Sunday, December 16, 2007

လှုပ်လှုပ်ရှားရှား ပြည်တင်းသတင်း အတိုအထွာများ

ကျွန်ုပ်တို့၏ သတင်းထောက် ပေးပို့သည်

(၁) စက်တင်ဘာ ရွှေဝါရောင် အရေးတော်ပုံကို နအဖစစ်တပ်က လူမဆန်စွာ ပစ်ခတ် နှိမ်နင်းပြီးနောက် ဖမ်းဆီးခံခဲ့ရသည့် တောင်ဥက္ကလာပမြို့နယ် ငွေကြာယံဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ကြီး ဟာ ယခုအခါ ငွေကြာယံကျောင်းတိုက်မှာ ပြန်လည်သီတင်းသုံးခွင့် ရပြီဖြစ်ကြောင်း သတင်းရရှိသည်။

(၂) စက်တင်ဘာ အရေးတော်ပုံအား လူမဆန်စွာ သတ်ဖြတ်နှိမ်နင်းတဲ့ နအဖစစ်အစိုးရကို ပိုစတာကမ်းပိန်းနဲ့ တိုက်ပွဲဝင်ရင်း အဖမ်းခံခဲ့ရတဲ့ သတ္တိခဲ မစုစုနွေးအား ဗဟန်းမြို့နယ်တွင် လည်းကောင်း၊ စစ်အစိုးရအား တကိုယ်တော် ဆန္ဒပြတိုက်ပွဲဝင်ရင်း အဖမ်းခံခဲ့ရတဲ့ သတ္တိရှင် ဦးအုန်းသန်းအား ကျောက်တံတားမြို့နယ်တွင် လည်းကောင်း ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုရန် စစ်အစိုးရ အာဏာပိုင်များက စီစဉ်နေကြောင်း သတင်းရရှိသည်။

(၃) စက်တင်ဘာ အရေးတော်ပုံအတွင်း လူမဆန်သည့် နအဖစစ်တပ်၏ ရိုက်နှက်မှုကို ခံရပြီး သင်္ကန်းကျွန်း စံပြဆေးရုံးကြီးတွင် ကွယ်လွန်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ကိုကိုဝင်း(၂၂နှစ်)၏ မိဘများအား တရားရုံးမှ ဆင့်ခေါ်သဖြင့် သွားရောက်ခဲ့သော်လည်း အမှုတွဲကို သက်ဆိုင်ရာမှ လာရောက် သိမ်းဆည်းသွားသဖြင့် တရားသူကြီးမှ ကိုကိုဝင်း၏ ဖခင်ဖြစ်သူ ဦးဋ္ဌေးဝင်းကို အိမ်ပြန်ခိုင်းလိုက်ရကြောင်း သတင်းရရှိသည်။

(၄) ယခုအခါ ရန်ကုန်မြို့ ခိုးကူးခွေ ဈေးကွက်တွင် အရောင်းရဆုံး အခွေ ၂ခွေမှာ ဆရာတော် ဦးဇောတိက ဟောကြားသည့် လူရည်ချွန် တရားတော်အခွေနှင့် တန်းဆောင်မုန်း လပြည့်ညက သီးလေးသီး လူရွှင်တော်များ ကပြခဲ့သည့် တန်ဆောင်တိုင် အငြိမ့်ခွေ နှစ်ခွေဖြစ်ကြောင်း သတင်းရရှိသည်။ မြန်မာပြည်တွင် ခိုးကူးခွေ ဈေးကွက် ရှင်သန်ကြီးထွားနေခြင်းမှာ တာဝန်ရှိသည့် သက်ဆိုင်ရာ အာဏာပိုင်များ၊ ထောက်လှမ်းရေးများ၊ ရဲများက အဆင့်ဆင့် အကျင့်ပျက် လာဘ်စားပြီး စနစ်တကျ ဖမ်းဆီးအရေးယူခြင်း မရှိသည့်အတွက် ကြီးထွားနေခြင်းဖြစ်ကြောင်း တေးစီးရီး ထုတ်လုပ်သူ ပရိုဂျူဆာတဦးက ပြောကြားသည်။

No comments: