းဖက်မှုနဲ့ အစွန်းရောက်ဝါဒ အင်အားစုတွေကို ဆန့်ကျင်ရာမှာ ကျနော်တို့ ပါကစ္စတန် ပြည်သူတွေနဲ့ အတူတူ ရပ်တည်ပါတယ်။ သူ သတ္တိရှိစွာနဲ့ အသက်ပေးလှူသွားတဲ့ ဒီမိုကရေစီ လုပ်ငန်းစဉ်ကို ဆက်လုပ်သွားခြင်းအားဖြင့် ဘနာဇီယာ ဘူတိုကို အမှတ်တရ ဂုဏ်ပြုဖို့ ကျနော်တို့ ပါကစ္စတန် ပြည်သူတွေကို နှိုးဆော်အပ်ပါတယ်။ ”

ဘနာဇီယာ ဘူတိုဟာ ၁၉၈၈ ခုနှစ်ကနေ ၁၉၉၀ အထိ တကြိမ်။ ၁၉၉၃ ခုနှစ်ကနေ ၁၉၉၆ ခုနှစ် အထိ တကြိမ် ပါကစ္စတန် ၀န်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ လလယ်ပိုင်းက အဝေးရောက် ဘ၀ကနေ ပါကစ္စတန်ကို ပြန်လာချိန် လူထုစည်းဝေးပွဲမှာလည်း သူမကို မှတ်မှတ်ရရ ထိတ်လန့်ဖွယ်ရာ ခြိမ်းခြောက်မှုအဖြစ် လူပေါင်း ၁၄၀ကျော် သေဆုံးခဲ့ရတဲ့ အသေခံ ဗုံးဖေါက်ခွဲမှုတခု ဖြစ်ပွားခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံမှာ ၀မ်းနည်းဖွယ်ရာ ကာလ ( ၃)ရက် သမ္မတ မူရှာရဖ်က သတ်မှတ်လိုက်ပါတယ်။ အဲ့ဒီနောက် လုပ်ကြံခံရမှု နောက်ဆက်တွဲ ထုတ်ပြန်ကြေညာချက်မှာ အားလုံး ငြိမ်ငြိမ်သက်သက် ရှိကြဖို့နဲ့ လုပ်ကြံ သတ်ဖြတ်တဲ့ သူတွေကို ရှာဖွေဖေါ်ထုတ် ပေးပါ့မယ်ဆိုတဲ့ အကြောင်းကိုလည်း သမ္မတ မူရှာရဖ်က ပြောဆိုလိုက်ပါတယ်။

No comments: