Sunday, December 16, 2007

လောင်စာဆီ အိပ်မက်

လောင်စာဆီ အိပ်မက်
ဒီရေမြင့်သစ် (ဒေးဝမ်း)

ညက
လောင်စာဆီဆန္ဒပြပွဲတွေအကြောင်း တွေးရင်း
တော်လှန်ရေး အိပ်ပျော်သွားတယ်။

အိပ်ပျော်ပြီး မကြာမတင်မှာပဲ
တော်လှန်ရေးဟာ အိပ်မက်မက်ပါလေရော။

အိပ်မက်ထဲမှာ
တော်လှန်ရေးဟာ
နိုင်ငံတကာမှာရှိတဲ့ မြန်မာသံရုံးတွေရှေ့ ဆန္ဒသွားပြတယ်။
နယူးယောက်က ကုလသမဂ္ဂ အဆောက်အအုံရှေ့မှာ
အစာငတ်ခံ ဆန္ဒပြတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ ခဲရာခက်ဆစ် ၀င်တွေ့တယ်။
လုံခြုံရေးကောင်စီ အစည်းအဝေးခန်းမထဲသွားပြီး တိုင်စာပို့တယ်။
အာဆီယံ လူကြီးမင်းတွေဆီ အကူအညီဝင်တောင်းတယ်။
ဘလော့ဂ်တွေ အီးမေးလ်တွေကနေ
တော်လှန်ရေး ရဲဘော်တွေဆီ လှုံ့ဆော်စာတွေ ပို့တယ်။
ရေဒီယိုကနေ အာပေါင်အာရင်း သန်သန် ပြောဆိုဆွေးနွေးတယ်။
အားလုံးလည်းပြီးရော
တော်လှန်ရေးဟာ
ရှေ့လုပ်ငန်းစဉ်တွေအတွက် နေ့မအား ညမနား အစည်းအဝေးထိုင်တယ်။

အစည်းအဝေး ထိုင်ရင်း
တပိုတပါး သွားချင်တာနဲ့
အပြင်ထွက်မယ် အလုပ်
မှောင်ရိပ်ထဲမှာ ချောင်းမြောင်း စောင့်ကြည့်နေတဲ့
မျက်နှာစိမ်း တယောက်ကို တွေ့ပါလေရော။

‘ ဟိတ် မင်းဘယ်သူလဲ’ လို့
တော်လှန်ရေးက သင်္ကာမကင်း မေးလိုက်တယ်။

‘ ကျနော် မြေလျှိုးတော်လှန်ရေးဆက်သားပါ
ပြည်တွင်းထဲက လွှတ်လိုက်တာပါ’ လို့
သူက မကြောက်မရွံ့ ပြန်ဖြေတယ်။

‘ ဒါဆို ဘာကိစ္စလဲ’ လို့
တော်လှန်ရေးက မျက်မှောင်ကြုတ်ပြီး မေးခွန်းထုတ်လိုက်တယ်။

‘ ပြည်တွင်းမှာ လောင်စာဆီ ဈေးမြင့်လို့
သံဃာတော်တွေ ပြည်သူတွေ ဆန္ဒပြကုန်ကြပြီ
အဖမ်းအဆီး အနှိပ်အစက်ခံသူတွေလည်း ခံနေရပြီ
ကျောင်းသားခေါင်းဆောင် တချို့လည်း မြေလျှိုးကုန်ကြပြီ
တော်လှန်ရေးတို့ဆီက
ဘယ်လိုဘယ်ပုံ လာပူးပေါင်းကြမလဲ
သွားစနည်းနာချည်စမ်းလို့
မြေလျှိုးရဲဘော်တွေက လွှတ်လိုက်လို့ပါ’ လို့
သူက တရစပ် ပြန်ဖြေတယ်။

‘ အေး အဲဒီအတွက်ပဲ
ငါတို့ အခုအစည်းအဝေး ထိုင်နေတာ
ခါးတောင် တော်တော်ညောင်းနေပြီ’ လို့
တော်လှန်ရေးက ချောင်းတချက်ဟန့်ပြီး ပြောလိုက်တယ်။

‘ ဒါဆို ပြည်တွင်းကို အားဖြည့်ဖို့ ဘာများ မျှော်လင့်နိုင်မလဲခမျာ’ လို့
မြေလျှိုးတော်လှန်ရေးဆက်သားက အားကိုးတကြီး မေးတယ်။

‘ အေး ငါတို့အနေနဲ့
ထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်ဖို့ရယ်
ဆေးရုံကြီးမှာ သွေးလှူဖို့ရယ်
ဝတ်ပြုဆုတောင်းပွဲတွေ အမြန်ကျင်းပဖို့ရယ်
အကြိတ်အနယ် ဆွေးနွေးနေကြတယ်’ လို့
တော်လှန်ရေးက ခါးဆန့်ရင်း ဖြေလိုက်တယ်။

အဲဒါကိုလည်း ကြားရော
မြေလျှိုးတော်လှန်ရေးဆက်သားလေးခမျာ
‘ဗျာ’လို့ အာမေဋိတ်သံပြု ခေါင်းကုတ်ပြီး
ပြည်တွင်းထဲကို ပြန်ဝင်ပြေးသွားလေတယ် ။ ။

ဒီရေမြင့်သစ် (ဒေးဝမ်း)

No comments: