Saturday, December 15, 2007

စာပေကင်ပေတိုင်ရုံးမှ ဟားစရာများ (၂)

လွင်မိုးနဲ့ အကြိုက်ချင်းတူတဲ့ ဆရာမ
မြားကြီး

စစ်အာဏာရူးတွေ ဗိုလ်ကျစိုးမိုးနေတဲ့ မြားကြီးတို့ မြန်မာနိုင်ငံမှာ ဌာနဆိုင်ရာတွေနဲ့ ပတ်သက်ပြီး ဘာပဲ လုပ်လုပ် တငုတ်တုတ်တုတ်နဲ့ ကျောက်ရုပ် ဖြစ်မသွားဖို့ ချောဆီက အရေးကြီးတယ်ခင်ဗျ။ ချောဆီထည့်တတ်မှ ကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေဟာ အထစ်အငေါ့ မရှိဘဲ အဆင်ပြေပြေ ချောချောမွေ့မွေ့ လည်ပတ်နိုင်တာက လား။ ချောဆီထည့်တယ် ဆိုတာကတော့ ငွေကြေးကိုသော်လည်းကောင်း လက်ဆောင်ပဏ္ဍာကိုသော်လည်း ကောင်း တိတ်တဆိတ် ပေးကမ်းခြင်းပေါ့ခင်ဗျာ။ အဲသလို လူမသိသူမသိ ချောဆီလေးထည့်လိုက်မှ ‘ဟဲ ဟဲ ဟဲ ဟဲ ဆရာကလည်း အားနာစရာ’ ဆိုတဲ့အသံကြီး ထွက်ပေါ်လာပြီး သကာလ အရာအားလုံး အဖုအထစ်မရှိဘဲ ချောမွေ့စွာ လည်ပတ်နိုင်စေသတည်း ဆိုပါတော့။

ပြည်တွင်းမှာ နေတုန်းက မြားကြီးက စာနယ်ဇင်းအလုပ် လုပ်တဲ့သူဆိုတော့ စာပေကင်ပေတိုင်ရုံးဆိုတဲ့ ဌာနကြီးကို သွားသွားပြီး သက်ဆိုင်ရာ အရာရှိတွေကို မချစ်သော်လည်း အောင့်ကာ နမ်းရတာပေါ့ခင်ဗျာ။ ဒါမှ လည်း ကိုယ်လုပ်တဲ့ စာအုပ်ကလေး အခုတ်အထစ် အဖြတ်အတောက် နည်းနည်းနဲ့ မြန်မြန်ဆန်ဆန် ထွက်နိုင်မှာ မဟုတ်လား။ အဲဒီအတွက် ကိုယ်စာအုပ်ကို စစ်ဆေးမယ့် အရာရှိကြီး အရာရှိလေးတွေကို ချောဆီ ထည့်ပေးရ တယ်ဆိုပါတော့။

တခါသားမှာတော့ မြားကြီးစာအုပ်ကို စစ်ဆေးမယ့် အမျိုးသမီးအရာရှိက ချောဆီအနေနဲ့ ငွေသားကို လက်မခံရဲလို့ လက်ဆောင်ပဏ္ဍာကိုပဲ ၀ိနည်းလွတ် လက်ခံတယ်လို့ ရုံးပွဲစားကလေး မောင်မောင်ပွေးကတဆင့် သိရတယ်ခင်ဗျ။ အဲဒါနဲ့ မြားကြီးက မောင်မောင်ပွေးကို အဲဒီဆရာမ ဘယ်လို လက်ဆောင်ပဏ္ဍာကို ကြိုက်တတ် သလဲဆိုတာ စုံစမ်းပေးဖို့ တာဝန်ပေးလိုက်တယ်။ မောင်မောင်ပွေးက ဆရာမ အခန်းထဲကို လှစ်ကနဲ ၀င်သွားပြီး ဆေးလိပ်တဖွာခန့် အကြာမှာ ပြန်ထွက်လာတယ်။ မြားကြီးရဲ့နားနားကပ်ပြီး ‘coffeemix’လို့ သတင်းပို့တယ်။ ဒါဆို အိုကေဆိုပြီး မြားကြီလည်း စတိုးဆိုင်တခုဆီ ချီတက်တော့တာပေါ့။

စတိုးဆိုင်မှာ Mikko coffeemix ကိုတွေ့တာနဲ့ အထုပ်သေး (၃၀)ပါတဲ့ အထုပ်ကြီး တထုပ်ကို ၀ယ်ပြီး ရုံးကို ပြန်လာခဲ့တယ်။ ရုံးရောက်တာန Mikko coffeemix အထုပ်ကို အစစ်ဆေးခံမယ့် စာအုပ်နဲ့ တွဲပြီး အဲဒီဆရာမထံမှောက်ကို အရောက်ပို့သဖို့ ရုံးပွဲစားလေး မောင်မောင်ပွေးကို တာဝန်ပေးရပြန်တာပေါ့။ မောင်မောင်ပွေးတယောက် လှစ်ကနဲ ၀င်သွားပြီး ဘီယာတငုံမော့ခန့် အကြာမှာ ပြန်ထွက်လာတယ်။ မြားကြီးရဲ့နားနား ကပ်လာပြန်ပြီး တီးတိုးပြောပြန်တယ်။ သူပြောတာကို ကြားတော့ မြားကြီးလည်း ပြုံးချင်သွားတယ်။ မောင်မောင်ပွေးက မြားကြီးကို ဘာပြောသလဲဆိုတော့ ‘ဆရာမက နောက်တခါပေးရင် Super coffeemix ပဲ ပေးပါတဲ့။ Mikko coffeemix ကို သူ မကြိုက်ဘူးတဲ့ ဆရာ’တဲ့။

မြားကြီးနားထဲမှာ ချက်ချင်းပဲ မင်းသားလွင်မိုးရဲ့ ‘ကျနော်ကတော့ စူပါမှ စူပါပဲဗျာ’ ဆိုတဲ့ တယ်လီဗေးရှင်း ကြော်ငြာထဲက အသံကို ကြားယောင် လိုက်မိတယ်။ စူပါကော်ဖီမစ် ကုမ္ပဏီကများ သိလို့ကတော့ ဆရာမကို မင်းသားလွင်မိုးနဲ့ တွဲခိုင်းပြီး ကြော်ငြာအသစ် ထပ်ရိုက်နေဦးမလားလို့ ပြုံးစိစိနဲ့ တွေးနေမိတော့တယ်။

မြားကြီး

No comments: