Sunday, December 30, 2007

အဘသတ် ငါးဆက် (နန်းညွန့်ဆွေ)

အဘသတ် ငါးဆက်
နန်းညွန့်ဆွေ

‘အဘသတ် ငါးဆက်၊ ရှေးဝိပတ် စုံညီ၊ အဇာတသတ်ကစ၍ ထွက်ကာရည်၊ ဇိနတ္ထပကာသနီ၊ သိမှတ်ကြစရာ အတည်၊ ဖြစ်တော်ပေါင်း အကြောင်းသိမည်၊ ပျိုကြည်အောင် ညွှန်ကြားပါရမီ၊ ဗဟုသုတနဲ့ စုံလင်သည်၊ အမျိုးသမီး/သား ရှုကြစေကုန်သတည်း။’

ဂီတစာဆို ရွှေတိုင်ညွန့်ရေး၍ မကြည်အောင် သီဆိုထားသည့် လွန်စွာကျော်ကြားခဲ့သော “မိဘမေတ္တာ” ဓာတ်ပြား သီချင်း ဖြစ်ပါသည်။ ကိုလံဘီယာ ကုမ္ပဏီက ထုတ်လုပ်ရောင်းချခဲ့သည်။

ဤတွင် အဘသတ် ငါးဆက်ဆိုသော စကားကို ရှင်းရန် လိုအပ်ပါသည်။ အဇာတသတ် မင်းသားသည် ဒေ၀ဒတ်နှင့် ပေါင်း၍ ခမည်းတော် ဗိမ္ဗိသာရမင်းကြီးကို ဖမ်းဆီးချုပ်နှောင် အကျဉ်းချထားကာ အစာဖြတ်၊ ရေဖြတ်၊ ခြေဖ၀ါး ဓားခွဲ၊ အမျိုးမျိုးညှဉ်းဆဲကာ သတ်ဖြတ်ခဲ့သည်။ အဘသတ်မင်းဟု ရာဇဂြိုဟ်ပြည်တွင် ထင်ရှားခဲ့သည်။

အဇာတသတ်မင်းသည် ထိုပြုမိသည့် ပြစ်မှုကို နောင်တ ကုက္ကုစ္စဖြစ်သောကြောင့် ဆရာဇီဝကကို ပြောဆို တိုင်ပင်သောအခါ ဆရာဇီဝကက မြတ်စွာဘုရားထံသို့ ခေါ်သွားလေသည်။ မြတ်စွာဘုရား၏ တရားကို နာကြားရသောအခါ လွန်စွာ သဒ္ဓါကြည်ညိုခြင်းဖြစ်၍ ၀တ်ကြီးဝတ်ငယ် ပြုစုသည်၊ အနုပုထုဇဉ် အဖြစ်မှ ကလျာဏ ပုထုဇဉ် အဖြစ်သို့ ရောက်သွားသည်။

သို့ရာတွင် အဘကို သတ်သည့် ပီတုဃာတ ကံကြောင့် မဟာအ၀ီစိငရဲသို့ ကျရောက်ရန် ရှိသော်လည်း မြတ်စွာဘုရားအား ကြည်ညိုပူဇော်သည့် ကုသိုလ်ကြောင့် အ၀ီစိငရဲ၏ အရံဖြစ်သော လောဟကုမ္ဘီ ငရဲသို့ ကျရောက်ရသည်။ အနှစ်ခြောက်သောင်း ကြာလျှင် ငရဲမှ လွတ်၍ အရိမေတ္တယျဘုရား မပွင့်မီတွင် ၀ိဇီတာဝီ မည်သော ပစ္စေကဗုဒ္ဓါ ဖြစ်လိမ့်မည်ဟု မြတ်စွာဘုရားဟောခဲ့သည်။

အဇာတသတ်မင်းကို သားတော် ဥဒယဘဒ္ဒ မင်းသားက သတ်၍ ထီးနန်းစံခဲ့သည်။ ဥဒယဘဒ္ဒမင်းကို သားတော် အနုရုဒ္ဓါက သတ်၍ ထီးနန်းစံခဲ့သည်။ အနုရုဒ္ဓါမင်းကို သားတော် မုဒ္ဓမင်းသားက သတ်၍ ထီးနန်းစံခဲ့သည်၊ ထိုမုဒ္ဓမင်းကို သားတော် နာဂဒါသ မင်းသားက သတ်၍ ထီးနန်းစံခဲ့သည်။ ဤတွင် အဘသတ်မင်း ငါးဆက် ရှိသောအခါ ပြည်သူလူထု အပေါင်းက ထိုစနစ်ကို ပယ်ဖျက်၍ သုသုနာဂ အမတ်ကြီးအား မင်းမြှောက် ခဲ့ကြလေသည်။

သက်ဦးဆံပိုင် ဘုရင်အုပ်ချုပ်ရေးစနစ်သည် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ကူးစက်လာခဲ့ရာ တြိဂံ အုပ်ချုပ်ရေး စနစ်ကို အသုံးပြုခဲ့သည်။

၁။ ရှင်ဘုရင်
၂။ လွှတ်တော်ဝန်ကြီးအဖွဲ့
၃။ သာသနာပိုင် ဆရာတော်ဟူ၍ ထားရှိသည်။ ဘုရင်ထီး အကြိုက်ကို ၀န်ကြီးမလိုက်သော သာဓက။ ၀န်ကြီးအကြိုက်ကို ဘုရင်ထီး မလိုက်သော သာဓက ရှိခဲ့သည်။ ဘုရင်ထီးနှင့် ၀န်ကြီးအဖွဲ့တို့ သဘောကွဲလွဲကြလျှင် သာသနာပိုင် ဆရာတော်ထံမှာ အဆုံးအဖြတ် ခံယူရသည်။ ဆရာတော် ဆုံးဖြတ်ရာကို လိုက်နာရသည်။

ထို့ကြောင့် ရှေးခေတ် ဘုရင့်ဆရာတော်များက ဘုရင်ကို ဆုံးမသည့် ရာဇောဝါဒကျမ်း၊ ရာဇသေ၀က ဒီပနီကျမ်း၊ သုရာဇမဂဏ္ဍ ဒီပနီကျမ်းများကို ရေးသားပေးခဲ့သည်။ ထိုကျမ်းများတွင် မြတ်စွာဘုရား ဟောကြားခဲ့သည့် မင်းကျင့်တရား ဆယ်ပါး၊ သင်္ဂဟတရား လေးပါး၊ နာယကဂုဏ် ခြောက်ပါး၊ ရာဇဂုဏ် ရှစ်ပါး၊ အပရိဟာနိယ တရား ခုနှစ်ပါးတို့ကို အကျယ်ရှင်းလင်း ရေးသားသည်။ အဆိုပါ တရားများနှင့်အညီ လိုက်နာမှ သာသနာ့ ဒါယကာ၊ သာသနာပြုမင်းဟု ခေါ်ဆိုရမည်။ တတိယ သင်္ဂါယနာတင် သီရိဓမ္မာသောကမင်း၏ ထုံးကို နှလုံးမူကြရန် ညွှန်ပြသည်။

သို့ရာတွင် လိုက်နာသော ဘုရင်က နည်းပါး၍၊ မလိုက်နာသော ဘုရင်ကများသည်။ အချုပ်အချာ အာဏာသည် ဘုရင့်လက်ထဲတွင် ရှိသဖြင့် ဘုရင်၏ စိတ်ကြိုက် လုပ်ချင်သလိုလုပ်လျှင် ၀န်ကြီးအဖွဲ့က မတတ်နိုင်။ ဘုရင့်အလိုကို လိုက်သည့် ၀န်ကြီးနှင့် ဘရင့်အလိုသို့ မလိုက်သည့် ၀န်ကြီးဟူ၍ ကွဲပြားလာသည်။ ထို့ကြောင့် ‘တရားကျင့်ဝတ်၊ မင်းတို့ချွတ်က၊ ငတ်မွတ် ရေစာ၊ ရောဂါ လက်နက်၊ သုံးချက် ဘေးကြီး၊ ဖိစီး ပြည်ရွာ၊ ရောက်တို့ရာ၏’ ဟု မာန်လည်ဆရာတော်ကြီးက ရေးသားသည်။

သားကြီး သြရဿသည်သာ ခမည်းတော် ရှင်ဘုရင်၏နေရာ ထီးနန်းရိပ်ရာကို ဆက်ခံနိုင်သည်ဆိုသော အချက်လည်း ရှိသည်။ သားတွေများလျှင် ထီးနန်းရိုက်ရာကို လုကြလိမ့်မည်၊ အချင်းချင်း တိုက်ကြလိမ့်မည်။ ဤကိစ္စနှင့် ပတ်သက်၍ အလောင်းမင်းတရား ဦးအောင်ဇေယျ လက်ထက် သံဃရာဇ ဖြစ်ခဲ့သော အတုလယသ ဆရာတော်၏ ရှေးထုံးစဉ်လာ ဥပဒေသများ ဆိုသည့် ပေမူတစ်ဆူတွင် ဤသို့တွေ့ရသည် …

“ရှင်ဘုရင်က ငါ၏ အမှုထမ်းများသည် မယားများများယူလျှင် အိမ်ထောင်မငြိမ်။
အိမ်ထောင် မငြိမ်လျှင် ရပ်ရွာမငြိမ်။ ရပ်ရွာမငြိမ်လျှင် မြို့တော်မငြိမ်။ မြို့တော်မငြိမ်လျှင် တိုင်းပြည်မငြိမ် ရှိရာ၏။ ထို့ကြောင့် ၀န်ကြီး၊ အတွင်းဝန်၊ ၀န်ထောက်၊ အရာရှိ၊ လက်သုံးတော်တို့တွင် မယားမည်မျှသာ ယူရမည်၊ သည့်ထက်ပို၍ ယူလျှင် ရာဇ၀တ်တော် ခံရမည်” ဟု ရှေးမင်းများ လက်ထက်က ပြဋ္ဌာန်းခဲ့ဖူးသည်။ ထိုပြဋ္ဌာန်းချက်တွင် ရှင်ဘုရင်နှင့် အိမ်ရှေ့မင်း မပါပါ။ ထို့ကြောင့် ဘုရင်၏ ရာထူးနေရာလုကြသည့် မင်းသားများ ရှိခဲ့သည်။ ဘုရင်ကို သတ်၍ ထီးနန်းရိုက်ရာကို ယူသည့် မင်းသားများလည်းရှိခဲ့သည်။
မြန်မာနိုင်ငံတွင် အဘသတ် ငါးဆက်ရှိခဲ့ကြောင်း ပြောပါမည်။

(၁) နရသူ (ကုလားကျမင်း)

ပုဂံပြည် အလောင်းစည်သူ မင်းကြီးသည် သက်တော် အိုမင်းရင့်ရော်၍ နာမကျန်း ဖြစ်လာကာ သတိမေ့ သွားလေသည်။ သားတော် အငယ် နရသူက မင်းကြီး၏ ရွှေသလွန်ကို ကောင်းမှုတော် ရွှေဂူကြီးဘုရားသို့ ပို့ထားလိုက်သည်။ မင်းကြီး သတိရလာသောအခါ ငါ၏ နန်းတော်မဟုတ်တကား ဟုဆို၏။ စောင့်ရှောက်သူများက ကောင်းမှုတော် ဘုရားကြီးအတွင်း ဖြစ်ပါသည်ဟု လျှောက်၏။ မင်းကြီးက မည်သူ့အတတ်နည်း ဟုမေး၏။ အစောင့်အရှောက်တို့က သားတော် နရသူ၏ အမိန့်ဖြစ်ပါသည်ဟုလျှောက်၏။ မင်းကြီးလည်း ဒေါသထွက်၍ ကိုယ်အလုံး ခြစ်ခြစ်တောက်ပူကာ ပြန်လည် သတိမေ့သွားပြန်၏။၊ ဤအခါတွင် သားတော် နရသူက မင်းကြီးအား စောင်၊ ခေါင်းအုံးတို့ဖြင့် ဖိညှပ်ကာ လုပ်ကြံသဖြင့် မင်းကြီး နတ်ရွာစံရ၏။

အဝေးရောက်နေသူ သားတော်ကြီး မင်းရှင်စောလည်း ခမည်းတော် အရိုက်အရာကို ဆက်ခံရန် တပ်ချီ၍ ရေကြောင်းခရီးဖြင့် ချီတက်လာ၏။ မင်းသားနရသူက ပုဂံမြို့အလုံးက ရဟန္တာဟု ကြည်ညိုလေးစား ကိုးကွယ်ကြသည့် ပံ့သကူ မဟာထေရ်အား လျှောက်ထား၏။ နောင်တော်နှင့် စစ်မဖြစ်လိုပါ။ နောင်တော် တစ်ပါးတည်း ကြွလာခဲ့ပါ။ နောင်တော်၏ ဓားကို ထမ်း၍ နန်းတင်ပါမည်ဟု ဆိုသည်။ ပံ့သကူ မဟာထေရ်က ငါသွားခေါ်၍ ရောက်လာမှ နန်းမတင်လျှင် င့ါ၌ ရဟန်းတရားနှင့်မညီ ဖြစ်တော့မည်ဟု ငြင်း၏။ နရသူကလည်း အထပ်ထပ် သစ္စာဆို၍ တောင်းပန်သောကြောင့် ပံ့သကူ မဟာထေရ်က ယုံကြည်ပြီး မြစ်ဆိပ်သို့ ကြွသွားသည်။ မင်းရှင်စောနှင့် တွေ့ပြီး ရှင်းပြသည်။ မင်းရှင်စောလည်း ဆရာတော်ကို လေးစားယုံကြည်သဖြင့် တစ်ပါးတည်း လိုက်လာခဲ့၏။ နန်းတော်အ၀င်တွင် ညီတော် နရသူက ဆီးကြို၍ နောင်တော်၏ ဓားကို ထမ်းကာ ပင့်ဆောင်လာခဲ့သည်။ ထို့နောက် ရာဇပလ္လင်ပေါ်သို့ တင်မြှောက်ကာ ဘိသိက်သွန်းစေသည်။ သို့ရာတွင် ညပွဲတော်စာထဲတွင် အဆိပ်ထည့်၍ ကျွေးသဖြင့် မင်းရှင်စောသည် ထိုညမှာပင် အနိစ္စရောက်ရ၏။

ဤသတင်းကို ကြားသည့် ပံ့သကူ မဟာထေရ်လည်း နန်းတော်သို့ ကြွလာကာ နရသူကိုတွေ့ပြီး … ဟယ် … လူမိုက်၊ နင့်လောက် ပျက်သွမ်းသူကား မရှိပြီ။ နင် ငရဲကျမည် မကြောက်သလောဟု မည်တွန်၏။ နရသူကလည်း တပည့်တော် ကတိပေးထားသည့်အတိုင်း နန်းတင်သည် မဟုတ်ပါလားဟု လျှောက်၏။ ပံ့သကူ မဟာထေရ်လည်း နောက်ထပ် စကားမပြောလိုတော့သဖြင့် နင့်တိုင်းပြည်တွင် ငါမနေတော့ပြီဟုဆိုကာ သီဟိုကျွန်းသို့ ကြွသွားလေ၏။

ဤသို့ဖြင့် နရသူမင်းသားသည် ခမည်းတော်နှင့် နောင်တော်ကိုပါသတ်၍ နန်းတက်ခဲ့သည်။ သူ၏ နန်းသက်မှာလည်း မရှည်ပါ။ ဝေသာလီမင်းက ဆက်သသည့် ဝေသာလီ မင်းသမီးကို သတ်လိုက်သဖြင့် ဝေသာလီမှ ဟူးရား ပုဏားရှစ်ယောက် ရောက်လာသည်။ မင်းကြီးအား ဘိသိက်သွန်းပေးမည်ဟု ဟန်ဆောင်ကာ ဓားမြောင်နှင့် ၀ိုင်း၍ ထိုးသတ်သဖြင့် နရသူမင်း ကွယ်လွန်ရ၏။ ဇာတ်သိမ်း မကောင်းပါ။ ရာဇ၀င်ကြီးတွင် ကုလားကျမင်းဟု ရေးမှတ်ထားပါသည်။

(၂) မင်းခွေးချေး (နရသီဟပတေ့)

ပုဂံပြည်၌ မင်းခွေးချေး ခေါ် နရသီဟပတေ့သည် အစားကြူး၏။ ဟင်းခွက်ပေါင်း သုံးရာရှိမှ ပွဲတော်တည်၏။ မိဖုရားကြီးငယ်၊ ကိုယ်လုပ်တော်တို့လည်း များလှ၏။ မိဖုရားရှင်ပါး၏သား ကျော်စွာကို ၀က်၏ လက်ကို ပေး၏။ ရှင်မောက်၏သား သီဟသူကိုကား ၀က်၏ ပေါင်ကို ပေးသည်။ ၀က်ပေါင်ထက် ၀က်လက်က ပို၍ ကောင်းသည်ဟု ဆိုကြ၏။ ရှင်မောက်သည် စားတော်ကဲကို လာဘ်ပေး၍ ၀က်လက်နှင့် ၀က်ပေါင် လဲပေးရန် ခိုင်း၏။ ထိုအကြောင်းကို ရှင်ပါးသိလျှင် မင်းကြီးထံ တိုင်လျှောက်၏။

မင်းကြီးလည်း ရှင်မောက်ကို ၀က်လက်ခိုးမဟု ဆဲစမှတ်ပြု၏။ သီဟသူကိုလည်း ၀က်လက်ခိုးမသားဟု ဆဲစမှတ်ပြု၏။ ဆိုဖန်များလတ်သော် သီဟသူသည် နှလုံးနာ၏။ အပြင်တွင် မင်းကြီးအား မကောင်းသော စကားကို ပြောဆို၏။ ထိုစကားကို ပုသိမ်မြို့စား ဥဇ္စာနာကြားလျှင် ၄င်းတို့သားအမိသည် အခွင့်သာလျှင် မင်းကြီးအား လုပ်ကြံလိမ့်မည်ဟု မှတ်ထား၏။

တရုတ်ပြည် ဥတည်ဘွားထံမှ အမတ်တစ်ကျိပ်နှင့် မြင်းသည်တော် တစ်ထောင် ရောက်လာသည်။ အနော်ရထာမင်းကြီး လက်ထက်က ဆက်မြဲဖြစ်သည့် ရွှေပေါင်းခြောင်၊ ငွေပေါင်းခြောင် စသည့် ပစ္စည်းများကို မဆက်သည်မှာ ကြာပြီဟုဆိုကာ တောင်းခံလာ၏။ မင်းကြီးရှေ့တွင် တရုတ်သံတမန်တို့ မယဉ်မကျေး၊ ရိုင်းစိုင်းသည်ဟုဆိုကာ သတ်စေဟု အမိန့်ချ၏။ ရာဇသင်္ကြန် အမတ်ကြီးက သံတမန်တို့ကို မသတ်ကောင်း၊ သည်းခံတော်မူပါဟု လျှောက်၏။ မင်းကြီး မနာယူ။ သတ်စေဟုသာဆိုသဖြင့် တစ်ယောက် မကျန်သတ်ရ၏။

ဥတည်ဘွားမင်း ကြားသိလျှင် သိန်းသန်းချီသော တပ်ကို စေလွတ်၍ တိုက်စေ၏။ နရသီဟပတေ့လည်း မခံသာ၍ ကရ၀ိက် ရွှေဖောင်တော်၊ လှေတော်များဖြင့် အောက်ပြည် စုန်ဆင်းခဲ့၏။
ပြည်မြို့သို့ ရောက်လျှင် ပုသိမ်စား ဥဇ္စာနာက ဆီးကြို၏။ ထိုအချိန်တွင် ပြည်စား သီဟသူကို ဖမ်းချုပ်ထား၏။ သီဟသူက သူ့ကို အပြစ်မရှိဘဲလျက် ချုပ်နှောင်ထားပါသည်ဟု မင်းကြီးအား ငို၍လျှောက်၏။ မင်းကြီးက သီဟသူအား လွှတ်စေ၊ ဖောင်တော်အနားတွင် လှေနှင့်ကပ်၍ လိုက်စေဟု ခိုင်း၏

မင်းကြီးပုသိမ်သို့ ရောက်၍ လအတန်ကြာလျှင် တရုတ်တပ်တို့ ဆုတ်သွားပြီဟု ကြားရသဖြင့် ပုဂံသို့ ပြန်မည်ဟု ပြင်ဆင်၏။ ပုသိမ်စား ဥဇ္စာနာက ပြည်သို့ရောက်လျှင် သတိပြုပါ၊ သီဟသူသည် ခမည်းတော်အား လုပ်ကြံလိမ့်မည်ဟု လျှောက်၏။ မင်းကြီးက မယုံကြည်။ သို့နှင့် ချီတက်လာခဲ့ရာ ပြည်မြို့သို့ ရောက်လျှင် သီဟသူလည်း ပွဲတော်စာတွင် အဆိပ်ခတ်၍ ဆက်၏။ မင်းကြီးလည်း အဆိပ်ပါမှန်းသိ၍ မစားဘဲနေ၏။ ထိုစဉ် ဓား၊ လှံဖွေးဖွေးနှင့် လူရှစ်ရာခန့် ဖောင်တော်သို့ ကပ်လာ၏။ မိဖုရားစောက အရှင်မင်းကြီးသည် “မင်းတို့ ကျင့်ဘွယ်၊ န၀ရတ် ကိုးသွယ်ကို မကျင့်သုံးဘဲ အကွပ်အညှပ် ပြင်းလှသဖြင့် ဤဒုက္ခနှင့် ကြုံတွေ့ရပါသည်။ ဓားလှံဖြင့် သေရခြင်းထက် အဆိပ်စား၍ သေရခြင်းက မြတ်ပါသည်ဟု လျှောက်၏။

မင်းကြီးက န၀ရတ် လက်ဝတ်တော်ကို ချွတ်၍ ဘုရားမှာ လှူပြီးလျှင် ငါသည် နိဗ္ဗာန်မရမီ စပ်ကြား ဖြစ်လေရာ ဘ၀တိုင်း ‘သားယောက်ျား’ မရသည်ဖြစ်စေသော ဟု ဆုတောင်း၍ စားတော်ခေါ်ပြီးနောက် နတ်ရွာစံလေ၏။
သီဟသူလည်း ပုသိမ်စားအပေါ် ရန်ငြိုးထားသဖြင့် ပုသိမ်သို့ သွားရောက်ကာ ဖျားနာနေသော နောင်တော် ဥဇ္စာနာကို ငါးပိုင်းပိုင်း၍ သတ်လေ၏။ ထို့နောက် ဒလစားကျော်စွာကို တိုက်မည်ဟု သွားလျှင် ဒလ၌ မြို့စီးပြစီး ခိုင်လုံလှသဖြင့် မထိုးဖောက်နိုင်သောကြောင့် ပဲခူးစားကို အလျှင်တိုက်မည်ဟု ပဲခူးသို့ ချီတက်သွားပြန်၏။ ပဲခူးစား ငပမွန်လည်း မြို့ရိုးပြအိုး ထိပ်မှနေ၍ ရင့်သီးစွာ ဆဲဆို၏။ သီဟသူလည်း ဒေါသဖြစ်၍ လေးဖြင့်ပစ်ရန် လေးကို ငင်လိုက်ရာ အားလွန်ပြီး မြားသည် မိမိအား ပြန်၍စူးသဖြင့် ထိုဝေဒနာနှင့် သေလွန်ရ၏။ သီဟသူသည် နရသူကဲ့သို့ အဘကိုလည်း သတ်၊ အကိုကိုလည်း သတ်သူ ဖြစ်၏။ သူ၏ ဇာတ်သိမ်းလည်း မကောင်းပါ၊

(၃) မင်းရဲဒိဗ္ဗ

ဆင်ဖြူများရှင် ဘုရင့်နောင်မင်းကြီး တည်ထောင်ခဲ့သော ဟံသာဝတီပြည်ကြီးကို သားတော် နန္ဒဘုရင် လက်ထက်တွင် ရခိုင်နှင့် တောင်ငူတို့ ပူးပေါင်းတိုက်ခိုက်သဖြင့် ပျက်စီးရလေ၏။ ဘုရင့်နောင်၏ သားတော် ညောင်ရမ်းမြို့စားသည် အင်းဝမြို့တော်ကို အခိုင်အလုံ တည်ထောင်၍ အထက်မြန်မာနိုင်ငံကို သိမ်းသွင်းသည်။ သားတော်ကြီး သခင်လတ်၊ သားတော်ငယ် သခင်ကြီးတို့က များစွာအားကိုးရသည်။

ရှမ်းပြည်သိန္နီကို ချီတက်စဉ် ညောင်ရမ်းမင်းကြီး နာမကျန်းဖြစ်သည်။ သားတော်သခင်လတ်ကို ခေါ်၍ပြောသည်၊ ငါသည် ဤဝေဒနာမှ ထမြောက်နိုင်တော့မည် မဟုတ်။ ငါ၏ သားတော်သည် ဘုန်းလက်ရုံး စွမ်းပကား ရှိသူဖြစ်၍ ငါမရှိလျှင် ဘိုးတော် ဆင်ဖြူရှင်မင်းကြီး၏ နိုင်ငံတော်ကို ပြန်လည် တည်ဆောက်နိုင်အောင် ကြိုးစားပါဟု မှာကြားပြီး နတ်ရွာစံလေ၏။ သခင်လတ်လည်း အင်းဝဘုရင်အဖြစ် ခံယူ၍ အထက်နိုင်ငံ တလွှားကို စည်းရုံးသည်။ ပြီးလျှင် အောက်နိုင်ငံသို့ ဆင်းကာ ပြည်မြို့၊ တောင်ငူ ကေတုမတီမြို့များကို စည်းရုံးသိမ်းသွင်းသည်။ ထို့နောက် ဟံသာဝတီသို့ ဆင်းလာ၍ တညင် (သံလျင်ကျွန်း)၌ ဗိုလ်ကျ စိုးမိုးနေသည့် ဖိလစ်ဒီဗရစ်တို ခေါ် ငဇင်ကာ အန္တရာယ်ကို နှိမ်နင်းသည်။ အားလုံး ပြီးစီးသောအခါ ပဲခူးသို့ ပြန်လာ၍ ပဲခူးမြစ်၏ အနောက်ဖက်တွင် စံနန်းတော် ဆောက်လုပ် စံနေသည်။

ထိုစဉ် ရှမ်းမင်းသမီးကလေး နှင်းခန်းပေါနှင့် သားတော် မင်းရဲဒိဗ္ဗတို့ ရည်ငံနေကြသည့် သတင်းကိုကြား၍ ခေါ်ယူစစ်မေးသောအခါ ဟုတ်မှန်ကြောင်း ပြောဆိုသည်။ အင်းဝဘုရင် သခင်လတ်က သားတော်အား နင့်ကို ဒယ်အိုးကင်းထဲ ထည့်ကြော်မည်ဟု ကြိမ်းမောင်း၏။ မင်းရဲဒိဗ္ဗ္ဗလည်း ကြောက်လန့်၍ လူဆိုးလူသွမ်းများနှင့် ပေါင်းကာ ခမည်းတော်ကို လုပ်ကြံခဲ့သည်။

ထိုအခါ မှူးမတ်များက မင်းရဲဒိဗ္ဗ္ဗအား ဖမ်းချုပ်ထားပြီး အင်းဝမှ ညီတော် သခင်ကြီးထံ ခြေလျင်တော်လွှတ်၍ ပင့်ခေါ်၏။ သခင်ကြီး ရောက်လာသောအခါ မင်းရဲဒိဗ္ဗက ရဟန်းဝတ်၍ နေပါရစေဟု ခွင့်တောင်း၏။ သခင်ကြီးက ပဉ္စနန္တာရိကံ ထိုက်နေသူအား ရဟန်းဝတ်မပေးရဟု ၀ိနည်းဒေသနာတော်မှာ ပညတ်ထားသည်၊ ထို့ကြောင့် ထုံးစံအတိုင်း စီရင်လေဟု ဆိုသဖြင့် မင်းရဲဒိဗ္ဗကို ကွပ်မျက်လိုက်ကြသည်။ သူ၏ ဇာတ်သိမ်းလည်း မကောင်းပါ၊

(၄) ရှင်တုပ်

သခင်ကြီးသည် အင်းဝသို့ ပြန်၍ နန်းထိုင်သည်။ ကောင်းမှုတော် ဘုရားကြီးကို တည်သည်။
သူ့လက်ထက်တွင် တိုင်းပြည်ကြီး အလွန်သာယာ စည်ပင်သောကြောင့် သာလွန်မင်းကြီးဟု တွင်ခေါ်ကြသည်။ သို့ရာတွင် သားတော် ရှင်တုပ်သည် လူဆိုးလူသွမ်းများနှင့် ပေါင်း၍ ခမည်းတော်အား လုပ်ကြံသည်။
သာလွန်မင်းကြီးသည် အတွင်းလူအချို့၏ အကူအညီဖြင့် သံဃရာဇာ ဆရာတော်ကျောင်းသို့ သွားရောက် ခိုလှုံသည်။ ဦးပဉ္စင်း၊ ကိုရင်များက တုတ်တောင်ဝှေးများနှင့် ကျောင်းပတ်ဝန်းကျင်ကို ကာကွယ်ထားသောကြောင့် အန္တရာယ်မှ လွတ်သွားသည်။ ရှင်တုပ်၏ လုပ်ရပ်သည် မအောင်မြင်သော လုပ်ကြံမှု ဖြစ်သဖြင့် အဘဘတ်သား ငါးဆက်ထဲတွင် မထည့်ပါ။

(၅) ပုဂံမင်း

ကုန်းဘောင်ခေတ် ဘကြီးတော်ဘုရား ခေါ် စစ်ကိုင်းမင်းလက်ထက်တွင် အင်္ဂလိပ်မြန်မာ စစ်ဖြစ်ရသည်။ စစ်ရပ်စဲပြီးနောက် ရန္တပိုစာချုပ်အရ ရခိုင်တိုင်းနှင့် တနင်္သာရီတိုင်းကို အင်္ဂလိပ်သို့ ပေးလိုက်ရသည်။ အောက်မြန်မာနိုင်ငံသာ ကျန်တော့သည်။ ဤအချိန်တွင် အချင်းချင်း ညီညွတ်ရမည့်အစား မသင့်မတင့် ဖြစ်နေကြသည်။ စစ်ကိုင်းမင်းသည် နာတာရှည်ရောဂါ ဖြစ်နေ၍ အုပ်ချုပ်ရေးကို မကိုင်နိုင်။ စလင်းမင်းသားကြီး မောင်အို၊ နန်းမတော်မယ်နုနှင့် မြ၀တီမင်းကြီး ဦးစတို့ကို လွှဲထားရသည်။ ထိုအဖွဲ့နှင့် ရွှေဘိုမင်းသားတို့ မသင့်ကြ။ ရွှေဘိုမင်းသားသည် လူဆိုးလူသွမ်းတို့ကို မွေးထားပြီး တနေ့နေ့တွင် လုပ်ကြံလိမ့်မည်ဟု သံသယမကင်းဖြစ်နေကြသည်။

ဤသို့ဖြင့် ရွှေဘိုမင်းသားသည် ရွှေဘိုသို့ ထွက်ကာ ခြားနားလေသည်။ စစ်ကိုင်းမင်းက ဆရာတော်ကြီးများကို စေလွှတ်၍ စေ့စပ်သော်လည်း မရ။ နောက်ဆုံးတွင် ရွှေဘိုမှ စစ်ကိုင်းသို့ ဆင်းလာသော ညီတော်ရွှေဘိုမင်းကို နောင်တော် စစ်ကိုင်းမင်းက နန်းအပ်ပြီး အာဏာလွှဲပေးလိုက်သည်။ စစ်ကိုင်းမင်းမှာ ကုသိုလ်တော် ဘုရားအနီး ဇရပ်ကြီးတွင် အလုပ်အကျွေး လူတစ်ကျိပ်လောက်နှင့် နေသည်။

ရွှေဘိုမင်းသည် ၁၁၉၉ ခုနှစ်တွင် နန်းတက်၍ ၁၂၀၃ ခုနှစ်မှာ ဥက္ကလာပ၊ ဒဂုန်သို့ စုန်ဆင်းလာသည်။ အိမ်တော်ရာဘုရားအနီး စံနန်းတော် ဆောက်၍ ၇ လခန့်နေသည်။ ဤခရီးတွင် သားတော်ကြီး ပြည်မင်းသားက ဦးစီးဗိုလ်ချုပ် အနေနှင့် ရှေ့ကချီရ၏။ အပြန် မင်းဘူးမြို့သို့ ရောက်ခိုက် ပြည်မင်းသားသည် ရွှေစက်တော် ဘုရားသို့ မြင်းစီးသွားပြီး ဖူးမြော်လေသည်။ ရွှေဘိုမင်း၏ ဖောင်တော် မင်းဘူးမြို့ဆိုက်လျှင် ပြည်မင်းသားမရှိ။ နှစ်မောင်းခန့်ကြာမှ ပြန်ရောက်လာ၏။ ရွှေဘိုမင်း ဒေါသထွက်၍ ပြည်မင်းသားအား ချုပ်နှောင် ခေါ်ဆောင်သွားသည်။

ဤတွင် တောင်နန်းရှင် ကျပင်းမိဖုရားကြီးသည် သူ့သား ပုဂံမင်းသား ထီးနန်းရရေးအတွက် စီမံကိန်းချလေသည်။ နေပြည်တော်သို့ ပြန်ရောက်လျှင် ရွှေဘိုမင်း အချစ်တော် ပခန်းမင်းသားကလေးကို အဆိပ်ခတ်၍ လုပ်ကြံလိုက်သည်။ (ပခန်းမင်းသားသည် ပြည်မင်းသား၏ ညီတော်ရင်းဖြစ်သည်။) ထို့နောက် ပြည်မင်းသား နှလုံးစိတ်ဝမ်း မငြိမ်မ၀ပ်ရှိကြောင်း မကြာခဏ တင်လျှောက်သည်။ ပြည်မင်းသားနှင့် အနောက်နန်းမိဖုရား မမြကလေးတို့သည် မြ၀တီမင်းကြီး ဦးစထံတွင် ဂီတပညာသင်ယူရင်း သံယောဇဉ် ဖြစ်နေကြသည်ဟုလည်း စွပ်စွဲ၏။ ဤသို့ဖြင့် ပြည်မင်းသားနှင့် ကြံရာပါ တို့ကို ကွပ်မျက်လိုက်သည်။

ရွှေဘိုမင်းတွင် စိတ္တဇဝေဒနာ ၀င်လာသည်။ ၀န်ကြီးများက ထိန်းသိမ်း စောင့်ရှောက်ရသည်၊ ဟူးရားဆရာများက ယတြာပြုသည့် အနေဖြင့် မန္တလေးမြို့ အနောက်ပြင် ဒေးဝန်းရပ်တွင် သံနန်းတော်ဆောက်၍ စံနေသင့်ကြောင်း၊ သံကို ရွှေချ၍ ရွှေအိမ်တော်ဟု ခေါ်ရမည်ဖြစ်ကြောင်း လျှောက်သည်။ သို့နှင့် ရွှေဘိုမင်းသည် ထိုစံအိမ်တော်သို့ ရောက်သွားသည်။ ရောဂါမှာ သက်သာသည်မရှိ၊ တိုး၍တိုး၍လာသည်။

ဤသို့ဖြစ်နေစဉ် ကျပင်းမိဖုရားကြီးက သူ့သားတော် ပုဂံမင်းသားကို အိမ်ရှေ့ခန့်ရန် ၀န်ကြီးများနှင့် တိုင်ပင်၍ အမိန့်ထုတ်၏။ အကျယ်ချုပ် ချထားသော အနောက်နန်း မိဖုရား မမြကလေးတို့အား ကွပ်မျက်စေ၏။ ပြည်မင်းသားကြီးနှင့် ကြံရာပါသည်ဟု စွဲချက်တင်၏၊ ရွှေဘိုမင်းမှာ အစာမစား၊ ရေမသောက်၊ ဆေးမသောက်နှင့် အားနည်းနေသည်။ အိပ်ယာထက်တွင်သာ လျောင်းစက်ရင်း ‘မြကလေးရေ၊ မြကလေးရေ၊ မြကလေး ဘယ်မှာလဲ၊ မောင်တော်ခေါ်နေတယ်’ စသဖြင့် ကယောင်ကတမ်း ပြောနေသည်။

ထိုစဉ်တွင် ပုဂံမင်းသား ရောက်လာပြီး ရွှေဘိုမင်းအား စောင်၊ ခေါင်းအုံးတို့နှင့် ဖိညှပ်ကာ လုပ်ကြံသဖြင့် နတ်ရွာစံရသည်။ ဤတွင် အဘသတ်မင်း လေးဆက်ရှိသွားပြီ။

(၆) မြင်ကွန်းစား၊ မြင်းခုံတိုင်စား ညီနောင်

ပုဂံမင်း နန်းတက်လာလျှင် အိမ်တော်ပါ ကုလားလူမျိုး ဘိုင်ဆပ်ကို မြို့တော်ဝန် ခန့်သည်။ မြို့တော်ဝန်နှင့် မြို့စာရေး ငပိန်တို့က ပုဂံမင်းအား ချိုးကြော်၊ ခါကြော်တို့နှင့် အရက်ကို ဆက်သည်။ ရှင်ဘုရင်၏ သြဇာအာဏာကို သုံးပြီး သမီးပျိုများကို သိမ်းပိုက်သည်။ ကြွယ်ဝသူများ၏ ပစ္စည်းများကို အပြစ်ရှာပြီး သိမ်းယူသည်။

ပုဂံမင်းသည် အရည်အချင်းမမှီ။ ကျွဲတိုက်၊ နွားတိုက်၊ ဆိတ်တိုက် အလုပ်များကို စိတ်ဝင်စားသည်။ ပုဂံမင်းလက်ထက် အင်္ဂလိပ်နှင့် မြန်မာ ဒုတိယအကြိမ် စစ်ဖြစ်ရသည်။ ပြည်မြို့အထက် ရန္တပိုရွာအထိ အင်္ဂလိပ်ကို ပေးလိုက်ရသည်။ အထက်မြန်မာနိုင်ငံ ကွက်ကွက်ကလေးသာ ကျန်တော့သည်။ မင်းတုန်းမင်းသားနှင့် ကနောင်မင်းသားတို့သည် အစ်မတော် စုဖုရားကြီးနှင့် တိုင်ပင်သည်။ အစ်မတော်က ပုဂံမင်းနန်းသက် ကုန်နေပြီ၊ မောင်တော်တို့ ကြံစည်လျှင် အောင်မြင်မည်၊ မောင်ဖိုးလှိုင်ကို ခေါ်သွားပါ ဟုဆိုသဖြင့် ရဟန်းဝါ သုံးဝါသာ ရသေးသည့် ဦးဖိုးလှိုင်သည် လူထွက်၍ မင်းတုန်းမင်းသားတို့နှင့် အတူ ရွှေဘိုသို့ လိုက်ပါသွားရသည်။ ရွှေဘိုတွင် အင်အားစုပြီး ဗိုလ်ဝင်ခံကာ စစ်ကိုင်းမြို့သို့ ချီတက်ခဲ့သည်။ ပုဂံမင်းက နန်းဆင်းပေးသည်။

မင်းတုန်းမင်း နန်းတက်ပါပြီ။ ‘အုတ်ကျစ်ကျော်အေး၊ မန္တလေး’ ဟု ဆိုသည့်အတိုင်း ၁၂၂၁ ခုနှစ်တွင် မန္တလေးမြို့တော် နန်းတော်ကို တည်ခဲ့ပါ၏။ ပဉ္စမ သံဃာယနာကိုတင်ခဲ့ပါ၏။ ကုသိုလ်တော် ဘုရားကို တည်ခဲ့ပါ၏။ ပိဋကတ်ကျောက်စာများကို ရေးထိုးခဲ့ပါ၏။ သီရိဓမ္မာသောက မင်းကြီးကဲ့သို့ သာသနာ့ဒါယကာ ခံခဲ့ပါ၏။ သို့ရာတွင် မိဖုရားပေါင်း ၅၀ ကျော်၊ သားသမီးပေါင်း ၁၀၀ ကျော်ရှိသဖြင့် တရားလွန်လှ၏။ သားတော်များကို မထိန်းနိုင်။ အိမ်ရှေ့စံ ကနောင်မင်းသားကြီးမှာ မိဖုရား ၄၃ ပါး၊ သားသမီး ၇၀ ကျော်ရှိသည်။

သို့နှင့် မြင်ကွန်းစား၊ မြင်းခုံတိုင်စား ညီနောင်တို့သည် ၁၁၂၈ ခု ၀ါဆိုလပြည့်ကျော် ၇ ရက်နေ့တွင် နောက်ပါ လူငါးဆယ်ခန့်နှင့် နန်းတော်ကို ၀င်ရောက်လုပ်ကြံသည်။ လွှတ်တော်ခန်းမတွင် အစည်းအဝေး သဘာပတိ လုပ်နေသူ ကနောင်မင်းသားကြီးမှာ မြင်ကွန်းစား၏ ဓားချက်ဖြင့် ကွယ်လွန်ရ၏။ မင်းတုန်းမင်းကြီးမှာ ကုသိုလ်တော် ဘုရားအတွင်း ရောက်နေ၍ သားတော် မက္ခရာမင်းသားကြီးက ခမည်းတော်အား ထမ်းပြီး နန်းတွင်းသို့ ပို့သဖြင့် ချမ်းသာရာ ရသွားသည်။ အိမ်ရှေ့မင်း၏ ကိုယ်ရံတော်တပ်က လူ ၅၀၀ ကျော်ရှိသဖြင့် လိုက်လံ တိုက်ခိုက်ရာ သေသူသေ၊ ပြေးသူပြေးနှင့် မြင်ကွန်းစား၊ မြင်းခုံတိုင်စားတို့သည် ဂေါဝိန်ဆိပ်၌ ဆိုက်ကပ်ထားသော ရေနန်းစကြာ သင်္ဘောကြီးကို စီး၍ အောက်အရပ်သို့ ထွက်ပြေးလေ၏။ ပီတုဃာတကကံ ထိုက်သည်ကား အမှန်ဖြစ်၏။ အိမ်ရှေ့စံ ကနောင်မင်းသည် မြင်ကွန်းစား၏ ဘဒွေးတော်လည်း ဖြစ်၊ ယောက္ခမလည်း ဖြစ်သည်။ ဤတွင် အဘသတ်ငါးဆက် ပြီး၏။

နိဂုံး

အချင်း စာဖတ်သူ …

စကားနည်းနည်း ပြောပါရစေ။ သက်ဦးဆံပိုင် ဘုရင်အုပ်ချုပ်ရေးစနစ်သည် ပျော့ပြောင်း ညင်သာသည် ဆိုသည်မှာ မှန်သင့်သလောက် မှန်ပါ၏။ သို့ရာတွင် မိဖုရားအများကြီး ထားရှိခြင်းကိုကား မကြိုက်ပါ။ အနော်ရထာမင်းကစ၍ နောက်မင်းများကို ကြည့်လျှင် တောင်နန်း၊ အနောက်နန်း၊ မြောက်နန်း မိဖုရားသုံးပါးသာ ရှိ၏။ အိမ်တော်ပါ မယားနှင့် ကိုယ်လုပ်တော် တစ်ကျိပ်ခန့်သာ ရှိပါသည်။ မင်းတုန်းမင်းခေတ်တွင် အဘယ်ကြောင့် များလွန်းရသနည်း။ သက်ဦးဆံပိုင် ဘုရင်စနစ်၏ အနိဌာရုံဖြစ်ပါသည်။

မြင်ကွန်း၊ မြင်းခုံတိုင်စားတို့၏ သာဓကကို ထောက်၍ မင်းတုန်းမင်းကြီးသည် သားတော်ကြီးထဲက မက္ခရာမင်းသား၊ ညောင်ရမ်းမင်းသား၊ သုံးဆယ်မင်းသား၊ တစ်ဦးဦးကို အိမ်ရှေ့အရာ၌ ခန့်ထားမည် ဆိုပါလျှင် အုပ်ချုပ်ရေး ခိုင်ခံ့သွားမည် ဖြစ်ပါသည်။ ထိုသို့ မပြုခဲ့သဖြင့် မင်းတုန်းမင်းကြီး နတ်ရွာစံသောအခါ ခါးသီးသော အမှုအခင်းများ ဖြစ်ခဲ့ရသည်။ ကင်းဝန်မင်းကြီးနှင့် ယောအတွင်းဝန် ဦးဖိုးလှိုင်တို့၏ စည်းမျဉ်းခံ ဘုရင်စနစ် ထားရှိရေးမှာလည်း ရေစုန်မျောခဲ့ရသည်။ ။

နန်းညွန့်ဆွေ

No comments: