Sunday, December 30, 2007

လှုပ်လှုပ်ရှားရှား ပြည်တွင်းသတင်း အတိုအထွာများ (၃၀-၁၂-၀၇)

ကျွန်ုပ်တို့၏ သတင်းထောက် ပေးပို့သည်

သတင်း (၁) - (၃၀-၁၂-၂၀၀၇)နေ့ ညနေပိုင်းတွင် စေတနာရှင်တစုက ငွေကြာယံ ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များအား ရွှေရင်အေး ကပ်လှူပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။ ငွေကြာယံကျောင်းတိုက် အ၀င်ဝမှ ကျောင်းပရိဝုဏ်ထဲအထိ လမ်းခင်းနေသည့်အတွက် အပြင်လူများ ၀င်ရခက်နေကြောင်း၊ ရွှေဝါရောင် အရေးတော်ပုံအပြီး စစ်တပ်က အကြမ်းဖက် ၀င်ရောက်စီးနင်းစဉ်က ပျက်စီးခဲ့သည့် ကျောင်းဆောင်ကိုလည်း အသစ်ပြုပြင် မွမ်းမံနေကြောင်း သတင်းရရှိသည်။

သတင်း (၂) - ကလေးထောင်တွင် အထိန်းသိမ်းခံနေရသည့် နိုင်ငံရေးအကျဉ်းသား (၁) ကိုအေးအောင် (ထောင်ဒဏ် ၅၉နှစ်) (၂) ဦးစိုင်းညွန့်လွင် (ထောင်ဒဏ် ၈၅နှစ်) (၃) ဦးသန်းထွန်း (ညောင်တုန်း) (၄) ဦးတင်ဌေး (ထောင်ဒဏ် ၂နှစ်)၊ ရွှေဝါရောင် သံဃာအရေးတော်ပုံနှင့် ပတ်သက်ပြီး အထိန်းသိမ်း ခံနေရသည့် (၅) ဦးဘမင်း (၆) မိုက်ကယ် ၀င်းကျော် (၇) ဦးညိုမြ (၈) ဦးမြင့်သိန်းတို့၏ ကျန်းမာရေး အခြေအနေများ အထူးစိုးရိမ်နေရကြောင်း၊ မိသားစုဝင်များက ထောင်ဝင်စာ မပို့နိုင်သည့်အတွက် စားရေးသောက်ရေး အတွက်လည်း များစွာအခက်အခဲ ဖြစ်နေကြကြောင်း သတင်းရရှိသည်။

သတင်း (၃) - ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ခံ ၀န်ထမ်းများအဖြစ်မှ မကြာသေးမီက အလုပ်ထွက်လိုက်ကြသည့် စိန်သီး၊ ပန်းသီး၊ ကြယ်သီး၊ ဇီသီး လူရွှင်တော် လေးဦးသည် ယခုအခါ လူရွှင်တော် ဂေါ်ဇီလာ ခေါင်းဆောင်သည့် ဆေးရောင်စုံအငြိမ့် အဖွဲ့သားများနှင့် အတူ ပြည်ပပွဲစဉ်များကို လှည့်လည် ဖျော်ဖြေလျက်ရှိကြောင်း သတင်းရရှိသည်။ သီးလေးသီး လူရွှင်တော် လေးဦးသည် အနုပညာတင်ဆက်ခွင့် ပိတ်ပင်ခြင်း ခံနေရသည့် ပြည်သူ့အချစ်တော် လူရွှင်တော် ဇာဂနာ ပြုစုပျိုးထောင်ထားသည့် မျိုးဆက်သစ် လူရွှင်တော်များ ဖြစ်ကြသည်။ ပထမဆုံး ပြည်ပဖျော်ဖြေပွဲအဖြစ် (၃၀-၁၂-၂၀၀၇)နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကပြဖျော်ဖြေရာ ပရိသတ်များ တခဲနက် လာရောက်အားပေးကြသဖြင့် အထူးအောင်မြင်ခဲ့ကြောင်း သတင်းရရှိသည်။ ဆေးရောင်စုံအငြိမ့်တွင် လူရွှင်တော် ဂေါ်ဇီလာ၊ စိန်သီး၊ ပန်းသီး၊ ကြယ်သီး၊ ဇီးသီး တို့နှင့်အတူ ရှေ့ထွက်မင်းသမီး မြစပယ်ငုံနှင့် ခေါင်းဆောင်မင်းသမီး ချောစုမျိုးတို့ ကပြ ဖျော်ဖြေခဲ့ကြောင်း သတင်းရရှိသည်။ ပြည်တွင်း၌လည်း မျှော်စင်ကျွန်းတွင် ကပြသည့် ဆေးရောင်စုံအငြိမ့်ခွေကို ပြည်သူတွေ အထူးဝယ်ယူ အားပေးနေကြကြောင်း သတင်းရရှိသည်။
- သီးလေးသီးအကြောင်း သိလိုပါလျှင် … click

No comments: